← Chapters

ကျားနှုတ်ခမ်းမွှေးဆွဲခြင်း(ခ)

Vol. 60 Ch. 943

ကျားနှုတ်ခမ်းမွှေးဆွဲခြင်း(ခ)

Vol. 60 Ch. 943

ရွှီချင်းသည် လူငယ်၏ သတိထားပုံကို ဂရုမစိုက်ပေ။ သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် လူငယ်၏ ပြဿနာကို ချက်ချင်း သတိပြုမိသွားသည်။

တစ်ဖက်လူသည် အမှန်တကယ် အဆိပ်မိနေခြင်းဖြစ်ပြီး ရွှီချင်းသည် ထိုအဆိပ်ကို ယခင်က တစ်ခါတွေ့ကြုံဖူးသည်။

ဤသည်မှာ မျက်စိတစ်ဖက်လပ်ကျင့်ကြံသူ၏ အဆိပ်ဖြစ်သည်။ သို့သော်လည်း အဆိပ်သည် အတော်လေး အားပျော့ပြီး ပေါက်ကွဲထွက်လာမည့် အခြေအနေမှာ မရှိသေးပေ။

သို့သော်လည်း လူငယ်၏ ရုပ်ခန္ဓာကိုယ်က အားနည်းသောကြောင့် အဆိပ်ထကြွမည့် လက္ခဏာများက စောစီးစွာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ရွှီချင်းသည် မျက်စိတစ်ဖက်လပ်ကျင့်ကြံသူ၏ လွတ်မြောက်သွားမှုကို အမြဲမှတ်ထားသည်။ ယခု သူက ဤအဆိပ်ကို အာရုံခံမိသွားသောအခါ အနည်းငယ် စိတ်ဝင်စားလာသည်။ သို့ဖြစ်၍ သူက အဆိပ်ဖြေဆေးလုံးတစ်လုံးကို ပစ်ပေးလိုက်သည်။

“ အိမ်ပြန်ရောက်ရင် သစ်သားရေစည်တစ်ခုကို ပြင်ဆင်ပြီး အထဲကို ရေအပြည့်ဖြည့်ပါ… အာရုဏ်ဦးနှင်းစက်ကို ရေစည်ထဲ ကိုးစက်ချပါ… ပြီးသွားရင် အဲ့ဒီအဆိပ်ဖြေဆေးလုံးကို သောက်ပြီး ရေစည်ထဲမှာ ဝင်စိမ်ပါ… ရေစည်ထဲမှာ တစ်နာရီကြာအောင် တရားထိုင်ပါ ”

“ ရေက အနက်ရောင်ပြောင်းသွားတဲ့အခါ မင်းရဲ့အဆိပ်က ပျောက်ကင်းသွားလိမ့်မယ် ”

လူငယ်သည် ဆေးလုံးကို လှမ်းယူလိုက်သည်။ သူက အနည်းငယ် သံသယဖြစ်နေသော်လည်း ဝိညာဉ်ကျောက်တုံးကို လင်းအာဆီသို့ ကမ်းပေးလိုက်ပြီး မြန်ဆန်စွာ ထွက်ခွာသွားသည်။

လင်းအာသည် ဝိညာဉ်ကျောက်တုံးကို သိမ်းဆည်းလိုက်ပြီး ရွှီချင်းကို ချိုသာစွာ ပြုံးပြလိုက်သည်။

ရွှီချင်းသည် ခေါင်းခါလိုက်ပြီး သားရိုင်းကောင်များကို ဆက်လက်စူးစမ်းလေ့လာရန် နောက်ဖေးခန်းထဲသို့ ပြန်ဝင်သွားသည်။

သူက ကျိန်စာကို စူးစမ်းလေ့လာနေစဉ် လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကိုလည်း ချင့်ချိန်စဉ်းစားနေသည်။

သို့သော်လည်း သူ၏ နတ်ဘုရားအသိစိတ်အမျှင်တန်းတစ်ခုကို အစောနက လူငယ်ပေါ်မှာ ချန်ရစ်ခဲ့သည်။ ယင်းက မည်သည့်ဆိုးကျိုးမှ မရှိသော်လည်း အကယ်၍ မျက်စိတစ်ဖက်လပ်ကျင့်ကြံသူက သူ့အနီးနားမှာ ထွက်ပေါ်လာမည်ဆိုလျှင် ရွှီချင်းက ချက်ချင်း အာရုံခံနိုင်လိမ့်မည်။

ထိုသို့ဖြင့် ရွှီချင်းက ကျိန်စာကို စူးစမ်းလေ့လာနေစဉ် လဝက်ခန့် ကုန်ဆုံးသွားသည်။

ယခု ရွှီချင်းနှင့် လင်းအာ၏ ဆေးဆိုင်ငယ်ကို ဤမြို့တွင် ဖွင့်လှစ်ခဲ့သည်မှာ နှစ်လနီးပါးရှိသွားပြီဖြစ်သည်။ ဆေးလုံးဖြူ၏ ထူးခြားသော ဆေးအာနိသင်နှင့် တန်ဖိုးနည်းပါးမှုကြောင့် အစိတ်ရောင်ဝိညာဉ်ခန်းမသည် မြို့ထဲမှာ တဖြည်းဖြည်း ဂုဏ်သတင်းကျော်ကြားလာသည်။

သို့ဖြစ်၍ ဆေးလုံးဝယ်ယူရန် ဆေးဆိုင်သို့ ရောက်လာကြသော ဖောက်သည်များ၏ အရေအတွက်သည် တစ်နေ့ထက်တစ်နေ့ ပိုပြီးတိုးပွားလာသည်။

တစ်နေ့လျှင် အနည်းဆုံး လူပေါင်းဒါဇင်ခန့် ဆေးလာဝယ်ကြသည်။ ယင်းက မြို့အတွင်းရှိ လူအတော်များများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ ယင်းက အနီးနားမှ အင်အားစုငယ်များ၏ မျက်စိကျခြင်းကိုလည်း ခံလာရသည်။

တစ်ခါတစ်ရံ သစ်ပင်က တိတ်ဆိတ်စွာ နေချင်သော်လည်း လေက ခွင့်မပြုပေ။ တစ်စုံတစ်ယောက်က အောင်မြင်လာသည့်အခါ အနှောင့်အယှက်များသည် အလိုအလျောက် ရောက်ရှိလာတတ်ပေသည်။

ထိုသဘောတရားသည် မည်သည့်နေရာတွင်မဆို အတူတူသာ ဖြစ်သည်။

အထူးသဖြင့် အင်အားစုအမျိုးမျိုးတည်ရှိနေသော ဤသို့ပရမ်းပတာနေရာမျိုးတွင် ပိုပြီးဆိုးဝါးသည်။

နေ့လယ်တွင် မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ယောက်သည် ဆေးဆိုင်ထဲသို့ ရောက်ရှိလာသည်။

ထိုလူသည် ပြီးပြည့်စုံသော ချီစုဆောင်းခြင်းအဆင့် မျိုးနွယ်ခြားကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရိုးခေါင်းတစ်ခုကို ရင်ဘက်ပေါ်တွင် တွဲလောင်းချိတ်ဆွဲထားသည်။

သူက ဆေးဆိုင်ထဲသို့ လျှောက်ဝင်လာသည်နှင့်ချက်ချင်း ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး စွမ်းအင်းလှိုင်းဂယက်များကို ထုတ်လွှတ်လိုက်ကာ ဆေးဆိုင်ကို လွှမ်းခြုံသွားစေသည်။

ထိုမျှတင်မကသေးပေ။ သူက သူ့အရှေ့မှ ထိုင်ခုံတစ်လုံးကို အဝေးသို့ ကန်ကျောက်လိုက်သည်။

ကျိုးပဲ့သံများနှင့်အတူ ထိုင်ခုံသည် စားပွဲခုံနှင့် ဆောင့်မိသွားပြီး အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

စားပွဲခုံ၏ ထောင့်တစ်ခုသည်လည်း ကျိုးသွားသည်။ စားပွဲခုံနောက်တွင် စာရင်းပြုစုနေသော လင်းအာသည် အပေါ်သို့ မော့ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ ဒီနေ့ကစပြီး လတိုင်း ဆေးလုံးဖြူသုံးရာကို အရိုးခေါင်းအဖွဲ့ဆီ ပို့ပေးရမယ်… မင်း ငါပြောတာ နားလည်လား… ငါတစ်ခေါက်ပဲပြောမယ် ”

ပြီးပြည့်စုံသော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူသည် စားပွဲခုံပေါ်သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်ပြီး အေးစက်စွာ ပြောသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ ဆေးဆိုင်၏ အပြင်ဘက်တွင် လူလေးယောက် စောင့်ကြပ်နေကြသည်။ သူတို့အားလုံးသည် တူညီစွာ ဝတ်စားထားကြသည်။

လမ်းပေါ်မှ လမ်းသွားလမ်းလာများသည် ထိုမြင်ကွင်းကို မြင်သွားသောအခါ ထိုလူများ၏ အဝတ်အစားမှတဆင့် သူတို့၏ သရုပ်ကို သတိပြုမိသွားကြပြီး နေရာမှ အလျှင်အမြန် ထွက်သွားကြသည်။

“ အဲ့ဒါ အရိုးခေါင်းအဖွဲ့ပဲ ”

“ အဲ့ဒီအဖွဲ့က အကြင်နာမဲ့ရက်စက်တယ်… တစ်ခါက မြို့ထဲက ဈေးဆိုင်ငယ်တစ်ဆိုင်က သူတို့ရဲ့စကားကို မနာခံလို့ဆိုပြီး အရိုးခေါင်းအဖွဲ့က ညတွင်းချင်း အဲ့ဒီတစ်မိသားစုလုံးကို သုတ်သင်ရှင်းလင်းပစ်လိုက်တယ် ”

“ သူတို့ခေါင်းဆောင်က ပြီးပြည့်စုံတဲ့ အခြေတည်အဆင့်ကျင့်ကြံသူပဲ… ဟူး… သူတို့က ပညာရှင်ကျင့်ကြံသူတွေကိုတော့ မစော်ကားရဲကြဘူး… ဒါကြောင့် ငါတို့လို သူဆင်းရဲတွေကို လိုက်အနိုင်ကျင့်နေတာပဲ ”

လင်းအာသည် မည်သည့်စကားမှ ပြန်မပြောပေ။ ခေါင်းမိုးပေါ်မှာ လွင့်မျောနေသော ကျင်းကန်းဂိုဏ်းဘိုးဘေးသည် စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်တုန်ယင်လာသည်။

အချိန်အတော်ကြာပြီးနောက် သေလမ်းရှာသူ တစ်စုံတစ်ယောက်က နောက်ဆုံးမှာတော့ ပေါ်ထွက်လာချေပြီ။ ဤသည်မှာ သူ၏ အသုံးဝင်ပုံကို ဖော်ပြနိုင်မည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်သည်။

သူက ပျံသန်းထွက်လာပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို အပေါက်ဖောက်တော့မည့်အချိန် လင်းအာက သူ့ကို ခွင့်မပြုသောကြောင့် မရပ်တန့်ချင်ဘဲ ရပ်တန့်လိုက်ရသည်။

လင်းအာ၏ သေးငယ်သော မျက်နှာသည် ဖြူဖျော့လာသည်။ သူက အလွန်ကြောက်ရွံ့သွားသည့်အလားပင်။ သူက အိတ်တစ်လုံးကို အလျှင်အမြန် ထုတ်လိုက်ပြီး စားပွဲခုံပေါ်မှာ တင်ပေးလိုက်သည်။ သူက ထပ်ခါထပ်ခါ ခေါင်းညိတ်ရင်း ပြောသည်။

“ ကောင်းပါပြီ… ကောင်းပါပြီ… နင်လိုချင်တာကို ငါပေးပါ့မယ်… ငါ့ကို ဘာမှမလုပ်ပါနဲ့ ”

ကိစ္စက အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားကြောင်း မြင်သောအခါ ပြီးပြည့်စုံသော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူသည် နှာခေါင်းရှုံ့လိုက်သည်။ သူတို့သည် ထိုသို့ကိစ္စမျိုးကို မကြာခဏ လုပ်ဆောင်ဖူးသည်။ သူတို့က လုပ်ငန်းမစတင်မီ သူတို့အတွက် ခက်ခဲသော ရန်သူရှိမရှိကို ကြိုတင်လေ့လာလေ့ ရှိသည်။

သူတို့သည် ဤဆေးဆိုင်ကို လဝက်ကြာ စောင့်ကြည့်ခဲ့ကြပြီး ယနေ့မှ လာရောက်လုယက်ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုမျှအဆင်ချောလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သူက လင်းအာကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး အိတ်ကို ယူဆောင်လိုက်သည်။

သူက အိတ်၏ အလေးချိန်ကို တွက်ဆကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောသည်။

“ အနည်းဆုံးတော့ မင်းက ကိုယ့်အဆင့်ကိုယ် သိသေးတာပဲ ”

ထိုနောက် သူက အနောက်လှည့်လိုက်ပြီး မောက်မာထောင်လွှားစွာ ထွက်သွားသည်။

သူတို့ထွက်သွားပြီးနောက် လင်းအာ၏ မျက်နှာပေါ်မှ အကြောက်တရားသည် ပျောက်ကွယ်သွားသည်။ သူက စာရင်းတွက်နေစဉ် ဘာမှမဖြစ်ခဲ့သည့်အလား ပြောသည်။

“ ယိုလင်းဇီ ”

“ ကျွန်တော်မျိုးရှိပါတယ်… သခင်မ အမိန့်ပေးတော်မူပါ ”

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် မဆိုင်းမတွ ပြောလိုက်သည်။

“ ဒီနေရာမှာ လူသတ်ဖို့ အဆင်မပြေဘူး… အဲ့ဒါက စီးပွားရေးကို ထိခိုက်စေလိမ့်မယ်… ဒီည နင် သူတို့နေရာဆီသွားပြီး အားလုံးကို တိတ်တဆိတ် သတ်ပစ်လိုက်ပါ… ပြီးသွားရင် နင်ပြန်လာတဲ့အခါ ဆေးလုံးတွေကို ပြန်ယူလာခဲ့ပါ… ဆေးတစ်လုံးမှ မပျောက်စေနဲ့… ပြီးတော့ သူတို့ဆီမှာ တန်ဖိုးကြီးပစ္စည်းတွေရှိရင် တစ်ခါတည်း ယူလာခဲ့ပါ ”

“ အရိပ်လေး ပြန်မရောက်သေးတာ စိတ်မကောင်းစရာပဲ… ဒီတာဝန်ကို နင့်တစ်ယောက်တည်းပဲ ထမ်းဆောင်ခိုင်းရတော့မယ် ”

လင်းအာက တည်ငြိမ်စွာ ပြောသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် နောက်ဖေးခန်းသို့ မြန်ဆန်စွာ ကြည့်လိုက်သည်။ ထို့နောက် လင်းအာကို ကြည့်လိုက်သည်။ ယခု သူက ဤမိန်းမငယ်လေးအပေါ် ပိုပြီးနားလည်လာသည်။

ဤသခင်မလေးသည် အပြင်ပန်းမှာကဲ့သို့ ကြင်နာသနားတတ်သူဖြစ်မည်ဟု အစက သူတွေးထင်ခဲ့သည်။

မျက်စိတစ်ဖက်လပ်ကျင့်ကြံသူနှင့် ရင်ဆိုင်ခဲ့စဉ်က လင်းအာသည် တစ်ဖက်လူကို နာကျင်မှုမခံစားရဘဲ မြန်ဆန်စွာ သေဆုံးစေရန် သနားကြင်နာသော လေသံဖြင့် ပြောခဲ့သည်။ ယင်းက သူ့ကို သတိလက်လွတ်ဖြစ်စေခဲ့သည်။

သူက အလျှင်အမြန် ပြောသည်။

“ သခင်မပေးတဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်လို့ ကျွန်တော်ကတိပေးပါတယ် ”

လင်းအာသည် ပြုံးလိုက်ပြီး မြေပြင်ပေါ်မှ ထိုင်ခုံအကျိုးကို ရှင်းလင်းဖယ်ရှားလိုက်သည်။ ထို့နောက် သူက ထပ်ပေါင်းပြောသည်။

“ အို ဟုတ်သားပဲ… နင်ပြန်လာတဲ့အခါ ထိုင်ခုံသုံးလုံး ပိုယူလာခဲ့ပါ ”

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး အမြန် သဘောတူလိုက်သည်။

“ အမ်း… ငါ စဉ်းစားဦးမယ်… အကိုရွှီချင်း လေ့လာလို့ရအောင် နင် သူတို့ခေါင်းတွေကို ယူလာနိုင်တယ် ”

လင်းအာသည် နောက်ထပ် သတိပေးလိုက်သည်။

နောက်ဖေးခန်းမှာရှိသော ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အပိုင်းပိုင်းဖြတ်တောက်ခံထားရသော ရွှေအမြူတေအဆင့် ကင်းမြှီးကောက်ထံမှ သူ၏ အကြည့်ကို ရွှေ့ပြောင်းလိုက်သည်။ သူက အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

လင်းအာ၏ တွေးပေးတတ်မှုကြောင့် သူ၏ နှလုံးသားက နွေးထွေးသွားသည်။

All Chapters