ကောက်ရိုးပုံကို လောင်ကျွမ်းပစ်မယ့် မီးပွားတွေ(ဂ)
Vol. 60 Ch. 932
အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားပြီ တစ်လရှိသွားပြီ ဖြစ်သည်။
ယင်ယန်ပန်းပွင့်ဂိုဏ်း၏ အလိုရှိဖမ်းဝရမ်းစာများသည် နေရာမှာ ဆက်လက်ရှိနေဆဲဖြစ်သော်လည်း ဖမ်းဝရမ်းထုတ်ခံထားရသော လူများသည်တော့ ယခုထိ မည်သည့်သတင်းမှ မကြားရသေးချေ။ သူတို့က လေထဲမှာ ပျောက်ကွယ်သွားကြသည့်အလားပင်။
ထို့ပြင် နောက်ထပ်ကိစ္စကြီးတစ်ခု ထွက်ပေါ်လာသောကြောင့် ဖမ်းဝရမ်းကိစ္စကို လူအတော်များများက သိပ်အာရုံမထားကြတော့ချေ။
ထိုကိစ္စကြီးသည် လဝတ်ပြုဒေသကြီးတစ်ခုလုံးကို ဆူပူအုံကြွသွားစေသည်အထိ ထိတ်လန့်ဖွယ်ကောင်းသည်။
ယင်းမှာ နတ်ဘုရားသားတော်က ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်း ဖြစ်သည်။
ဒဏ်ရာရရှိသွားရသည့် အကြောင်းအရင်းကိုတော့ အစကတည်းက ဖုံးကွယ်ထားခြင်းဖြစ်သောကြောင့် အနီရောင်လဗိမာန်ဌာနချုပ်မှလွဲ၍ မည်သူမှ မသိကြချေ။ သူတို့သိထားကြသည်မှာ မြောက်ပိုင်းရေခဲလွင်ပြင်ဒေသနှင့် ကောင်းကင်ဘုံမီးတောက်ပင်လယ်တွင် ထူးဆန်းသော သဘာဝလွန်လက္ခဏာများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုနေရာများမှ စွမ်းအင်လှိုင်းအတတ်အကျများသည် တစ်လထက် ပိုကြာမြင်ခဲ့ကြောင်း သူတို့အာရုံခံမိကြသည်။
ထိုအကြောင်းနှင့်ပတ်သက်ပြီး ခန့်မှန်းမှုများစွာရှိသော်လည်း တကယ့် သတင်းအချက်အလက်အမှန်သည်တော့ မရှိသေးပေ။
လပေါင်းများစွာကြာပြီးမှသာလျှင် ထိုကိစ္စ၏ နောက်ကွယ်မှ အကြောင်းအရင်းအမှန်က ထွက်ပေါ်လာသည်။ ထို့ပြင် သတင်းဖြန့်သူသည် အနီရောင်လဗိမာန်မဟုတ်ဘဲ လပုန်ကန်ခန်းမနှင့် ပတ်သက်ဆက်နွယ်သော လူများက အနယ်နယ်အရပ်ရပ်ဆီသို့ သတင်းဖြန်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့ပြောသည်မှာ ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှ သဘာဝလွန်လက္ခဏာရပ်များသည် အိမ်ရှေ့စံမင်းသားက အချုပ်အနှောင်မှ လွတ်မြောက်သွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
မြောက်ပိုင်းရေခဲလွင်ပြင်ဒေသတွင်တော့ အိမ်ရှေ့စံမင်းသားက ရှေးဟောင်းအုပ်ချုပ်သူ၏ သမီးတော် မင်းသမီးမင်မိန်ကို ကယ်ထုတ်သွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထိုကြောက်မက်ဖွယ်ရာ တည်ရှိမှုနှစ်ခုသည် အချုပ်အနှောင်မှ လွတ်မြောက်သွားပြီးနောက် အနီရောင်လဗိမာန်ကို တိုက်ခိုက်ခဲ့ကြသည်။
ချောက်ချားဖွယ်ကောင်းသော တိုက်ပွဲသည် ထိုနေရာမှာ ဖြစ်ပွားခဲ့သည်။
ဤသည်မှာ စွမ်းအင်လှိုင်းအတတ်အကျများက လဝတ်ပြုဒေသကြီးထဲမှာ တစ်လကြာ တည်ရှိနေရသည့် အဓိကအကြောင်းအရင်း ဖြစ်သည်။
တိုက်ပွဲ၏ ရလဒ်သည်တော့ အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်သည် ပျောက်ကွယ်သွားကြပြီး အနီရောင်လဗိမာန်မှ နတ်ဘုရားသားတော်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
ထိုကိစ္စ၏ အဓိကသော့ချက်မှာ နတ်ဘုရားသားတော်က ဒဏ်ရာရရှိသွားသော်လည်း နီလာနတ်သမီးသည် ဆင်းသက်မလာခဲ့ပေ။
ယင်းက အဓိပ္ပာယ်မရှိပေ။ အကယ်၍ နတ်ဘုရားသားတော်သာ ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဆိုလျှင် သူက နတ်ဘုရားအတတ်ပညာကို သေချာပေါက် အသက်သွင်းလိမ့်ပေမည်။
သို့သော်လည်း တိုက်ပွဲဖြစ်နေစဉ်အတွင်း ထွက်ပေါ်လာသော အားလှိုင်းအတတ်အကျများမှတဆင့် ထိုသို့ဖြစ်ပေါ်မလာခဲ့ပေ။
သို့ဖြစ်၍ နောက်ထပ် ကောလဟာလနှစ်ခုသည် တစ်ချိန်တည်းမှာ ထွက်ပေါ်လာခဲ့သည်။
ပထမကောလဟာလမှာ နတ်ဘုရားသားတော်၏ အစစ်အမှန်သရုပ်နှင့် သူ၏ ညီတော်ညီမတော်များထံမှ ဆွဲထုတ်ထားသော ဝိညာဉ်များအကြောင်း ဖြစ်သည်။
ထွက်ပေါ်လာသော သတင်းများအရ ထိုဝိညာဉ်များသည် တိုက်ပွဲအတွင်းမှာ ယူဆောင်သွားခြင်းခံခဲ့ရသည်။
ထိုဝိညာဉ်များကြောင့် ရှေးဟောင်းအုပ်ချုပ်သူ၏ သားတော်သမီးတော်များက အသိစိတ်ပျောက်ဆုံးနေကြခြင်း ဖြစ်သည်။
သူတို့က ဝိညာဉ်များကို အဝေးသို့ လုယက်သွားသည့်အခိုက်အတန့်မှာ မရေမတွက်နိုင်သော တစ္ဆေအော်ညည်းသံများသည် အနီရောင်လဗိမာန်ထဲမှ ထွက်ပေါ်လာကြသည်ဟု ဆိုကြသည်။
ယင်းက ချောက်ချားဖွယ်ကောင်းသော ခန့်မှန်းမှုတစ်ခုကို ဖြစ်ပေါ်စေသည်။ ပညာရှင်တချို့သည် အိမ်ရှေ့စံမင်းသား၏ ရည်ရွယ်ချက်က နတ်ဘုရားသားတော်နှင့် အသေအကြေတိုက်ခိုက်ရန် မဟုတ်ကြောင်း သုံးသပ်ကြသည်။ ယင်းအစား သူ့မှာ ပို၍နက်နဲသော ရည်ရွယ်ချက်များ ရှိလိမ့်မည်။
ထိုဝိညာဉ်များသည် သူ၏ ရည်ရွယ်ချက်များအနက် တစ်ခုသာ ဖြစ်လိမ့်မည်။
အသေးစိတ်ကိုတော့ မည်သူမှ မသိကြပေ။
ဒုတိယကောလဟာလသည် သက်ရှိတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။
“ နီလာနတ်သမီးက တခြားဒေသကြီးက အစီအစဉ်ကြောင့် နှစ်နှစ်ချိုက်ချိုက် အိမ်မောကျသွားတယ်… အချိန်တစ်ခုကြာတဲ့အထိ သူက နိုးလာမှာမဟုတ်ဘူး ”
ထိုကောလဟာလများထဲမှာ ပါရှိသော သတင်းအချက်အလက်များသည် အလွန်ထိတ်လန့်စရာကောင်းသည်။ လဝတ်ပြုဒေသကြီးထဲမှ ကောင်းကင်သည် ပြောင်းလဲသွားတော့မည့်ဟန် ရသည်။
တချို့က ယင်းကို ယုံကြည်ကြပြီး တချို့က မယုံကြည်ကြချေ။ သို့သော်လည်း မည်သို့ဖြစ်ပါစေ လဝတ်ပြုဒေသကြီးသည် ထိုကိစ္စများကြောင့် ပရမ်းပတာဖြစ်ရန် စတင်တာဆူလာနေပြီ ဖြစ်သည်။
ဤသည်မှာ တည်ငြိမ်သော ရေကန်ထဲသို့ ခဲတစ်လုံး ပြုတ်ကျသွားသည့်အလား လှိုင်းဂယက်များ ထွက်ပေါ်လာကြသည်။
ချက်ချင်းဆိုသလို အဖွဲ့အစည်းအမျိုးမျိုးသည် ဒေသငယ်များနှင့် ပြည်နယ်အသီးသီးမှာ ထွက်ပေါ်လာကြသည်။
ယင်းတို့က မီးစမီးပွားများအလားပင်။
သူတို့က လပုန်ကန်ခန်းမ၏ ဆောင်ပုဒ်ကို ရွတ်ဆိုကြပြီး ဤမီးပွားကို မီးတောက်ကြီးတစ်ခုအဖြစ် ပြောင်းလဲရန် အနယ်နယ်အရပ်ရပ်မှ လူများကို ဖိတ်ခေါ်ကြသည်။
သို့သော်လည်း အနီရောင်လဗိမာန်နှင့် ဘုရားကျောင်းကို မှီခိုအားထားနေရသော အင်အားစုများသည် လွန်စွာမှ များပြားသည်။
သူတို့မှာ နတ်တမန်တော်များ၊ နတ်အစေခံများနှင့် နတ်ကျေးကျွန်များ ရှိကြသည်။ သူတို့သည် ပုန်ကန်ထကြွနေသော အဖွဲ့အစည်းများကို အမြန်သွားရောက်ပြီး ဖိနှိပ်ကြသည်။
ထို့အပြင် နတ်ဘုရားသားတော်က ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးနောက် ဘုရားကျောင်း၏ အဆင့်မြင့်ဆုံး ဘုန်းတော်ကြီးသည် အိမ်မောကျနေခြင်းမှ ပြန်နိုးထလာပြီး အခြေအနေအားလုံးကို စီမံထိန်းချုပ်လိုက်သည်။
ဘုန်းတော်ကြီးသည် သွေးဆူသူဖြစ်ပြီး လဝတ်ပြုဒေသကြီးတစ်လျှောက် သတ်ဖြတ်ပွဲကြီးကို လှုံ့ဆော်လိုက်သည်။
သို့သော်လည်း အဆုံးမှာတော့ လေသည် လဝတ်ပြုဒေသကြီးမှာ တိုက်ခတ်နေဆဲ ဖြစ်သည်။
ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီး၏ အနောက်ပိုင်းဒေသထဲမှ ချင်းရှဒေသငယ်တွင် အစိမ်ရောင်သဲမုန်တိုင်းတစ်ခု မြှောက်တတ်လာနေသည်။ မုန်တိုင်းသည် ကောင်းကင်နှင့် ထိစပ်နေပြီး အမြင်အာရုံကို ပိတ်ဆို့ထားသည်။
ချင်းရှဒေသငယ်သည် လဝတ်ပြုဒေသကြီး၏ အနောက်ပိုင်းဒေသထဲရှိ ဒေသငယ်ခုနစ်ခုအနက် တစ်ခုဖြစ်သည်။ ယင်းက အလယ်ပိုင်းဒေသနှင့် အလွန်နီးကပ်သည်။
ဒေသငယ်တစ်ခုလုံး၌ အစိမ်းရောင်သဲကန္တာရများ တည်ရှိနေသဖြင့် ချင်းရှဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။
ဤနေရာမှ ကန္တာရများသည် အတော်လေး ထူးခြားသည်။ ကန္တာရထဲမှ သဲများသည် အဝါရောင်မဟုတ်ဘဲ အစိမ်းရောင်ဖြစ်သည်။
သို့ဖြစ်၍ အစိမ်းရောင်သဲလေသည် ထိုဒေသငယ်အတွင်းမှာ တစ်နှစ်ပတ်လုံး တိုက်ခတ်နေသည်။
ချင်းရှဒေသငယ်အတွင်းမှာ နေထိုင်ကြသော ဒေသခံလူများသည် ထိုရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်ကြသည်။ အစိမ်းရောင်သဲမုန်တိုင်းသည် ဒေသငယ်ထဲမှာ အဆုံးမဲ့စွာ ပြန့်ပွားနေကြသည်။
ထိုအစိမ်းရောင်သဲမုန်တိုင်းနှင့်ပတ်သက်ပြီး ဒဏ္ဍာရီများစွာ ရှိသည်။ ထိုထဲမှ ဒဏ္ဍာရီတစ်ခုသည် လူအသိအမှတ်ပြုမှု အများဆုံးဖြစ်သည်။
ထိုဒဏ္ဍာရီအရ ဟိုးရှေးခေတ်ကာလတုန်းက ဤနေရာသည် ကန္တာရမဟုတ်ပေ။ ယင်းအစား ရှည်လျားသော တောင်ထွတ်အများအပြား၏ ဝန်းရံခံထားရသော ဧရာမချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်သည်။
ထိုခေတ်တုန်းက မြေပြင်သည် အနက်ရောင်ဖြစ်ပြီး မြူခိုးသည် မြေကြီးထဲမှ မြှောက်တတ်လာလေ့ ရှိသည်။ ယင်းက မြူခိုးပင်လယ်ကို ဖြစ်ပေါ်စေသည်။
တစ်နေ့တွင် အစိမ်းရောင်ဆံချည်မျှင်တစ်ပင်သည် ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။ ထိုဆံချည်မျှင်သည် ဤနေရာမှာ မျောလွင့်နေပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားကာ ချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နောက်ပိုင်းတွင် အစိမ်းရောင်သဲမှုန်များ ထွက်ပေါ်လာကြသည်။
ထို့အချိန်မှစ၍ ချိုင့်ဝှမ်းတစ်ခုလုံးသည် အစိမ်းရောင်သဲမှုန်ဖြင့် ပြည့်နှက်သွားပြီး ကန္တာရအဖြစ်သို့ ပြောင်းလဲသွားသည်။
အတိတ်တုန်းက ချိုင့်ဝှမ်းအတွင်းရှိ ရှည်လျားသော တောင်ထွတ်အများစုသည် သဲထဲသို့ နစ်မြုပ်သွားကြသည်။ ကျန်ရှိသော တောင်ထိပ်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြပြီး အရွယ်အစားစုံလင်သော တောင်တန်းဒေသများကို ဖြစ်ပေါ်လာစေသည်။
ထိုအထဲမှ အကြီးမားဆုံးသော တောင်တန်းဒေသကို ဘဝကံကြမ္မာဆိုးဟု ခေါ်ဆိုသည်။
ဤကန္တာရကိုလည်း အစိမ်းရောင်ဆံချည်ကန္တာရဟု သိထားကြသည်။
ထူးဆန်းသော ရာသီဥတုကြောင့် အစိမ်းရောင်ဆံချည်ကန္တာရထဲတွင် နေထိုင်သူအများအပြားမရှိပေ။ သို့သော်လည်း ထူးခြားချက်တချို့ကြောင့် ဤနေရာသို့ အပြင်လူအများအပြား ရောက်လာကြသည်။
နှစ်ကာလတစ်ခုကြာပြီးသောအခါ ထိုဧရိယာသည် တဖြည်းဖြည်း အသွင်ပြောင်းလဲလာပြီး မြို့တော်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
မြို့တော်များကို ထောင်ထိပ်များပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး သဲမြေပေါ်တွင် မတည်ရှိပေ။ အနီရောင်လဗိမာန်သည်လည်း ထိုနေရာတွင် ဌာနခွဲတစ်ခုကို အထူးတည်ဆောက်ထားသည်။
ဤအခိုက်အတန့်မှာ အစိမ်းရောင်သဲမုန်တိုင်းထဲတွင် လောကကြီးသည် ဝေဝါးမှုန်ရီနေသည်။ ထိုသို့ရီဝေနေစဉ် ပုံရိပ်တစ်ခုသည် အရှေ့သို့ ဖြည်းဖြည်းမှန်မှန် ရွေ့လျားနေသည်။
လေသည် ကြမ်းတမ်းစွာ တဟူးဟူး တိုက်ခတ်နေပြီး တဝီဝီဟူသော မြည်သံကို ထုတ်ဖော်နေသည်။ လေပြင်းက သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်လာသည့်အခါ မရေမတွက်နိုင်သော လက်တံကြီးများက သူ့အား တွန်းထုတ်နေသကဲ့သို့ အရှေ့မတိုးနိုင်အောင် တားဆီးနေသည်။
ယင်းက သူ၏ ဝတ်ရုံကို တဖျပ်ဖျပ်လှုပ်ခတ်သွားစေသည်။
သို့သော်လည်း လေက မည်မျှကြမ်းတမ်းပါစေ သဲမုန်တိုင်းထဲမှ ပုံရိပ်ကို မတားဆီးနိုင်ပေ။ သူ၏ အလျင်သည် မြန်ဆန်သည်ဟု မထင်ရသော်လည်း သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဒါဇင်ပေါင်းများစွာ ကွာဝေးသော နေရာသို့ ရောက်ရှိသွားသည်။ ရံဖန်ရံခါ သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကြည့်ပြီး သူ၏ တည်နေရာကို ရှာဖွေသည်။
“ နည်းနည်း ဝေးသေးတယ် ”
ရွှီချင်းသည် နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
သူ၏ မျက်နှာကို လည်စည်းပါဝါဖြင့် ဖုံးအုပ်ထားရုံသာမက သူ၏ ဆံပင်ကိုလည်း ဖုံးအုပ်ထားသည်။ သူက မျက်လုံးကိုသာ ထုတ်ဖော်ထားပြီး အဝေးဆီသို့ ကြည့်နေသည်။
( ချင်းရှဟူသည် အစိမ်းရောင်ကန္တာရဟု အဓိပ္ပာယ်ရသည် )