ဂိုဏ်းချုပ်က ရှေ့ဖြစ်ဟောဆရာဖြစ်မယ်
Vol. 23 Ch. 317
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲ ရှန်းဝမ်စန်းမှ လီမျိုးနွယ်စု၏ တာ့အိုအင်မော်တယ်၃၀ကို သတ်ဖြတ်ခဲ့ခြင်း၊ လီမျိုးနွယ်စု၏ စွမ်းအားမြင့်ကျင့်ကြံသူများစွာကို သုတ်သင်ခဲ့ခြင်း၊ မုယွင်ဖေး၏မယ်တော် လီယွင်ကို ကယ်တင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်သန်း၃၀၀နှင့် တာ့အိုအဆင့်ကျပန်းဆင့်ခေါ်ခွင့်၁၀ခု ရရှိပါတယ်”
ဝမ်ဖုန်း၏စိတ်ထဲမှ စနစ်၏အချက်ပေးသံ ထပ်မံပေါ်ထွက်လာခဲ့သည်။ ဝမ်ဖုန်းသည် လီမျိုးနွယ်စုမှာ မုယွင်ဖေး၏မယ်တော်နှင့် ပတ်သက်ဆက်နွယ်မှုရှိနေမည်ဟု မျှော်လင့်မထားခဲ့ပေ။
“ကျန်းစန်ဖုန်း အမိန့်ထုတ်ပြန်လိုက်.. ရှန်ရှန့်ကျုံဂိုဏ်းက ဂိုဏ်းတပည့်စုဆောင်းမှုအခမ်းအနား ကျင်းပမယ်လို့။ ပင်ကိုအထုံပါရမီကို ထည့်မတွက်လည်း ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စစ်ဆေးမှုကိုအောင်မြင်တဲ့ ဘယ်သူမဆို ရှန်ရှန့်ကျုံဂိုဏ်းတပည့်ဖြစ်လာနိုင်တယ်လို့”
ခဏမျှစဉ်းစားပြီးနောက် ဝမ်ဖုန်း ကျန်းစန်ဖုန်းသို့ ပြောလိုက်သည်။
ရှန်ရှန့်ကျုံဂိုဏ်းတပည့်များကို သင်ကြားပေးနေသည့် ကျန်းစန်ဖုန်းသည် ဝမ်ဖုန်း၏အသံကို ကြားသည်တွင် ဂိုဏ်းချုပ်ခန်းမဆောင်ဘက်သို့ အရိုအသေပြုတုံ့ပြန်၍ စတင်ပြင်ဆင်တော့သည်။
ထျန်းလန်ဒေသအတွင်း ရှန်ရှန့်ကျုံဂိုဏ်း၏လက်ရှိအင်အားဖြင့် ရှန်ရှန့်ကျုံဂိုဏ်းမှ ဂိုဏ်းတပည့်ခေါ်ယူမည့်သတင်း ပျံ့နှံ့သွားပါလျှင် ထျန်းလန်ဒေသတစ်ခုလုံးမှာ သေချာပေါက် ပွက်လောရိုက်သွားပေလိမ့်မည်။ ၎င်းရှေးဟောင်းပါရမီရှင်များသည်ပင် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်လိုကြနိုင်၏။
“ဒင်! ရှန်ရှန့်ကျုံဂိုဏ်း၏ လီချင်းနှင့်လက်ရွေးစင်တပည့်များမှ ဂိုဏ်းတပည့်သုံးထောင်နှင့်ပူးပေါင်း၍ လင်းယွင်ဒေသ၏ လင်းယွင်ယွမ်ကျဲ၏လွှမ်းမိုးမှုကို ဖယ်ရှားခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်းဟာ လင်းယွင်ဒေသကို လှုပ်ခါစေခဲ့ပါပြီ”
“ရှန်ရှန့်ကျုံဂိုဏ်းက လင်းယွင်ဒေသမှာ ဂိုဏ်းတည်ထောင်မှု မပြုလုပ်ရသေးပေမယ့် ဒီတိုက်ပွဲအပြီးမှာ ရှန်ရှန့်ကျုံဂိုဏ်းအကြောင်း ဒဏ္ဍာရီပုံပြင်တွေဟာ လင်းယွင်ဒေသတစ်ခုလုံးမှာ ပျံ့နှံ့နေခဲ့ပါပြီ။ လင်းယွင်ဒေသရဲ့ ထိုက်တန်သောအရှင်သခင်ဖြစ်လာခဲ့ပြီး လီချင်းနှင့်ဂိုဏ်းတပည့်တွေဟာလည်း လင်းယွင်ဒေသမှာ ဒဏ္ဍာရီလာကြီးမြတ်တဲ့ပုံရိပ်တွေအဖြစ် ကျော်ကြားခဲ့ပါပြီ”
“ဤတစ်ကြိမ်မှာ လီချင်းနှင့်ဂိုဏ်းတပည့်တွေက ရန်သူတစ်သောင်းကို သတ်ဖြတ်ခဲ့သည့်အတွက် ဂိုဏ်းအမှတ်၃ဘီလီယံနှင့် ကနဦးနတ်မင်းအဆင့်ကျပန်းဆင့်ခေါ်ခွင့်၃ခုကို ရရှိပါတယ်”
“သခင့်အနေနဲ့ ပထမဆုံးအကြိမ် ရင်းမြစ်ဒေသတစ်ခုလုံးကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည့်အတွက် ရှန်ရှန့်ကျုံဂိုဏ်း အဆောက်အဦး၅ခုနဲ့ ကောင်းကင်ဘုံအဆင့် စွမ်းအင်သွေးကြော၅ခုကို ရရှိပါတယ်”
ဘုရားသခင်!
စနစ်၏ရုတ်တရက်ဆန်လှသော အချက်ပေးသံကြောင့် ဝမ်ဖုန်း ကြောင်အသွားရသည်။ ဝမ်ဖုန်းမှာ ပါးစပ်အဟောင်းသားနှင့် ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်စွာ တုန်ရီနေတော့သည်။ လီချင်းနှင့်တပည့်များမှ ပေးလာသည့်အံ့အားသင့်ဖွယ်သည် အလွန်ပြင်းထန်လှသည် မဟုတ်ပါလော။
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု၄ခုကို ဖျက်ဆီးပြီးနောက်တွင် ရှန်ရှန့်ကျုံအကြီးအကဲများကို လင်းယွင်ဒေသသို့ စေလွှတ်သိမ်းပိုက်ရန် ဝမ်ဖုန်း တွေးထားခဲ့သည်ဖြစ်၏။ သို့သော် မမျှော်လင့်စွာဖြင့် လီချင်းနှင့်တပည့်များမှ လင်းယွင်ဒေသကို သိမ်းပိုက်ပေးခဲ့လေသည်။
“စနစ် လီချင်းနဲ့တပည့်တွေ လင်းယွင်ယွမ်ကျဲကို ဘယ်လိုသွားရင်ဆိုင်လိုက်တာလဲ?”
ဝမ်ဖုန်း အံ့အားသင့်နေမှုကိုထိန်းချုပ်၍ မေးလိုက်သည်။
“ဒင်! ယဲ့မုချင်က ချီရှီးပွဲတော်အတွက် သခင့်ကို လက်ဆောင်ပေးအပ်လိုတာကြောင့် လီချင်းနဲ့တပည့်တွေကို လင်းယွင်ဒေသက လင်းယွင်ယွမ်ကျဲရဲ့လွှမ်းမိုးမှုကို ဖယ်ရှားဖို့ အထူးတလည်အမိန့်ပေးခဲ့တာပါ”
ချင်အာလား?
စနစ်၏အချက်ပေးသံတွင် ဝမ်ဖုန်း မင်သက်သွားရပြန်သည်။ အကြောင်းရင်းမှာ ချင်အာဖြစ်နေလိမ့်မည်ဟု ဝမ်ဖုန်း လုံးဝမျှော်လင့်မထားခဲ့ပါ။
ဒီလိုဇနီးသည်မျိုးကို ပိုင်ဆိုင်ထားမှတော့ ခင်ပွန်းသည်ဖြစ်သူမှာ ဘာကိုများ တောင်းဆိုရပါဦးမည်နည်း!
ဝမ်ဖုန်း၏နှလုံးအိမ်၌ နွေးထွေးမှုစီးကြောင်းလေး စီးဆင်းသွားရကာ ရှေးဟောင်းနယ်မြေ၏ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်သွား၍ ယဲ့မုချင်အား သူ၏လက်မောင်းကြားတွင် ပွေ့ဖက်ထားလိုစိတ်များ ရုတ်ချည်းပေါ်ပေါက်လာရတော့သည်။
သို့သော်ငြား ထိုစိတ်ပြင်းပြမှုမှာ ပြင်းပြသည့်ဇွဲလုံ့လဖြင့် ဖုံးလွှမ်းခံလိုက်ရပေသည်။ ယခုတွင် ဝမ်ဖုန်းသည် ဆန်းကြယ်ဘုံသို့ ဝင်ရောက်တော့လုနီးအခြေအနေဖြစ်၍ ထွက်ခွာသွားရန် မသင့်တော်ပေ။
“စနစ် အဆောက်အဦး၅ခုက ဘာတွေလဲ?”
ဝမ်ဖုန်း စိတ်ထဲမှမေးလိုက်သည်။
“ဒင်! သခင့်ကိုချီးမြှင့်တဲ့ အဆောက်အဦး၅ခုမှာ: ခန္ဓာသန့်စင်မွမ်းမံခြင်းခန်းမ၊ ခြုံယူဆင်ခြင်ခြင်းခန်းမ၊ ဝူရွှယ်ခန်းမ၊ အတွေ့အကြုံရယူခြင်းခန်းမ၊ အင်မော်တယ်လက်နက်ခန်းမတို့ ဖြစ်ပါတယ်”
“ခန္ဓာသန့်စင်မွန်းမံခန်းမ: တပည့်တွေရဲ့ ရုပ်ခန္ဓာကို သန့်စင်မွမ်းမံဖို့အတွက် အသုံးပြုနိုင်ပြီး သူတို့ရဲ့ပုန်းကွယ်နေတဲ့ ရုပ်ခန္ဓာတွေကို ကျင့်ကြံဖို့ရာ အခွင့်အရေးရရှိမှာပါ”
“ခြုံယူဆင်ခြင်ခြင်းခန်းမ: ခန်းမအတွင်းသို့ ဝင်ရောက်ခြင်းဖြင့် တပည့်များ၏ ကပ်ဘေးအခြေအနေတွင် ခြုံယူဆင်ခြင်ခြင်းစွမ်းရည်ကို လေ့ကျင့်နိုင်ပါတယ်”
“ဝူရွှယ်ခန်းမ: တပည့်များကို ဘိုးဘေးများရဲ့သွေးမျိုးဆက်များကို နားလည်သဘောပေါက်စေနိုင်ပြီး သို့ဖြင့် သွေးမျိုးဆက်ကို အသက်သွင်းနိုင်ပါတယ်”
“အတွေ့အကြုံရယူခြင်းခန်းမ: တပည့်များကို ပုံတူကူးယူနိုင်ပြီး ၎င်းပုံတူနှင့် တိုက်ခိုက်ခြင်းဖြင့် တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို လေ့ကျင့်နိုင်ပါတယ်”
“အင်မော်တယ်လက်နက်ခန်းမ: နေ့စဉ်နေ့တိုင်း အင်မော်တယ်လက်နက်၁၀ခုကို ထုတ်လုပ်နိုင်ပြီး အဆင့်များမှာ ကျပန်းဖြစ်သည်”
မဆိုးဘူး!
စွမ်းရည်ဇယားကို ဖတ်ရှုပြီးနောက် ဝမ်ဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤအဆောက်အဉီး၅ခုဖြင့် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ၏ တိုးတက်မှုအရှိန်သည်လည်း မြင့်တက်လာပေမည်။ ဤအဆောက်အဦး၅ခုမှာ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအတွက် ကြီးမားသော အထောက်အပံ့ကို ရရှိစေပါ၏။
“စနစ် ကောင်းကင်ဘုံအဆင့် အင်မော်တယ်စွမ်းအင်သွေးကြော၅ခုကို ကမ္ဘာဝန်းထဲကို ပေါင်းစည်းလိုက်ပါ”
ဝမ်ဖုန်း တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။ ၎င်းကောင်းကင်ဘုံအဆင့် အင်မော်တယ်သွေးကြော၅ခုကို ပေါင်းထည့်လိုက်ပါလျှင် ကမ္ဘာဝန်းအတွင်း အင်မော်တယ်စွမ်းအင် စိမ့်ဝင်ပျံ့နှံ့မှုမှာ သေချာပေါက် မြင့်တက်သွားပေမည်။
“ဒင်! ကောင်းကင်ဘုံအဆင့် အင်မော်တယ်စွမ်းအင်သွေးကြော၅ခုကို ကမ္ဘာဝန်းထဲ ပေါင်းစည်းပြီးပါပြီ”
စနစ်၏အေးစက်သည့်အသံနှင့်အတူ ဝမ်ဖုန်းသည်လည်း ရှန်ရှန့်ကျုံဂိုဏ်းအတွင်း အင်မော်တယ်စွမ်းအင် စိမ့်ဝင်ပျံ့နှံ့မှု တိုးမြှင့်သွားသည်ကို ခံစားမိပါ၏။ တစ်ချက်ရှူသွင်းလိုက်ခြင်းသည်ပင် ရုတ်ချည်း အဆင့်တက်တော့မည့်အလား ခံစားရပေသည်။
“စနစ် ဂိုဏ်းအမှတ်သန်း၃၀၀ကို ထီလက်မှတ်နဲ့လဲလှယ်ပြီး ရရှိတဲ့ကျင့်ကြံမှုအခြေခံကို ဒီသခင်ကို ကောင်းချီးပေးပါ”
“ဒင်! ကျင့်ကြံမှုအခြေခံ ဆယ်ပုံတစ်ပုံကိုရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
“ဒင်!.....”
“ဒင်! ဂုဏ်သရေနတ်မင်းအထွတ်အထိပ်အဆင့်ကို ရောက်ရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”
ဘုန်း!
စနစ်၏အေးစက်သည့်အသံတွင် ဝမ်ဖုန်းသည် အံ့အားသင့်သွားခဲ့ရပြီး ကြီးမားကျယ်ပြောသည့် စွမ်းအင်များ ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဝမ်ဖုန်း၏ ဘေးပတ်လည်တွင် မရေမတွက်နိုင်သော အင်မော်တယ်အက္ခရာများ လှည့်ပတ်နေလျက် ဝမ်ဖုန်းသည်လည်း ပြောင်းလဲသွားဟန်ရ၏။ ကောင်းကင်ဘုံနှ့င့်ကမ္ဘာမြေကြီး၏ ဗဟိုချက်အလား အလွန်များပြားလှစွာသော လျှို့ဝှက်ဆန်းကြယ်စွမ်းအင်များကို ဆွဲယူနေခဲ့သည်။
ခန်းမတစ်ခုလုံးတွင် ကြောက်မက်ဖွယ်သိပ်သည်းမှုကြီးဖြင့် ပြည့်နှက်နေ၏။ စနစ်၏ကာကွယ်မှု မရှိပါလျှင် ထျန်းလန်ဒေသကြီးတစ်ခုလုံးမှာ ဝမ်ဖုန်းမှ ထုတ်လွှတ်နေသည့် သိပ်သည်းမှုကြီးစွာသော စွမ်းအင်များကြောင့် တုန်ခါနေပေရော့မည်။
အချိန်အတော်ကြာပြီးနောက်တွင်မှ ဝမ်ဖုန်း၏ခန္ဓာကိုယ်ရှိ သိပ်သည်းစွမ်းအင်များ ပျောက်ကွယ်သွားပြီး လှိုင်းလေတည်ငြိမ်သော ယခင်အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ သို့သော် ဤတည်ငြိမ်ဟန်သော ခန္ဓာကိုယ်တွင် ဂုဏ်သရေနတ်မင်းအထွတ်အထိပ်အဆင့်စွမ်းအင်များ ပုန်းကွယ်နေပေသည်။
ဝမ်ဖုန်းမှ မျက်လုံးဖွင့်လာခဲ့ချိန်တွင် သူ၏မျက်ဝန်းအစုံမှာ ကျယ်ပြောသည့် ကြယ်တံခွန်လင်းလက်သော ကောင်းကင်ပြင်အလား မရေမတွက်နိုင်အောင်သော ကြယ်ပွင့်များလင်းလက်နေခဲ့ကာ အလွန်တရာလျှို့ဝှက်ဆန်းကြယ်လှပေသည်။ ခန္ဓာကိုယ်တွင်းရှိ အင်အားကြီးမားလှစွာသောစွမ်းအင်ကြောင့် ဝမ်ဖုန်း မထိန်းချုပ်နိုင်စွာ ဟစ်ကြွေးမိလေ၏။
လက်ရှိတွင် ဝမ်ဖုန်း၏ကျင့်ကြံဆင့်မှာ ဂုဏ်သရေနတ်မင်းအထွတ်အထိပ်အဆင့်ဖြစ်ရာ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည်လည်း ပြိုင်ဘက်ကင်းဖြစ်၏။ လောကအင်အားအကြီးမားဆုံးသော တစ်ဖက်လောကလျိုယင်းရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး မှော်ဝတ်ရုံလည်း ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဝမ်ဖုန်းကိုယ်တိုင်ပင် မိမိ၏လက်ရှိတိုက်ခိုက်ချေမှုန်းစွမ်းရည်အဆင့်ကို မမှန်းဆနိုင်ဘဲရှိနေရသည်။
သို့သော် သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် သာမန်ဂုဏ်သရေနတ်မင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူကိုဖြင့် ခွေးလေး၊ဝက်လေးသတ်သလို သတ်ပစ်နိုင်သည်ကိုတော့ ဝမ်ဖုန်း သေချာပါ၏။ ကြောက်ခမန်းလိလိသော တိုက်ခိုက်ချေမှုန်းစွမ်းရည်ရှိသည့် ဂုဏ်သရေနတ်မင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူသာလျှင် ဝမ်ဖုန်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အရည်အချင်းပြည့်မှီပေမည်။
“ဂိုဏ်းချုပ်!”
ဝမ်ဖုန်းမှ သူ၏ကိုယ်တွင်းစွမ်းအင်တို့ကို အပြည့်အဝခံစားပြီးသည်နှင့်တစ်ပြိုင်နက် စုန့်ချယ်၏အသံသည် ခန်းမထဲတွင် ပျံ့နှံ့လာခဲ့၏။ ဝမ်ဖုန်း လက်ဝှေ့ယမ်းလိုက်ပြီး ခန်းမဆောင်တံခါးသည် အလိုအလျောက်ပွင့်သွားခဲ့သည်။ စုန့်ချယ်နှင့်အခြားအကြီးအကဲများ ခန်းမဆောင်ထဲသို့ ဝင်လာခဲ့၏။
“ဂိုဏ်းချုပ်!”
စုန့်ချယ်နှင့်အကြီးအကဲများသည် ဝမ်ဖုန်းကို အရိုအသေပြုကြ၏။ ကုညီအစ်ကိုနှစ်ဦးသည် အကြီးအကဲများ၏နောက်တွင် ပုန်းကွယ်လျက် ဝမ်ဖုန်းအား မဝံ့မရဲကြည့်နေကြလေသည်။
“ယဉ်ကျေးမနေကြပါနဲ့။ အားလုံးပဲ ပင်ပန်းသွားကြပြီ”
ဝမ်ဖုန်း လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ရှန်းဝမ်စန်းနှင့်အကြီးအကဲများကိုကြည့်လျက် ရယ်မောလေသည်။
ရှန်းဝမ်စန်းနှင့်အကြီးအကဲများသည် စိတ်လှုပ်ရှားနေကြပုံဖြင့် စကားမဆိုကြဘဲ ဝမ်ဖုန်းကိုသာ ရိုသေကျိုးနွံစွာကြည့်နေခဲ့ကြသည်။ သူတို့ ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်မရောက်ဖြစ်ခဲ့သည်မှာ လအနည်းငယ်ကြာခဲ့ပြီ မဟုတ်ပါလော။
“သွားပြီး ကောင်းကောင်းအနားယူကြချေ။ အခုတည်းက မင်းတို့ကို ဂိုဏ်းတပည့်တွေကို သင်ကြားခိုင်းတာက နည်းနည်းခက်ခဲလိမ့်မယ်”
ဝမ်ဖုန်းမှ ရှန်းဝမ်စန်းတို့အား ပြောခဲ့သည်။
“ဟုတ် ဂိုဏ်းချုပ်!”
ရှန်းဝမ်စန်းနှင့်အကြီးအကဲများသည် တည်ကြည်လေးနက်စွာဖြင့် ဝမ်ဖုန်းကို ဦးညွတ်အရိုအသေပြုကြပြီး ခန်းမဆောင်ထဲမှ လှည့်ထွက်သွားကြသည်။
“ဒီဂိုဏ်းချုပ်က ဖောင့်ပန်းနဲ့လန်ဖန်းယွမ့်တို့ကိုယ်တိုင် မင်းတို့ကိုသင်ကြားပေးဖို့အတွက် တောင်းဆိုထားပြီးပြီ။ နတ်မင်းအဆင့်ကိုတော့ ရောက်အောင်မကျင့်ကြံနိုင်ကြဘဲ ကိုယ့်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းသား အချင်းချင်းကိုတော့ ဓားပြတိုက်ဖို့ အကြံဉာဏ်ထွက်လာနိုင်တယ်ပေါ့လေ! မင်းတို့က အတော်လေး လူပါးဝတာပဲ!”
ဝမ်ဖုန်းမှ ကုညီအစ်ကိုနှစ်ဦးအား အေးစက်စွာလှောင်ရယ်လျက်ပြော၏။
ဝမ်ဖုန်း၏ထိုစကားတွင် နဂိုတည်းက အပြစ်ရှိခြင်းကြောင့် မဝံ့မရဲဖြစ်နေသော ကုညီအစ်ကိုနှစ်ဦးမှာ ခြေထောက်များပျော့ခွေလာရကာ မြေပြင်သို့လဲကျလုမတတ် ဖြစ်သွားရသည်။ ဝမ်ဖုန်း၏စကားလုံးများမှာ မိုးကြိုးလျှပ်စီးအလား သူတို့၏ဦးခေါင်းကို ကျိန်းစပ်သွားစေ၏။။
ဂိုဏ်းချုပ်က ဘယ်လိုသိသွားတာလဲ?!
ကုညီအစ်ကိုနှစ်ဦးမှာ မျက်ဖြူလန်လျက် အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့နှစ်ဦးသည် စုန့်ချယ်တို့မှ ဂိုဏ်းချုပ်ကို ပြောပြခဲ့သည်လားဟူသောအတွေးဖြင့် စုန့်ချယ်တို့ကို လှမ်းကြည့်နေကြ၏။ သို့သော် သေချာတွေးကြည့်လိုက်သည်တွင် ၎င်းမှာ မဖြစ်နိုင်ပေ။
အကြီးအကဲစုန့်ချယ်တို့သည် ဖုံးကွယ်ပေးထားရန် သဘောတူထားခဲ့ပြီးဖြစ်ရာ ကတိဖျက်လိမ့်မည်မဟုတ်ချေ။
ဂိုဏ်းချုပ်က ရှေ့ဖြစ်ဟောဆရာများလား?
ဟုတ်တယ် ဂိုဏ်းချုပ်က ရှေ့ဖြစ်ဟောဆရာပဲဖြစ်မယ်။ မဟုတ်ရင် သူတို့အပြစ်လုပ်ထားတာကို ဘယ်လိုလုပ်ပြီး သိနေပါ့မလဲ?
ကုညီအစ်ကိုနှစ်ဦးသည် ခါးသီးနေသောမျက်နှာအမူအရာတို့ဖြင့် နောင်တကြီးစွာ ခေါင်းညိတ်ကြလေသည်။ သူတို့၌ ငြင်းဆန်ရန်သတ္တိပင် ရှိမနေကြပါတော့ချေ။