ကောက်ရိုးပုံကို လောင်ကျွမ်းပစ်မယ့် မီးပွားတွေ(ခ)
Vol. 60 Ch. 931
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ခုနစ်ရက်ကျော်လွန်သွားပြီ ဖြစ်သည်။
အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသအတွင်းမှ အဖြစ်အပျက်သည် အပြင်လောကသို့ ထွက်ခွာသွားကြသော လူများ၏ ပါးစပ်မှတဆင့် တဖြည်းဖြည်း ပျံ့နှံ့သွားကြသည်။ တစ်ချိန်တည်းမှာ ယဇ်ပူဇော်အကသမား၏ သေဆုံးမှုသည် ယင်ယန်ပန်းပွင့်ဂိုဏ်းများ၏ အာရုံကို ဆွဲဆောင်သွားသည်။
ထိုခုနစ်ရက်အတွင်းမှာ ယင်ယန်ပန်းပွင့်ဂိုဏ်းမှ ပညာရှင်ကျင့်ကြံသူအများအပြားသည် တံခါးဖြတ်ကူးသူများကို အသုံးပြု၍ အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသသို့ ရောက်ရှိလာကြသည်။
နောက်ဆုံးမှာတော့ ယင်ယန်ပန်းပွင့်ဂိုဏ်းသည် လဝတ်ပြုဒေသကြီးတစ်ခုလုံး၌ အလိုရှိဖမ်းဝရမ်းစာများကို ထုတ်ပြန်ခဲ့ကြသည်။
သူတို့သည် ဝေ့ယန်ဇီနှင့် ထျန်ချင်းဇီကို အသေရရ အရှင်ရရ လိုချင်နေကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က သူတို့နှင့်ပတ်သက်သော သဲလွန်စများကို ထောက်ပံ့ပေးနိုင်မည်ဆိုလျှင် ယင်ယန်ပန်းပွင့်ဂိုဏ်းနှင့် ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်နိုင်လိမ့်မည်။
အကယ်၍ တစ်စုံတစ်ယောက်က သူတို့၏ ဦးခေါင်းနှင့် ဝိညာဉ်များကို ယင်ယန်ပန်းပွင့်ဂိုဏ်းတော်ကြီးဆီသို့ ယူဆောင်လာပေးနိုင်မည်ဆိုလျှင် ကျိန်စာလျှော့ပေါ့ဆေးလုံးကို ဆုချီးမြှင့်မည် ဖြစ်သည်။
ထိုအလိုရှိဖမ်းဝရမ်းစာကို ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း လဝတ်ပြုဒေသကြီးတစ်ခုလုံးသည် တုန်လှုပ်သွားကြသည်။ အကြောင်းမှာ ထိုကိစ္စသည် ပေါ့သေးသေး မဟုတ်ပေ။ ထို့ပြင် အရေးကြီးဆုံးမှာ ဆုလာဘ်ဖြစ်သည့် ကျိန်စာလျှော့ပေါ့ဆေးလုံး ဖြစ်သည်။
ထိုဆေးလုံးသည် အာနိသင်တစ်မျိုးတည်းသာ ရှိသည်။ ယင်းမှာ ကျိန်စာထကြွလာသည့်အခါ ခံစားရမည့် နာကျင်မှုဝေဒနာကို လျှော့ပေါ့ပေးနိုင်ခြင်း ဖြစ်သည်။
လဝတ်ပြုဒေသကြီးထဲမှ ကျင့်ကြံသူများသည် ကျင့်ကြံသည့်အခါတိုင်း သူတို့၏ ခန္ဓာကိုယ်ထဲမှ အနီရောင်လကျိန်စာများက တဖြည်းဖြည်း နိုးထလာပြီး အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားကြရလိမ့်မည်။ ထိုနာကျင်မှုဝေဒနာကို သူတို့၏ ရုပ်ခန္ဓာကိုယ်သာမက ဝိညာဉ်ကပါ ခံစားရလိမ့်မည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က တိုးမြှင့်လာသည်နှင့်အမျှ နာကျင်မှုဝေဒနာဖြစ်ပွားသည့် အကြိမ်ရေအတွက်နှင့် ပြင်းထန်မှုသည် အဆပေါင်းများစွာ တိုးမြှင့်လာလိမ့်မည်။
ထိုနာကျင်မှုဝေဒနာသည် ကျင့်ကြံသူတိုင်း တောင့်ခံနိုင်သောအရာ မဟုတ်ပေ။ ထိုနာကျင်မှုဝေဒနာကို လျှော့ပေါ့ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ ကျိန်စာလျှော့ပေါ့ဆေးလုံး ဖြစ်သည်။
သို့သော်လည်း ထိုဆေးလုံးသည် အရေအတွက် အလွန်နည်းပါးပြီး လိုချင်သူများပြားသည်။ သို့ဖြစ်၍ ဆေးလုံး၏ တန်ဖိုးသည် မိုးထိအောင် မြင့်မားသည်။ ယင်းကို ဝိညာဉ်ကျောက်တုံးများဖြင့် မဝယ်နိုင်ပေ။
ပုံမှန်အားဖြင့် ထိုသို့အာနိသင်ရှိသော မည်သည့်ဆေးလုံးမဆို ရှားပါးသော ကုန်ပစ္စည်းများ ဖြစ်ကြသည်။
ဥပမာ အတိတ်တွင် မျိုးနွယ်စုနှစ်စုမဟာမိတ်မှ ဘိုးဘေးများသည် ရွှီချင်းကို အသက်ရှင်လျက် ဖမ်းဆီးပြီး အနီရောင်လဗိမာန်ဆီသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ကြခြင်းမှာ ကျိန်စာလျှော့ပေါ့ဆေးလုံးများဖြင့် လဲလှယ်ချင်သောကြောင့် ဖြစ်သည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အလိုရှိဖမ်းဝရမ်းစာ၏ ဆွဲဆောင်မှုအားသည် မည်မျှကြီးမားကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ဤအခိုက်အတန့်မှာ ရွှီချင်း၊ ခေါင်းဆောင်နှင့် တခြားလူများသည် အဆုံးမဲ့ကောင်းကင်နွားတောင်တန်းဒေသထဲမှ ထွက်ခွာသွားကြပြီး အနောက်ပိုင်းဒေသနားမှာ ပြန်ပေါ်လာကြသည်။
ခေါင်းဆောင်သည် ထိုနေရာမှာ ဆင်းသက်လိုက်ပြီး နောက်ထပ်ကိစ္စတစ်ခုအတွက် ပြင်ဆင်လိုက်သည်။
ရွှီချင်းသည် ခေါင်းဆောင်၏ အစီအစဉ်နောက်သို့လိုက်ရန် ဆန္ဒမရှိပေ။ သူ့ဆီမှာ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိုယ်ရေးကိုယ်တာကိစ္စတချို့ ရှိနေပေသည်။
သွမ့်မူကျန်း၏ ပိုးစုန်းကြူးမြို့တော်ထဲတွင် ကျိန်စာမိနေကြသော လူပေါင်းတစ်သိန်းကျော်ရှိနေကြောင်း သူမှတ်မိနေဆဲပင်။ သူတို့၏ ကျိန်စာကို ဖယ်ရှားရန် သူအကူအညီပေးချင်သည်။
သို့သော်လည်း ထိုကျိန်စာကို ဖယ်ရှားရန် သုတေသနပြုလုပ်မှုများစွာနှင့် အစမ်းသပ်ခံပစ္စည်းကိရိယာအများအပြားကို လိုအပ်ပေသည်။ ထို့အပြင် သင့်တင့်လျောက်ပတ်သော ပတ်ဝန်းကျင်နှင့် အချိန်ကာလတစ်ခုကိုလည်း သူလိုအပ်သည်။
ခေါင်းဆောင်၏ ပြဿနာရှာတတ်သော အကျင့်စရိုက်ဖြင့်ဆိုလျှင် သူက ကောင်းကောင်းမွန်မွန် သုတေသနပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာ ရွှီချင်းသည် တခြားနေရာဆီသို့ သွားရောက်ရန် စီစဉ်ထားသည်။
သို့ဖြစ်၍ ရွှီချင်းသည် သူ၏ အတွေးကို ခေါင်းဆောင်ဆီ ပြောပြသည်။
“ ကျိန်စာကို လေ့လာချင်တယ် ”
ဤသည်ကိုကြားသောအခါ ခေါင်းဆောင်၏ မျက်လုံးသည် ဝင်းလက်လာသည်။ မက်မွန်သီးကို တစ်ကိုက်ကိုက်စားပြီးနောက် သူ၏ မျက်လုံးထဲမှ အလင်းသည် ပိုပြီးတောက်ပလာသည်။
“ ဟား ဟား… ချင်းလေး မင်းရဲ့ အကြံအစည်က ငါစီစဉ်ထားတဲ့ အဌမမြောက်ကိစ္စကြီးပဲ… တကယ်လို့ မင်းရဲ့ သုတေသနရှာဖွေမှုမှာ စောစောစီးစီး ရလဒ်ကောင်းတချို့ ထွက်ပေါ်လာမယ်ဆိုရင် အနာဂတ်မှာ ငါတို့အတွက် အချိန်အများကြီး သက်သာလိမ့်မယ် ”
“ ကောင်းတယ် ”
ခေါင်းဆောင်၏ မျက်နှာပေါ်မှာ ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာ ထွက်ပေါ်လာသည်။ သူက ပန်းသီးတစ်လုံးကို ရွှီချင်းဆီသို့ ကမ်းပေးလိုက်ပြီး ပခုံးဖက်လိုက်ကာ တိုးတိုးကလေး ပြောသည်။
“ ချင်းလေး… တကယ်လို့ မင်းဘာသာတစ်ယောက်တည်း အပြင်သွားမယ်ဆိုရင် ယင်ယန်ပန်းပွင့်ဂိုဏ်းရဲ့ လိုက်ဖမ်းတာမခံရဖို့ သတိထားပါ… ငါကတော့ ကိစ္စအသေးလေးတစ်ခုလုပ်ဖို့ ပြင်ဆင်တော့မယ်… အဲ့ဒါက နှစ်ဝက်လောက် ကြာလိမ့်မယ် ”
“ ကိစ္စက ဘယ်လောက်သေးလဲ ”
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ ဟား ဟား အရမ်းသေးတယ်… သာမန်ကိစ္စလေးပါကွာ ”
ခေါင်းဆောင်က ပြောသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး လက်မနှင့် လက်ညှိုးကို မခွာခင် အတူတူ ပူးကပ်လိုက်ကာ ကိစ္စက မည်မျှသေးငယ်ကြောင်း သရုပ်ဖော်ပြသည်။
“ ဒါဆို ဂရုစိုက်ပါ ”
ရွှီချင်းက ပြုံးလိုက်သည်။ သူက နောက်ထပ် မမေးတော့ပေ။
ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး အဝေးမှ လောကကြီးကို ကြည့်လိုက်သည်။
“ ကောင်းပြီ… ဒီနေရာမှာ ခွဲခွာကြရအောင်… နှစ်ဝက်ကြာရင် ဘဝကံကြမ္မာဆိုးတောင်ကုန်းမှာ ငါတို့ဆုံကြမယ်လေ… ချင်းလေး ငါမင်းကို ပြောပြမယ် ဒီတစ်ခါ နောက်မကျစေနဲ့… မင်း စောစောရောက်နိုင်လေ ပိုကောင်းလေပဲ… နောက်နှစ်ဝက်ကြာရင် မင်းရဲ့ စီနီယာအကိုကြီးက မင်းကို စိတ်ဝင်စားဖို့ကောင်းပြီး အံ့ဩစရာကောင်းတဲ့ အဖွဲ့အစည်းတစ်ခုဆီ ဝင်ရောက်ဖို့ ခေါ်သွားပေးမယ် ”
“ အဲ့ဒါက အနီရောင်လဗိမာန်ကို တိုက်ခိုက်ဖို့ ငါတို့အတွက် အရေးကြီးတဲ့ စစ်တုရင်တစ်ခုပဲ ”
ထူးဆန်းသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ဤသည်မှာ သူ့အတွက် ဘဝကံကြမ္မာဆိုးတောင်ကုန်းအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ပေ။ ထိုနေရာတွင် လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်ရန် နည်းလမ်းရှိကြောင်း သူသိထားသည်။
အသေးစိတ်ကိုတော့ ရွှီချင်း မသိထားပေ။ အစက သူသွားရောက်ရန် ရည်ရွယ်ထားသော နေရာထဲမှာ ဘဝကံကြမ္မာဆိုးတောင်ကုန်းလည်း ပါဝင်သည်။
အဘယ့်ကြောင့်ဆိုသော် ကျိန်စာများအပေါ် လပုန်ကန်ခန်းမ၏ သုတေသနရှာဖွေမှုသည် အလွန်နက်ရှိုင်းနေပြီဟု သွမ့်မူကျန်းက သူ့အား တစ်ခါပြောဖူးသည်။ အကယ်၍ သူသာ သူတို့ထံမှ သတင်းအချက်အလက်တချို့ကို ရရှိမည်ဆိုလျှင် သူ့အတွက် အများကြီး အချိန်ကုန်သက်သာလိမ့်မည်။
ထို့ပြင် နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးခြင်းဖြင့် အကြံဉာဏ်များစွာကို သူရရှိလာနိုင်သည်။
သို့ဖြစ်၍ ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ ခေါင်းဆောင်နှင့် တွေ့ဆုံမည့်ကိစ္စကို အသေးစိတ် ဆွေးနွေးပြီးနောက် ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
သူထွက်မသွားခင် ခေါင်းဆောင်သည် ဝူကျန်းဝူထံမှ အစေ့တချို့ကို ထုတ်လိုက်ပြီး ရွှီချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ ဂျူနီယာညီလေး… မင်း တကယ်လို့ ဘဝကံကြမ္မာဆိုးတောင်ကုန်းဆီ အရင်ရောက်နှင့်မယ်ဆိုရင် ဒီအစေ့တွေကို အဲ့ဒီမှာ စိုက်ပျိုးပါ… ကျန်းကျန်းကြီးရဲ့ သားငယ်လေးတွေက အစေ့တွေရဲ့ အရှိန်အဝါကို အာရုံခံပြီး မင်းကို လိုက်ရှာနိုင်လိမ့်မယ်… အဲ့ဒါဆို ဒီက ငါ့ကိစ္စတွေပြီးတာနဲ့ မင်းကို အမြန်လာရှာနိုင်မယ် ”
ရွှီချင်းသည် အစေ့များကို ယူဆောင်လိုက်သည်။ ယင်းက အနည်းငယ် ထူးဆန်းသည်ဟု သူခံစားမိသည်။ ဝူကျန်းဝူ၏ သားငယ်လေးများသည် မည်မျှထူးခြားကြောင်း သူသိသည်။
အတိတ်တုန်းက ဆန္ဒသေတ္တာက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ သူက ဝူကျန်းဝူကို မကြည့်မိဘဲ မနေနိုင်ပေ။
ဝူကျန်းဝူသည် မှိုင်တွေနေဆဲပင်။ သူက အသက်မဲ့နေသည့်အလား လဲလျောင်းနေပြီး ရံဖန်ရံခါ သက်ပြင်းချလေ့ ရှိသည်။
“ သူ့အတွက် ဘာမှစိတ်မပူနဲ့… မင်း အသဲကွဲတဲ့အခါ သူ့လို ခံစားရလိမ့်မယ်… ရက်နည်းနည်းကြာသွားရင် သူအဆင်ပြေသွားမှာပါ ”
ခေါင်းဆောင်သည် ပြုံးလိုက်ပြီး ပြောသည်။ သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ရွှီချင်းကို ကောင်းချီးပေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ ဒီတော့ ဂျူနီယာညီလေး… ငါတို့ ဒီနေရာမှာပဲ လမ်းခွဲကြရအောင်… လမ်းခရီးတစ်လျှောက် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။
နင်ယန်သည် ဘေးနားမှာ မတ်တတ်ရပ်နေပြီး သူတို့နှစ်ယောက်၏ စကားဝိုင်းကို နားစွင့်နေသည်။ အသဲကွဲသည်ဟူသော စကားကို သူကြားလိုက်ရသည့်အခါ ဝူကျန်းဝူက ဤရက်များမှာ မည်သို့ကြောင့် ထိုသို့ပုံစံဖြစ်နေရသည်ကို နောက်ဆုံးမှာတော့ သူနားလည်သွားသည်။
အထင်သေးရှုံ့ချမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
‘ ဘာများလဲလို့… အသဲလေးကွဲတဲ့ဟာကို ’
ရွှီချင်းက ထွက်ခွာသွားတော့မည်ကို မြင်သောအခါ နင်ယန်သည် သူ့ကို ချက်ချင်း လိုက်ပို့ဆောင်သည်။ သူ၏ မျက်လုံးထဲမှာ ပြင်းပြသော စိတ်ဆန္ဒတို့ ထွက်ပေါ်နေပြီး သူ့ကိုပါ ခေါ်ဆောင်သွားရန် မျှော်လင့်နေသည်။
ရွှီချင်းသည် နင်ယန်ကို လျစ်လျူရှုထားသည်။ သူက ခြေတစ်လှမ်းဖြင့် အတုယောင်နေလုံးထဲမှ ထွက်ခွာသွားပြီး မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားသည်။
“ သူက အရွယ်ရောက်လာပြီ… စီနီယာအကိုကြီးရဲ့ စောင့်ရှောက်မှုကို မလိုအပ်တော့ဘူး ”
ခေါင်းဆောင်သည် အဝေးသို့ ပျံသန်းသွားသော ရွှီချင်းကို ကြည့်လိုက်ပြီး အတိတ်အား လွမ်းဆွေးခြင်းကို ခံစားမိသွားသည်။ ထို့နောက် သူက လက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်သင်္ကေတများစွာကို ဖွဲ့စည်းလိုက်သည်။
အတုယောင်နေလုံးသည် အပေါ်သို့ မြှောက်တတ်သွားပြီး သူတို့၏ ခရီးစဉ်ကို အရှိန်မြှင့်တင်လိုက်သည်။