← Chapters

တာ့အိုနတ်ဘုရားအဆင့်ကိုများ ဘာတွေကြောက်စရာရှိနေလို့လဲ?

Vol. 23 Ch. 312

တာ့အိုနတ်ဘုရားအဆင့်ကိုများ ဘာတွေကြောက်စရာရှိနေလို့လဲ?

Vol. 23 Ch. 312

“အစ်ကိုစဉ်းစားကြည့် အစ်ကို့ရဲ့ညီငါက တစ်ချက်လှုပ်ရှားလိုက်လို့ ငါ့ရဲ့အင်အားကိုမြင်တွေ့တာနဲ့ သူတို့အားလုံး ချက်ချင်းဒူးထောက်တောင်းပန်ကြတော့မှာ။ အဲ့လိုဆို ငါတို့ဘယ်လိုလုယက်ကြမလဲ? အားလုံးက သနားညှာတာပေးဖို့တောင်းဆိုနေကြတာကို ဆက်ပြီးလုယက်ဦးမှာလား? အဲ့အကြောင်းသာ သတင်းပျံ့သွားရင် ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကိုလည်း ဂုဏ်သိက္ခာကျဆင်းစေမယ် မဟုတ်လား?”

“မင်းယုံချင်ယုံ မယုံချင်နေ ငါတို့ပြန်ရောက်တာနဲ့ ဂိုဏ်းချုပ်က ငါတို့ခေါင်းကိုလိမ်ချိုးပြီး ဘောလုံးလိုကန်ပစ်လိုက်လိမ့်မယ်ကွ!”

ကုချိုးမှ ခါးခါးသိီးသိီးပြော၏။ သူ၏စိတ်ထဲတွင်မူ ဤသို့တွေးတောနေ၏။

အစ်ကိုကြီးရေ မင်းရဲ့ညီငါကမှ ထျန်းလန်ဒေသရဲ့ ဉာဏ်ပညာထိပ်ခေါင်ပါနော်! ငါ့ရဲ့ဉာဏ်ပညာနဲ့ တိုက်ခိုက်စွမ်းရည်ကို ပေါင်းစည်းလိုက်ရင် မင်းငါ့ကို မီနိုင်စရာမရှိတာကို ဟန်ဆောင်မနေပါနဲ့တော့လား!

ဒီလိုလုပ်ရပ်က အရူးအိပ်မက်သာသာပဲကို ဘာလို့များ ရှုပ်ထွေးအောင်လုပ်နေတော့မလဲ?

ကုကန်းချိုးသည် ကုချိုး၏စကားကြောင့် အနည်းငယ်ယိမ်းယိုင်သွားခဲ့သည်။ ကုချိုးမှ ကြောက်ရွံ့မှုအနည်းငယ်စွက်သောလေသံဖြင့် ဆက်ပြော၏။

“အစ်ကို ငါတို့က ဓားပြတိုက်လုယက်တဲ့လူတွေပဲ။ ဒါပေမဲ့ ငါတို့က ရှန်ရှန့်ကျုံဂိုဏ်းကို ဂုဏ်သိက္ခာမကျဆင်းစေချင်သလို ဂိုဏ်းချုပ်ဒေါသထွက်မှာကိုလည်း ခံနိုင်ရည်မရှိပြန်ဘူးလေ”

“အမှန်ပဲ! အဲ့တော့ ငါ လင်းယုန်သူတော်စင်ရှစ်ပါးကြောင့် ဒဏ်ရာရသွားတာနဲ့ မင်းချက်ချင်းရောက်လာပြီး သူတို့ကိုသေအောင်သတ်ပစ်ရမယ်။ အဲ့လိုဆို သူတို့လည်း တောင်းပန်‌တိုးလျှိုးဖို့အချိန် မရှိ‌နိုင်တော့ဘူး။ ငါတို့လည်း ဘွင်းဘွင်းရှင်းရှင်းပဲ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ယူသွားလို့ရပြီ!”

ကုကန်းချိုးသည် ကုချိုး၏ပခုံးကို အသာအယာပုတ်လျက် တည်ကြည်လေးနက်စွာဖြင့်ပြော၏။

“ကောင်းပါပြီ အစ်ကို့စကားကိုနား‌ထောင်မယ်!”

ကုချိုးမှ ရှုပ်ထွေးနေသောအမူအရာဖြင့် ပြန်ပြောလေသည်။

လုယက်တယ်ဆိုတာ လူတွေကိုနိုင်ထက်စီးနင်းပြု အကျပ်ကိုင်ဖို့အတွက်ပဲ မဟုတ်ဘူးလား? ဟန်မဆောင်ဘဲနဲ့ ဒီတ်ိုင်းလုယက်လိုက်လို့မရဘူးလား?

ဓားပြတိုက်လုယက်ခံရသူများမှာ ခိုက်ခိုက်တုန်ကြလျက် ဖြတ်သွားဖြတ်လာများသည်လည်း ကြောက်ရွံ့ရိုသေစွာဖြင့် တုံ့ပြန်ကြ‌လိမ့်မည်။ သူတို့၏ရိုသေလေးစားမှုကိုဖော်ပြသည့် ဆွေးနွေးစကားဝိုင်းများ ပေါ်ပေါက်လာလိမ့်မည်။ ထိုသို့စိတ်ကူးတွင် အောင်မြင်မှုအငွေ့အသက်များကို ရုတ်ချည်းခံစားမိလာရ၏။

“ကောင်းပြီ ညီလေး! ဒါပေမဲ့ ငါတို့က နိုင်ထက်စီးနင်းပြု အကျပ်ကိုင်ဖို့အတွက်နဲ့ ဓားပြတိုက်လုယက်တာဖြစ်နိုင်မလား? သေချာပေါက် မဟုတ်ဘူးလေ။ လုယက်တယ်ဆိုတာ ချမ်းသာဖို့အတွက်ပဲပေါ့! သွားစို့!”

ကုကန်းချိုးသည် ကုချိုးကို ပခုံးမှကိုင်၍ နှစ်သိမ့်ရင်းဖြင့် ရှေ့သို့ဆွဲခေါ်လေသည်။

ကုချိုးသည် ကုကန်းချိုးအား စူးရဲစွာစိုက်ကြည့်လျက် စိတ်ထဲမှ ကျိန်ဆဲနေလေသည်။ ဒီအစ်ကိုက တကယ်ခွေးကောင်ပဲ! အခုကျင့်ကြံဆင့်ကိုရောက်နေတာက ငါမဟုတ်ဘဲ မင်းသာဆိုရင် သေချာပေါက် အဲ့စကားပြောထွက်လာမှာမဟုတ်ဘူး!

…..

လင်းယုန်ကုန်သည်အသင်း၏ ခန်းမကြီးထဲတွင်ဖြစ်သည်။

ရှန်းဝမ်စန်းနှင့်အခြားသူများသည် တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် နေရာတွင်ထိုင်နေကြသည်။ ခန်းမတစ်ခုလုံးတွင် စိတ်ပျက်နေသောအငွေ့အသက်များ လွှမ်းခြုံနေ၏။ သူတို့အားလုံးမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ ချစ်လှစွာသောဂိုဏ်းတပည့်နှစ်ဦးမှ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများဖြစ်သည့် မိမိတို့အား ဓားပြတိုက်ရန် ကြံစည်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

“လီမျိုးနွယ်စုကျင့်ကြံသူတွေ ရှုံယင်းမြို့ကိုရောက်လာကြပြီ။ သူတို့ဘက်က မကြာခင်မှာ ငါတို့ကိုတိုက်ခိုက်ဖို့ လှုပ်ရှားလာလောက်တယ်။ ဘယ်လိုလုပ်ကြမလဲ?”

ရှန်းဝမ်စန်းသည် လူအုပ်ကိုကြည့်‌၍ လေးနက်စွာပြောလိုက်သည်။

“တကယ့်ကို မှန်းဆမရနိုင်ဘူး။ ဂိုဏ်းချုပ်က ကောင်းကင်ကိုရော အရာအားလုံးကိုရော သုတ်သင်ပစ်ပြီး ရှေးဟောင်းမျိုးနွယ်စုတွေကို မနာလိုဖြစ်အောင်လုပ်ခဲ့လိမ့်မယ်လို့ ဘယ်သူက တွေးထင်ထားမိမှာလဲ။ လီမျိုးနွယ်စုကတောင်မှ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ လင်းယုန်ကုန်သည်အသင်းရဲ့ ပိုင်ဆိုင်မှုတွေကို မျက်စိကျစေတဲ့အထိ ဖြစ်သွားခဲ့ရပြီ”

လီရော့ဟိုင်မှ ခါးသီးစွာပြုံးရယ်လျက်ဖြင့် ပြော၏။

လီရော့ဟိုင်၏စကားအဆုံးတွင် အခြားသော ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ၏မျက်နှာထက်တွင် ကူကယ်ရာမဲ့မှုများ ထင်ဟပ်သွား၏။ မည်သူကများ ထိုသို့သော ကိစ္စရပ်မျိုးဖြစ်လာလိမ့်မည်ကို မှန်းဆမိနိုင်ပါအံ့နည်း?

ရှန်းဝမ်စန်း၊ လီရော့ဟိုင်နှင့် အခြားအကြီးအကဲများသည် သူတို့၏လင်းယုန်ကုန်သည်အသင်းမှာ လီမျိုးနွယ်စုနှင့် အငြိုးအတေးရှိထားခဲ့သည်ကို သိရှိကြပါ၏။ သို့သော် ၎င်းအငြိုးအတေးဖြင့် လီမျိုးနွယ်စုမှ သူတို့အားဖျက်ဆီးပစ်ရန် ဆုံးဖြတ်ချက်မချခဲ့သေးချေ။

ဤရှုံယင်းမြို့၏ နောက်ခံအင်အားဖြစ်သော တည်ရှိမှုမှာ လီမျိုးနွယ်စုဖြစ်သည်။ ရှုံယင်းမြို့၏ များစွာသောအင်အားစုများသည်လည်း အတူတကွပေါင်းစည်း၍ လင်းယုန်ကုန်သည်အသင်းကို ဖျက်ဆီးလိုခဲ့ကြ၏။

ထိုအခိုက်တွင် ဂိုဏ်းချုပ်သည် သူတို့၏ကျင့်ကြံမှုအခြေခံအား တာ့အိုအင်မော်တယ်အထွတ်အထိပ်အဆင့်သို့ မြှင့်တင်ခြင်းဖြင့် ရှုံးနိမ့်ခြင်းမှ အောင်ပွဲအဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။ ရှုံယင်းမြို့၏ အင်အားစုများစွာတို့ကို သတ်ဖြတ်နိုင်ခဲ့ရုံမျှမက လီမျိုးနွယ်စု၏ စွမ်းအားမြင့်ကျင့်ကြံသူများကိုလည်း သတ်ဖြတ်နိုင်ခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများဖြစ်သော မိမိတို့၏သရုပ်မှန်ကို မဖော်ထုတ်လျှင် လီမျိုးနွယ်စုသည် သူတို့အား တိုက်ခိုက်လာတော့မည်မှာ အနှေးနှင့်အမြန်ဖြစ်၏။

ထို့ပြင် ရှန်းဝမ်စန်းနှင့်အခြားသူများ၏ စုံစမ်းစစ်ဆေးမှုအရ လီမျိုးနွယ်စုသည် တစ်ချိန်က ရှန်ရှန့်ကျုံဂိုဏ်းထံတွင် အညံ့ခံခဲ့ပြီးသော ကြီးမြတ်သာလေအင်ပါယာမိဖုရားကြီးလီယွင်နှင့် ဆွေမျိုးတော်စပ်ပေသည်။ လက်ရှိတွင် ကြီးမြတ်သောလေအင်ပါယာမိဖုရားကြီးလီယွင်သည် လီမျိုးနွယ်စု၏ အပြစ်ဆေးကြောခြင်းမျှော်စင်၌ အကျဉ်းချခံထားရ၏။

ရှန်းဝမ်စန်းနှင့်အခြားသူများမှ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲဟူသော မိမိတို့၏သရုပ်မှန်ကို ဖော်ထုတ်လိုက်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရှိအင်အားအရ လီမျိုးနွယ်စုသည် လင်းယုန်ကုန်သည်အသင်းအား ထိပါးဝံ့မည်မဟုတ်သည့်အပြင် လီယွင်ကိုပါ လွှတ်ပေး၍ အမှားပြင်ဆင်သည့်အနေဖြင့် ဒူးထောက်ခစားနိုင်ကောင်း၏။

“ခုတစ်ခေါက်မှာ လီမျိုးနွယ်စုဘက်က တာ့အိုနတ်ဘုရားအဆင့်ပထမကြယ်အဆင့်ဘိုးဘေးနှစ်ဦးကို စေလွှတ်ခဲ့တယ်။ ငါတို့ရဲ့အင်အားနဲ့ဆို အားကုန်သုံးပြီးတိုက်ခိုက်ရင် ခုခံနိုင်တယ်”

“အားလုံးပဲ ‌နောက်ဆုံးအချိန်ထိ တိုက်ခိုက်ဖို့ဆန္ဒရှိသလား ဒါမှမဟုတ် သရုပ်မှန်ကိုထုတ်ဖော်ဖို့ ဆန္ဒရှိသလား?”

ရှန်းဝမ်စန်းမှ နေရာရှိလူအားလုံးကို တစ်ချက်ဝေ့ဝဲကြည့်လျက် မေးလိုက်သည်။

ရှန်းဝမ်စန်း၏စကားအဆုံးတွင် လီရော့ဟိုင်နှင့် အခြားသူများသည် အချင်းချင်း အကြည့်ချင်းဖလှယ်ကြ၍ စကားမဆိုကြဘဲ မျက်နှာထက်တွင် အပြုံးများထင်ဟပ်နေကြသည်။

“ကြည့်ရတာ အားလုံးက ကျုပ်ရဲ့ရွေးချယ်မှုကို သဘောတူကြပုံပဲ။ ကျုပ်တို့က ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေပဲ! ကျုပ်တို့ရဲ့ကျင့်ကြံမှုက မလုံလောက်ဘူးဆိုရင်တောင် ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်နဲ့ ရှန်ရှန့်ကျုံဂိုဏ်းဆိုတဲ့ စာလုံးသုံးလုံးအပေါ်မှာ မှီခိုရမှာတဲ့လဲ!”

“ဂိုဏ်းချုပ်က အဲဒီ့‌‌အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေကို သုတ်သင်သတ်ဖြတ်ခဲ့တယ်။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲဖြစ်တဲ့ ကျုပ်တို့ကလည်း ဂိုဏ်းချုပ်ကို စံနမူနာထားပြီး လုပ်ဆောင်သင့်တယ်။ ကိုယ့်ထက်အင်အားကြီးမားသူနဲ့ ရင်ဆိုင်ရရင်တောင်မှ နောက်မဆုတ်နိုင်ဘူး။ ရန်သူကိုခြောက်လှန့်ဖို့အတွက်နဲ့ သရုပ်မှန်အပေါ် မှီခိုတဲ့လုပ်ရပ်မျိုးကိုလည်း မလုပ်ဆောင်နိုင်ဘူး!”

လီရော့ဟိုင်နှင့် အခြားသောအကြီးအကဲများကို ကြည့်‌လျက် ရှန်းဝမ်စန်း၏မျက်နှာထက်တွင်လည်း အပြုံးတစ်ခုထင်ဟပ်လာခဲ့သည်။

ရှန်းဝမ်စန်းဖြစ်စေ၊ လီရော့ဟိုင်ဖြစ်စေ၊ အခြားအကြီးအကဲများဖြစ်စေ၊ သူတို့အားလုံးသည် မာန်မာနပြင်းပြသူများ ဖြစ်ကြ၏။ ဤလောကတွင် သူတို့ထက်အင်အားကြီးမားသူ အများအပြားရှိနေလျှင်သော်မှ သူတို့၏လေးစားမှုနှင့် ထိုက်တန်သူမှာ ဂိုဏ်းချုပ်တစ်ဦးတည်းသာ ရှိသည်။

လီမျိုးနွယ်စုနှင့် ရင်ဆိုင်ရသည်တွင် သူတို့၏သရုပ်မှန်ကို ဖော်ထုတ်လိုက်ပါလျှင် နောင်အနာဂတ်တွင် ဤလောကတစ်ခွင်ရှိလူများမှာ သူတို့ကို အဘယ်သို့ ကြည့်မြင်ကြလိမ့်မည်နည်း။ အင်အားကြီးသူနှင့် ရင်ဆိုင်ရသည်တွင် တိုက်ခိုက်ဝံ့သောသတ္တိမရှိဘဲ သရုပ်မှန်ကိုထုတ်ဖော်၍ တစ်ဖက်လူကို အနိုင်ကျင့်သည်ဟု ပြောဆိုကြလိမ့်မည် မဟုတ်ပါလော?

သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းနှင့်ဝမ်ဖုန်းကို မိမိ၏အသက်ထက် တန်ဖိုးထားပါ၏။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်‌ေစ အညံ့ခံလိမ့်မည်မဟုတ်ချေ။

“လောင်ရှန်း ဒီတစ်ကြိမ်တော့ ကျုပ်တို့တွေ ဘေးချင်းယှဉ်ပြီးတိုက်ခိုက်ကြတာပေါ့။ တာ့အိုနတ်ဘုရားပထမကြယ်အဆင့်နှစ်ယောက်လေးပဲ မဟုတ်လား? ဘာကြောက်စရာရှိလဲ?!”

လီရော့ဟိုင်မှ ရှန်းဝမ်စန်းအား ပြုံးရယ်လျက်ပြော၏။

ရှန်းဝမ်စန်းနှင့် အခြားအကြီးအကဲများသည် တစ်ပြိုင်နက်တည်း ခေါင်းညိတ်သဘောတူညီကြလျက် သူတို့၏မျက်နှာထက်တွင် တိုက်ခိုက်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်မှာ ကြောက်ရွံ့မှုလေး တစ်စွန်းတစ်စကိုပင် ရှာမတွေ့နိုင်ချေ။

“ဘုန်း!”

ထိုအခိုက်တွင် အထက်ကောင်းကင်မှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဖိနှိပ်လာခဲ့သည်။ လင်းယုန်ကုန်သည်အသင်း တည်ရှိရာအဆောက်အဦးမှာ ၎င်းအရှိန်အဝါကြောင့် အဆက်မပြတ်တုန်ခါသွား၏။ ၎င်းအရှိန်အဝါမှ ထပ်မံဖိနှိပ်လာပါလျှင် လင်းယုန်ကုန်သည်အသင်းအဆောက်အဦးမှာ ပေါက်ကွဲသွားနိုင်ပေသည်။

“ရောက်လာပြီ!”

ဖိအားထွက်ပေါ်လာသည်တွင် လီရော့ဟိုင်နှင့်အခြားအကြီးအကဲများသည် တစ်ပြိုက်နက်တည်း ခေါင်းမော့ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးများ၌ အေးစက်သည့်အလင်းတစ်စ တောက်ပသွားခဲ့ပြီး စကားသံနှင့်အတူ ခန်းမထဲမှ တစ်ပြိုင်နက်တည်း ရုတ်ချည်းပျောက်ကွယ်သွားကြလေသည်။

လင်းယုန်ကုန်သည်အသင်း၏အထက်တွင် အနက်ရောင်နှင့်အဖြူရောင်အား အသီးသီးဝတ်ဆင်ထားကြ‌ေသာ ပုံရိပ်နှစ်ခုသည် လက်ကိုနောက်ပစ်လျက် ရပ်နေကြသည်။ သူတို့၏ပေါ်ထွက်လာမှုသည် ရှုံယင်းမြို့တစ်ခွင်ရှိ ကျင့်ကြံသူများ၏အာရုံကို ဆွဲဆောင်သွားလေ၏။ အထူးသဖြင့် သူတို့ထံမှ ထုတ်လွှတ်နေသောစွမ်းအင်ဖြစ်သည်။ ၎င်းစွမ်းအင်ကြောင့် ကျင့်ကြံသူများမှာ ဝိဉာဉ်များ တုန်ယင်ကြလျက် ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်စွာ ဒူးထောက်ကြရလေသည်။

၎င်းမှာ ပုံမှန်ထုတ်လွှတ်ဖြာထွက်နေသည့်စွမ်းအင်ဖြစ်သော်ငြား ထိုကျင့်ကြံသူများအတွက်မူ ကောင်းကင်ဘုံ၏စွမ်းအင်အလား ခုခံတားဆီးနိုင်စွမ်းမရှိချေ။

“ဟေး! သူတို့က လီမျိုးနွယ်စုရဲ့ဘိုးဘေး လီရွှေ့နဲ့ လီဟော့ပဲ!”

အမြင်စူးရှသော ကျင့်ကြံသူများမှ လူအိုကြီးနှစ်ဦး၏ပုံရိပ်ကို မြင်တွေ့ကြသည်တွင် အသက်ပြင်းပြင်းရှူသွင်းမိကြလျက် အံ့အားသင့်စွာရေရွတ်၏။

ထိုကျင့်ကြံသူ၏စကားသံကြောင့် ကျင့်ကြံသူများစွာတို့မှာ တုန်ရီကုန်ကြလျက် လီမျိုးနွယ်စုမှ လင်းယုန်ကုန်သည်အသင်းအား တိုက်ခိုက်ရန် ရောက်လာခဲ့ကြပြီကို ရုတ်ချည်းနားလည်သွားခဲ့ကြသည်။ ရှုံယင်းမြို့၏ကျင့်ကြံသူများသည် လီမျိုးနွယ်စုနှင့်လင်းယုန်ကုန်သည်အသင်းကြားရှိ အငြိုးအတေးများကို သတိပြုမိပါ၏။ ရှုံယင်းမြို့ကျင့်ကြံသူများသည် လင်းယုန်ကုန်သည်အသင်းသည် လီမျိုးနွယ်စုကို အပြစ်ပြုခဲ့ပြီးနောက်တွင် ရှုံယင်းမြို့မှ ထွက်ခွာသွားကြမည်ဟု တွေးထင်ထားခဲ့ကြသည်။

မမျှော်လင့်စွာဖြင့် လင်းယုန်ကုန်သည်အသင်းသည် မည်သည့်ကိစ္စရပ်မှ မဖြစ်ပျက်ခဲ့သည့်အလား ရှုံယင်းမြို့တွင် ဆက်လက်နေထိုင်ခဲ့သည်။ ယခုတွင် ၎င်းကုန်သည်အသင်းသည် လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးကို နေရာသို့ရောက်ရှိလာ‌ေစခဲ့ပြီဖြစ်ရာ လင်းယုန်ကုန်သည်အသင်းမှာ ပျက်စီးကိန်းဆိုက်ပေတော့မည်။

All Chapters