မင်းက ကြောက်တယ်… ငါလည်း ကြောက်တယ်(က)
Vol. 60 Ch. 946
အစိမ်းရောင်ဝိညာဉ်ခန်းမ ဆေးဆိုင်သည် တိတ်ဆိတ်သွားသည်။
ပျိုးပင်လေးသည် အကြိမ်ရေအနည်းငယ် လှုပ်ခါယမ်းပြီးနောက် မည်သူမှ သူ့အား အာရုံမစိုက်ကြောင်း နားလည်သွားသည်။ ထို့ကြောင့် ၎င်းက စူးစမ်းလိုစွာ ခေါင်းထုတ်လိုက်ပြီး နောက်ဖေးခန်းကို တိတ်တဆိတ် ကြည့်လိုက်သည်။
အချိန်တစ်ခဏကြာအောင် စောင့်ဆိုင်းပြီးနောက် မည်သည့်အသံမှ မကြားရသည်ကို အာရုံခံမိသွားသောအခါ ၎င်းသည် မြေကြီးထဲမှ အမြစ်များကို ဂရုတစိုက် ဆွဲတင်လိုက်သည်။ ဤသည်မှာ ၎င်းက နောက်ဆုံးမှာတော့ ထွက်ပြေးနိုင်မည့် အခွင့်အရေးတစ်ခုကို ရှာတွေ့သွားသည့်အလားပင်။
သို့သော်လည်း ၎င်း၏ အမြစ်က အပေါ်သို့ ကြွတတ်လာပြီး အပြင်သို့ တိတ်တဆိတ် ခုန်ထွက်တော့မည့်အချိန် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ခေါင်းမိုးပေါ်မှ ချက်ချင်း ပျံ့လွင့်ထွက်လာသည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးနှင့် ပေါင်းစပ်ထားသော နတ်ငါးအရိုးဆူးချွန်သည် ပျိုးပင်လေး၏ အရှေ့မှာ ထွက်ပေါ်လာပြီး ၎င်းကို အရိုးဆူးချွန်ဖြင့် ညွှန်ပြလိုက်သည်။
ပျိုးပင်လေးသည် တုန်ယင်လာပြီး ဖြည်းဖြည်းချင်း အနောက်ပြန်ဆုတ်သွားသည်။ ၎င်းက အမြစ်များကို မြေကြီးထဲသို့ တဖန်ထိုးစိုက်လိုက်ပြီး မကျေနပ်စွာ လှုပ်ယမ်းလိုက်သည်။
နတ်ငါးအရိုးဆူးချွန်သည် ပျိုးပင်လေးကို အကြိမ်ရေအနည်းငယ် လှည့်ပတ်ပြီးနောက် ခေါင်းမိုးပေါ်သို့ ပျံသန်းသွားသည်။
“ ဒီကောင်လေးသာ လွတ်မြောက်သွားမယ်ဆိုရင် ဟိုမိစ္ဆာလေးက သူ့ဒေါသတွေ ငါ့အပေါ် ပုံချလာမှာ သေချာတယ် ”
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက နောက်ဖေးခန်းကို ကြည့်လိုက်သည်။
အခန်းထဲမှာ ခင်းကျင်းထားသည့် ဖုံးကွယ်ခြင်းအစီအရင်ကြောင့် အသေးစိတ်အခြေအနေကို သူအာရုံမခံနိုင်ပေ။ သို့သော်လည်း ရွှီချင်းနှင့် သူ့ကြားမှ ဆက်သွယ်မှုအရ ရွှီချင်း၏ အရှိန်အဝါသည် နောက်ဖေးခန်းထဲမှ ပျောက်ကွယ်သွားကြောင်း ရေးတေးတေး သူအာရုံခံမိသည်။
ယခု နောက်ဖေးခန်းသည် ဟာလာဟင်းလင်းဖြစ်နေသည်။ ကြေးမုံပေါ်မှ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်မှာ နတ်ဘုရားအသိစိတ်မဟုတ်ပေ။ ရွှီချင်းနှင့် လင်းအာ၏ မူလခန္ဓာကိုယ်များ ဖြစ်ကြသည်။
ဤသည်မှာ လပုန်ကန်ခန်းမ၏ ထူးခြားချက်များအနက် တစ်ခုဖြစ်သည်။ သို့သော်လည်း ထူးခြားသော ထိုနေရာဆီသို့ ခရီးစဉ်သည် ရွှီချင်းအား ကောင်းမွန်သောအမြင် မဖြစ်ပေါ်စေပေ။ သူက ဖိအားဖြင့် ပြည့်နှက်နေသော လျှိုမြောင်ငယ်တစ်ခုထဲသို့ ဝင်ရောက်သွားသည့်အလား ခံစားနေမိသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် အရောင်တောက်ပသော အလင်းတံတိုင်းများရှိပြီး သူ့အား လေးဖက်လေးလံမှ ပိတ်လှောင်ထားသည်။
အလင်းတံတိုင်းများသည် စက်ဝိုင်းသဏ္ဍန် ကွေးညွတ်နေပြီး ရွှီချင်း၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ချုပ်နှောင်ထားသည်။ သူက မလှုပ်ရှားနိုင်ပေ။ ဤသည်မှာ သူက တစ်နေရာတည်းမှာ ရပ်တန့်နေသည့်အလားပင်။
သူက ပိုပြီးရုန်းကန်လေ ချုပ်နှောင်မှုက ပိုပြီးပြင်းထန်လာလေ ဖြစ်သည်။ ဤသည်မှာ သူက အရှေ့သို့ မရွေ့လျားနိုင်ဘဲ အနောက်သို့သာ ဆုတ်ခွာနိုင်ဟန် ရသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပြီးနောက် သူက ထိုသို့ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
“ ဒါက တတိယစစ်ဆေးမှုလား ”
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ ယခင်က ကြေးမုံကို သူလေ့လာခဲ့စဉ် စစ်ဆေးမှုသုံးခုရှိကြောင်း အာရုံခံမိခဲ့သည်။ သူက ပထမစစ်ဆေးမှုနှစ်ခု၏ အသေးစိတ်အချက်အလက်များကို ရှာတွေ့ခဲ့သော်လည်း တတိယစစ်ဆေးမှုနှင့်ပတ်သက်ပြီး ဘာမှရှာမတွေ့ခဲ့ပေ။
သို့ဖြစ်၍ တစ်ခဏစဉ်းစားပြီးနောက် ရွှီချင်းသည် သူ၏ နတ်ဘုရားအသိစိတ်ကို ဖြန့်ကြက်ရန် ကြိုးစားကြည့်လိုက်သည်။
ထိုသို့လုပ်ဆောင်ခြင်းသည် မလွယ်ကူလှပေ။ အရပ်မျက်နှာပေါင်းစုံမှ ဖိအားများသည် သူ၏ ခန္ဓာကိုယ်တစ်ခုတည်းကို ချုပ်နှောင်ထားခြင်းမဟုတ်ဘဲ သူ၏ စိတ်အာရုံကိုလည်း ကန့်သတ်ထားသည်။
အထူးသဖြင့် ဘေးပတ်ဝန်းကျင်မှ အလင်းတံတိုင်းများထဲတွင် ထူးဆန်းသော အစွမ်းတစ်မျိုးပါရှိသည်။ သူ၏ နတ်ဘုရားအသိစိတ်သည် ယင်းတို့ကို မထိုးဖောက်နိုင်ပေ။
သို့သော်လည်း ကံကောင်းစွာဖြင့် သူ၏ အရှေ့မှ လမ်းကြောင်းသည် အသင့်အတင့် ရှင်းလင်းလာသည်။ ထို့ကြောင့် သူက နတ်ဘုရားအသိစိတ်ကို အရှေ့သို့ ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပြီး ထပ်ခါတလဲလဲ ကြိုးစားကြည့်သည်။
နောက်ဆုံးမှာတော့ မဆုတ်မနစ် ကြိုးစားမှုအောက်မှာ သူ၏ တည်နေရာကို တဖြည်းဖြည်း အာရုံခံနိုင်လာသည်။
“ လှိုင်ခေါင်းတစ်ခုလား ”
ရွှီချင်းသည် တည်နေရာကို အာရုံခံရန် သူ၏ နတ်ဘုရားအသိစိတ်ကို အသုံးပြုလိုက်သည့်အခါ အံ့ဩသွားသည်။ သူက ရှည်လျားပြီး ကျဉ်းမြောင်းသော လှိုင်ခေါင်းတစ်ခုထဲမှာ ရောက်ရှိနေခြင်း ဖြစ်သည်။
လှိုင်ခေါင်း၏ အဆုံးသည်တော့ ယင်းက သူ့နတ်ဘုရားအသိစိတ်၏ ဖြန့်ကြက်နိုင်သော အကွာအဝေးထက် ကျော်လွန်နေသဖြင့် မစူးစမ်းနိုင်သေးပေ။ သို့သော်လည်း သူအာရုံခံမိသော အလွန်ကျယ်ပြောသည့် စွမ်းအင်လှိုင်းများအရ ထိုနေရာသည် သူဝင်ရောက်ချင်သော လပုန်ကန်ခန်းမဖြစ်ကြောင်း မှန်းဆနိုင်ပေသည်။
“ စိတ်ဝင်စားစရာပဲ… ကြည့်ရတာ ဒီဟာက တတိယစစ်ဆေးမှုပဲ ဖြစ်ရမယ်… တကယ်လို့ ငါက လှိုင်ခေါင်းကို မဖြတ်ကျော်နိုင်ဘူးဆိုရင် လပုန်ကန်ခန်းမဆီ ဝင်ရောက်ဖို့ အရည်အချင်းမပြည့်မီဘူး ”
စူးရှသော အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အစတွင် သူက လပုန်ကန်ခန်းမဆီသို့ ဝင်ရောက်ချင်ရသည့် အဓိကအကြောင်းအရင်းမှာ လပုန်ကန်ခန်းမမှ အဖွဲ့ဝင်များက မျိုးဆက်ပေါင်းများစွာကြာသည်အထိ ကျိန်စာကို စူးစမ်းလေ့လာခဲ့ကြကြောင်း သွမ့်မူကျန်းက ပြောခဲ့ဖူးသောကြောင့် ဖြစ်သည်။ သူတို့သည် ကျိန်စာကို တခြားလူများထက် ပိုပြီးနက်နဲစွာ နားလည်ထားကြသည်။
သို့ဖြစ်၍ ရွှီချင်းသည် ကျိန်စာနှင့်ပတ်သက်သော သတင်းအချက်အလက်များရရန် လပုန်ကန်ခန်းမသို့ ဝင်ရောက်ချင်သည်။
မည်သို့ဖြစ်ပါစေ တစ်ဦးတစ်ယောက်တည်း၏ စူးစမ်းရှာဖွေမှုသည် နှစ်ပေါင်းများစွာကြာအောင် စူးစမ်းလေ့လာခဲ့သော အုပ်စုတစ်စု၏ ရလဒ်ကို မယှဉ်နိုင်ပေ။
ဤသည်မှာ ကျိန်စာကို လေ့လာရာတွင် ရွှီချင်းအတွက် အများကြီး အထောက်အကူဖြစ်စေပြီး အချိန်ကုန်သက်သာစေလိမ့်မည်။
ယခုအခါမှာတော့ ကျိန်စာနှင့်ပတ်သက်သော သတင်းအချက်အလက်များအပြင် သူက လပုန်ကန်ခန်းမကို စိတ်ဝင်စားလာသည်။
“ စီနီယာအကိုကြီးလည်းပဲ ဒီအဖွဲ့အစည်းကို ဝင်ရောက်ချင်နေတာ မဆန်းပါဘူး ”
ရွှီချင်း၏ အကြည့်သည် လေးနက်လာသည်။ ကျင့်ကြံခြင်းအခြေခံသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်သည် ကြီးထွားလာသည်။ သူက နတ်ဘုရားခန္ဓာကိုယ်အသွင်သို့ ပြောင်းလဲလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံများက ပဲ့တင်ထပ်သွားသည်နှင့် ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ ဘေးပတ်ဝန်းကျင်မှ အလင်းတံတိုင်းများသည် အတော်လေး မာကျောသည်။ သူက အစွမ်းကုန် အသုံးပြုထားသည့်တိုင် ယင်းကို အများကြီး မချဲ့ထွင်နိုင်ပေ။ သူ၏ ခန္ဓာကိုယ်သည် အမြင့်ငါးပေထိသာ ကြီးထွားနိုင်သည်။ သူက အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျစ်ညှစ်ခံနေရသော ခံစားမှုသည် ရွှီချင်းအား မသက်မသာ ခံစားရစေသည်။
သူက ခန္ဓာကိုယ်ကို ချက်ချင်း ပြန်ကျုံ့လိုက်လေရာ မူလအရွယ်အစားသို့ ပြန်ရောက်သွားသည်။
ရွှီချင်းသည် ပြန်ကျုံ့သွားသော အလင်းတံတိုင်းများကြားမှ နယ်မြေအလွတ်များကို အသုံးပြု၍ သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ ခရမ်းလဝိညာဉ်နတ်သူငယ်မှလွဲ၍ ကျန်ဝိညာဉ်နတ်သူငယ်များသည် အပြင်ဘက်မှာ ပေါ်ထွက်လာကြပြီး အရှေ့သို့ လက်သီးထိုးလွှတ်လိုက်ကြသည်။
တားမြစ်အဆိပ်၊ တစ္ဆေအင်ပါယာတောင်ကုန်း၊ ကောင်းကင်ဘုံတာအို၊ အချိန်ပုလင်း၊ ရွှေကျီးကန်းနှင့် နေနာရီများမှ စွမ်းအားသည် လက်သီးထိုးချက်မှတဆင့် ပေါင်းစုစည်းသွားကြပြီး စွမ်းအင်မုန်တိုင်းသို့ ပြောင်းလဲသွားကာ အရှေ့သို့ ရွေ့လျားသွားသည်။
အက်ကွဲသံများပျံ့လွင့်လာသည်နှင့် ရွှီချင်းသည် အရှေ့သို့ အမြန်ပြေးသွားပြီး မူလက သူရှိနေခဲ့သောနေရာနှင့် ခြေလှမ်းဒါဇင်ခန့် အဝေးမှာ ရပ်လိုက်သည်။
အချုပ်အနှောင်စွမ်းအားက သူ့အပေါ်သို့ ထပ်မံလွှမ်းခြုံလာသည့်အခါ ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး အရှေ့သို့ ဆက်ပြေးသွားရန် တူညီသော နည်းလမ်းကို ထပ်မံအသုံးပြုလိုက်သည်။
ရွှီချင်းသည် လမ်းကြောင်းဖွင့်လှစ်ရန် အကြမ်းပတမ်းနည်းကို ဆက်လက် အသုံးပြုနေသည်။ အရှေ့သို့ ခြေတစ်လှမ်းတိုးရန် အတော်လေး ခက်ခဲသော်လည်း ထိုနည်းလမ်းဖြင့် သူက ပေတစ်ထောင်အကွာသို့ လျှောက်လှမ်းနိုင်ခဲ့သည်။
ထိုနေရာသို့ ရောက်ရှိသွားသောအခါ သူက အားအင်ကုန်ခမ်းသွားပြီး မောပန်းနွမ်းနယ်နေသည်။ လှိုင်ခေါင်း၏ အဆုံးက အဝေးကြီးကျန်နေသေးသည်ကို အာရုံခံမိသွားသောအခါ ရွှီချင်းသည် သက်ပြင်းရှည်ကြီးချလိုက်လေသည်။
သူက ထွက်ခွာရန် ရွေးချယ်လိုက်ပြီး ဆေးဆိုင်ဆီသို့ ပြန်သွားသည်။ တစ်ခဏကြာ အနားယူပြီးနောက် သူက ကြေးမုံထဲသို့ တဖန်ပြန်ဝင်သွားသည်။
အစောနက သူဖွင့်လှစ်ထားခဲ့သော နေရာသည် ရွှီချင်းပြန်ရောက်လာသည့်အခါ မပျောက်ကွယ်သွားပေ။ ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး ပေတစ်ထောင်အကွာအဝေးကို စူးစိုက်ကြည့်လိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်က သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသောအခါ ယခင်နည်းလမ်းအတိုင်း အသုံးပြု၍ အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။
ထိုသို့ဖြင့် ရက်အတော်ကြာ ကုန်ဆုံးသွားသည်။
လင်းအာသည် ရွှီချင်းနောက်သို့ အချိန်တိုင်းလိုက်နေရန် မလိုအပ်ပေ။ သူ၏ အမှတ်အသားဖြင့်ဆိုလျှင် ရွှီချင်းသည် တစ်ယောက်တည်းလည်း ဝင်ရောက်နိုင်သည်။ သို့ဖြစ်၍ လင်းအာသည် ဆေးဆိုင်ကို ပြန်ဖွင့်လာသည်။
သို့သော်လည်း အချိန်တိုင်းမှာ လင်းအာသည် နောက်ဖေးခန်းကိုကြည့်ရန် ခေါင်းလှည့်လေ့ရှိသည်။ သူက ရွှီချင်း၏ တိုးတတ်မှုကို အာရုံစိုက်ထားသည်။
“ လပုန်ကန်ခန်းမကို ဝင်ရောက်ဖို့က အရမ်းခက်ခဲတာပဲ… အကိုရွှီချင်းရဲ့ အစွမ်းအစနဲ့တောင် အခုထိ မဝင်နိုင်သေးပါလား ”
လင်းအာသည် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
အလားတူသော စိတ်ခံစားချက်သည် ရွှီချင်း၏ စိတ်ထဲမှာ မကြာခဏ ထွက်ပေါ်လာနေသည်။