ကျားနှုတ်ခမ်းမွှေးဆွဲခြင်း(က)
Vol. 60 Ch. 942
ရွှီချင်းက စဉ်းစားချင့်ချိန်လိုက်သည့်အခါ ယင်းက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသွားသည်။ မည်သို့ဖြစ်ပါစေ ဤသည်မှာ သူ့ဆရာသင်ကြားပေးထားသောအရာ ဖြစ်သည်။ သူ၏ ဆရာသည် မမှားနိုင်ပေ။
ရွှီချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ၏ နှလုံးသည် ပြောမပြနိုင်အောင် တည်ငြိမ်လာသည်။ ယခု သူ၏ အကြည့်သည် ရှင်းလင်းလာပြီး တောက်ပလာသည်။
သူက ကြေးမုံမှ ထုတ်လွှတ်နေသော ကျယ်ပြောသည့် စိတ်ဆန္ဒကို ကြည်လင်ရှင်းလင်းသော စိတ်အာရုံဖြင့် ရင်ဆိုင်လိုက်သည်။
သူ၏ နှလုံးသည် ငြိမ်းချမ်းနေသည်။
ကြေးမုံသည် မှိန်ဖျော့ဖျော့အလင်း တောက်ပနေပြီး ကျိန်စာအစွမ်းတချို့က ၎င်း၏ မျက်နှာပြင်ပေါ်မှ စိမ့်ထွက်လာနေဟန် ရသည်။
ဤသည်မှာ ကြေးမုံက ကျိန်စာအကြွင်းအကျန်များကို ဖယ်ရှားပစ်နေသည့်အလားပင်။
ရွှီချင်းသည် ကြေးမုံကို ကြည့်လိုက်သည်။ သူ၏ အကြည့်သည် တည်ငြိမ်နေဆဲပင်။
မကြာမီ ကြေးမုံက ကျိန်စာကို ဖယ်ရှားပစ်ပြီးနောက် ၎င်း၏ အလင်းရောင်သည် အနည်းငယ် မှေးမှိန်သွားသည်။ သို့သော်လည်း ကြေးမုံထဲမှ စိတ်ဆန္ဒသည် ဆက်လက်ထွက်ပေါ်နေပြီး ရွှီချင်းထံသို့ ဒုတိယစစ်ဆေးခြင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပို့လွှတ်လာသည်။
“ ယုံကြည်မှု ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။
သူသည် ယခင်က လပုန်ကန်ခန်းမ၏ စစ်ဆေးခြင်းကို လေ့လာဖူးသဖြင့် ဤဒုတိယစစ်ဆေးမှုအကြောင်းကို သိထားသည်။
လဝတ်ပြုဒေသကြီးထဲမှ ကျင့်ကြံသူ((၉၉)ရာခိုင်နှုန်းခန့်သည် ယုံကြည်မှုကို စမ်းသပ်သော လပုန်ကန်ခန်းမ၏ ဒုတိယစစ်ဆေးခြင်းနှင့်ပတ်သက်ပြီး ပြဿနာအများကြီး မရှိပေ။ ဤစစ်ဆေးမှု၏ အဓိကရည်ရွယ်ချက်သည် လျှို့ဝှက်ခိုးဝင်လာကြသော အနီရောင်လဗိမာန်မှ ကျင့်ကြံသူများကို ရှာဖွေဖော်ထုတ်ရန် ဖြစ်သည်။
အနီရောင်လကို ယုံကြည်ကိုးကွယ်သူများသည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ အနီရောင်လ၏ ကောင်းချီးလက္ခဏာများ ကိန်းဝပ်နေလိမ့်မည်။ သို့ဖြစ်၍ သူတို့အတွက် ဒုတိယစစ်ဆေးခြင်းကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။
ရွှီချင်းသည် သက်ပြင်းချလိုက်သည်။
အကယ်၍ သူက ပထမစစ်ဆေးခြင်းကို သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဖြတ်ကျော်နိုင်ခဲ့မည်ဆိုလျှင် ဒုတိယစစ်ဆေးခြင်း၏ ခက်ခဲမှုသည် သူ့အတွက်တော့ အတော်လေး မြင့်မားလိမ့်မည်ဖြစ်ကြောင်း သိထားသည်။
“ တစ်နည်းပြောရရင် လပုန်ကန်ခန်းမက ခရမ်းလနဲ့ အနီရောင်လကို မခွဲခြားနိုင်ဘူးပဲ… ”
ဤသည်မှာ နားလည်ပေးနိုင်သောအရာ ဖြစ်သည်။ အနီရောင်လသော်လည်းကောင်း ခရမ်းလသော်လည်းကောင်း ၎င်းတို့နှစ်ခုစလုံးမှာ တူညီသော နတ်ဘုရားအခွင့်အာဏာရှိပြီး ၎င်းတို့၏ ပိုင်ရှင်က ခြားနားသွားရုံမျှသာ ဖြစ်သည်။
သို့သော်လည်း ယင်းက ရွှီချင်းအတွက် ခေါင်းခဲစရာကိစ္စ ဖြစ်သည်။
သူသည် အနီရောင်လကို ယုံကြည်ကိုးကွယ်သူမဟုတ်ပေ။ သို့သော် သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလစွမ်းအားကြောင့် သူက အနီရောင်လကို ယုံကြည်ကိုးကွယ်သူဟု သတ်မှတ်ခံရနိုင်သည်။ သူ့ကို နတ်ဘုရားသားတော်ဟုပင် အထင်လွဲမှားနိုင်သည်။
“ ဒီစစ်ဆေးမှုကိုဖြတ်ကျော်ဖို့ တခြားနည်းလမ်းတစ်ခုကို ငါစဉ်းစားရမယ် ”
ရွှီချင်းသည် အတင်းအဓမ္မ မကြိုးစားဝံ့ပေ။ သို့သော်လည်း သူက လက်မလျော့နိုင်ပေ။ သုတေသနပြုလုပ်ခဲ့သည် ဤရက်များတွင် သူ့ဆရာ၏ လုပ်ပုံကိုင်ပုံများကို ပြန်တွေးမိသွားပြီး အတွေးတချို့က သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ယင်းတို့ကို စဉ်းစားချင့်ချိန်ရန် အချိန်လိုအပ်နေသေးပေသည်။
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။
အရိပ်လေးသည် ရွှီချင်းအတွက် အမဲလိုက်ရန် ရံဖန်ရံခါ အပြင်ထွက်သွားလေ့ရှိသည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည်လည်း အလုပ်ကြိုးစားသည်။ သူက ခေါင်းမိုးပေါ်တွင် လွင့်မျောနေပြီး ဆေးဆိုင်ထဲသို့ ဝင်ရောက်လာကြသော လူတိုင်းကို စိုက်ကြည့်နေသည်။
ပျိုးပင်လေးသည်တော့ ကျန်းမာသန်စွမ်းစွာ ရှင်သန်ကြီးထွားလာနေပြီး နေ့တိုင်းလိုလို ယိမ်းနွဲ့လှုပ်ရှားလေ့ ရှိသည်။
လင်းအာသည် တစ်နေ့ထက်တစ်နေ့ ပိုပြီးဝမ်းသာပျော်ရွှင်လာသည်။ အဘယ့်ကြောင့်ဆိုသော် ဆေးဆိုင်၏ ဝင်ငွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတိုးပွားလာနေသောကြောင့် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဆေးလုံးဖြူများ၏ ရောင်းအားသည် ဆက်လက်တိုးပွားလာပြီး သူတို့၏ ဆေးဆိုင်ငယ်လေးသည် မြို့ထဲမှာ နာမည်ရလာသည်။ သို့ဖြစ်၍ ဆေးလာဝယ်ကြသော ဖောက်သည်များသည် တစ်နေ့ထက်တစ်နေ့ ပိုပြီးတိုးပွားလာသည်။
ယင်းက ကျင်းကန်းဂိုဏ်းဘိုးဘေးကို ပိုပြီးနိုးကြားစေသည်။ သို့သော်လည်း သူက မည်သူ့ကိုမှ သတိပေးရန် မလိုအပ်ခဲ့ပေ။ ဆေးလာဝယ်ကြသော ကျင့်ကြံသူအများစုသည် ချီစုစည်းခြင်းအဆင့်မှာဖြစ်ပြီး အခြေတည်အဆင့် ကျင့်ကြံသူများသည် ရှားပါးသည်။
မည်သို့ဖြစ်ပါစေ ဆေးလုံးဖြူများကို အဓိကလိုအပ်သူများသည် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ အဆင့်မြင့်ကျင့်ကြံသူများသည် မြို့ထဲမှာ တစ်ခါတစ်လေ ထွက်ပေါ်လာတတ်သော်လည်း အများစုသည် ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာ တစ်ကိုယ်တည်း လေလွင့်သွားလာနေကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့သည် ဝယ်ယူစရာရှိမှသာလျှင် မြို့ထဲသို့ ရောက်လာတတ်ကြသည်။
ထို့ပြင် သူတို့သည် ဆေးလုံးဖြူများကို တခြားလမ်းကြောင်းများမှတဆင့် ရရှိနိုင်ကြသည်။ သို့ဖြစ်၍ မြို့ထဲမှ သာမန်ဆေးဆိုင်လေးကို သူတို့က မျက်စိကျခြင်းမရှိပေ။
အင်အားစုများအနေဖြင့် ဘဝကံကြမ္မာဆိုးတောင်တန်းသည် အနည်းငယ် ဖရိုဖရဲဖြစ်သောကြောင့် အရေအတွက်များပြားသော အင်အားစုငယ်များနှင့် အင်အားစုကြီးများသည် ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေကြသည်။ ယင်းတို့ကို မျိုးနွယ်စုများနှင့် အုပ်စုငယ်များအပေါ်မှာ အခြေခံပြီး တည်ဆောက်ထားကြခြင်း ဖြစ်သည်။ ထိုအင်အားစုများမှ အဆင့်နိမ့်ကျင့်ကြံသူများနှင့် မြို့ထဲမှ နေထိုင်သူများသည် ဤဆေးဆိုင်လေး၏ ပုံမှန်ဖောက်သည်များ ဖြစ်ကြသည်။
ဥပမာ ဤအခိုက်အတန့်တွင် လူသားမျိုးနွယ် လူငယ်တစ်ယောက်သည် ဆေးဆိုင်ထဲသို့ လျှောက်ဝင်လာသည်။
လူငယ်သည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ ကျင့်ကြံခြင်းသည် ချီစုစည်းခြင်းပဉ္စမအဆင့် ဖြစ်သည်။ သူသည် အနီးနားရှိ အလယ်အလတ်အဆင့် အင်အားစုတစ်စုမှ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ သူသည် ဤဆေးဆိုင်မှ ဆေးလုံးဝယ်သွားခဲ့သော သူ၏ မိတ်ဆွေတစ်ယောက်ထံမှ သတင်းကြားပြီးနောက် ဆေးလုံးဝယ်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူက ဆေးဆိုင်ထဲသို့ ဝင်ရောက်သွားသည့်အခိုက် ဘေးပတ်ဝန်းကျင်ကို စိုးရိမ်ကြောင့်ကြစွာ စစ်ဆေးကြည့်လိုက်သည်။ ပထမဆုံး သူမြင်လိုက်ရသည်မှာ စားပွဲခုံနောက်တွင် ခေါင်းငုံ့လျက် စာရင်းတွက်နေသော ရုပ်ဆိုးဆိုး မိန်းကလေးတစ်ယောက် ဖြစ်သည်။
မည်သည့်အန္တရာယ်မှမရှိကြောင်း အတည်ပြုပြီးနောက် သူက စားပွဲခုံဆီသို့ မြန်ဆန်စွာ လျှောက်သွားသည်။
“ ဆေးလုံးဖြူဆယ်လုံး လိုချင်ပါတယ် ”
လူငယ်သည် တိုးညင်းစွာ ပြောသည်။ သူက ဝိညာဉ်ဒင်္ဂါးပြားဆယ်ပြားကို ထုတ်လိုက်ပြီး စားပွဲခုံပေါ်သို့ တင်ပေးလိုက်သည်။
လင်းအာ၏ မျက်လုံးသည် အရောင်တောက်ပလာသည်။ သူက ဝိညာဉ်ဒင်္ဂါးပြားများကို မြန်ဆန်စွာ ကောက်ယူလိုက်သည်။ သူက ယင်းတို့ကို တစ်ခုချင်း သေချာစစ်ဆေးလိုက်ပြီး သိမ်းဆည်းလိုက်ကာ လူငယ်ကို အိတ်တစ်လုံး ကမ်းပေးလိုက်သည်။
“ နောက်တစ်ခါ လာဝယ်ပါဦးရှင် ”
လင်းအာသည် အပြုံးလေးဖြင့် ပြောသည်။
လူငယ်သည် အိတ်ကို ယူဆောင်လိုက်ပြီး အထဲသို့ စစ်ဆေးကြည့်ရန် ဖွင့်လိုက်သည်။ အိတ်ထဲမှ ဆေးလုံးဖြူများသည် သူ့မိတ်ဆွေပြောခဲ့သည့်အတိုင်း မှန်ကန်ကြောင်း ရှာတွေ့သွားသည်။ ယင်းတို့သည် တခြားနေရာများမှ ဆေးလုံးများနှင့် မတူညီဘဲ မသန့်စင်မှုလုံးဝမရှိပေ။
ထို့ကြောင့် သူက ဆေးတစ်လုံးကို ထုတ်လိုက်ပြီး မျိုချလိုက်သည်။ အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးသည် ချွေးစေးဖြင့် ရွှဲရွှဲစိုနေပြီး သူ၏ မျက်နှာပေါ်မှာ အံ့အားသင့်သော အမူအရာရှိသည်။
“ ဆေးအာနိသင်က အရမ်းကောင်းတာပဲ ”
လူငယ်သည် ထိတ်လန့်သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူက ထွက်ခွာသွားတော့မည့်အချိန် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး လင်းအာကို လှည့်ကြည့်လိုက်သည်။
လင်းအာသည် ပြုံးလိုက်ပြီး ကြည့်သည်။
“ ဆရာ… ဘာများလိုအပ်ပါသလဲ ”
လူငယ်သည် တစ်ခဏမျှ တုံ့ဆိုင်းနေသည်။
ဆေးလုံးဖြူ၏ အာနိသင်ကြောင့် သူ၏ အပြုအမူသည် ယခင်ကထက် ပိုပြီးရိုသေလေးစားလာသည်။ သူက တိုးညင်းစွာ ပြောသည်။
“ မင်းဆီမှာ အဆိပ်ဖြေဆေးရော ရှိလား ”
“ လက်တလော ငါကျင့်ကြံတဲ့အခါ ထူးဆန်းတဲ့ ပြဿနာတစ်ခုနဲ့ တွေကြုံနေရတယ်… အနက်ရောင်သွေးပုပ်တွေကို ငါ မအန်ဘဲ မနေနိုင်ဘူး… တစ်ခါတစ်လေ ငါ့နှလုံးနားတစ်ဝိုက်မှာ စူးစူးပြီး အောင့်တယ်… အဲ့လိုနာကျင်တာကြောင့် ငါတရားထိုင်လို့ အဆင်မပြေဘူး ”
“ ငါအဆိပ်မိနေတယ်လို့ သံသယဖြစ်မိတယ် ”
လင်းအာက စကားပြောတော့မည့်အချိန် လူငယ်က အလျှင်စလို ပြောသည်။
“ ငါ့မှာ ဝိညာဉ်ကျောက်တုံးတစ်တုံး ရှိတယ် ”
လင်းအာသည် မျက်လုံးတဖျပ်ဖျပ်ခတ်လိုက်ပြီး နောက်ဖေးခန်းကို ကြည့်လိုက်သည်။
“ အကိုရေ… ဖောက်သည်ကြီးရောက်နေပြီ ”
နောက်ဖေးခန်းထဲတွင် ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။
လင်းအာ၏ ကျီစယ်ပုံကို မြင်သောအခါ သူသည် မပြုံးဘဲမနေနိုင်ချေ။ လင်းအာက ကြင်နာသနားစိတ်ရှိသူဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက မတ်တတ်ရပ်လိုက်ပြီး အပြင်သို့ လျှောက်သွားသည်။
လူငယ်က ရွှီချင်းကို မြင်လိုက်သည့်အခိုက် အလိုအလျောက် အနောက်ဆုတ်သွားသည်။ သူက သတိကြီးစွာထားလိုက်သည်။ သူ့အရှေ့မှ ပုဂ္ဂိုလ်၏ တည်ရှိမှုနှင့်ပတ်သက်ပြီး မသက်မသာ သူခံစားမိသည်။ သို့သော်လည်း မသက်မသာခံစားရခြင်း၏ ဇစ်မြစ်ကို သူရှာမတွေ့ပေ။ သူ့ထံမှ မည်သည့်ကျင့်ကြံခြင်းအရှိန်အဝါမှ မထုတ်လွှတ်နေပေ။ သူက သာမန်လူတစ်ယောက်ဖြစ်ပုံပေါ်သည်။
သို့သော်လည်း ဤသို့နေရာမျိုးမှာ ဆေးဆိုင်ဖွင့်လှစ်ပြီး အရည်အသွေးမြင့် ဆေးလုံးများကို ရောင်းချနေသော လူသည် မည်သို့မှ သာမန်လူမဖြစ်နိုင်ပေ။