← Chapters

မျက်နှာချင်းဆိုင်အရှက်ခွဲခံရခြင်း။

Vol. 23 Ch. 315

မျက်နှာချင်းဆိုင်အရှက်ခွဲခံရခြင်း။

Vol. 23 Ch. 315

“ပုရွက်ဆိတ်ကောင်တွေကများ ပေါက်ကရစကားတွေ ထုတ်ပြောရဲတယ်!”

လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးမှ လင်းယုန်ကုန်သည်အသင်း၏ တိတ်ဆိတ်မှုကို လေ့လာစူးစမ်းရန် အကွာအဝေးတစ်ခုသို့ ပျံသန်းလာချိန်တွင် နားကွဲလုမတတ်သော ဟိန်းဟောက်သံကြီးတစ်ခု ပေါက်ထွက်လာခဲ့လျက် ကြောက်မက်ဖွယ်အသံကြီးသည် ရှုံယင်းမြို့တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ၎င်းအသံလှိုင်းကြောင့် မည်မျှအရေအတွက်သောအိမ်များ ပြိုပျက်သွားခဲ့ရသည်မသိပေ။ ရှုံယင်းမြို့ကြီးတစ်ခုလုံးမှာ အပြင်းအထန်တုန်ခါနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရှုံယင်းမြို့ကျင့်ကြံသူများမှာ ရှုံယင်းမြို့မှ ထွက်ခွာသွားခဲ့ပြီးလေပြီ။ သို့မဟုတ်ပါက ၎င်းအသံလှိုင်းဖြင့်ပင် အတော်များများမှာ အသက်ပျောက်သွားနိုင်လောက်၏။

လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးမှာ တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်လိုက်ကြ၏။ သူတို့သည်လည်း ၎င်းအသံလှိုင်းတွင်ပါဝင်သော အင်အားကြီးမားသည့်စွမ်းအင်ကို ခံစားမိပေသည်။ သို့ဖြစ်ရာ သူတို့နှစ်ဦး၏ မျက်နှာအမူအရာမှာ ဂုဏ်သရေကြီးမြတ်မှုသို့ ပြောင်းလဲသွားပြီး အသံလာရာအရပ်သို့ ကြည့်လိုက်ကြသည်။

တစ်ချက်ကြည့်လိုက်သည်တွင် လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးမှာ မျက်လုံးအိမ်များကျဉ်းကျုံ့သွားရသည်။ ခန္ဓာကိုယ်တို့မှာ မထိန်းချုပ်နိုင်စွာ တုန်ယင်လာကြကာ စိတ်တွင်း၌ ကြောက်ရွံ့စိတ်များ ပေါက်ဖွားလာရသည်။

ယခင်ရှေးဟောင်းမျိုးနွယ်စုတစ်ခု၏ စွန့်ပစ်ခံသားတစ်ယောက်ဖြစ်သော ကုချိုးသည် ယခုတွင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်တစ်ဦး ဖြစ်လာခဲ့ပြီး တာ့အိုနတ်ဘုရားနဝမကြယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့လေပြီ။ ကုချိုး၏လက်တွင် သေဆုံးခဲ့ရသောကျင့်ကြံသူများမှာ ဆယ်ချီ၊ရာချီရှိ၏။ ကုချိုးမှ တာ့အိုနတ်ဘုရားအဆင့်ကျင့်ကြံသူများကို သတ်ဖြတ်သည့်မြင်ကွင်းကို မျက်မြင်တွေ့ဖူးကြသူများသည် ကုချိုးအား ‘တာ့အိုနတ်ဘုရား၏အိပ်မက်ဆိုး - ဓားပြတိုက်လုယက်ခြင်းဘုရင်’ဟု ခေါ်ဆိုကြသည်။

လီမျိုးနွယ်စုဘိုးဘေးနှစ်ဦး၏ စိတ်တွင်း၌ ၎င်းသတင်းစကားများ ဖြတ်ပြေးသွားလေရာ သူတို့မှာ ပို၍ကြောက်ရွံ့ထိတ်လန့်မိကြလေသည်။ ဤရှုံယင်းမြို့လေးသည် ဓားပြဘုရင်အား ဆင်းသက်လာစေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

ကုချိုးသည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်တစ်ဦးသာ ဖြစ်သော်ငြား လီမျိုးနွယ်စုဘိုးဘေးနှစ်ဦး၏အမြင်တွင်မူ ကုချိုးသည် ယှဉ်ပြိုင်ရန်မတတ်နိုင်သောသူဖြစ်သည်။

“ဒီကောင်လေးနှစ်ယောက်က ဘာလို့ရောက်လာရတာလဲ?”

ကုညီအစ်ကိုနှစ်ဦး ရောက်လာသည်ကိုမြင်သောအခါ ရှန်းဝမ်စန်းနှ့င့် အခြားအကြီးအကဲများ၏ မျက်နှာထက်တွင် နောက်ပြောင်ကျီစယ်ဟန်သောအပြုံးများ ဖြစ်တည်လာကြလျက် လီမျိုးနွယ်စုဘိုးဘေးနှစ်ဦး၏ရှေ့တွင် ရပ်နေသော ညီအစ်ကိုနှစ်ဦးကို စိတ်ဝင်တစား ကြည့်နေကြလေသည်။

“အကြီးအကဲများကိုဂါရဝပြုပါတယ်!”

ကုညီအစ်ကိုနှစ်ဦးသည် လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးကို လျစ်လျူရှု၍ ရှန်းဝမ်စန်းနှင့်အကြီးအကဲများသို့ လျှောက်လာခဲ့ပြီး လေးစားရိုသေစွာ အရိုအသေပြု၏။

သွားပြီ!

ထိုမြင်ကွင်းကိုမြင်သောအခါ လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးမှာ ခြေထောက်များ အားနည်းပျော့ခွေလာရပြီး တစ်ကိုယ်လုံးတုန်လှုပ်နေကာ စိတ်ပျက်အားလျော့မှုတို့မှာလည်း မရပ်တန့်နိုင်ဘဲရှိနေရသည်။

ရှန်ရှန့်ကျုံဂိုဏ်းကို အကြိုက်ဆောင်ဖို့အတွက် ရှန်ရှန့်ကျုံဂိုဏ်းက လူကို သတ်မယ်တဲ့လား?

ဒါက မှန်းထားတာနဲ့ အတော်လွဲနေပြီ!

လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးမှာ ထွက်ပြေးရန်ပင် မတွေးခေါ်နိုင်တော့ချေ။

ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရှိအင်အားဖြင့် ထွက်ပြေးခဲ့လျှင်သော်မှ ဤလောကတွင် သူတို့ပုန်းရှောင်နိုင်မည့်နေရာဟူ၍ ရှိနိုင်ပါ၏လော?

“မင်းတို့နှစ်ယောက် ဘာလို့ ရှုံယင်းမြို့ကို ရောက်လာရတာလဲ?”

ရှန်းဝမ်စန်းသည် လက်ကိုအသာအယာဝှေ့ယမ်း၍ ကုညီအစ်ကိုအား ပြုံးစစဖြင့် မေးလိုက်သည်။

ရှန်းဝမ်စန်း၏အမေးစကားတွင် ကုညီအစ်ကိုနှစ်ဦးသည် တုန်ယင်စွာဖြင့် အချင်းချင်းကြည့်လိုက်ကြ၏။ ကုကန်းချိုးသည် ခေါင်းကုတ်လျက် ပြောဟန်ပြင်နေသော ကုချိုး၏ရှေ့သို့ အလျင်အမြန် ပိတ်ရပ်လိုက်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပြောလေသည်။

“အကြီးအကဲတို့ကို ဖုံးကွယ်မထားရဲပါဘူး။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် လုယက်ဖို့အတွက် ခိုးထွက်လာခဲ့ကြတာပါ။ ဒါပေမဲ့ လင်းယုန်ကုန်သည်အသင်းအကြောင်းကို သတင်းကြားခဲ့ရတာကြောင့် လက်ရှိထျန်းလန်ဂိုဏ်းရဲ့အရှင်သခင်ဖြစ်တဲ့ ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကိုတွေးမိတော့ ဒီလီမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကို သောင်းကျန်းခွင့်မပြုနိုင်ဘူး မဟုတ်ပါလား?”

“ဒါပေမဲ့ လင်းယုန်ကုန်သည်အသင်းကို အကြီးအကဲတို့တည်ထောင်ထားတာဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး”

စကားအဆုံးတွင် ကုကန်းချိုးသည် ကုချိုးအား ဂုဏ်ယူဝံ့ကြွားစွာဖြင့် မျက်လုံးတစ်ဖက်မှိတ်ပြသေး၏။ သူ၏အမူအရာမှာ ‘ညီလေး အမှားကိုအမှန်လုပ်၊ အမှန်ကိုအမှားလုပ်တတ်အောင် သင်ယူစမ်းပါ။ လိုအပ်တာဆိုလို့ မြင့်မားတဲ့စကားပြောစွမ်းရည်လေးပါပဲ'ဟု ပြောနေသည့်အလား ထောင်လွှားပြနေပေသည်။

ကုချိုးသည်လည်း အလွန်အမင်းရင်တုန်နေခဲ့လျက် အစ်ကိုဖြစ်သူအား မသိမသာ လက်မထောင်ပြလိုက်သေး၏။ ဤလှိုင်းဂယက်တွင်တော့ အစ်ကိုဖြစ်သူအား ဟန်ဆောင်ခွင့်ပြုလိုပါသည်လေ။

“ဟားဟားဟား ငပါး‌နှစ်ကောင်ပါလား!”

ကုကန်းချိုး၏စကားအဆုံးတွင် ရှန်းဝမ်စန်းနှင့်အကြီးအကဲများသည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်လျက် ပြုံးရယ်နေကြတော့သည်။ အံ့အားသင့်ဖွယ် ရှိမနပါချေ။ ဤညီအစ်ကိုနှစ်ဦးမှ ဓားပြတိုက်လုယက်ရန်အတွက် ခိုးထွက်လာမည့်လုပ်ရပ်မှာ သိသာလွန်းသည့်ကိစ္စရပ်ဖြစ်၏။ အကြီးအကဲများမှ တစ်စုံတစ်ရာ ပြန်ပြောတော့မည်တွင် ရှုံယင်းမြို့ကောင်းကင်ထက်မှ ခွက်ထိုးခွက်လှန်ရယ်မောသံကြီးတစ်ခု ပေါ်ထွက်လာလေသည်။

ရှန်းဝမ်စန်းနှင့်အကြီးအကဲများသည် အသံလာရာသို့ အကြည့်ပို့လိုက်ကြသည်။ ကောင်းကင်ထက်တွင် ဝေဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာနေ၏။ ထိုပုံရိပ်မှာ ဝမ်ဖုန်းမှ ကုညီအစ်ကိုနှစ်ဦးကိုရှာဖွေရန် စေလွှတ်လိုက်သော စုန့်ချယ်ဖြစ်သည်။

အဆုံးသတ်ပြီ နွားပေါက်လေးတွေရေ!

စုန့်ချယ်ကိုမြင်‌တွေ့‌သည်တွင် ကုညီအစ်ကိုနှစ်ဦး၏စိတ်နှလုံးမှာ အေးခဲသွားတော့သည်။ သူတို့ညီအစ်ကိုနှစ်ဦးမှာ မည်မျှတုံးအ,သည်ဖြစ်စေကာမူ သူတို့၏အစီအစဉ်နှင့်လုပ်ရပ်များကို စုန့်ချယ်မှ မြင်တွေ့သွားခဲ့ကြောင်းကိုမူ ခန့်မှန်းသိရှိနိုင်ပါသေး၏။

“အကြီးအကဲစုန့် ဘာကိစ္စရှိလို့ပါလဲ?”

ရှန်းဝမ်စန်းသည် စိတ်ပျက်လက်ပျက်ဟန်ဖြင့် ကုညီအစ်ကိုနှစ်ဦးကို တစ်ချက်ကြည့်၍ စုန့်ချယ်ကိုမေးလိုက်သည်။ လီရော့ဟိုင်နှင့် အခြားအကြီးအကဲများသည်လည်း စုန့်ချယ်အား စူးစမ်းကြည့်ရှုနေကြပေသည်။

ထိုအခိုက်အတန့်၌ ရှန်းဝမ်စန်းနှင့် အခြားအကြီးအကဲများဖြစ်စေ၊ စုန့်ချယ်ဖြစ်စေ၊ ကုညီအစ်ကိုနှစ်ဦးဖြစ်စေ၊ လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးကို မည်သူမျှ အာရုံမရှိကြချေ။ လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးသည်လည်း ထွက်ပြေးဝံ့ခြင်းမရှိဘဲ နေရာ၌သာ တောင့်ခဲစွာရပ်နေကြလေသည်။

“ဒီ‌နှစ်ယောက်ပြောတာ လုံးဝအမှန်မဟုတ်ဘူး။ သူတို့ လုယက်ဖို့ခိုးထွက်လာကြတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ပစ်မှတ်က မင်းတို့ရဲ့ လင်းယုန်ကုန်သည်အသင်းပဲလေ။ မင်းတို့ကိုမြင်တော့မှ ဂိုဏ်းချုပ် အပြစ်ပေးတာခံရမှာကြောက်လို့ အကြောင်းရာကိုပြောင်း‌ပြောလိုက်ကြတာ!”

စုန့်ချယ်သည် ကုညီအစ်ကိုနှစ်ဦးအား ‌ကျီစယ်နောက်ပြောင်ဟန်ဖြင့် ပြော၏။

“ဟားဟား တော်လိုက်တဲ့ကောင်တွေပဲ! အကြီးအကဲတွေကိုတောင် လုယက်ဖို့ကြံစည်ရဲတယ်။ မင်းတို့က ကောင်းကင်ကို‌ အထက်အောက်ပြောင်းပြန်လှန်ပစ်ချင်နေတာပဲ!”

ရှန်းဝမ်စန်းနှင့်အကြီးအကဲများသည်လည်း ကျယ်လောင်စွာ ရယ်မောကြ‌ေတာ့သည်။ ထို့နောက် ရုတ်ချည်းရပ်တန့်သွားကြ၍ ကုညီအစ်ကိုနှစ်ဦးအား ထက်ရှစွာပြောတော့သည်။

ကုညီအစ်ကိုနှစ်ဦးမှာ ကြောက်ရွံ့မှုနှင့်ရှက်ရွံ့ခြင်းတို့ ရောနှောနေတော့သည်။ မည်သည့်ကိစ္စ‌ဖြစ်စေ သူတို့သည် ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ပြောချတတ်သူများဖြစ်ကြသည်။ သို့သော်ငြား ယခုတွင်မူ သူတို့၏မျက်နှာပြောင်ခြင်းနှင့် အရှက်သိက္ခာလေးသည် မျက်တောင်တစ်ခတ်မျှအချိန်လေးအတွင်း၌ တစ်စစီဖြိုဖျက်ခံလိုက်ရလေသည်။

အမှန်တိုင်း‌ဆိုရပါလျှင် သူတို့ညီအစ်ကိုနှစ်ဦးသည် ဓားပြတိုက်လုယက်ခြင်းကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ဆောင်ခဲ့သည့်နှစ်များတွင် လုံလောက်စွာ အရေထူစေရန် များစွာသွေးထားခဲ့ပြီးဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့မှာ ရှက်ရွံ့မှုကိုခံစားနေရဆဲဖြစ်ပြီး မြေကြီးထဲသို့ တွင်းတူးပစ်ဝင်လိုစိတ်များ ‌ဖြစ်ပေါ်နေရပေသည်။

“မတော်တဆ မတော်တဆပါ! ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အကြီးအကဲတွေကို ဓားပြတိုက်ရဲမှာလဲဗျာ.. သတ္တိအဆတစ်ရာလောက်ရှိနေရင်တောင် မဝံ့ရဲပါဘူး!”

ကုညီအစ်ကိုနှစ်ဦးသည် လက်ဟန်ဖြင့် အလျင်အမြန်အရိုအသေပြုကြလေသည်။ သူတို့မှာ ကြောက်ရွံ့မှုကြောင့် မျက်နှာတို့မှာ သိသိသာပျက်ယွင်းနေကြ၏။ ဤအကြောင်းအရာသာ ဂိုဏ်းချုပ်ထံ ရောက်ရှိသွားပါလျှင် သူတို့မှာ‌ သေချာပေါက် ရေခဲကန်အတွင်း ပစ်ချခံရသကဲ့သို့ ဖြစ်ရပေလိမ့်မည်။

ထိုမြင်ကွင်းကို မြင်တွေ့နေရသော လီမျိုးနွယ်စုဘိုးဘေးနှစ်ဦး၏ စိတ်နှလုံးအတွင်း၌ မုန်တိုင်းငယ်တစ်ခု ဖြစ်တည်လာခဲ့သည်။ လုယက်ခြင်းဘုရင်အဖြစ် ကျော်ကြားသော တာ့အိုနတ်ဘုရားနဝမကြယ်အဆင့်ဖြစ်သော ကုချိုးသည် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ကြောက်ရွံ့ရသည်တဲ့?

ဘုရားသခင်! လီမျိုးနွယ်စုက ဘာလုပ်လိုက်မိပြီလဲ? ဘယ်လိုတောင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို ပြစ်မှားမိလိုက်တာလဲ?!

ထိုအတွေးတွင် လီမျိုးနွယ်စုဘိုးဘေးနှစ်ဦးမှာ နောင်တကြီးစွာရလျက် ဤအကြံအစည်ဆိုးကြီးကို အကြုံပြုခဲ့သော မျိုးနွယ်စုအကြီးအကဲများကို အလွန်မုန်းတီးမိလေသည်။

“ကောင်းပြီ။ ပြန်သွားပြီး ကြိုးကြိုးစားစားလေ့ကျင့်ကြတော့။ တစ်ချိန်လုံး လုယက်ဖို့ပဲတွေးမနေကြနဲ့။ အထူးသဖြင့် ကုကန်းချိုး မင်းရဲ့ကျင့်ကြံဆင့်က ဘယ်လောက်ရောက်နေပြီမလို့လဲ? ညီဖြစ်သူကတောင် မင်းကိုကျော်တက်သွားပြီ!”

ရှန်းဝမ်စန်းမှ လက်ကိုဝှေ့ယမ်း၍ ကြိမ်းမောင်းလိုက်၏။

လက်ရှိအချိန်မှာမူ အနည်းငယ်သာ ကြိမ်းမောင်းပေးသင့်ပေသည်။ သို့မဟုတ်ပါက ဤကလေးနှစ်ယောက်သည် အကြောက်လွန်၍ သေဆုံးသွားနိုင်၏။

“ဒါဆို ဒါက…?”

ကုညီအစ်ကိုနှစ်ဦးသည် သိလိုစိတ်ပြင်းပြစွာဖြင့် ထစ်ငေါ့စွာ မေးမြန်းလေသည်။

“မင်းတို့ ပြန်သွားပြီး ထိုက်ရွှမ်ဆန်းကြယ်ဘုံထိ ကျင့်ကြံကြချေ။ အဲ့မတိုင်ခင်အထိ ရှန်ရှန့်ကျုံဂိုဏ်းက ထွက်ခွာခွင့်မပြုဘူး။ ဂိုဏ်းချုပ်ကို ပြန်မတိုင်ဘူးလို့ ငါကတိပေးတယ်”

ရှန်းဝမ်စန်းနှင့်အကြီးအကဲများသည် အကြည့်ချင်းဖလှယ်ကြပြီးနောက် နှုတ်ခမ်းထောင့်များ တွန့်ကွေးသည်အထိ ပြုံးရယ်ကြလေသည်။

သေတော့မှာပဲ!

ကုညီအစ်ကိုနှစ်ဦး၏ မျက်လုံးအိမ်တို့မှာ မည်းမှောင်နေကြလျက် ခန္ဓာကိုယ်မှာ တည်ငြိမ်မှုကို မထိန်းနိုင်လုနီးပါး ဖြစ်နေရသည်။ ကုချိုးသည်တော့ ကုကန်းချိုးထက် အနည်းငယ် ပိုတည်ငြိမ်ပါ၏။ မည်သို့ပင်ဖြစ်စေ ကုချိုးသည် တာ့အိုနတ်ဘုရားနဝမကြယ်အဆင့်ဖြစ်ပြီး ထိုက်ရွှမ်ဆန်းကြယ်ဘုံသို့ ရောက်ရှိရန်မှာ ခြေတစ်လှမ်းသာ လိုအပ်တော့သည်မဟုတ်ပါလော။ ကုကန်းချိုးသည်တော့ တာ့အိုအင်ပါယာအလယ်အလတ်အဆင့်ဖြစ်လေရာ ထိုက်ရွှမ်ဆန်းကြယ်ဘုံနှင့် အလှမ်းဝေးကွာလှသည်။ ဤကတိကို အတည်ပြုလိုက်ပါလျှင် သူတို့၏လုယက်ခြင်းဘုရင်ဂုဏ်ပုဒ်အား အဘယ်သောအချိန်မှ ပြန်လည်ထကြွစေနိုင်ပါမည်နည်း။

သို့သော် သဘောမတူလျှင် ခေါင်းဆယ်လုံးရှိလျှင်သော်မှ ဂိုဏ်းချုပ် ကန်ထုတ်ရန် မလုံလောက်နိုင်ချေ။

“အကြီးအကဲတို့ကို ကျေးဇူးတင်ပါတယ်!”

အချိန်အတော်ကြာ တုံ့ဆိုင်းနေကြပြီးနောက်တွင် ကုညီအစ်ကိုနှစ်ဦးသည် ရှန်းဝမ်စန်းနှင့် အခြားအကြီးအကဲများကို အရိုအသေပြု၍ သဘောတူညီလိုက်ကြသည်။ အနည်းဆုံးတော့ အနာဂတ်တွင် ဓားပြတိုက်လုယက်နိုင်မည့်အခွင့်အရေး ရှိနိုင်သေးပေသည်။

All Chapters