မင်းက ကြောက်တယ်… ငါလည်း ကြောက်တယ်(ခ)
Vol. 60 Ch. 947
လဝက်ကြာပြီးနောက် ရွှီချင်းသည် လပုန်ကန်ခန်းမဆီသို့ ဦးတည်နေသော လှိုင်ခေါင်းထဲမှာ ပေသုံးသောင်းနီးပါးခန့် ရှည်လျားသော လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့နောက် သူက ဆေးဆိုင်ဆီသို့ ပြန်သွားသည်။ သူက အခန်းထဲမှာ အမောတကော အသက်ရှူနေရင်း ထိုင်ချလိုက်သည်။ သူ၏ မျက်လုံးသည် သွေးရောင်လွှမ်းနေသည်။
“ လမ်းကြောင်းဖောက်တာ အခုမှ (၃၀)ရာခိုင်နှုန်းပဲ ပြီးသေးတယ်… လှိုင်ခေါင်းအဆုံးကိုရောက်ဖို့ ပေခုနစ်သောင်းလောက် ဝေးနေတုန်းပဲ ”
“ လပုန်ကန်ခန်းမကို ဝင်ရောက်နိုင်တဲ့လူတွေက သေချာပေါက် ပါရမီရှင်တွေ ဖြစ်ရမယ်… အနည်းဆုံး သူတို့က ဝိညာဉ်သိုက်အဆင့်မှာ ဖြစ်လောက်တယ် ”
ကြည်ညိုလေးစားမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။ သူက ထိုအဖွဲ့အစည်းအပေါ် အများကြီး မျှော်လင့်ထားသည်။ တတိယစစ်ဆေးမှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သူသည် သေချာပေါက် အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်ရမည်ဟု သူခံစားမိသည်။
“ ငါလည်း လုပ်နိုင်ရမယ် ”
ရွှီချင်း၏ မျက်နှာပေါ်မှာ ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာ ဖြစ်ပေါ်လာသည်။ တစ်ခဏကြာ အနားယူပြီးနောက် သူက ကြေးမုံထဲသို့ ထပ်မံဝင်ရောက်သွားပြီး အလင်းတံတိုင်းများကို တိုက်ခိုက်ဖျက်ဆီးပစ်လိုက်သည်။
အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ လုပ်ဆောင်ခဲ့မှုကြောင့် ရွှီချင်းသည် အတွေ့အကြုံရင့်ကျက်လာသည်။ ထိုဖိအားအောက်မှာ သူ၏ ခန္ဓာကိုယ်သည် ပိုပြီးသန်မာလာသည်။ သူ့ခန္ဓာကိုယ်၏ ကြီးထွားနိုင်သော အရွယ်အစားသည် အမြင့်ငါးပေမှ ဆယ်ပေအထိ တိုးမြှင့်သွားသည်။
ရလဒ်အနေဖြင့် သူ၏ အမြန်နှုန်းသည် အများကြီး တိုးမြှင့်သွားသည်။ နောက်ထပ်လဝက်ခန့်ကြာပြီးနောက် သူက ပေရှစ်သောင်းအကွာအဝေးကို အောင်မြင်စွာ လမ်းကြောင်းဖောက်နိုင်သွားသည်။
သူက ထိုနေရာမှာရပ်နေရင်း သူဖောက်ခဲ့သော လမ်းကြောင်းကို ပြန်လှည့်ကြည့်လိုက်လေရာ ကြီးမားသော ခက်ခဲကြမ်းတမ်းမှုကို ခံစားမိသွားသည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ပေနှစ်သောင်းအကွာအဝေးကို အာရုံခံလိုက်သည်။ လပုန်ကန်ခန်းမမှ အဖွဲ့သားများအပေါ် သူ၏ ကြည်ညိုလေးစားမှုသည် ပိုပြီးအားကောင်းလာသည်။
“ ပေနှစ်သောင်းကျန်သေးတယ်… အဲ့ဒါက လပုန်ကန်ခန်းမဖြစ်မယ်လို့ ငါမျှော်လင့်တယ် ”
ရွှီချင်းက အတင်းအကျပ် ချိုးဖောက်ဖွင့်လှစ်နေသော လမ်းကြောင်းအဆုံးမှ နေရာသည် အမှန်တကယ်ပင် လပုန်ကန်ခန်းမနှင့် ဆက်သွယ်ထားသော နေရာဖြစ်သည်။
လပုန်ကန်ခန်းမ၏ တည်နေရာသည် အလွန်ကျယ်ပြောသော သီးခြားနယ်မြေလွတ်တစ်ခုမှာ ဖြစ်သည်။ ထိုအထဲတွင် အရွယ်အစား ဖော်မပြနိုင်အောင် အလွန်ကြီးမားသော တောင်တစ်လုံး ရှိသည်။
ထိုဧရာမတောင်ပေါ်တွင် ရှေးဟောင်းဘုရားကျောင်းတစ်သိန်းခန့် တည်ရှိကြသည်။ ဘုရားကျောင်းတစ်ခုနှင့်တစ်ခုသည် အတန်ငယ် ဝေးကွာကြသော်လည်း အဝေးမှကြည့်လျှင် တောင်ကုန်းတစ်ခုပေါ်မှာ မှိုပွင့်များ စုပြုံပေါက်ရောက်နေသကဲ့သို့ မြင်ရလိမ့်မည်။
ဘုရားကျောင်းတစ်စုစီသည် ရှေးဟောင်းအငွေ့အသက်ကို ပေးစွမ်းသည်။ ဤသည်မှာ အချိန်မြစ်က မခန့်မှန်းနိုင်သော အချိန်ကာလတစ်ခုကြာအောင် ထိုနေရာမှာ စီးဆင်းနေခဲ့ဟန် ရသည်။
တချို့ဘုရားကျောင်းများသည် အရောင်အဝါထွက်ပေါ်နေပြီး တချို့ဘုရားကျောင်းများသည် အမှောင်ထု၏ ဖုံးလွှမ်းခံထားရသည်။ အရောင်အဝါထွက်ပေါ်နေသော ဘုရားကျောင်းများထဲတွင် ရုပ်တုများရှိပြီး သက်တံ့အလင်းများသည် ထိုရုပ်တုများထံမှ ထွက်ပေါ်နေသည်။
ရံဖန်ရံခါ ထိုရုပ်တုများသည် ဘုရားကျောင်း၏ အပြင်ဘက်သို့ ထွက်လျှောက်လာကြပြီး တခြားဘုရားကျောင်းများဆီသို့ ပျံသန်းသွားကြသည်။ သိမ်မွေ့သော အလင်းရောင်သည် ၎င်းတို့ကို လွှမ်းခြုံထားပြီး နတ်ဘုရားအရှိန်အဝါတစ်ခုက ၎င်းတို့အားလုံး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေလေသည်။
၎င်းတို့က ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တည်ရှိနေကြသည်။ အဝေးမှကြည့်လျှင် ၎င်းတို့က နတ်ဘုရားများနှင့် နတ်ဆိုးများသဖွယ် ထင်မှတ်ရ၏။
ဧရာမတောင်ကြီးကို အလုံးစုံခြုံငုံကြည့်မည်ဆိုလျှင် ဘုရားကျောင်းများကို အများဆုံး တွေ့မြင်ရလိမ့်မည်။ ဘုရားကျောင်းထက်ဝက်သည် အရောင်မှေးမှိန်နေပြီး ကျန်ထက်ဝက်သည် အလင်းရောင် တောက်ပနေသည်။
အရောင်အဝါတောက်ပနေသော ဘုရားကျောင်းများ၏ အလည်တွင် ဘုရားကျောင်းတစ်ခု တည်ရှိသည်။
ထိုဘုရားကျောင်းသည် အစပိုင်းတွင် ပုံမှန်သာ ဖြစ်သည်။ သို့သော်လည်း ဤလအတွင်းမှာ ယင်းက အနီးနားမှ ဘုရားကျောင်းများ၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။
အကြောင်းအရင်းမှာ ယင်းက အလွန်ဆူညံသောကြောင့် ဖြစ်သည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက လမ်းကြောင်းကို အတင်းအကျပ် ရိုက်ချိုးဖွင့်နေစဉ် အလွန်ကျယ်လောင်သော ပေါက်ကွဲသံများသည် ထိုဘုရားကျောင်းထဲမှ ဆူညံစွာ ထွက်ပေါ်လာသည်။ အသံသည် အလွန်ကျယ်လောင်သောကြောင့် အနီးနားပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
“ ထပ်ဖြစ်ပြန်ပြီလား ”
ရုပ်တုသုံးလေးရုပ်သည် အနီးနားဝန်းကျင်ရှိ ဘုရားကျောင်းထဲမှ ထွက်လျှောက်လာကြပြီး ဆူညံသံများထွက်ပေါ်နေသော ဘုရားကျောင်းကို စူးစိုက်ကြည့်လိုက်ကြသည်။
“ နားငြီးလိုက်တာကွာ… အဲ့လူက အတော်ရိုင်းစိုင်းတာပဲ… သူက အထဲမှာ ဘာလုပ်နေတာလဲ ”
“ တစ်လတောင်ရှိသွားပြီ… တကယ်လို့ အဲ့လူက အထဲဝင်ချင်တယ်ဆိုရင်လည်း မြန်မြန်ဝင်လာတာမဟုတ်ဘူး… အကာအကွယ်အလင်းတံတိုင်းတွေကို တရစပ် ထုရိုက်နေတယ်… သူ့မှာ ဘာအစီအစဉ်ရှိလို့များလဲ ”
“ အရူး ”
“ အဲ့ကောင်က သေချာပေါက် အရူးပဲဖြစ်ရမယ် ”
ထုရိုက်သံများက ပိုမိုကျယ်လောင်လာသည်နှင့်အမျှ ရုပ်တုအများအပြားသည် အနီးနားဝန်းကျင်မှ ဘုရားကျောင်းများထဲမှ ထွက်လျှောက်လာကြသည်။ သူတို့အားလုံးသည် ဘုရားကျောင်းထံသို့ အကူအညီမဲ့စွာ စိုက်ကြည့်လိုက်ကြသည်။
“ ဒီလိုကိစ္စမျိုး ငါ့ဘဝမှာ တစ်ခါမှမမြင်ဖူးဘူး… ငါတို့အတွက် အကာအကွယ်လမ်းကြောင်းဆိုတာ ခြေတစ်လှမ်းနဲ့ ဖြတ်ကျော်လို့ရတဲ့အရာပါ… ဒီလူက ဘာလို့ အခုလိုမျိုး တရစပ် ထုရိုက်နေတာလဲ ”
“ သူက ဘယ်လောက်သန်မာကြောင်း ကြွားချင်လို့များလား ”
“ ဒါပေမဲ့ ကြွားဝါတော့ရော ဘာအသုံးဝင်မှာလဲ… လပုန်ကန်ခန်းမမှာ ဆရာသခင်မရှိတော့တာ နှစ်တွေအတော်ကြာခဲ့ပြီ… လက်နက်ဝိညာဉ်ကလည်း အိပ်မောကျနေပြီး အခြေခံလုပ်ဆောင်ချက်လောက်ပဲ အသုံးပြုနိုင်တော့တယ်… အဲ့ဒါရဲ့ အလုပ်လုပ်ဆောင်ပုံကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အကာအကွယ်အလင်းတံတိုင်းကို ပါဝင်ဖြေဆိုသူရဲ့ ကျင့်ကြံခြင်းအဆင့်အလိုက် ချိန်ညှိထားတယ်လေ… အဲ့ဒါက ပါဝင်ဖြေဆိုသူတွေကို ဘာအခက်အခဲမှမရှိဘဲ လမ်းပြပေးလိမ့်မယ် ”
“ ဘာလို့ ဒီလူက လှေကားထစ်တွေကို တရစပ် ထုရိုက်နေရတာလဲ… ဒီအတိုင်း လျှောက်လာလို့ရနေတဲ့ဟာကို… ဘာလို့များ ခက်ခက်ခဲခဲ ကြိုးစားနေရသလိုမျိုး လုပ်နေတာလဲ ”
ရုပ်တုများက ဆွေးနွေးနေကြစဉ် ဆူညံသံများသည် ဆက်လက်ပဲ့တင်ထပ်လာပြီး ပိုမိုကျယ်လောင်လာသည်။
အနီးနားမှ ရုပ်တုအားလုံးသည် အကူအညီမဲ့စွာ ခေါင်းခါလိုက်ကြသည်။ ဘုရားကျောင်းက မပွင့်သေးခင် သူတို့သည် အထဲသို့ မဝင်နိုင်ကြပေ။ သို့ဖြစ်၍ သူတို့သည် စိတ်ရှုပ်စရာကောင်းသော ဆူညံသံများကို ဆက်နားမထောင်ရန် ဘုရားကျောင်းထဲသို့ အသီးသီးပြန်ဝင်သွားကြသည်။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် ယင်းက သိပ်မကြာခဲ့ပေ။ ဆူညံသံများသည် လေးနာရီကြာပဲ့တင်ထပ်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရွှီချင်းသည် မောပန်းသွားပြီ ဖြစ်သည်။
သူက အမောတကော အသက်ရှူရင်း ကျန်ရှိနေသော ပေတစ်သောင်းအကွာအဝေးကို ကြည့်လိုက်သည်။
ထို့နောက် သူက ဆေးဆိုင်ဆီသို့ ပြန်သွားသည်။
သူက ဆေးဆိုင်၏ နောက်ဖေးခန်းထဲမှာ ပြန်ပေါ်လာသည်နှင့်ချက်ချင်း စိတ်ဓာတ်ပြတ်သားသော အကြည့်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ နောက်သုံးလေးရက်ကြာရင် လမ်းကြောင်းကို သေချာပေါက် ငါဖွင့်လှစ်နိုင်လိမ့်မယ် ”
သူက နောက်ဆုံးမှာတော့ တတိယစစ်ဆေးမှုကို ဖြတ်ကျော်နိုင်တော့မည်ဟု စဉ်းစားမိသွားသည့်အခါ ရွှီချင်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။ ဤစစ်ဆေးခြင်းသည် အလွန်အမင်း ခက်ခဲသည်ဟု သူခံစားမိသည်။
“ လပုန်ကန်ခန်းမဆီ ငါဝင်ပြီးရင် ပိုပြီးသတိထားရလိမ့်မယ်… ခန်းမထဲက လူတွေက သေချာပေါက် သာမညောင်ညတွေ မဟုတ်ဘူး ”
ရွှီချင်း၏ အမူအရာမှာ တည်ကြည်လေးနက်မှုဖြင့် ပြည့်နှက်နေသည်။ သူက အားအင်ပြန်ဖြည့်တင်းရန် မျက်လုံးမှိတ်ပြီး တရားမထိုင်မီ သူ၏ နတ်ဘုရားအသိစိတ်ဖြင့် ဆေးဆိုင်ကို ဖြန့်ကြက်လိုက်သည်။
ယခု ဆေးဆိုင်ထဲမှာ ဆေးဝယ်နေကြသော လူတချို့ရှိသည်။
ဆေးဆိုင်၏ ဂုဏ်သတင်းက မြို့ထဲမှာ ပျံ့နှံ့လာသည်နှင့်အမျှ စီးပွားရေးသည် ပိုပိုပြီး ကောင်းမွန်လာသည်။ အထူးသဖြင့် သူ့ထံမှ အဆိပ်ဖြေဆေးဝယ်သွားခဲ့သော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ဂိုဏ်းဖြစ်သည်။
သူတို့၏ အခက်အခဲက အောင်မြင်စွာ ပြေလည်သွားသောကြောင့် သူတို့သည် ရွှီချင်းကို ပိုပြီးရိုသေလာကြသည်။
သူတို့၏ ခြိမ်းခြောက်မှုအောက်မှာ အင်အားစုငယ်များသည် ဆေးဆိုင်ကို မထိပါးဝံ့ကြချေ။ သူတို့၏ ကာကွယ်ပေးမှုအောက်မှာ ဆေးလုံးဖြူများကို အဆင်ပြေချောမွေ့စွာ ရောင်းချလာနိုင်သည်။
သူတို့သည် တစ်နေ့လျှင် ဆေးလုံးဖြူတစ်ရာခန့် ရောင်းရသည်။
ကံကောင်းစွာဖြင့် ရွှီချင်းထံမှာ ဆေးလုံးဖြူအများအပြား ရှိသည်။ ရံဖန်ရံခါ သူက ဆေးလုံးဖြူများကို သန့်စင်လေ့ရှိသည်။
ဆေးပင်များအတွက်တော့ နှစ်ပေါင်းများစွာ သူသိမ်းဆည်းထားခဲ့သော ဆေးပင်များအပြင် တချို့ကို အပြင်ဘက်မှ ဝယ်ယူခဲ့သည်။
သူက ဆေးပင်များကို ဝယ်ယူစုဆောင်းလေ့မရှိသော်လည်း သက်လတ်ပိုင်းကျင့်ကြံသူ ချန်းဖန်ကျိုးသည် ဆေးဆိုင်သို့ မကြာမကြာ ရောက်လာတတ်သည်။ သူက ရောက်လာသည့်အခါတိုင်း ဆေးပင်များကို တရိုတသေ ယူဆောင်လာတတ်သည်။ တစ်ခါတစ်ရံ ရွှီချင်းကို သူမမြင်မိသည့်အခါမျိုးတွင် သူ့ကို အနှောင့်အယှက်မပေးသင့်ကြောင်း သိထားသဖြင့် ဆေးပင်များကို ထားရစ်ပြီးနောက် လင်းအာကို နှုတ်ဆက်ပြီး ပြန်သွားလေ့ရှိသည်။