နောက်ဆက်တွဲ
Vol. 41 Ch. 607
အစပိုင်း၌ အဓိက ပလက်ဖောင်းများအားလုံးပေါ်မှ ရေပန်းစားနေသော ရှာဖွေမှုများသည်လည်း ရဲ့လင်းချန်နှင့် ပတ်သက်နေသည်။
အားကစား ကြယ်ပွင့်တစ်ယောက်နှင့် ဟာသ ဇာတ်လမ်းတို လူရွှင်တော် လက်သစ်တစ်ယောက်တို့၏ ပေါင်းစပ်မှုက ပြောင်မြောက်လှသော ဟာသ ဇာတ်လမ်းတိုကို ဖန်တီးနိုင်ခဲ့ခြင်းက အံ့ဩစရာ ကောင်းလှပေသည်။ ထို့အပြင် ရဲ့လင်းချန်သည် ၎င်းအား မိနစ်ပိုင်းအတွင်း ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်လေသည်။
လူအများကြား၌ ပြောစရာများစွာ ရှိနေခဲ့ပြီး ယင်းက ရှားပါး အစီအစဉ်ကောင်းများထဲမှ တစ်ခု ဖြစ်သည်က အသေအချာပင်။
သို့သော် ပထမလှိုင်း မပြီးခင်မှာပင် ဒုတိယလှိုင်းက ပေါ်ပေါက်လာ၏။ လူတိုင်း ရဲ့လင်းချန်၏ အရည်အချင်းနှင့် ပျော်စရာကောင်းသော ဟာသ ဇာတ်လမ်းတိုအကြောင်း ပြောနေချိန်၌ ရဲလင်းချန်က တစ်စုံတစ်ယောက်ကို အကြမ်းဖက်ခဲ့ပြီး ထိုလူက ကင်ဟျွန်းမင် ဖြစ်သည်ဟူသော သတင်း တက်လာခဲ့သည်။
၎င်းက လုံးဝကို အံ့ဩဖွယ် ကောင်းလှပြီး သတိလက်လွတ် ဖြစ်သွားစေခဲ့လေသည်။
သတင်းများအပြင် တိုက်ခိုက်သည့် ဗွီဒီယိုကလည်း နေရာတိုင်း၌ ပျံ့နေသည်။ ထို့အပြင် ကင်ဟျွန်းမင်၏ ဝက်ခေါင်းပုံစံအား အီမိုဂျီအဖြစ်ပင် ဖန်တီးထားလေသည်။ သူ့ကို သရုပ်ဖော်နိုင်သည့် တစ်ခုတည်းသော စကားလုံးမှာ သနားစရာကောင်းသည်ဟူသော စကားလုံးပင်။
ထိုအချိန်၌ ရှောင်ဖေးဖေးသည် အိမ်၌ ရှိနေခဲ့သည်။
“ရှောင်ရင်၊ ဘာတွေ ဖြစ်ခဲ့တာလဲ၊ လင်းချန်က တကယ်ပဲ တစ်ယောက်ယောက်ကို အကြမ်းဖက်ခဲ့တာလား”
ရှောင်ဖေးဖေးက စိုးရိမ်တကြီး မေးလိုက်သည်။
“အမှန်ပဲ၊ သူက ကင်ဟျွန်းမင်ကို တော်တော်လေး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပြီးတော့ သူ လူတွေကို တုံးခနဲ ဖြစ်သွားအောင် ရိုက်နေတုန်းက သူ့ပုံစံက သိပ်ချောတာကို ငါ သတိထားခဲ့မိတယ်”
ကျောက်လျန့်ရင်က အနည်းငယ် စိတ်လှုပ်ရှားနေသော အသံနှင့် ပြန်ပြောပြသည်။
“သူ အဆင်ပြေရဲ့လား”
ရှောင်ဖေးဖေးက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
“သူ အဆင်ပြေပါတယ်၊ သူ့အရည်အချင်းကို နင် မသိတာလဲ မဟုတ်ဘဲနဲ့”
“သူ အဆင်ပြေရင် တော်ပါသေးတယ်”
ရှောင်ဖေးဖေး စိတ်အေးကာ သက်ပြင်းချလိုက်သည်။
“ဒီကိစ္စက ဂယက်ရိုက်သွားစေတာပဲ၊ ငါ မီဒီယာတွေကို ဆက်သွယ်ဖို့ လိုတယ်၊ ငါတို့လဲ လင်းချန်ကို ကူညီပြီး အရာအားလုံး ရှင်းပြပေးမယ့် သူငယ်ချင်းတွေကို ရှာရမယ်၊ ငါတို့ ဒီကိစ္စက သူ့အပေါ် ထိခိုက်မှု ဖြစ်သွားအောင် ထားလို့ မရဘူး”
“အင်း … ဟုတ်တယ်၊ အစ်မဖေးဖေး”
ကျောက်လျန့်ရင် ခေါင်းညိတ်လိုက်သည်။
…
ဝမ်ရုံ နည်းပညာ ဌာနချုပ်။
“ဥက္ကဋ္ဌ အိုးရန်၊ မကောင်းတော့ဘူး၊ ဥက္ကဋ္ဌရဲ့က ကင်ဟျွန်းမင်ကို ရန်လုပ်ခဲ့တယ်”
“ကင်ဟျွန်းမင်က ဘယ်သူလဲ၊ ရဲ့လင်းချန်က ဘာလို့ သူ့ကို ရန်လုပ်ခဲ့တာလဲ၊ ဒီလူ ငါတို့ကို အေးအေးဆေးဆေး ပေးနေလို့ မရဘူးလား”
အိုးရန်ချင်း ပြောစရာ စကားမဲ့နေသည်။ ရဲ့လင်းချန်သည် အစောပိုင်းက Gala နွေဦးပွဲတော်ကို တက်ခဲ့ပြီး ယခုအခါ၌ တစ်စုံတစ်ယောက်ကို ရန်မူခဲ့သည်။
*ပြဿနာပါပဲ*
“သတင်းကို ကြည့်လိုက်ပါ၊ အရမ်း စိုးရိမ်ရတယ်”
“မီဒီယာတွေနဲ့ ဆက်သွယ်ဖို့ ပြင်လိုက်”
…
ဟူယွီ ထုတ်လွှင့်ရေး ဌာနချုပ်။
စုန့်ချမ်သည်လည်း သတင်းကို ရရှိခဲ့သည်။ သူသည် ရဲ့လင်းချန်အား ရဲစခန်းမှ ပြန်ထုတ်နိုင်မည့် နည်းလမ်းကို ခေါင်းကုတ်၍ စဉ်းစားနေသည်။
…
တစ်ချိန်တည်းမှာပင် ကင်ဟျွန်းမင်၏ ပရိသတ်များအဖွဲ့ စကားဝိုင်း၌ သူ၏ အမာခံ ပရိသတ်များ စုဝေးနေကြသည်။
“ညီအစ်မတို့၊ အားလုံး သတင်း ရပြီးပြီလား၊ ငါတို့ယောက်ျား အကြမ်းဖက်ခံခဲ့ရတယ်”
“ဟုတ်တယ်၊ ငါ သည်းမခံနိုင်ဘူး၊ ငါ လုံးဝ သည်းမခံနိုင်ဘူး၊ ငါတို့ယောက်ျား အရမ်း သနားဖို့ ကောင်းတယ်”
“လက်စားချေရမယ်၊ ငါတို့ သူ့ကို လက်တုံ့ပြန်ကို ပြန်ရမယ်”
“ကင်ဟျွန်းမင် လွန်တယ်လို့ ငါ ထင်တယ်၊ သူက ငါတို့နိုင်ငံနဲ့ ငါတို့လူမျိုးကို ပြောဆိုခဲ့တာလေ၊ အဲ့ဒါက အရမ်း စက်ဆုပ်ဖို့ ကောင်းတယ်”
“ဟုတ်တယ်၊ ကင်ဟျွန်းမင်က ကိုရီးယားလူမျိုးလေ၊ ပြီးတော့ ငါတို့က တရုတ်လူမျိုး၊ ငါတို့ အကျိုးသင့် အကြောင်းသင့် ဖြစ်သင့်တယ်”
တစ်ခဏကြာသော် ထိုမိန်းကလေး နှစ်ယောက်လုံး အဖွဲ့ထဲမှ အထုတ်ခံလိုက်ရသည်။
“အဲ့နှစ်ယောက်က သစ္စာဖောက်တွေပဲ၊ သူတို့နှလုံးက အရမ်း လွယ်လွယ်လေး ပြောင်းလဲနေတယ်၊ သူတို့ကို ငါတို့ရဲ့ ညီအစ်မလို့ ခေါ်ဖို့ မထိုက်တန်ဘူး”
“ငါတို့ ရဲ့လင်းချန် ပြန်ပေးဆပ်ရတာကို လိုချင်တယ်၊ ငါတို့ ယောက်ျားကို ငါတို့က သူ့အတွက် ခုခံပေးဖို့ ဆုံးဖြတ်ထားတယ်ဆိုတာကို ပြရမယ်”
“ဟုတ်တယ်၊ ညီအစ်မတို့၊ ရဲ့လင်းချန်ကို အင်တာပေါ်မှာ ဆဲဆိုရအောင်”
…
သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
ကင်ဟျွန်းမင် ရိုက်နှက်ခံရပြီး ရဲ့လင်းချန်က သတင်းထူး ဖြစ်သွားလေသည်။
ဤသတင်းသည် ထူးခြားလွန်း၍ ရေပန်းစားနေသော ခေါင်းစဉ်များအားလုံးကို ဖုံးလွှမ်းသွားသည်ဟု ဆိုရပေမည်။ ၎င်းသည် ပေါ်လာသည့် မိနစ်ပိုင်းမှာပင် မီဒီယာအားလုံး၌ ပျံ့နှံ့သွားခဲ့ပြီး စက္ကန့်ပိုင်းအတွင်း ပြောဆိုမှုများနှင့် ပြန်လည် မျှဝေမှုများ မြင့်တက်လာခဲ့သည်။
“မြတ်စွာဘုရား”
“ရဲ့နတ်ဘုရား ရူးသွားပြီပဲ”
“ဒီဗွီဒီယိုက အရမ်း စွဲတာပဲ၊ ရဲ့နတ်ဘုရားက ကွန်ဖူး သင်ထားတာပဲ ဖြစ်မယ်”
“အဲ့ကန်ချက်က မိုက်တယ်ကွာ”
“ဟားဟားဟား … မိုက်တယ်ကွာ၊ ငါ ကြည့်နေရင်းနဲ့ သွေးတွေ ဆူပွက်လာတယ်၊ ရဲ့နတ်ဘုရားက နတ်ဘုရားလို့ ခေါ်ထိုက်တာပဲ၊ သူက ကိုရီးယားနိုင်ငံကို ဘတ်စကက်ဘောနဲ့ သင်ခန်းစာ ပေးတဲ့အပြင် သူတို့လူကို တကယ် ရိုက်ရဲတဲ့အထိ သတ္တိကောင်းတာပဲ၊ ယောက်ျား ပီသလိုက်တာ”
“ကင်ဟျွန်းမင် နိုင်ငံအလံရှေ့မှ ဒူးထောက်နေတဲ့ ဗွီဒီယိုကို ငါ့ wallpaper အဖြစ် ထားလိုက်ပြီ၊ ငါ ကြည်နူးလွန်းလို့ ဘောင်းဘီထဲ သေးထွက်ကျတော့မယ်”
“ချီးပဲ၊ ဒါက ငါ အကြောက်ဆုံး ဗွီဒီယို အမျိုးအစားပဲ၊ ဒါက ငါ့ကို ခဏခဏ ငိုအောင် လုပ်နိုင်တာပဲ”
“ရဲ့နတ်ဘုရား ရင်နာတာကို ငါ ခံစားမိတယ်၊ အဲ့ဒီ အမာခံ ပရိသတ်တွေက ရူးနေပြီ၊ ရဲ့နတ်ဘုရားက ဒီလို အဖွဲ့မျိုးကို အရေးမစိုက်သင့်ဘူး”
“အဲ့ဒီ အမာခံ ပရိသတ်တွေတင် မကဘူး၊ အခုခေတ် သတင်းထောက်တွေနဲ့ မီဒီယာတွေက ကျင့်ဝတ်တွေ ကင်းမဲ့နေတာ၊ ရဲ့နတ်ဘုရားအတွက် မတရားဘူးကွာ”
“အဖြေက အံ့ဩဖို့ကောင်းတယ်၊ လူဘယ်လောက်များများက ရှက်နေပြီလဲ”
“သူက အားကစား ကြယ်ပွင့် ဖြစ်ပင်မယ့် အရေးကြီးတဲ့ အခြေအနေမှာ ဟာသ ဇာတ်လမ်းကို ဖန်တီးနိုင်စွမ်း ရှိတယ်၊ သူ့အရည်အချင်းက ဒါအကုန်ပဲလို့ မင်း ထင်လား၊ မဟုတ်သေးဘူး၊ သူက ကဗျာလဲ ရေးတယ်၊ သူက စည်းမျဉ်းစည်းကမ်း၊ ဉာဏ်ပညာ၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုနဲ့ အနုပညာမှာ ပြီးပြည့်စုံတယ်၊ သူက သောက်ကျိုးနည်း ကြယ်ငါးပွင့် ကျောင်းသားကွ”
“ရဲ့နတ်ဘုရား အဆင်ပြေပါ့မလားလို့ ငါ စိုးရိမ်လာပြီ”
“ငါ ပြောချင်တာက သူက လူတစ်ယောက်ကို ရိုက်နှက်ခဲ့ပြီးတော့ အရမ်းလဲ ရက်စက်ခဲ့တယ်လေ”
“ငါ ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို အားပေးတယ်”
…
မီဒီယာ အမျိုးမျိုးက ထိုအဖြစ်အပျက်ကို သတင်းလွှင့်နေကြချိန်တွင် အမျိုးမျိုးသော ဗွီဒီယို အပြည့်အစုံက အင်တာနက်ပေါ်၌ ပျံ့နှံ့နေ၏။ လူတစ်ချို့ဆိုလျင် အဖြစ်အပျက်ကို အသေးစိတ် ရေးပြီး မှတ်ချက်များနှင့် သုံးသပ်ချက်များပင် ထည့်ရေးလိုက်သည်။
များစွာသော အင်တာနက် ကြယ်ပွင့်များကလဲ သူတို့၏ အမြင်များကို ထုတ်ပြောကြပြီး အများစုက ရဲ့လင်းချန်ကို ထောက်ခံပြီး ရဲ့လင်းချန်က အပြစ်မရှိဟု ယူဆကြသည်။ သို့သော် ရဲ့လင်းချန်ကို ဆဲဆိုကျိန်ဆဲနေသော ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်များစွာလည်း ရှိနေပြီး ရဲ့လင်းချန်၏ နာမည်ကို နင်းခြေပစ်မည်ဟု ကြုံးဝါးနေ လေသည်။ သူတို့သည် ရဲများအား ရဲ့လင်းချန်ကို ထောင်ချ၍ ကြီးလေးသော ပြစ်ဒဏ် ချမှတ်ရန် အတင်း အဓမ္မ တောင်းဆိုနေကြပြီး အချို့ဆိုလျင် ခြိမ်းပင် ခြိမ်းခြောက်ကြသည်။
ရဲစခန်းအတွင်း၌။
ရဲ့လင်းချန်သည် တပ်ကြပ်ကောင်းနှင့် အခြားသူများနှင့်အတူ ရောက်နေသည်။ သူနှင့် ကင်ဟျွန်းမင်အား သပ်သပ်စီ ချုပ်ထားကြသည်။
အတိအကျ ပြောရမည်ဆိုလျင် ကင်ဟျွန်းမင်အား ချုပ်ထားခြင်း ဖြစ်ပြီး ရဲ့လင်းချန်အား ဧည့်သည်အဖြစ် ထားထားခြင်း ဖြစ်လေသည်။
“ခေါင်းဆောင်ရဲ့၊ ရေ သောက်ပါဦး”
ရဲသားတစ်ဦးက အလွန် ယဉ်ကျေးသော အပြုအမူနှင့် ရေနွေးတစ်ခွက်အား ကမ်းပေးလာသည်။
“ကျေးဇူးပဲ”
ရဲ့လင်းချန်က ရေကို ယူလိုက်သည်။
“ခင်ဗျားရဲ့လုပ်ရပ်က သိပ်အားရဖို့ ကောင်းတယ်၊ ကိုရီးယားက လူတွေက ကျွန်တော်တို့နိုင်ငံက ဦးစားပေးမှုတွေ ရနေတော့ သူတို့ကိုယ်သူတို့ အထင်ကြီးနေကြတာ၊ ဒါပေမဲ့ စိတ်ပျက်ဖို့ အကောင်းဆုံး အရာက သူတို့က ကျွန်တော်တို့ ပိုက်ဆံတွေကို ရပြီးတော့ ကျွန်တော်တို့ကို အထင်သေးတာပဲ၊ သူတို့က ဘယ်လိုလူတွေလဲ၊ သူတို့ကို စိတ်ပျက်နေတာ တော်တော်ကြာပြီ၊ ဒါပေမဲ့ ခင်ဗျားလို စစ်သည်တော်ကပဲ ပေါ်တင် အရေးယူရဲတာ၊ ကျွန်တော်ဆို အဲ့လို မလုပ်ရဲဘူး”
ထိုရဲသားက လေးစားဟန်ဖြင့် ပြောလာသည်။
ထိုအချိန်တွင် တပ်ကြပ်ကောင်းသည် အပြင်ဘက်မှ ဝင်လာသဖြင့် ထိုရဲသားက ချက်ချင်း ပါးစပ်ပိတ်သွားသည်။
“ခေါင်းဆောင်ရဲ့၊ ငါတို့ ဥပဒေကို လိုက်နာရမှာပဲ၊ ဒါက လုပ်သင့်တဲ့ လုပ်ငန်းစဉ်ဆိုတော့ မင်း လုပ်ဖို့လိုတာဆိုလို့ ပူးပေါင်းပေးဖို့ပါပဲ”
တပ်ကြပ်ကောင်းက ရှင်းပြသည်။
“ငါတို့ မတတ်သာဘဲ မင်းကို ဖမ်းပြီး ဒီကို ခေါ်လာရတာပါ၊ ကင်ဟျွန်းမင်ရဲ့ လုပ်ရပ်တွေက အရမ်း ဒေါသထွက်ဖို့ ကောင်းတယ်၊ ဒါပေမဲ့ ငါတို့မှာ အဲ့ဒါကို တိုက်ရိုက် အရေးယူနိုင်မယ့် လုပ်ပိုင်ခွင့် အလုံအလောက် မရှိဘူး”
ရဲ့လင်းချန်၏ အဖြစ်က မှန်ကန်သော ကိစ္စပင်။ ရဲများသည် သူ့အဆင့်အတန်းအား ထည့်မတွက်လျင်တောင်မှ သူ အခက်တွေ့အောင် လုပ်မည် မဟုတ်ပါ။
“ကျွန်တော် နားလည်ပါတယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“ဒါဆို ရိုးရှင်းတဲ့ ဖြောင့်ချက်ပေးတာနဲ့တင် ရပါပြီ”
တပ်ကြပ်ကောင်းက ပြောလိုက်သည်။
ထိုသို့သော အချိန်၌ ရှုနန်က တက်ကြွစွာ ပြေးဝင်လာပြီး ရဲ့လင်းချန်အား ချက်ချင်း တွေ့သွားလေသည်။
“ဆရာ၊ ရှင် သိပ်ချောတာပဲ၊ ဒီလို အထင်ကြီးစရာကောင်းတဲ့ လုပ်ရပ်ကို ရှင်တစ်ယောက်တည်းကပဲ လုပ်နိုင်တာ”
ရှုနန်က တက်ကြွစွာ ပြောလာသည်။
ထို့နောက် သူမသည် အခြေအနေကို မြင်ပြီးနောက် မျက်မှောင်ကြုတ်သွားလေသည်။
“လုပ်ပါ တပ်ကြပ်ကောင်း၊ ကျွန်မဆရာက စစ်သည်တော် တစ်ယောက်လေ၊ ပြီးတော့ ရှင်တို့အားလုံးလဲ အချင်းချင်း သိနေတာပဲကို၊ သူ့အတွက် ဖြောင့်ချက်ပေးဖို့ တကယ် လိုလို့လား”
“ဒါက အဲ့အချိန်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာကို မှတ်တမ်းတင်ရုံ သက်သက်ပါပဲ”
တပ်ကြပ်ကောင်းက ပြောလိုက်သည်။
“အခြေအနေက အရမ်း ရှင်းလင်းနေပြီးတော့ အင်တာနက်တစ်ခုလုံးက ဒါကို သိနေတာပဲလေ၊ အခြား ဘာမှလုပ်စရာ မလိုတော့ပါဘူး၊ ကျွန်မဆရာကို လွှတ်ပေးပါ”
ရှုနန်က မနေနိုင်ဘဲ ပြောလေသည်။
“ဒါက စည်းကမ်းနဲ့ မလျော်ညီဘူး”
တပ်ကြပ်ကောင်းက ခေါင်းခါ၍ မချိပြုံး ပြုံးနေသည်။ ရှုနန်သည် အလွန် ရူးမိုက်လှပေသည်။
ကင်ဟျွန်းမင်သည် အနုပညာရှင်တစ်ဦး ဖြစ်ပြီး ထိုအဖြစ်အပျက်က အတော်လေး အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည်။ တပ်ကြပ်ကောင်းသည် ရဲအင်အားစု၏ ခေါင်းဆောင် ဖြစ်ပြီး သူ့အတွက် အမှုကို သီးသန့်ဆန်စွာ ကိုင်တွယ်နိုင်သည့် နည်းလမ်း မရှိပေ။
ရဲ့လင်းချန်သည် ရာထူးမြင့်သော သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း ပါဝင်ခဲ့သည့် လူများထဲမှ တစ်ယောက် ဖြစ်သည်။ ထို့အတူ သူ၏ အဆင့်အတန်းသည် အသုံးချ၍လည်း မဖြစ်သလို လူသိ၍လည်း မဖြစ်ချေ။ သို့မဟုတ်ပါက အခြေအနေက ပြောင်းလဲသွားပြီး စစ်သည်တော်တစ်ဦးက သူ၏ လုပ်ပိုင်ခွင့်ကို အသုံးပြု၍ အခြားသူ တစ်ယောက်ကို အကြမ်းဖက် အနိုင်ကျင့်သည့် အခြေအနေ ဖြစ်သွားပေလိမ့်မည်။