မိုးစကျကာဓားသမား။
Vol. 23 Ch. 314
“ဒင်! နတ်မင်းနယ်ပယ်အထွတ်အထိပ်အဆင့် ဆင့်ခေါ်ခွင့်တစ်ခုရရှိပါတယ်”
“ဒင်! လန်ဖန်းယွမ့်ကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးပါမလား?”
စိတ်တွင်းမှအေးစက်သည့်အသံကြောင့် ဝမ်ဖုန်း မျက်လုံးများတောက်ပသွား၏။ ထိုပုဂ္ဂိုလ်မှာ ပြိုင်ဘက်ကင်းဖောင့်ပန်းနှင့် ယှဉ်တိုက်နိုင်သည့် တစ်ဦးတည်းသောဇာတ်ကောင်ဖြစ်ပေသည်။
ဩဂုတ်လ၁၅ရက်နေ့တွင် ထိုနှစ်ဦးသည် လန်ကျန်းကျွန်း၌ လေဟာပြင်ကြီး ကြွေမွပြိုကွဲအောင်သော အဆုံးအဖြတ်တိုက်ပွဲကို တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ လှိုင်းဂယက်မှာ တိမ်စိုင်ဖွဲ့သွားခဲ့ပြီး ဝမ်ဖုန်းမှ မှော်စွမ်းအားရှင်ဖောင့်ပန်းထက် အင်အားကြီးမားသူကို ဆင့်ခေါ်ခဲ့လေပြီ။
ပါရမီအထုံအရ မှော်စွမ်းအားရှင်ဖောင့်ပန်းသည် လန်ဖန်းယွမ့်နှင့် မယှဉ်နိုင်ပေ။ ဝမ်ဖုန်းတွင် လန်ဖန်းယွမ့်မျှ အံ့ချီးဖွယ်ဖြစ်၍ ထူးချွန်ပြောင်မြောက်သော ဇာတ်ကောင်မရှိသေးပေ။ လန်ဖန်းယွမ့်တွင် စာအုပ်ကြီးလေးပါးနှင့် ဆရာ၏လမ်းညွှန်ပြသမှုလည်း မရှိပေ။ မိမိတစ်ဦးတည်း သင်ယူလေ့လာခြင်းဖြင့် အသက်သုံးဆယ်ကာလများတွင် လောကနံပါတ်တစ်ဓားသိုင်းပညာရှင် ဖြစ်လာခဲ့ပြီး ဆယ်စုနှစ်များစွာတိုင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့သည်။ ဖောင့်ပန်းနှင့် အပြီးသတ်တိုက်ပွဲတွင်လည်း လေဟာပြင်ကိုဖြိုခွင်းရန်အတွက် ကိုယ်ကိုယ့်ကိုသာ အလုံးစုံမှီခိုခဲ့သည်။
“စစ်ဆေးမယ်!”
“ဒင်! လန်ဖန်းယွမ့်၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်:
အမည်: လန်ဖန်းယွမ့်
ဂုဏ်ပုဒ်: မိုးစက်ကာဓားသမား
ကျင့်ကြံမှု: ဂုဏ်သရေနတ်မင်းအထွတ်အထိပ်အဆင့်
ရုပ်ခန္ဓာ: ကောင်းကင်နှင့်ကမ္ဘာမြေဓားခန္ဓာ (ကျင့်ကြံမှုပြီးနောက် ကောင်းကင်နှင့်ကမ္ဘာမြေ၏ နိယာမများကို နားလည်သဘောပေါက်လိမ့်မည်။ ထို့နောက် ကောင်းကင်နှင့်ကမ္ဘာမြေ၏နိယာမကို ဓားသိုင်းပညာရပ်နှင့် ပေါင်းစည်း၍ ဓားသိုင်းစွမ်းအင်သည် များစွာတိုးတက်လိမ့်မည်)
သွေးမျိုးဆက်: ကောင်းကင်နှင့်ကမ္ဘာမြေဓားသွေးမျိုးဆက် (ကျင့်ကြံမှုပြီးနောက် သိမြင်နားလည်နိုင်စွမ်းရည် တိုးတက်မည်။ ကမ္ဘာလောက၏အရာအားလုံးကို အထူးခြုံယူဆင်ခြင်နိုင်စွမ်းရည် ရရှိပြီး အရာခပ်သိမ်းသော လျှို့ဝှက်ဆန်းကြယ်မှုများကို ဓားသိုင်းစွမ်းအင်တိုးတက်ရေးအတွက် အသုံးပြုနိုင်သည်)
အင်မော်တယ်သွေးကြော: ဓားသိုင်းအင်မော်တယ်သွေးကြော
အင်မော်တယ်နိယာမ: ဓားထောင်ချီပြန်လည်ရောက်ရှိခြင်း၊ ကောင်းကင်နှင့်ကမ္ဘာမြေပေါင်းစည်းဓား၊ ခပ်သိမ်းသောဓားသိုင်းပညာ၊ အန္တိမဓားအယူအဆ၊ လေးဦးဖျက်ဆီးဓား၊ ကိုယ်ထည်မဲ့စိတ်ကူးဓား။
သဘာဝလွန်စွမ်းအင်များ: မိုးစက်ကာဓားသိုင်း
လက်နက်: မိုးစက်ကာဓား”
“မှတ်ချက်: ဤတစ်ကြိမ်ဆင့်ခေါ်မှုသည် လေဟာပြင်အား ဖြိုခွင်းပြီးနောက် နှစ်ပေါင်း၁၂၀၀ကျင့်ကြံမှု အခြေအနေဖြစ်သည်”
သူ၏ရှေ့ရှိ စွမ်းရည်ဇယားကိုကြည့်ပြီးနောက် ဝမ်ဖုန်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်၏။ အချိန်ခဏမျှ စဉ်းစားတွေးတောနေပြီးနောက် ပြောလိုက်သည်။
“စနစ် ဂိုဏ်းအမှတ်တစ်ဘီလီယံကိုသုံးပြီး ထီလက်မှတ်နဲ့လဲလှယ်မယ်။ ရရှိတဲ့ကျင့်ကြံမှုအခြေခံတွေကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို ဝေမျှလိုက်ပါ။ ပြီးတော့ ကျင့်ကြံမှုအခြေခံမျှဝေပြီးရင် ဂိုဏ်းအကြီးအကဲတွေ အဆင့်ထိုးဖောက်ကျော်ဖြတ်တဲ့အရှိန်အဝါကို ဖုံးကွယ်ထားပါ”
ယခုတွင် လန်ဖန်းယွမ့်ကို ဆင့်ခေါ်ပြီးဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို တိုးတက်စေရန် အချိန်ကျရောက်လေပြီ။ ကံဆိုးစွာဖြင့် ဖောင့်ပန်းကို ဆင့်ခေါ်ခဲ့ချိန်တွင် အထူးကပ်ဘေးဆင့်ခေါ်ခွင့်ကို အသုံးပြုဆင့်ခေါ်ခဲ့ရလေသည်။ သို့မဟုတ်ပါလျှင် မိမိမှာ အဘယ်ကြောင့်များ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ယခုအချိန်ထိတိုင် မတိုးတက်စေဘဲ ရှိနိုင်ပါမည်နည်း။
“ဒင်! လန်ဖန်းယွမ့်၏ကျင့်ကြံမှုအခြေခံ တစ်ရာခိုင်နှုန်းကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်!...”
“ဒင်! ရရှိတဲ့ကျင့်ကြံမှုအခြေခံကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ဝေမျှပြီးပါပြီ။ ရှေးဟောင်းနယ်မြေရှိ အကြီးအကဲများမှလွဲ၍ ထျန်းလန်ဒေသရှိ အကြီးအကဲများအားလုံး နတ်မင်းငယ်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားပါပြီ”
စနစ်၏အချက်ပေးသံတွင် ဝမ်ဖုန်း နှုတ်ခမ်းတွန့်ကွေးလိုက်၏။ နတ်မင်းငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများစွာအပြင် ဘုံနန်းရှင်နတ်မင်းအထွတ်အထိပ်အဆင့်ဖြစ်သော ဖောင့်ပန်းနှင့် ဂုဏ်သရေနတ်မင်းအထွတ်အထိပ်အဆင့် လန်ဖန်းယွမ့်တို့ ရှိနေပြီဖြစ်ရာ မည်သူကများ သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို ယှဉ်ပြိုင်နိုင်ပါမည်နည်း။
ဝမ်ဖုန်းသည် ဤတစ်ကြိမ်တွင် ထီလက်မှတ်မှရရှိသော ကျင့်ကြံမှုအခြေခံများကို မယူခဲ့ပေ။ ဝမ်ဖုန်း၏အစီအစဉ်မှာ လမ်းစဉ်၁၂သွယ်ကိုပေါင်းစည်းပြီး တာ့အိုနတ်ဘုရားနဝမကြယ်ကို ပြီးပြည့်စုံစွာအောင်မြင်နိုင်ရန်ဖြစ်သည်။ ထို့နောက်တွင်မှ ထိုက်ရွှမ်ဆန်းကြယ်ဘုံသို့ တက်လှမ်းပေမည်။
“စနစ် လမ်းစဉ်၁၂သွယ်ကို ပေါင်းမယ်”
ဝမ်ဖုန်း ထိုင်ခုံတွင်ထိုင်၍ စိတ်ကိုရှင်းလင်းကာ တီးတိုးပြောလိုက်သည်။
ဘုန်း!
ဝမ်ဖုန်း၏အသံနှင့်အတူ အလင်းနှင့်အရိပ်၁၂ခုတို့ လေဟာပြင်တွင် ပေါ်ထွက်လာခဲ့သည်။ ထိုအလင်းနှင့်အရိပ်၁၂ခုတွင် သိပ်သည်းစွာထွင်းထုထားသော အက္ခရာများရှိနေ၏။ ခန်းမကြီးတစ်ခုလုံးမှာ အဆက်မပြတ်တုန်လှုပ်နေလျက် ခန်းမအတွင်းရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏စွမ်းအင်သည်လည်း ကြောက်မက်ဖွယ်တစ်စုံတစ်ရာကို ရင်ဆိုင်ကြုံတွေ့ရသည့်အလား ဖြစ်နေခဲ့သည်။
ချက်ချင်းပင် ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်းသို့ အလင်းနှင့်အရိပ်၁၂ခု တစ်ဟုန်ထိုးဝင်ရောက်လာခဲ့ပြီး ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ယင်လာတော့သည်။ ဝမ်ဖုန်း၏အသိစိတ်သည်လည်း သိမြင်နားလည်မှုအလွှာများစွာအတွင်းသို့ ကျရောက်သွားခဲ့သည်။
ကျန်းစန်ဖုန်းနှင့်အခြားအကြီးအကဲများသည် နတ်မင်းငယ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီးချိန်တွင် ဂိုဏ်းချုပ်ခန်းမဆောင်၏ မူမမှန်မှုကို ခံစားမိကြသည်။ သို့ဖြစ်ရာ အကြီးအကဲများသည် ဝမ်ဖုန်းကိုကာကွယ်ရန် ဂိုဏ်းချုပ်ခန်းမဆောင်အပြင်သို့ အလင်းတစ်ပြက်ဖြင့် ရုတ်ချည်းရောက်ရှိလာကြ၏။ ဖောင့်ပန်းသည်ပင် ခန်းမဆောင်အထက်ကောင်းကင်၌ ပေါ်ထွက်လာခဲ့သည်။
ထျန်းလန်ဒေသတစ်ခုလုံး၌ ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရှိအင်အားကို ယှဉ်ပြိုင်နိုင်သူမရှိပေ။ သို့သော် ဝမ်ဖုန်းကို ကာကွယ်ရန်မှာ ဖောင့်ပန်းနှင့်အကြီးအကဲများအားလုံး၏ တာဝန်ပင်ဖြစ်သည်။
…..
တစ်ချိန်တည်း၌ပင် ရှုံယင်းမြို့အထက်ကောင်းကင်တွင်ဖြစ်သည်။ လီရော့ဟိုင်နှင့် အခြားအကြီးအကဲများမှာ သူတို့၏ကျင့်ကြံမှုမှာ နတ်မင်းအဆင့်သို့ ရုတ်တရက်ရောက်ရှိသွားသည်ကြောင့် အံ့ဩထိတ်လန့်နေကြလေသည်။
ခန္ဓာကိုယ်တွင်းမှ ကြောက်မက်ဖွယ်သောစွမ်းအင်တို့ကို ခံစားရင်းဖြင့် လီရော့ဟိုင်နှင့်အခြားအကြီးအကဲများသည် တစ်ဦးကိုတစ်ဦးကြည့်လျက် ပြုံးလိုက်ကြသည်။ သူတို့၏မျက်လုံးများတွင်တော့ ရှင်းပြရန်နက်နဲသောအကြည့်တို့ ထင်ဟပ်နေ၏။ သူတို့သည် ဤတစ်ကြိမ်တွင် ခက်ခဲသည့်တိုက်ပွဲနှင့် ရင်ဆိုင်ရတော့မည်ဟု တွေးထားခဲ့သော်ငြား ဂိုဏ်းချုပ်၏အကူအညီသည် အချိန်ကိုက်ရောက်ရှိလာခဲ့မည်ဟု မျှော်လင့်မထားခဲ့ပေ။ ဂိုဏ်းချုပ်သည် သူတို့၏ကျင့်ကြံဆင့်ကို နတ်မင်းငယ်အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက်တိုးမြှင့်စေခဲ့လေသည်။
“ရှန်းဝမ်စန်း မင်းတို့ကုန်သည်အသင်းရဲ့ ပိုင်ဆိုင်မှုတွေကို နာနာခံခံလွှဲပေးလိုက်! ဒီလူအိုကြီးက မင်းရဲ့အလောင်းကို ကိုယ်လက်အင်္ဂါအစုံအလင်ချန်ထားပေးမယ်!”
လီမျိုးနွယ်စုဘိုးဘေးလီဟော့သည် ရှန်းဝမ်စန်းနှင့် အခြားအကြီးအကဲများအား အထင်မြင်သေးစွာကြည့်လျက် ပြော၏။
၎င်းအသံမှာ မိုးခြိမ်းသံအလား ရှုံယင်းမြို့တစ်ခွင်၌ ပဲ့တင်ထပ်သွား၏။ ၎င်းအသံနှင့်အတူ ကြောက်မက်ဖွယ်သော အရှိန်အဝါကြီး သက်ဆင်းလာခဲ့ရာ ရှုံယင်းမြို့ကျင့်ကြံသူများမှာ ကြောက်လန့်တကြားဖြင့် ရှုံယင်းမြို့မှ ထွက်ပြေးကြကုန်လေသည်။
ရှန်းဝမ်စန်းနှင့် အခြားအကြီးအကဲများ ကျင့်ကြံမှုအဆင့်တိုးတက်ခြင်းကို စနစ်မှ ဖုံးကွယ်ထားသောကြောင့် လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးသည် သူတို့၏ကျင့်ကြံဆင့်ပြောင်းလဲမှုကို သတိမထားမိကြချေ။ ထို့ကြောင့် ထျန်းလန်ဒေသတစ်ခုလုံးတွင် အင်အားအကြီးမားဆုံးသော တာ့အိုနတ်ဘုရားအဆင့်ကျင့်ကြံသူများအနေဖြင့် လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးသည် ရှန်းဝမ်စန်းနှင့် အခြားအကြီးအကဲများကို မျက်လုံးထဲမထည့်ပေ။
ရှန်းဝမ်စန်းနှင့် အကြီးအကဲများသည်တော့ တိတ်ဆိတ်နေကြ၏။ သူတို့သည် ထိုလီမျိုးနွယ်စုဘိုးဘေးနှစ်ဦးကို ခေါင်းဖြတ်ပြီးနောက်တွင် လီမျိုးနွယ်စုကို သွားရောက်ဖျက်ဆီး၍ လီမျိုးနွယ်စု၏ပိုင်ဆိုင်မှုများကို ယူဆောင်၍ လင်းယုန်ကုန်သည်အသင်းနှင့်အတူ ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်လာရမည်လောဟု စဉ်းစားတွေးတောနေကြခြင်းဖြစ်သည်။
ရှန်းဝမ်စန်းနှင့် အခြားအကြီးအကဲများမှ တိတ်ဆိတ်နေကြချိန်တွင် ရှုံယင်းမြို့တံခါးဝကိုရောက်လာကြသည့် ကုညီအစ်ကိုနှစ်ဦးမှာ လီမျိုးနွယ်စုဘိုးဘေးလီဟော့၏ အော်ဟစ်သံကို ကြားလိုက်ရလေသည်။
“ဝါး လင်းယုန်ကုန်သည်အသင်းရဲ့ အုပ်ချုပ်သူက တကယ်တော့ အကြီးအကဲရှန်းနဲ့ အခြားအကြီးအကဲတွေ ဖြစ်နေပါရောလား?”
ကုညီအစ်ကိုနှစ်ဦးမှာ ရုတ်ချည်း အံ့ဩထိတ်လန့်သွားကြကာ တစ်ကိုယ်လုံး မထိန်းချုပ်နိုင်စွာ တုန်ယင်လာကြလျက် မျက်လုံးများမှာ စိုးရိမ်တုန်လှုပ်နေပေသည်။
နွားပေါက်သားရေကိုယူပြီးတဲ့နောက် ရေလွှမ်းမိုးခြင်းဟာ နဂါးဘုရင်ဘုရားကျောင်းထိတိုင် ဆေးကြောနိုင်တယ်တဲ့!
ဂိုဏ်းချုပ်မှ မိမိတို့ညီအစ်ကိုနှစ်ဦးမှာ အချင်းချင်းဓားပြတိုက်ရန် စီစဉ်ခဲ့သည်ကို သိသွားခဲ့ပါလျှင် ဂိုဏ်းချုပ် ကန်ထုတ်ပစ်ရန်အတွက် ခေါင်းဆယ်လုံးလျှင်သော်မှ လုံလောက်လိမ့်မည်မဟုတ်ပေ။
“ညီလေး ဘာတွေစောင့်နေတာလဲ? အကြီးအကဲရှန်းနဲ့ အခြားအကြီးအကဲတွေ အန္တရာယ်ကျရောက်နေတာ မမြင်ဘူးလား? မြန်မြန်လာလေ!”
ကုကန်းချိုးမှ စိုးရိမ်ထိတ်လန့်စွာဖြင့် ပြော၏။
“အစ်ကို ကျွန်တော့်အထင်တော့ အကြီးအကဲရှန်းနဲ့ အခြားအကြီးအကဲတွေက အရမ်းအင်အားကြီးကြပါတယ်။ အဲဒီ့တာ့အိုနတ်ဘုရားအဆင့်လေးနှစ်ယောက်က အကြီးအကဲရှန်းတို့အတွက် ပုရွက်ဆိတ်လောက်တောင် သတ်မှတ်ခံရမှာမဟုတ်ဘူး!”
ကုချိုးသည် အပြစ်ရှိစိတ်ကြောင့် ရှုံ့တွနေလျက်မှ ပြော၏။
ကုချိုးသည် ကုကန်းချိုးအား မကျေမချမ်း စိုက်ကြည့်နေပေသည်။ ထျန်းလန်ဒေသ၏ ဉာဏ်ပညာထိပ်ခေါင်ဟု မိမိကိုယ်ကို အထင်ရောက်နေသော အစ်ကိုဖြစ်သူ၏အကြံအစည်ကြောင့် မဟုတ်ပါလျှင် အဘယ်ကြောင့်များ တစ်ဖက်တည်းသားချင်းကို ဓားပြတိုက်လုယက်မိပါလိမ့်မည်နည်း။ ကံကောင်းထောက်မစွာဖြင့် မည်သည့်အရာမျှ မလုပ်ဆောင်ရသေး၍ တော်သေးသည်။ အရာအားလုံးမှာ အဖတ်ဆယ်ရနိုင်ပါသေး၏။
ဓားပြတိုက်ပြီးမှသာ အကြီးအကဲရှန်းတို့ကို မြင်တွေ့ခဲ့ပါလျှင် မိမိ၏ဦးခေါင်းလေးမှာ ဤရှုံယင်းမြို့မှ ရှန်ရှန့်ကျုံဂိုဏ်းထိတိုင် အကန်ခံလိုက်ရပေမည်။ ဂိုဏ်းချုပ်မှလည်း တစ်ဖန်ပြန်ကန်ပစ်နိုင်လေရာ အသွားအပြန် နှစ်ကြိမ်တိုင် ကန်ကျောက်ခံရမည်ဖြစ်၏။
“မင်းကလည်း တုံးလိုက်တာ! အကြီးအကဲရှန်းတို့က အင်အားကြီးတယ်ဆိုတာ ငါသေချာပေါက် သိတာပေါ့လို့! ဒါပေမဲ့ အဲဒီ့တာ့အိုနတ်ဘုရားအဆင့်နှစ်ယောက်ကို သတ်လိုက်ပြီး လင်းယုန်ကုန်သည်အသင်း တိုက်ခိုက်ခံရတယ်ကြားလို့ ကယ်တင်ပေးဖို့ လာခဲ့တာပါလို့ပြောလိုက်ရင် အကြောင်းရာက မတူတော့ဘူးလေကွာ!”
“ငါတို့ဒီကို ဓားပြတိုက်ဖို့ရောက်လာတာပါလို့ ငါတို့ပါးစပ်က ထုတ်မပြောရင် ဘယ်သူသိမှာတဲ့လဲ? ငါတို့ ခုထိ ဓားပြမတိုက်ရသေးဘူး မဟုတ်လား? ငါတို့လူကယ်ဖို့လာတာလို့ပြောရင် လူကယ်ဖို့လာတာပဲပေါ့။ တကယ်လည်း အကူအညီသွားပေးမယ်လေ! တစ်ယောက်ယောက်ကများ ငါတို့နှစ်ယောက်က ဓားပြတိုက်ဖို့ရောက်လာတာပါလို့ ပြောရဲရင် အဲဒီ့လူကို ချိုးကပ်တဲ့အထိ ဓားပြတိုက်ပစ်မယ်! ငါတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းအပေါ်ထားရှိတဲ့ ရိုးသားဖြူစင်တဲ့နှလုံးသားကို ဘယ်သူ့ကိုမှ စော်ကားခွင့်မပြုနိုင်ဘူးလေ!”
ကုကန်းချိုးသည် ကုချိုး၏ပခုံးကို အသာအယာပုတ်လျက် တီးတိုးပြော၏။
“အစ်ကိုကြီးက တကယ်အံ့ဩလောက်စရာပဲဗျာ!”