← Chapters

ပြိုင်ဘက်ကင်းဟူသည် လောကတွင် အထီးကျန်ဆုံးသောအရာပေတည်း။

Vol. 23 Ch. 311

ပြိုင်ဘက်ကင်းဟူသည် လောကတွင် အထီးကျန်ဆုံးသောအရာပေတည်း။

Vol. 23 Ch. 311

ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ ထူးဆန်းနေခဲ့ကာ စုန့်ချယ်၏နောက်ကျောအား အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ အကြောင်းရင်းမတိပသော်ငြား စုန့်ချယ်သည် အနည်းငယ်ထူးဆန်းနေသည်ဟု ဝမ်ဖုန်း အမြဲလိုလို ခံစားနေခဲ့ရသည်။

ဝမ်ဖုန်း ခေါင်းခါယမ်းလိုက်သည်။ သူ အတွေးမများလိုပါ။ နဉ်းတောက်ချီနှင့်အခြားအကြီးအကဲများကို တပည့်များအား ဆက်လက်သင်ကြားစေခဲ့ပြီး ဝမ်ဖုန်းကိုယ်တိုင်သည်တော့ စနစ်‌ဈေးတန်းသို့ ဝင်ရောက်သွားခဲ့သည်။

ယခုလက်ရှိတွင် ဝမ်ဖုန်း၌ ဂိုဏ်းအမှတ်၁.၆ဘီလီယံရှိ၏။ ပမာဏများပြားသည်ဖြစ်ရာ ဂိုဏ်းတပည့်များကို မြှင့်တင်ပေးရန် အချိန်ကျရောက်လေပြီ။ ထိုအ‌တွေးနှင့်အတူ ဝမ်ဖုန်း ပြောလိုက်သည်။

“စနစ် ဂိုဏ်းအမှတ်သန်း၅၀၀သုံးမယ်။ အဲဒီ့ပမာဏနဲ့ အဆင့်မြင့်ရုပ်ခန္ဓာ၁၀၀ကို လဲလှယ်ပြီး လက်ရွေးစင်အချို့ကလွဲပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ပါရမီအကောင်းဆုံးတပည့်တစ်ရာကို ပေါင်းစည်းထည့်ပေးမယ်”

“ဒင်! အဆင့်မြင့်ရုပ်ခန္ဓာတစ်ရာကို လဲလှယ်ပြီး ပါရမီအကောင်းဆုံး တပည့်တစ်ရာရဲ့ခန္ဓာထဲကို ပေါင်းစည်းထည့်သွင်းပြီးပါပြီ။ အနာဂတ်မှာ ဖြေးဖြေးချင်း ရုပ်ခန္ဓာပေါ်ထွက်လာပါလိမ့်မယ်”

စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဝမ်ဖုန်း တစ်ချိန်က ပြောခဲ့ဖူးသည်။ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်လျှင် ထိပ်တန်းရုပ်ခန္ဓာနှင့်သွေးမျိုးဆက်ကို ပိုင်ဆိုင်နိုင်မည်ဟူ၍။ ဤသည်မှာ သူ၏ကတိစကားကို ဖြေးဖြေးချင်း ဖြည့်ဆည်းသွားရန် အချိန်ကျရောက်ခဲ့လေပြီ။

“စနစ် ဂိုဏ်းအမှတ်သန်း၅၀၀ကို အသုံးပြုပြီး အလယ်အလတ်အဆင့်ရုပ်ခန္ဓာ၅၀၀ကို လဲလှယ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေရဲ့ ခန္ဓာထဲကို ထည့်သွင်းပေးပါ”

ဝမ်ဖုန်း အချိန်ခဏမျှ စဉ်းစားတွေးတောပြီးနောက် ထပ်ပြောခဲ့သည်။

အဆင့်မြင့်ရုပ်ခန္ဓာ၏တန်ဖိုးသည် ၅သန်းဖြစ်ပြီး အလယ်အလတ်အဆင့်ရုပ်ခန္ဓာ၏တန်ဖိုးသည် ၁သန်းဖြစ်သည်။ ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်အားလုံးတွင် အဆင့်မြင့်ရုပ်ခန္ဓာတည်‌ရှိစေလို၏။ သူ၏လက်ရှိဂိုဏ်းအမှတ်ပမာဏဖြင့် မတတ်နိုင်‌သည်ဖြစ်ရာ ဦးစွာ အလယ်အလတ်အဆင့်ရုပ်ခန္ဓာများကို ထည့်သွင်းပေးထားပေမည်။ နောက်ပိုင်းမှ သူတို့၏ရုပ်ခန္ဓာကို တိုးတက်စေမည်။

“ဒင်! အလယ်အလတ်အဆင့်ရုပ်ခန္ဓာ၅၀၀ကို ရှန်ရှန့်ကျုံဂိုဏ်းတပည့်၅၀၀၏ ခန္ဓာထဲကို ထည့်သွင်းပြီးပါပြီ။ အနာဂတ်မှာ ဖြေးဖြေးချင်း ရုပ်ခန္ဓာပေါ်ထွက်လာပါလိမ့်မယ်”

ဂိုဏ်းအမှတ်သန်း၆၀၀ ကျန်ရှိနေသေးသော်ငြား ၁ဘီလီယံသောဂိုဏ်းအမှတ်များကို တစ်ကြိမ်တည်းဖြင့် အကုန်အစင် အသုံးပြုလိုက်ခြင်းသည် မဆင်မခြင်လုပ်ဆောင်ခြင်းသာ ဖြစ်ပေမည်။ ဝမ်ဖုန်းသည် ဤကမ္ဘာသို့ ပထမဆုံးရောက်လာခဲ့ချိန်မှစ၍ ထိုသို့လုပ်ဆောင်ခဲ့ဖူးခြင်း မရှိပါချေ။

ဝမ်ဖုန်း ဂိုဏ်းအမှတ်များကို ဆက်လက်အသုံးမပြုခဲ့ပါ။ ဂိုဏ်းအမှတ်များကို စုဆောင်းထား၍ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများကို ဖျက်ဆီးပြီးနောက်တွင်မှ အသုံးပြုရန် စီစဉ်ထား၏။ ကျင့်စဉ်ငယ်၉ခုဖြင့်လဲလှယ်၍ တာ့အိုနတ်ဘုရားနဝမကြယ်အဆင့်သို့ အောင်မြင်စွာတက်လှမ်းပေမည်။

ကျင့်စဉ်ငယ်၉ခုပေါင်းစည်းခြင်းဖြင့် တာ့အိုနတ်ဘုရားနဝမကြယ်အဆင့်ကို အောင်မြင်စွာရောက်ရှိနိုင်ပါလျှင် မည်မျှကြောက်ခမန်းလိလိသော အင်အားမျိုးဖြစ်လိမ့်မည်ကို ဝမ်ဖုန်း စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်ပါချေ။

ထိုက်ရွှမ်ဆန်းကြယ်ဘုံသို့ ထိုးဖောက်ရောက်ရှိနိုင်ပါလျှင် တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် အတိတ်ကာလထက် သာလွန်နိုင်၍ ထွန်းတောက်စွာသော မျိုးဆက်သစ်များထက်လည်း သာလွန်နိုင်ပေသည်။

ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများနှင့် ဝမ်ဖုန်း ဆင့်ခေါ်ထားခဲ့သည့်တည်ရှိမှုများ ရှိပါသော်ငြား ဝမ်ဖုန်းသည် မိမိ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို မွန်းမံရန်အတွက် တွေဝေမှုမရှိခဲ့ချေ။ မိမိမှာ ကျင့်ကြံခဲ့ဖူးခြင်း အလျဉ်းမရှိခဲ့သော်ငြား လက်ရှိအဆင့်အထိ ရောက်ရှိနိုင်ခဲ့သည်။ သို့ဖြစ်ရာ ဤသည်မှာ သူ၏စွမ်းရည်ပင် မဟုတ်ပါလော။

ထို့ကြောင့် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ ဥပမာ ကုချိုးကဲ့သို့သော ဂိုဏ်းတပည့်များကို ဝမ်ဖုန်းသည် တစ်ကြိမ်တစ်ခါသော်မျှ မနာလိုအားကျခြင်း မရှိခဲ့ဖူးပါချေ။ ရှန်ရှန့်ကျုံဂိုဏ်းကြီးတစ်ခုလုံးတွင် ဂိုဏ်းချုပ်ဖြစ်သူ မိမိသည်သာလျှင် အထွန်းတောက်ဆုံးသောတည်ရှိမှု ဖြစ်၏။

သေချာပေါက်ပင် တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို သန့်စင်မွမ်းမံခြင်းနှင့် အခြားသူနှင့်တိုက်ခိုက်ခြင်းသည် မတူညီသောကိစ္စရပ်ဖြစ်ပါ၏။ ရှန်ရှန့်ကျုံဂိုဏ်းအနေဖြင့် ဂိုဏ်းချုပ်မှ အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ရန် လိုအပ်နေပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်သိမ်းရုံသာရှိပေလိမ့်မည်။

…..

ရှုံယင်းမြို့မှ မိုင်ရာချီအကွာအဝေးတွင် ကုချိုး၊ကုကန်းချိုးညီအစ်ကိုနှစ်ဦးသည် လက်နှစ်ဖက်နောက်ပစ်လျက် မြို့ကြီးအား လဲလျောင်းနေသည့်သားရဲတစ်ကောင်အလား လေဟာပြင်ထက်မှ စီးမိုးကြည့်ရှုနေခဲ့သည်။

လုယက်ခြင်းဘုရင်မှ လှုပ်ရှားလျှင် ချုပ်ဝတ်တန်ဆာပင် မကျန်ရစ်လေတော့။

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ သက်ကြီးရွယ်အိုဖြစ်စေ၊ အားကြီးသူဖြစ်စေ၊ အားနည်းသူဖြစ်စေ အရေးမပါချေ။ ညီအစ်ကိုနှစ်ဦးမှ မျက်စိကျလျှင် စိတ်လိုလက်ရ မပေးအပ်ပါက ဖျက်ဆီးခံရမည်သာဖြစ်၏။

“အစ်ကို ငါ့တို့ရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ ဘာလို့အဲဒီ့အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေကို သွားပြီးမလုယက်ရမလဲ? အဲဒီ့အမြစ်ရှည်တဲ့ မျိုးနွယ်စုတွေက သေချာပေါက် ပိုင်ဆိုင်မှုတွေ အများကြီးရှိမှာပဲ!”

ကုချိုးသည် ဘေးရှိကုကန်းချိုးအား ရှုပ်ထွေးစွာဖြင့်ပြော၏။

“ညီလေး မင်းရဲ့ကျင့်ကြံဆင့်က ငါ့ထက်မြင့်ပေမယ့် ဦးနှောက်ကတော့ ဒီအစ်ကိုလောက် မကောင်းသေးဘူးပဲ”

ကုကန်းချိုးသည် ကုချိုး၏ပခုံးကို ခပ်သာသာပုတ်လျက် သက်ပြင်းချ၏။

“မင်းစဉ်းစားကြည့်လေ.. အဲဒီ့အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေက ပိုင်ဆိုင်မှုတွေများပြားသလို အင်အားလည်းကြီးမားတယ်။ မင်းရဲ့ကျင့်ကြံဆင့်က တာ့အိုနတ်ဘုရားနဝမကြယ်အဆင့်ဖြစ်နေရင်တောင်မှ အဲဒီ့မျိုးနွယ်စုကြီးကို တစ်ယောက်တည်းရင်ဆိုင်ဖို့ ခက်ခဲမှာပဲ”

“ပြီး‌ေတာ့ လုယက်မှုအောင်မြင်ခဲ့ရင်တောင် အဲဒါတွေကို ဂိုဏ်းချုပ်ကို လက်လွှဲပေးရမှာ။ ငါတို့အတွက် ဘာမှသိပ်ကျန်မှာမဟုတ်ဘူး။ အားစိုက်ထုတ်မှုနဲ့ အကျိုးအမြတ်က အချိုးညီမနေဘူး။ အဲ့တော့ အဲဒီ့မျိုးနွယ်စုတွေကို သွားလုယက်တာက ငါတို့အတွက် မထိုက်တန်ဘူးလို့ သတ်မှတ်နိုင်တယ်!”

“အဓိပ္ပာယ်ရှိတယ်! အစ်ကိုကြီးက ထက်မြက်ပါတယ်!”

ကုကန်းချိုး၏စကားအဆုံးတွင် ကုချိုးမှ သဘောတူညီစွာ ခေါင်းညိတ်၏။

“ပြီးတော့ ဒီရှုံယင်းမြို့ကို သေးတယ်လို့မထင်လိုက်နဲ့။ မြို့တွင်းမှာက ဘယ်လိုမှ သာမန်မဖြစ်နိုင်ဘူး”

ရှုံယင်းမြို့ကိုကြည့်ရှုနေသော ကုကန်းချိုး၏မျက်လုံးများတွင် အလင်းတစ်စဖြတ်ပြေးသွားလျက် တည်ကြည်လေးနက်စွာပြော၏။

“အို? ဘာကိုပြောတာလဲ?”

ထိုစကားတွင် ကုချိုးသည် စိတ်ဝင်တစားရှိလာခဲ့ကာ အလျင်စလိုမေးမြန်း၏။

“ဒီရှုံယင်းမြို့ကြီးထဲမှာ လင်းယုန်ကုန်သည်အသင်းဆိုတဲ့ ကုန်သည်ကြီးများအသင်းရှိတယ်။ အဲဒီ့ကုန်သည်အသင်းက အချိန်တစ်ခုကြာ လှည့်လည်နေခဲ့တာ။ ဒါပေမဲ့ အချိန်တိုလေးအတွင်းမှာပဲ များပြားလွန်းတဲ့ပိုင်ဆိုင်မှုတွေကို စုဆောင်းမိခဲ့တယ်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေအတွက်ကျ ကန့်သတ်ချက်တွေကြောင့် အချိန်ကြာရှည်တယ်။ အဲ့‌လိုဆိုမှတော့ လုယက်ဖို့အတွက် ငါတို့အလှည့်ကျဖို့ ဘာလို့စောင့်ဆိုင်းနေရမလဲ!”

ကုချိုးသည် နားလည်သဘောပေါက်သွားခဲ့၍ ဖြေး‌ညင်းစွာပြောလာခဲ့သည်။

“အဲ့လိုကိုး! အစ်ကို ငါနားလည်ပြီ! ဒီလင်းယုန်ကုန်သည်အသင်းက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေလောက် ချမ်းသာကြွယ်ဝမှု မရှိတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့က အားနည်းတယ်။ အစ်ကို ငါသူတို့ကို ဖျက်ဆီးပစ်နိုင်တယ်။ အဲ့တော့ ရိုးရိုးရှင်းရှင်းပဲ အကျိုးအမြတ်က အားစိုက်ထုတ်မှုထက် ပိုများတယ်.. ငါတို့လုယက်ဖို့အတွက် ထိုက်တန်တယ် ဟုတ်တယ်မလား?”

“ငါ့ညီလို့မဆိုရဘူး! မင်းပြောတာမှန်တယ်!”

ကုကန်းချိုးမှ စိတ်ကျေနပ်စွာ သဘောတူခေါင်းညိတ်၏။  

“ငါတို့ညီအစ်ကိုနှစ်ယောက်က တစ်ယောက်က ဒီထျန်းလန်ဒေသတစ်ခွင်မှာ တိုက်ခိုက်စွမ်းရည်ထိပ်ခေါင်ဖြစ်ပြီး တစ်ယောက်က ဉာဏ်ပညာစွမ်းရည်ထိပ်ခေါင်ပဲ! ဉာဏ်ပညာထိပ်‌ခေါင်နဲ့ တိုက်ခိုက်ရေးထိပ်ခေါင်တို့ အင်အားပေါင်းစည်းမှတော့ ဘယ်သူကများ ငါတို့ရဲ့ပြိုင်ဘက်ဖြစ်နိုင်တော့မှာလဲ?”

“လောကမှာ အထီးကျန်ရဆုံးသောအရာက ပြိုင်ဘက်ကင်းအဖြစ် ထိပ်ဆုံးမှာရပ်တည်နေရခြင်းပဲ!”

ကုကန်းချိုးသည် ခေါင်းတရမ်းရမ်းနှင့် သက်ပြင်းချ၏။

ကုကန်းချိုး၏စကားကြောင့် ကုချိုးမှ ကုကန်းချိုးအား ထူးဆန်းစွာကြည့်လာလေသည်။

“အစ်ကိုကြီးက အတော်ဆုံးပါ.. ဒီ‌ညီလေးထက်ကို အများကြီးပိုတော်ပါတယ် ဟုတ်ပြီနော်?”

အစ်ကိုကြီးရေ.. ငါက ထျန်းလန်ဒေသရဲ့ တိုက်ခိုက်ရေးထိပ်ခေါင်ဖြစ်ပြီး မင်းက ဉာဏ်ပညာထိပ်ခေါင်ဆိုရင်တော့ ငါတို့ဒီအကြောင်းကို နည်းနည်းတော့ ပြန်ဆွေးနွေးရလိမ့်မယ်။ မင်းက ငါ့အစ်ကိုဖြစ်နေတာကြောင့်သာမဟုတ်ရင် ငါမင်းကို လူကြားထဲထုတ်ပြောဖို့တောင် ရှက်ရွံ့နေမိမှာ သိရဲ့လား? ငါလေ မင်းကိုထိန်းချုပ်နိုင်တဲ့ လူဒါဇင်လောက်ကို မိနစ်ပိုင်းအတွင်း ရှာပေးနိုင်တယ်ရယ်!

“အစ်ကို ငါတို့ တိုက်ရိုက်ပဲ သွားလုယက်ကြမလား ဒါမှမဟုတ် အစီအစဉ်ချဦးမလား?”

ကုချိုးသည် ကုကန်းချိုးမှ ထက်မြက်ဟန်ဆောင်ရန် အချိန်အနည်းငယ်စောင့်ဆိုင်းပေးပြီးနောက် မေးမြန်းလိုက်သည်။

အစ်ကိုကြီးကို အရှက်မရစေရန် ညီငယ်လေးမှာ စိတ်ကိုထိန်းချုပ်၍ အစ်ကိုကြီးကို အချိန်အနည်းငယ်မှ ဟန်ဆောင်ခွင့်ပေးထားရလေသည်။

ဒီလောကမှာ ငါထက်ကောင်းမွန်တဲ့ညီ ရှိပါဦးမလား?

“အစီအစဥ်ချပြီးလုပ်ကြတာပေါ့။ ငါတို့ညီအစ်ကိုနှစ်ယောက်ကလည်း ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ထိပ်တန်းကျင့်ကြံသူတွေပဲလေ။ ဒီတိုင်းကြီး သွားလုယက်လိုက်ရင် အကျိုးသက်ရောက်မှု သိပ်မကောင်းလောက်ဘူး။ ငါအရင်သွားပြီး ကြွေထည်ပစ္စည်းတွေကို ထိလိုက်ပြီးတော့ သူတို့တိုက်ခိုက်တာကို တစ်ချက်လောက်ခံလိုက်မယ်။ ပြီးရင် ဒဏ်ရာရဟန်ဆောင်ပြီး သွေးတစ်ပွက်လောက် အန်ပြလိုက်မယ်။ ပြီးရင် မင်းက ဘာမှမပြောဘဲ တစ်ဟုန်ထိုးဝင်လာပြီး သူတို့ကို သေအောင်ရိုက်သတ်ပစ်လိုက်!”

“ဘာလို့များ သူတို့ကို ဒီတိုင်းသေအောင်ရိုက်သတ်ပစ်လိုက်လို့ပဲ မပြောလိုက်ရတာလဲ‌ဗျာ?”

ကုချိုးသည် ကုကန်းချိုးအား ထူးဆန်းစွာကြည့်နေ၏။ မည်သည့်အကြောင်းကြောင့်မသိပေ.. သူ၏အစ်ကိုဖြစ်သူမှာ သူ့အား တမင်ရည်ရွယ်၍ အထက်စီးမှပြုမူခွင့် မပြုသည်ကဲ့သို့ ခံစားနေရပေသည်။

‘ငါက လုယက်ခြင်းဘုရင်ကုချိုးပဲ! မင်းတို့က ငါ့အစ်ကိုကို ထိခိုက်အောင်လုပ်ရဲတယ်ပေါ့လေ? သေချင်နေတာပဲ!’

ထိုသို့သောဟစ်ကြွေးသံကို စဉ်းစားကြည့်ပါလေ။ လွန်ကဲနေမှုကြီးကို ခံစားရသည်မဟုတ်ပါလော?

ကုချိုးမှာ အတော်လေး မကျေမနပ်ခံစားနေရ၏။ မိမိမှာ အသိစိတ်လေးထားရှိ၍ အစ်ကိုဖြစ်သူအား အချိန်ခဏမျှ ဟန်ဆောင်ခွင့်ပေးနေရဦးမည်။

စိတ်ပျက်စရာကြီး!

All Chapters