ကျားနှုတ်ခမ်းမွှေးဆွဲခြင်း(ဃ)
Vol. 60 Ch. 945
သူထွက်ခွာသွားပြီးနောက် လင်းအာသည် အလျှင်အမြန် ပြေးလာပြီး သိုလှောင်အိတ်ကို စစ်ဆေးလိုက်သည်။ သူက အံ့အားသင့်စွာ ပြောသည်။
“ အကိုရွှီချင်း… ဒီထဲမှာ ဝိညာဉ်ကျောက်တုံးတစ်သိန်း ရှိတယ် ”
ရွှီချင်းသည် မျက်ခုံးပင့်တင်လိုက်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားပေါ် ကောင်းမွန်သောအမြင် ရှိလာသည်။ ထို့နောက် သူက လင်းအာကို နောက်ဖေးခန်းထဲသို့ ခေါ်သွားသည်။
လင်းအာသည် အနည်းငယ် ရှက်သွေးဖြာလာပြီး မျက်နှာနီမြန်းလာသည်။ သူက ဆေးဆိုင်တံခါးကို ပိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူက ရွှီချင်းနောက်သို့ စိုးရိမ်ကြောင့်ကြစွာ လိုက်သွားပြီး နောက်ဖေးခန်းထဲသို့ ဝင်သွားသည်။
သူက ခါးကိုမတ်လိုက်ပြီး သေးငယ်သော သူ၏ ရင်ဘက်ကို မြင်သာအောင် ကော့ထားလိုက်ကာ နူးညံ့စွာ ပြောသည်။
“ အကိုရွှီချင်း… မနက်ခင်းကြီး ညီမကို ဘာလုပ်ဖို့ ဒီခေါ်လာတာလဲ ”
ရွှီချင်းသည် လင်းအာ၏ စကားကို အများကြီး အာရုံမထားပေ။ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး ကြေးမုံတစ်ချပ်ကို ထုတ်လိုက်သည်။
“ လင်းအာ… အကို မင်းကို လပုန်ကန်ခန်းမဆီ ဝင်ရောက်စေချင်တယ် ”
“ အို ”
လင်းအာသည် ဆွံ့အသွားပြီး အနည်းငယ် စိတ်ပျက်သွားသည်။ ရွှီချင်း၏ အပြုအမူသည် သူ၏ စိတ်ထဲမှာ မျှော်လင့်ထားသည့်အရာနှင့် ခြားနားနေသည်။
“ အကို ဒီရက်တွေမှာ နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်တယ်… ဒါပေမဲ့ ဒုတိယစစ်ဆေးမှုကို မကျော်ဖြတ်နိုင်ဘူး ”
ရွှီချင်းသည် အကူအညီမဲ့မှုကို ခံစားမိသွားသည်။ ဤရက်များတွင် သူသည် ဒုတိယစစ်ဆေးမှုကို ကျော်ဖြတ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း သူ၏ ကြိုးစားမှုတိုင်းသည် ကျရှုံးသွားခဲ့သည်။
ထို့ပြင် သူကြိုးစားခဲ့သမျှ နည်းလမ်းများသည် တစ်ခုမှ အလုပ်မဖြစ်ခဲ့ပုံပေါ်သည်။
ယခု သူ့မှာ နည်းလမ်းတစ်ခုသာ ကျန်ရှိတော့သည်။
ထိုနည်းလမ်းမှာ လင်းအာကို လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်စေပြီး စစ်ဆေးမှုကို ကျော်ဖြတ်စေမည် ဖြစ်သည်။ ထို့နောက် သူက လင်းအာ၏ ဘဝချည်နှောင်အတတ်ဖြင့် လပုန်ကန်ခန်းဆီသို့ ဝင်ရောက်မည် ဖြစ်သည်။
ထိုအစီအစဉ်၏ အဓိကအခက်အခဲမှာ အနီရောင်လဗိမာန်မှ ကျင့်ကြံသူများသည် အနိမ်ဆုံး ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံခြင်းရှိပြီး လင်းအာ၏ ကျင့်ကြံခြင်းသည်တော့ ရွှေအမြူတေအဆင့်သို့ပင် မရောက်ရှိသေးပေ။
သို့ဖြစ်၍ ယဇ်ပူဇော်သည့်စစ်ဆေးမှုတွင် ပြဿနာရှိပေသည်။
စစ်ဆေးမှုတွင် ယဇ်ပူဇော်ရမည့်ပစ်မှတ်သည် ပါဝင်ဖြေဆိုမည့်သူနှင့် ကျင့်ကြံခြင်းအဆင့်တူညီရမည် ဖြစ်သည်။ အကယ်၍ ယဇ်ပူဇော်ခံရသည့် အနီရောင်လဗိမာန်မှ ကျင့်ကြံသူက အလွန်အဆင့်မြင့်နေမည်ဆိုလျှင် ယင်းက လှည့်စားနေခြင်းဖြစ်ကြောင်း သိသာသွားလိမ့်မည်။
ယင်းက လပုန်ကန်ခန်းမသို့ ဝင်ရောက်ချင်သူများကို ကျင့်ကြံခြင်းအဆင့် ကန့်သတ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ရွှီချင်းရှိနေမည်ဆိုလျှင် ထိုပြဿနာသည် အလွယ်တကူ ပြေလည်သွားလိမ့်မည်။
ရွှီချင်း၏ ရှင်းပြမှုအောက်မှာ လင်းအာသည် ယင်းကို နားလည်လာသည်။ လင်းအာသည် သူ၏ အတွေးများကို တိတ်တဆိတ် ဖုံးကွယ်လိုက်ပြီး စိတ်အားတတ်ကြွစွာ ခေါင်းညိတ်လိုက်သည်။
“ အကိုရွှီချင်း… အဲ့ဒီအတွက် ကိစ္စမရှိပါဘူး… ညီမ ဘာမဆိုလုပ်နိုင်တယ် ”
လင်းအာသည် စကားပြောနေရင်း ရွှီချင်း၏ အရှေ့မှာ သူ၏ သေးငယ်သော ရင်ဘက်ကို ပုတ်ပြလိုက်သည်။
လက်ရှိတွင် ရွှီချင်း၏ စိတ်ထဲ၌ လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်နိုင်မည့် အတွေးများဖြင့်သာ ပြည့်နှက်နေသည်။ သူက ထိုကိစ္စကို အချိန်အတော်ကြာ စဉ်းစားခဲ့ပြီး သူ၏ စိတ်ထဲမှာ ဆင်ခြင်သုံးသပ်ခဲ့သည်။ မည်သည့်အန္တရာယ်မှ မရှိနိုင်ကြောင်း သူယုံကြည်သည်။
သို့ဖြစ်၍ သူက လုပ်ဆောင်ရမည့် အဆင့်ဆင့်ကို လင်းအာအား ရှင်းပြပြီးနောက် သူတို့နှစ်ယောက်သည် ချက်ချင်း ဆောင်ရွက်ကြသည်။
ရွှီချင်းသည် ပထမဦးဆုံးအနေဖြင့် လင်းအာကို ကြေးမုံအား အသက်သွင်းခိုင်းသည်။ ထို့နောက် သူက လင်းအာနှင့် ကျင့်ကြံခြင်းအဆင့်တူညီသော သားရိုင်းနှစ်ကောင်ကို ထုတ်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကောင်းချီးပေးလိုက်သည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာက ပေါက်ကွဲမထွက်လာခင် ရွှီချင်းသည် သူတို့ကို ကြေးမုံထဲသို့ အမြန်ထည့်သွင်းလိုက်သည်။
မကြာမီ လင်းအာသည် သစ္စာရှိမှုကို စမ်းသပ်သော လပုန်ကန်ခန်းမ၏ ပထမစစ်ဆေးမှုနှင့် ယုံကြည်မှုကို စမ်းသပ်သော ဒုတိယစစ်ဆေးမှုကို အဆင်ပြေချောမွေ့စွာ ဖြတ်ကျော်နိုင်သွားသည်။ လင်းအာ၏ ခန္ဓာကိုယ်ပေါ်မှာ အနီရောင်လစွမ်းအား လုံးဝမရှိသဖြင့် ဒုတိယစစ်ဆေးမှုကို သူက အလွယ်တကူ ဖြတ်ကျော်နိုင်ခြင်း ဖြစ်သည်။
စစ်ဆေးမှုနှစ်ခုကို ပြီးမြောက်သွားသည်နှင့်ချက်ချင်း လေထဲမှာ မျောလွင့်နေသော ကြေးမုံထံမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ထို့နောက် ကြေးမုံ၏ မျက်နှာပြင်ပေါ်မှာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဆွဲငင်အားလှိုင်းများသည် ထိုအက်ကွဲကြောင်းထဲမှ ပျံ့လွင့်ထွက်လာသည်။
“ အကိုရွှီချင်း… အဲ့ဒါက လပုန်ကန်ခန်းမဆီ ဝင်ပေါက်လို့ အသံတစ်သံက ညီမကို ပြောတယ် ”
လင်းအာသည် ကြေးမုံကိုကြည့်လိုက်ပြီး အလျှင်စလို ပြောသည်။
ရွှီချင်းသည် ကြေးမုံပေါ်မှ အက်ကွဲကြောင်းကို ကြည့်လိုက်သည်။ သူက အထဲသို့ မဝင်ရောက်ဝံ့ပေ။ လပုန်ကန်ခန်းမ၏ အဆင့်အတန်းကြောင့် အကယ်၍ ပါဝင်ဖြေဆိုသူမဟုတ်သည့် အခြားတစ်စုံတစ်ယောက်က အတင်းအကျပ် အထဲဝင်မည်ဆိုလျှင် သူတို့သည် အန္တရာယ်နှင့် သေချာပေါက် တွေ့ဆုံရလိမ့်မည်။
ရွှီချင်းသည် လင်းအာကို ကြည့်လိုက်သည်။
လင်းအာ၏ မျက်လုံးထဲမှာ မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်နေသည်။ ရွှီချင်းက သူ၏ အသက်ချည်မျှင်ကို ဖြေလွှတ်ခဲ့သည့်အချိန်မှစ၍ သူက ထိုအကြောင်းနှင့်ပတ်သက်ပြီး အများကြီး မပြောခဲ့သော်လည်း အမှန်မှာတော့ အတော်လေး စိတ်မကာင်းဖြစ်ခဲ့သည်။
သို့သော်လည်း ယခု အသက်ချည်မျှင်ကို တဖန်ပြန်ချည်ရတော့မည်ဖြစ်၍ လင်းအာ၏ နှလုံးသားထဲမှာ ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။ သူက တုံ့ဆိုင်းမနေဘဲ မြွေဖြူလေးအသွင် ပြောင်းလဲလိုက်ပြီး ရွှီချင်း၏ လက်ကောက်ဝတ်ပေါ်သို့ ဆင်းသက်သွားသည်။
နောက်အခိုက်အတန့်မှာ အစိမ်းရောင်ဆံချည်မျှင်တစ်မျှင်သည် ရွှီချင်း၏ လက်ကောက်ဝတ်ကို ရစ်ပတ်သွားသည်။
သူတို့နှစ်ယောက်ကြားမှ ဆက်သွယ်မှုသည် တဖန်ပြန်လည် စတင်လာသည်။
သို့သော်လည်း ယခု ရွှီချင်းသည် ယခင်က ရွှီချင်း မဟုတ်တော့ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်မှာရှိသော ကမ္မ၏ အားဖြည့်ပေးမှုကြောင့် ဤတစ်ကြိမ်သည် တစ်ဖက်သက် ဆက်သွယ်မှုမဟုတ်တော့ပေ။ ယင်းအစား အပြန်အလှန်ဆက်သွယ်မှု ဖြစ်လာသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ဤအခိုက်အတန့်မှာ သူနှင့် လင်းအာသည် တစ်သားတည်းဖြစ်လာသည်ဟု ရွှီချင်း ရှင်းလင်းစွာ အာရုံခံမိသွားသည်။
“ အကိုရွှီချင်း… ဒီဟာက ညီမတို့ရှေးဟောင်းဝိညာဉ်မျိုးနွယ်ရဲ့ အထူးစွမ်းရည်တစ်ခုပဲ… ညီမတို့ရဲ့ ဘဝတစ်လျှောက်မှာ လူတစ်ယောက်ကိုပဲ အသက်ချည်မျှင်နဲ့ ချည်နှောင်လို့ရတယ်… တကယ်လို့ ချည်နှောင်မှုက ပျက်ပြယ်သွားရင်တောင် ညီမတို့က တခြားတစ်ယောက်ကို မချည်နှောင်နိုင်တော့ဘူး ”
“ အခုကစပြီး ညီမတို့ရဲ့ ဘဝကံကြမ္မာတွေကို အတူမျှဝေခံစားရလိမ့်မယ်… အကို့ရဲ့ဘဝက ညီမရဲ့ဘဝ… အကိုရဲ့ သေဆုံးမှုက ညီမရဲ့သေဆုံးမှုဖြစ်လာမယ်… သေခြင်းရှင်ခြင်း အခြေအနေမှာပဲဖြစ်ဖြစ်… နေဝင်နေထွက် အချိန်မှာပဲဖြစ်ဖြစ်… နောက်ဘဝမှာတောင် ညီမတို့က သေဖော်ရှင်ဖက်ဖြစ်လာလိမ့်မယ် ”
သိမ်မွေ့နူးညံ့သော အသံသည် ရွှီချင်း၏ အသိစိတ်ထဲသို့ ပျံ့လွင့်လာသည်။
ရွှီချင်းသည် သူ၏ လက်ကောက်ဝတ်ပေါ်မှ အမှတ်အသားကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် လေထဲမှာ မျောလွင့်နေသော ကြေးမုံကို ကြည့်လိုက်သည်။
သူက ကြေးမုံပေါ်မှ အက်ကွဲကြောင်းဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။ သူက ကြေးမုံအနားသို့ ရောက်သွားသည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်သည် ရောင်ခြည်တန်းတစ်ခုသို့ တိုက်ရိုက် အသွင်ပြောင်းလဲသွားပြီး အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်။
သူက ထူးဆန်းသော နေရာတစ်ခုဆီသို့ ရောက်ရှိသွားသည်။