← Chapters

လုယက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်(ဃ)

Vol. 60 Ch. 937

လုယက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်(ဃ)

Vol. 60 Ch. 937

ဤသည်ကိုမြင်သောအခါ တစ်ဖက်လူက တကယ်စိတ်ရင်းမှန်ဖြင့် တောင်းပန်ခြင်းဖြစ်ကြောင်း ရွှီချင်းအတည်ပြုပြီးနောက် သူ့ကို မြန်ဆန်စွာ အဆုံးသတ်ပေးလိုက်သည်။

သူက လည်ပင်းကို လှီးဖြတ်လိုက်သည်။

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ မျက်စိတစ်ဖက်လပ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ပြာမှုန်သို့ ပြောင်းလဲသွားသည်။

တစ်ဖက်လူသည် လူသားအသွင်သဏ္ဍာန်နှင့် ဆင်တူသော်လည်း ရွှီချင်းက တိုက်ခိုက်လိုက်သည့်အခါ ထိုလူက မျိုးနွယ်ခြားတစ်ဦးဖြစ်ကြောင်း အာရုံခံမိခဲ့သည်။

အမှန်မှာတော့ ထိုလူက မည်သည့်မျိုးနွယ်စုမှဖြစ်ပါစေ သေခြင်းတရားမှ မလွတ်မြောက်နိုင်ပေ။

အကယ်၍ ရွှီချင်း၏ ကျင့်ကြံခြင်းက အားနည်းနေမည်ဆိုလျှင် ထိုသို့ကံကြမ္မာဆိုးဖြင့် တွေ့ကြုံရမည့်လူက သူဖြစ်သွားလိမ့်မည်။ လင်းအာသည်လည်း အဝေးသို့ လုယက်ခေါ်ဆောင်သွားခြင်းခံရလိမ့်မည်။ လင်းအာ၏ အဖြစ်သည် ထိုထက်ပင် ပို၍ဆိုးဝါးလိမ့်မည်။

ကိစ္စကို လက်စသတ်ပြီးနောက် ရွှီချင်းသည် သိုလှောင်အိတ်ကို ကောက်ယူလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားသည်။

တစ်ချိန်တည်းမှာ တိုက်ပွဲဖြစ်ပွားခဲ့သော တောင်ကြားနှင့် ကီလိုမီတာတစ်ရာကျော် ကွာဝေးသော ဂူတစ်ဂူထဲတွင် အဖိုးအိုတစ်ဦးသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။

အဝတ်အစားသည် ထိုအဖိုးအို၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။ သို့သော်လည်း အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော သူ၏ မျက်နှာကိုတော့ ထုတ်ဖော်ထားသည်။

ဤအခိုက်အတန့်မှာ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်လာလေရာ အနီးနားမှ ကျောက်ဆောင်တစ်ခုကို အမြန်ဖမ်းဆုပ်လိုက်ရသည်။ သူက အသက်ရှူကျပ်လာပြီး နောက်တစ်ခါ သွေးအန်လိုက်ရသည်။

ခုနစ်ကြိမ်ရှစ်ကြိမ်ခန့် တစ်ဆက်တည်း သွေးအန်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူ၏ မျက်လုံးထဲမှာ ပြင်းထန်သော အကြောက်တရားက ကြီးစိုးနေသည်။ သူက အမြန်ခေါင်းလှည့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

“ နောက်ဆုံးတော့ ကဒ်ဘေးကနေ ငါလွတ်မြောက်သွားခဲ့ပြီ… အဲ့ဒီအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက မနည်းပါလား… ငါ့ရဲ့ စက္ကောမခန္ဓာကိုယ်ကို ဆုံးရှုံးသွားခဲ့တယ်… ”

အဖိုးအို၏ အမူအရာသည် ခါးသီးမှုဖြင့် ပြည့်နှက်နေသည်။ သူသည် စက္ကောမမျိုးနွယ်၏ မျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ စက္ကောမမျိုးနွယ်၏ မွေးရာပါစွမ်းရည်ကြောင့် သူ၏ ရန်သူများကို သတ်ဖြတ်ပြီးလျှင် သူတို့ကို မံမီများအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။ ထို့နောက် မံမီများအထဲသို့ သူ၏ အသွေးအသားများကို ထည့်သွင်းစေပြီး သန့်စင်ပစ်မည်။ သန့်စင်ခြင်းလုပ်ငန်းစဉ်ပြီးသွားသည့်အခါ သူတို့က စက္ကောမမျိုးနွယ်၏ အထူးခန္ဓာကိုယ်များ ဖြစ်လာကြလိမ့်မည်။

ထိုစက္ကောမခန္ဓာကိုယ်များသည် ကိုယ်ပွားနှင့် ဆင်တူသည်။ သို့သော်လည်း ယင်းက ကိုယ်ပွားထက် ပိုလျှင်မြန်သွက်လက်ပြီး အတုအစစ်ခွဲခြားရန် လွန်စွာမှ ခက်ခဲသည်။

ပုံမှန်နေ့ရက်များတွင် သူသည် ဤနည်းလမ်းမှတဆင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

ယင်းက သူ၏ ယုံကြည်အားကိုးရာလည်း ဖြစ်သည်။ အတိတ်တွင် သူက ကြောက်မက်ဖွယ်ကောင်းသော ရန်သူများနှင့် တွေ့ဆုံသည့်အခါ ဤနည်းလမ်းကို အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။

သို့သော်လည်း ဤတစ်ကြိမ် စတေးလိုက်ရသည့် စက္ကောမခန္ဓာကိုယ်သည် သူ၏ အဓိကစက္ကောမခန္ဓာကိုယ်ဖြစ်ပြီး သူ၏ အသိစိတ်နှင့်လည်း ချိတ်ဆက်ထားသည်။ သို့ဖြစ်၍ စက္ကောမခန္ဓာကိုယ်၏ သေဆုံးမှုက သူ့အား အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။

ဤအခိုက်အတန့်မှာ သူ၏ ကိုယ်တွင်းအင်္ဂါအားလုံးက ထိခိုက်ပျက်စီးသွားသည်။

ထို့အပြင် ယနေ့ သူတွေ့ဆုံခဲ့သော ပုဂ္ဂိုလ်သည် အတိတ်တွင် သူတွေ့ဆုံခဲ့ဖူးသော ပညာရှင်ကျင့်ကြံသူများနှင့် ခြားနားသည်ဟု ခံစားမိသည်။ ထိုခံစားမှုက သူ့အား ရင်တုန်ပန်းတုန်ဖြစ်စေသည်။ ဤအခိုက်အတန့်မှာ သူက အလွန်ပြင်းထန်သော အကြောက်တရားကို ခံစားနေမိသည်။

“ မဖြစ်ဘူး… အဲ့ဒီလူက အရမ်းဉာဏ်များတယ်… သူတစ်ခုခုကို သတိထားမိသွားနိုင်လောက်တယ် ”

အဖိုးအိုသည် နှလုံးတုန်လာသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ဒဏ်ရာအပြင်းအထန်ရထားသည်ကို မမှုဘဲ အပြင်သို့ ပြေးထွက်သွားသည်။

သူက ဤနေရာမှာ ဆက်မနေဝံ့တော့ဘဲ အဝေးသို့ ထွက်ပြေးသွားသည်။ သူက ခြေရာလက်ရာများကို ဖုံးကွယ်ရန် နည်းလမ်းအမျိုးမျိုးကိုလည်း အသုံးပြုလိုက်သည်။ သူထွက်သွားပြီး နှစ်နာရီကြာသောအခါ ရွှီချင်း၏ ပုံရိပ်သည် ဂူ၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။

အရိပ်လေးသည် ဂူထဲသို့ အရင်ဝင်ရောက်သွားသည်။ အရိပ်လေးက အထဲကို စစ်ဆေးပြီးနောက် ရွှီချင်းသည် ဂူထဲသို့ လျှောက်ဝင်သွားပြီး မြေပြင်ပေါ်မှ သွေးကွက်ကို စိုက်ကြည့်လိုက်သည်။

အစောနက တစ်ဖက်လူကို သူသတ်ဖြတ်ပြီး ထွက်ခွာသွားစဉ် တစ်စုံတစ်ခုလွဲမှားနေကြောင်း ခံစားမိခဲ့သည်။ တစ်ဖက်လူ၏ ဝိညာဉ်နတ်သူငယ်များထဲမှာ ကောင်းကင်အာဏာစက်များသည် အနည်းအကျဉ်းသာ ပါရှိသည်။ သို့သော် ဝိညာဉ်နတ်သူငယ်များမှ ပြောင်းလဲသွားကြသော ကောင်းကင်မိစ္ဆာကိုယ်ပွားများ၏ အန္တရာယ်အရှိန်အဝါသည် အလွန်အမင်း သိပ်သည်းကြသည်။

ထို့နောက် သူက တစ်ဖက်လူထံတွင် အရေအတွက်များပြားသော ဓမ္မရတနာများရှိနေရခြင်းနှင့် တစ်စုံတစ်ယောက်ကို အရိုးခြောက်အဖြစ်သို့ ပြောင်းလဲသွားစေပြီး ဝိညာဉ်နတ်သူငယ်များကို ချိပ်ပိတ်ပစ်လိုက်သည့် မြင်ကွင်းအား ပြန်အမှတ်ရသွားသည်။

သို့ဖြစ်၍ သူသတ်ပစ်လိုက်သော မျက်စိတစ်ဖက်လပ်ကျင့်ကြံသူသည် မူလခန္ဓာကိုယ်မဟုတ်နိုင်ကြောင်း သံသယဝင်လာခဲ့သည်။

မည်သို့ဖြစ်ပါစေ မွေးရာပါစွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်ထားသော မျိုးနွယ်စုများသည် အလွန်များပြားလှသည် မဟုတ်ပါလော။ သို့ဖြစ်၍ မည်သည့်အရာမဆို ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ရွှီချင်းသည် လမ်းတစ်လျှောက်တွင် သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး ဤနေရာကို ရှာဖွေရန် တစ်ဖက်လူ၏ ကောင်းကင်မိစ္ဆာကိုယ်ပွားများကို အသုံးပြုခဲ့သည်။

“ သူက မြန်မြန်ထွက်ပြေးသွားတာပဲ ”

ရွှီချင်းသည် ဂူအပြင်သို့ ထွက်လျှောက်လာပြီး အရပ်ရှစ်မျက်နှာသို့ အေးစက်စွာ စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ခြေရာလက်ရာများသည် ကြိမ်ဖန်များစွာ ဖုံးကွယ်ခံထားရသည်။ အထူးသဖြင့် အစိမ်းရောင်သဲလေက အရာအားလုံးကို ကာဆီးနေသည်။ ကောင်းကင်မိစ္ဆာကိုယ်ပွားများသည်ပင် သူ့ကို နောက်တစ်ခါ အာရုံမခံနိုင်ကြတော့ပေ။

“ ဒင်း ကံကောင်းသွားတယ်လို့ပဲ မှတ်ရတော့မယ်… နောက်တစ်ခါ ထပ်တွေ့လို့ကတော့ ငါအဆုံးသတ်ပစ်မယ် ”

ရွှီချင်းသည် အနောက်လှည့်လိုက်ပြီး အဝေးသို့ ဦးတည်သွားသည်။ ထိုဧရိယာမှ ထွက်ခွာသွားပြီးနောက် သူက လူသူကင်းမဲ့သော တောင်တစ်လုံးကို ရှာဖွေလိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။

အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် သူ၏ မျက်လုံးထဲမှာ စဉ်းစားချင့်ချိန်သောအကြည့် ထွက်ပေါ်လာသည်။

တစ်ဖက်လူပြောသွားသော စကားက အမှန်ဟုတ်မဟုတ် သူတွေးတောနေခြင်းဖြစ်သည်။ ယေဘုယျအားဖြင့်ဆိုရလျှင် ထိုအချိန်တုန်းက တစ်ဖက်လူအတွက် အရေးကြီးဆုံးသည် မူလခန္ဓာကိုယ်၏ တည်ရှိမှုကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းရန် ဖြစ်သည်။

ထိုသို့အခြေအနေမျိုးတွင် သူ၏ လျှို့ဝှက်ချက်ကို ပေါက်ကြားခံမည့်အစား အမှန်အတိုင်း ဖွင့်ပြောရန် ရွေးချယ်လိမ့်မည်။ သို့မဟုတ်ဘဲ သူက လိမ်ညာပြောနေသည်ဟု သံသယဝင်ခံရမည်ဆိုလျှင် သူနှင့်ပတ်သက်သော အရာအားလုံးသည်လည်း သံသယဝင်ခံရလိမ့်မည်။

“ ဒီတော့ သူပြောတာက အမှန်ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်… ငါကြိုးစားကြည့်သင့်တယ် ”

ရွှီချင်း၏ အကြည့်ထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်လာပြီးနောက် သူက ကြေးမုံတစ်ချပ်ကို ထုတ်ယူလိုက်သည်။

ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ကို သတ်ဖြတ်ပြီးနောက် ကျင့်ကြံသူများထံမှ ကြေးမုံတချို့ကို သူစုဆောင်းထားခဲ့သည်။ အစတွင် သူက ယင်းတို့ကို စူးစမ်းလေ့လာရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ မျက်စိတစ်ဖက်လပ်ကျင့်ကြံသူပြောခဲ့သော နည်းလမ်းက အမှန်ဟုတ်မဟုတ် စမ်းသပ်ကြည့်ရန် ကြေးမုံတစ်ချပ်ကို သူထုတ်လိုက်သည်။

“ အနီရောင်လက ပြိုင်ဘက်ကင်းတည်ရှိမှု မဟုတ်ဘူး… မျှော်လင့်ချက်က အမြဲထာဝရ တည်ရှိနေမယ် ”

ရွှီချင်းထံမှ စကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ လက်ထဲမှ ကြေးမုံသည် ရုတ်တရက် တုန်ယင်လာသည်။ ကောင်းကင်ပမာ ကျယ်ပြောလှသော စိတ်ဆန္ဒတစ်ခုသည် ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

All Chapters