အစိမ်းရောင်ဝိညာဉ်ခန်းမ ဆေးဆိုင်(က)
Vol. 60 Ch. 938
ကျယ်ပြောလှသော အစိမ်းရောင်ကန္တာရထဲတွင် လေတိုးဝှေ့သံသည် ကောင်းကင်နှင့် မြေပြင်ကြားမှာ ဖြတ်သန်းနေသည်။ အစိမ်းရောင်သဲမြေသည် အဆုံးမဲ့စွာ ဖြန့်ကြက်တည်ရှိနေသည်။ ဤသည်မှာ အစိမ်းရောင်လောကက အကန့်အသတ်မဲ့စွာ တည်ရှိနေသည့်အလားပင်။ လေနှင့်သဲသည် မရပ်မစဲ တိုးပွားလာနေသည်။
တောင်တန်းများပေါ်တွင်သာ အမည်မသိအကြောင်းအရင်းတချို့ကြောင့် လေနှင့်သဲသည် လျော့နည်းသွားပြီး ဘေးပတ်ဝန်းကျင်က အနည်းအကျဉ်း ရှင်းလင်းလာသည်။
အဝေးမှကြည့်လျှင် ကန္တာရထဲမှာ ထီးထီးရပ်နေကြသော ထောင်ထွတ်များသည် သီးသန့်လောကတစ်ခု ဖြစ်တည်နေသည့်အလားပင်။ အထူးသဖြင့် ဘဝကံကြမ္မာဆိုးတောင်တန်းဖြစ်သည်။ ယင်းက မြင့်မြတ်ထည်ဝါပြီး အတားအဆီးကင်းမဲ့သည်။ သို့ဖြစ်၍ ထိုဒေသအတွင်းမှာ သဲမုန်တိုင်းများပေါ်ပေါက်မှုသည် ပိုပြီးနည်းပါးသည်။
သို့သော်လည်း လေတိုးဝှေ့သံများသည် နေရာအနှံ့မှ ဆက်လက်ထွက်ပေါ်နေဆဲပင်။ ဤသည်မှာ မရေမတွက်နိုင်သော မိစ္ဆာများနှင့် မွန်းစတားများက သဲမုန်တိုင်းထဲမှာ ပုန်းအောင်းနေကြဟန် ရသည်။ သူတို့က သဲကန္တာရထဲမှာ မနစ်မြုပ်ချင်သည့်အလား ဟိန်းဟောက်နေကြသည်။ ထိုဟိန်းသံများသည် ရွှီချင်း၏ နားထဲသို့ ဝင်ရောက်လာသည်။
ရွှီချင်း ရွေးချယ်ထားသော တောင်သည် ဘဝကံကြမ္မာဆိုးတောင်တန်း၏ အတွင်းပိုင်းထဲမှာ တည်ရှိသည်။ ယင်း၏ တည်နေရာသည် အတော်လေး ချောင်ကျပြီး လျှို့ဝှက်သည်။ သူက ကြေးမုံကို ထုတ်လိုက်သည့်အခိုက် အရိပ်လေးသည် အပြင်သို့ ထွက်ပေါ်လာပြီး ရွှီချင်းကို ကာကွယ်ပေးရန် ဘေးပတ်ဝန်းကျင်ကို စောင့်ကြပ်ပေးလိုက်သည်။
အရိပ်လေး၏ အပြုအမူသည် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ နှလုံးသားထဲမှ နိုးကြားမှုကို ပိုပြီးပြင်းထန်လာစေသည်။
သို့ဖြစ်၍ သူသည်လည်း အပြင်သို့ ပျံသန်းထွက်လာပြီး သူ့သခင်ကို သစ္စာရှိစွာ ကာကွယ်ပေးလိုက်သည်။ ဤသည်မှာ မူမမှန်သော ကိစ္စတစ်ခုဖြစ်ပေါ်လာလျှင် သူက တုံ့ဆိုင်းခြင်းလုံးဝမရှိဘဲ ချက်ချင်း ရင်ဆိုင်ပစ်မည့်ဟန် ရသည်။ သူက အပိုင်းပိုင်းအစစ ဖျက်ဆီးခံရမည်ဆိုလျှင်ပင် သစ္စာရှိကြောင်း သက်သေပြမည် ဖြစ်သည်။
လင်းအာသည်လည်း ခေါင်းလေးထုတ်ထားသည်။ အဖြူရောင်အလင်းက သူ၏ မျက်ဝန်းထဲမှာ ထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ ကြည့်ရှုလိုက်သည်။
သူတို့၏ ကာကွယ်ပေးမှုအောက်မှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသော ရွှီချင်း၏ မျက်နှာသည် တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။ ကြေးမုံထဲမှာ ကိန်းဝပ်နေသော စိတ်ဆန္ဒ၏ အဆင့်ကို သူအာရုံခံနိုင်သည်။
ဤသည်မှာ သူက ကြယ်တာရာကောင်းကင်ကို ကြည့်ရှုနေရသည်အလားပင်။ ယင်းက အလွန်ကျယ်ပြောပြီး အဆုံးမဲ့သည်။
သူ၏ အသိစိတ်ပင်လယ်ထဲမှ (ဃ၁၃၂)သည်လည်း တုန်လှုပ်လာသည်။ အထဲမှ နတ်ဘုရားလက်ချောင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
ထို့နောက် ၎င်းက အမြန်ပုန်းအောင်းလိုက်သည်။
ထိုအခိုက်အတန့်မှာ ကြေးမုံကိုယ်တိုင်က အစွမ်းရှိလာသည့်ပမာ ရွှီချင်း၏ အရှေ့တွင် မျောလွင့်နေသည်။ အလင်းရောင်သည် ကြေးမုံပေါ်မှာ တလက်လက် လင်းလက်လာသည်။
တစ်ချိန်တည်းမှာ ထိုစိတ်ဆန္ဒက ပဲ့တင်ထပ်သွားသည့်အခါ အဝေးရှိ ဟင်းလင်းပြင်တစ်နေရာမှ ဆင်းသက်လာဟန်ရသော စကားလုံးများသည် လေတိုးဝှေ့သံကို ဖယ်ရှားလိုက်ပြီး ရွှီချင်း၏ အသိစိတ်ထဲသို့ ပဲ့တင်ထပ်လာသည်။
“ အထွတ်အမြတ်ကြယ်… ရပ်နားခြင်းမရှိဘဲ အမြဲပြောင်းလဲနေတယ်… နတ်ဆိုးတွေကို စစ်ဆေးပြီး ပုံရိပ်ယောင်တွေကို ချုပ်နှောင်တယ်… အသက်နဲ့ ခန္ဓာကို ကာကွယ်ပေးတယ် ”
“ ဉာဏ်ပညာနဲ့ ကြည်လင်ပြတ်သားခြင်း… အေးချမ်းတဲ့ နှလုံးအမြူတေ… ထာဝရတည်ရှိနေမယ့် ဝိညာဉ်သုံးခု… စိတ်ဝိညာဉ်က ယိမ်းယိုင်ခြင်းမရှိဘဲ တည်ငြိမ်နေမယ် ”
ထိုအသံသည် အလွန်သိမ်မွေ့နူးညံ့ပြီး ယောင်္ကျားအသံလော မိန်းမအသံလော ခွဲခြားရန် ခက်ခဲသည်။ ယင်းက သက်ရှိအားလုံး၏ အသံကို ပေါင်းစပ်ထားသည့်အလားပင်။ သို့သော်လည်း ရွှီချင်း၏ အသိစိတ်က လှုပ်ခါသွားသည်နှင့် စကားလုံးများ၏ ထူးခြားမှုသည် သူ့အား တည်ငြိမ်အေးချမ်းမှုကို ခံစားရစေသည်။
ဤသည်မှာ ထိုစကားလုံးများထဲတွင် စိတ်နှလုံးကို ကြည်လင်အေးချမ်းစေသော အစွမ်းတစ်မျိုးရှိနေသည့်အလားပင်။
ဤအခိုက်အတန့်မှာ ရွှီချင်း၏ စိတ်နှလုံးသည် ပြောမပြနိုင်အောင် တည်ငြိမ်နေသည်။ ဝိညာဉ်စင်မြင့်သည် သိမ်မွေ့နူးညံ့လာပြီး သူ၏ အသိစိတ်သည် အေးချမ်းလာသည်။
ယင်းက အချိန်အတော်ကြာသွားသည့်အလား သို့မဟုတ် စက္ကန့်ပိုင်းမျှသာ ရှိသေးသည့်အလားပင်။ သိမ်မွေ့နူးညံ့သော အသံသည် သူ၏ အသိစိတ်ထဲမှာ ဆက်လက်ရစ်ဝဲနေပြီး ပဲ့တင်ထပ်နေသည်။
ယင်းက စကားလုံးများကို ပို့လွှတ်ပေးနေခြင်းဖြစ်ကြောင်း ရှင်းလင်းသော်လည်း ထိုစကားလုံးများထဲမှာ တခြားအဓိပ္ပာယ်ရှိနေကြောင်း ရွှီချင်း နားလည်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုစကားလုံးများထဲမှ စကားလုံးနှစ်လုံးသည် အထူးသိသာစွာ ရှင်းလင်းလာနေသောကြောင့် ဖြစ်သည်။
“ … စစ်ဆေးခြင်း… အမြူတေ… ”
ရွှီချင်းသည် အလျင်လိုခြင်းမရှိပေ။ သူက ထိုစကားလုံးနှစ်လုံးကို ဂရုတစိုက် အာရုံခံလိုက်သည်။
ဖြည်းဖြည်းချင်း သူက ရှင်းလင်းစွာ နိမိတ်ရလာသည်။ သူက ထိုစကားလုံးနှစ်လုံးထဲသို့ လုံးလုံးစိတ်နှစ်လိုက်သည်နှင့်တစ်ပြိုင်နက် အမည်မသိသော စစ်ဆေးမှုသည် စတင်လာလိမ့်မည်။
ရွှီချင်းသည် တိတ်ဆိတ်သွားပြီး ဆက်လက် မလုပ်ဆောင်တော့ပေ။
အဘယ့်ကြောင့်ဆိုသော် လက်ရှိ သူ၏ ပတ်ဝန်းကျင်သည် စစ်ဆေးမှုကို လက်ခံရန် မသင့်တော်ပေ။ ထို့ပြင် ထိုစစ်ဆေးခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ကို သူနားမလည်ထားပေ။
ထို့ကြောင့် သူက ကြေးမုံကို ဖမ်းဆုပ်လိုက်ပြီး သူတို့ကြားမှ ဆက်သွယ်မှုကို ဖြတ်တောက်ပစ်လိုက်သည်။
နောက်အခိုက်အတန့်မှာ ငြိမ်းချမ်းသော စိတ်အာရုံသည် ပျောက်ကွယ်သွားသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ အပြင်လောကမှ လေတိုးဝှေ့သံသည် သူ၏ နားထဲသို့ တဖန်ပြန်ဝင်ရောက်လာသည်။
လင်းအာသည် ရွှီချင်းကို အမြန်လှည့်ကြည့်လိုက်သည်။
“ အကိုရွှီချင်း… ဘယ်လိုလဲ… အောင်မြင်ခဲ့လား ”
ရွှီချင်းသည် လင်းအာ၏ ဦးခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
သူက တည်ငြိမ်စွာ စကားပြောလိုက်စဉ် စဉ်းစားချင့်ချိန်သော အကြည့်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ နည်းလမ်းကတော့ အမှန်ဖြစ်လောက်တယ်… ဒါပေမဲ့ အဲ့ဒါကို အတည်ပြုဖို့ အကိုအချိန်နည်းနည်း လိုတယ် ”
လင်းအာက စိတ်သက်သာရာရသွားသည်။ ရွှီချင်းက နက်နဲစွာ တွေးတောနေသည်ကို မြင်သောအခါ သူက မနှောင့်ယှက်တော့ဘဲ အလိုက်သိစွာ ကော်လံအောက်ထဲသို့ ဝင်ရောက်သွားပြီး သက်တောင့်သက်သာရှိသော နေရာကို ရှာဖွေလိုက်သည်။
သူက ထိုနေရာတွင် စက်ဝိုင်းပုံစံ ရစ်ခွေလိုက်ပြီး ရွှီချင်း၏ ကိုယ်ငွေ့ကို ခံစားလိုက်သည်။ ထိုအခါ သူ၏ နှလုံးသားထဲမှာ ပြောမပြနိုင်အောင် အေးချမ်းသွားသည်။
သူ့အတွက်တော့ ရွှီချင်း၏ ကိုယ်ငွေ့က အေးချမ်းမှု၏ ဇစ်မြစ်ဖြစ်ဟန် တူသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်း၏ မျက်လုံးထဲမှာ စိတ်ဆုံးဖြတ်ပြီးသော အရိပ်အယောင် ထွက်ပေါ်လာသည်။
သူက ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာ အခြေချဖို့ နေရာတစ်နေရာရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ သူက ကြေးမုံ၏ စစ်ဆေးခြင်းနှင့် ကျိန်စာကို စူးစမ်းလေ့လာနိုင်မည် ဖြစ်သည်။
အကယ်၍ သူတစ်ယောက်တည်းသာဆိုလျှင် ဂူတစ်ဂူကို တူးဖော်ပြီး အပြင်လောကနှင့် သီးခြားခွဲထွက်ကာ နေထိုင်လိမ့်မည်။
သို့သော်လည်း ယခု လင်းအာက သူ့အနားမှာ ရှိသည်။ သို့ဖြစ်၍ ရွှီချင်းသည် တစ်ခဏစဉ်းစားပြီးနောက် အနီးနားရှိ မြို့တစ်မြို့မှာ အခြေချရန် ဆုံးဖြတ်လိုက်သည်။ သူ့နောက်လိုက်နေစဉ်အတွင်း လင်းအာကို အထီးကျန်မှုအား မခံစားစေချင်ပေ။
ထိုသို့တွေးမိသောအခါ ရွှီချင်းသည် တောင်ပေါ်မှ ဆင်းလာပြီး ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာ လျှောက်သွားသည်။ နောက်ဆုံးမှာတော့ တောင်ထွတ်တစ်ခုပေါ်မှ သေးငယ်သော မြို့တစ်မြို့ကို ရွေးချယ်လိုက်သည်။
တောင်ထွတ်ပေါ်တွင် တည်ဆောက်ထားသော ထိုမြို့သည် နာမည်မရှိပေ။ နေထိုင်သူလူဦးရေ တစ်ထောင်ကျော်မျှသာ ရှိသည်။ မြို့ထဲမှ အဆောက်အဦးအများစုကို သဲဖြင့်ပြုလုပ်ထားပြီး အရောင်အများကြီး မရှိပေ။ အားလုံးနီးပါးက မဲပြာရောင် ဖြစ်သည်။
မြို့ထဲမှ လူအများစုသည် ဒေသခံများဖြစ်ကြသည်။ ကျန်လူများသည် အကြောင်းအမျိုးမျိုးဖြင့် ရောက်လာကြသော အပြင်လူများ ဖြစ်ကြသည်။ မျိုးနွယ်အသီးသီးမှ ရောက်လာကြသော လူများလည်း ရှိသည်။
မြို့ထဲတွင် ဈေးဆိုင်တချို့ရှိသော်လည်း သူတို့၏ စီးပွားရေးသည် သာမန်မျှသာ ဖြစ်သည်။ ဈေးဝယ်သူများသည် အနည်းအကျဉ်းသာ ရှိသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အိမ်ခြေသုံးဆယ်ရာခိုင်နှုန်းခန့်သည် ဟာလာဟင်းလင်း ဖြစ်နေကြသည်။
သိသာစွာပင် အိမ်ထဲမှ လူများသည် အပြင်သို့ ထွက်သွားခြင်း သို့မဟုတ် သေဆုံးသွားခြင်း ဖြစ်သည်။
ထိုမြို့အပေါ် ရွှီချင်း၏ ပထမဆုံးအမြင်သည် တိတ်ဆိတ်ခြင်းနှင့် ငြီးငွေ့ဖွယ်ကောင်းခြင်း ဖြစ်သည်။
သို့သော်လည်း တခြားနေရာများနှင့် နှိုင်းယှဉ်လျှင် ဤမြို့လေးသည် ပိုပြီးလက်ခံနိုင်လောက်သည်။ ရွှီချင်း၏ ရောက်ရှိလာမှုသည် ရန်လိုမှုအများအပြားကို ဆွဲဆောင်သွားသော်လည်း မည်သူမှ သူ့အား မတားဆီးကြပေ။
ဤအခိုက်အတန့်မှာ ရွှီချင်းသည် မြို့ထဲမှာ လျှောက်သွားနေသည်။ သူက ဝတ်ရုံကို ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားပြီး မျက်လုံးကိုသာ ထုတ်ဖော်ထားသည်။
ထိုသို့လျှောက်သွားနေစဉ် ဤမြို့၏ နေထိုင်သူများထဲမှာ တချို့က ကိုယ်အင်္ဂါချို့ယွင်းနေကြောင်း သူသတိပြုမိခဲ့သည်။ ထိုလူများ၏ ခြေလက်များပေါ်တွင် အသားပိုများရှိပြီး သူတို့သည် ပုံမှန်ခန္ဓာကိုယ်ထက် ကြီးထွားကြသည်။ တချို့သည် လက်အများအပြားရှိပြီး တချို့သည် အသားပိုများပေါ်တွင် နောက်ထပ်မျက်နှာများ ရှိကြသည်။