← Chapters

ကောင်းကင်ဘုံမိစ္ဆာကကြိုး

Vol. 52 Ch. 766

ကောင်းကင်ဘုံမိစ္ဆာကကြိုး

Vol. 52 Ch. 766

ဖောင်း.. ဖောင်း.. ဖောင်း.. ။

နေရာတိုင်းမှာ စိတ်ဝိညာဉ်အလင်းများက ပြည့်နှက်သွားပြီး လေထဲမှာ အဆောင်လက်ဖွဲ့များက တဖွဲဖွဲ ကျဆင်းလာ၏။ သို့သော်.. မည်သည့်တစ်ခုကမျှ ယက္ခ၏ဆေဘာကွေးကို ခုခံနိုင်ခြင်း မရှိချေ။

လမ့်ရို၏ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေးအဆောင်သည် သိပ်မကြာမီ ထိုးဖောက်ခြင်းခံလိုက်ရ၏။

လမ့်ရိုသည် သေရတော့မည့်ဆဲဆဲမှာပင် ပန်းရောင်ဖဲကြိုးတစ်ခုက လေထဲကနေ ဖြတ်သန်းလာပြီး လမ့်ရိုကို ကယ်တင်သွား၏။

ဖဲကြိုး၏အစွန်းတစ်ဖက်မှာ နတ်ဆိုးမကျိက ရှိနေ၏။

လမ့်ရို၏မျက်နှာက ဖြူလျော့သွားပြီး တိုးတိတ်စွာဖြင့်‌ပြောလိုက်၏။

‘ကျေးဇူးတင်ပါတယ်’

‘နတ်ဆိုးမ.. နင်က နင်တစ်ယောက်တည်းနဲ့ ငါတို့နှစ်ယောက်ကို တိုက်ခိုက်နိုင်မယ်လို့ နင့်ကိုနင် ထင်နေတာလား’

လမ့်ရိုကို ပစ်မှတ်ထားသော ယက္ခ၏ အေးစက်စက်အကြည့်သည် နတ်ဆိုးမကျိထံသို့ ရောက်ရှိသွား၏။

ဘုန်း..။

နတ်ဆိုးမကျိ၏ ရွှေအမြုတေနယ်မြေသည် ယက္ခနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘဲ ချက်ချင်းပျက်ပြယ်သွား၏။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်သော ရန်ထူနှင့် ဖန်းယွဲ့တို့လို ပြိုင်စံရှားများပင်လျှင် သူတို့၏ရွှေအမြုတေနယ်မြေများ၏ ကာကွယ်ခြင်းမရှိပါက ယက္ခများကို ခုခံတိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ရွှစ်..။

ပုံရိပ်နှစ်ခုသည် လေထဲမှာ ဖြတ်သန်းသွားပြီး နတ်ဆိုးမကျိက ခဏတာအတွင်းမှာ ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ သို့သော်လည်း.. သိပ်မကြာမီ သူမသည် သူမကိုယ်သူမ ဣန္ဒြေပြန်ဆည်ပြီး သူမ၏လှပသော မျက်လုံးများထဲမှာ နတ်ဆိုးဆန်သော အလင်းရောင်က တောက်ပလာ၏။

လူတိုင်း၏ရှေ့မှောက်မှာပင် သူမသည် အလွန်တရာ ညို့ငင်ဖမ်းစားနိုင်သော နည်းစနစ်တစ်ခုကို ထုတ်ပြလိုက်၏။

သူမသည် ပေါ့ပါးသည့်ခြေလှမ်းများနှင့်အတူ မြေပြင်ကိုထောက်၍ သူမ၏ပုံရိပ်က အေးစက်စက်အလင်းများကြားမှာ ကူးလူးယှက်ဖြာနေပြီး သူမက လုံးဝထိခိုက်ဒဏ်ရာရရှိခြင်း မရှိပေ။

ယက္ခမျိုးနွယ်၏အမြန်နှုန်းသည် တကယ့်ကို အံ့မခန်းပင် ဖြစ်လေသည်။

လက်ရှိကျင့်ကြံသူများ အားလုံးသည် သူတို့၏တိုက်ခိုက်မှုမှ နှစ်ကြိမ်သုံးကြိမ်အထိ အသက်ရှင်သန်နိုင်လျှင် အတော်လေး ကံကောင်းလှသည်ဟုဆိုရပေမည်။

သို့သော်လည်း နတ်ဆိုးမကျိသည် သူမ၏လှုပ်ရှားမှုနည်းစနစ်နှင့်အတူ ယက္ခနှစ်ယောက်၏သတ်ဖြတ်ကွက်များကို ဆက်တိုက်ရှောင်ထွက်ပြနေ၏။

ထိုမျှသာမက.. သူမသည် ယက္ခနှစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိဘဲ သူမ၏လှုပ်ရှားမှုက ဖော်မပြတတ်လောက်အောင် ကြော့ရှင်းလှပနေ၏။

သူမ၏ပန်းရောင်ပုံရိပ်သည် ဓားသွားများပေါ်မှာ ကခုန်နေသည်နှင့်တူပြီး မနှိုင်းယှဉ်သာအောင် ညို့ငင်ဖမ်းစားနိုင်လွန်းလေသည်။

‘သူမရဲ့ လှုပ်ရှားတဲ့ပုံစံက နည်းနည်းတော့ ထူးဆန်းနေတယ်’

ပကတိအရှင်လောရွှယ်က တိုးတိတ်စွာ ပြောလိုက်၏။

ပကတိအရှင်ယွီကျွင်းသည် ခဏမျှ တွေးတောပြီးနောက် သူ၏ခေါင်းက ဆတ်ခနဲမတ်သွားကာ အံ့အားတသင့် ရေရွတ်လိုက်၏။

‘အဲဒါက ကောင်းကင်ဘုံမိစ္ဆာကကြိုးပဲ’

‘အာ..’

ကောင်းကင်ဘုံမိစ္ဆာကကြိုးဟူသော အသံကိုကြားရချိန်တွင် အာမေဋိတ်အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံမိစ္ဆာကကြိုးသည် နတ်မိမယ်လင်းလုံကို နာမည်ကြီးကျော်ကြားစေခဲ့သော လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်လေသည်။

သူမသည် ဧကရာဇ်တစ်ပါး၏အဆင့်သို့ မရောက်ရှိခဲ့သော်လည်း.. နတ်မိမယ်လင်းလုံသည် ထိုလှုပ်ရှားမှုနည်းစနစ်ပေါ်မှာ မှီခို၍ မည်သည့်ဧကရာဇ်၏ တိုက်ခိုက်မှုကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့လေသည်။

ဒဏ္ဍာရီအရဆို.. သူမ၏ကောင်းကင်ဘုံမိစ္ဆာကကြိုးကို မြင်တွေ့ပြီးနောက်.. နတ်မိမယ်လင်းလုံလက်အောက်သို့ ခိုဝင်သွားခဲ့သော ဧကရာဇ်များပင်ရှိသည်ဟု ဆိုကြသည်။

အဲဒါက.. ရှေးဟောင်းခေတ်မှာ အလွန်တရာ နာမည်ကြီးကျော်ကြားခဲ့သော လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်လေသည်။

ပဟေဠိနန်းတော်ကို နတ်မိမယ်လင်းလုံက တည်ထောင်ထားခဲ့ခြင်းဖြစ်သော်လည်း.. ထိုလျှို့ဝှက်ပညာရပ်က သူတို့မှာ မရှိပေ။

ယခု ကောင်းကင်ဘုံမိစ္ဆာကကြိုးသည် နတ်ဆိုးမကျိထံတွင် ပြန်ပေါ်လာသည်ဆိုတော့..။

‘အဲဒါက မှားစရာမရှိဘူး’

ပကတိအရှင်လောရွှယ်က လေးနက်စွာပြောလိုက်၏။

‘လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က လူသားဧကရာဇ်နန်းတော် ပေါ်လာတုန်းက.. မိစ္ဆာဂိုဏ်းက အဲဒီစင်ကြယ်အပျိုစင်ကလည်း အထဲကို ဝင်ရောက်သွားခဲ့တယ်.. သူမက ကောင်းကင်ဘုံမိစ္ဆာကကြိုးကို လူသားဧကရာဇ်နန်းတော်ထဲကနေ သင်ယူတတ်မြောက်လာတာ ဖြစ်ရမယ်’

အဲဒါက လှုပ်ရှားမှုနည်းစနစ်တစ်ခုနှင့် လုံးဝမတူပေ။

အဲဒါက သူမသည် အမှန်တကယ်ကို ကခုန်နေခြင်းနှင့်တူလေသည်။

နတ်ဆိုးမကျိ၏ပုံရိပ်သည် ကြော့ရှင်းသပ်ရပ်နေပြီး သူမ၏ခြေထောက်များက ပေါ့ပါးဖျတ်လတ်နေ၏။ သူမ၏အင်္ကျီစက တဖျတ်ဖျတ် လှုပ်ခါနေပြီး သူမ၏ ပြီးပြည့်စုံသော ပုံရိပ်က ညို့ငင်ဖမ်းစားစွာဖြင့် ကခုန်နေ၏။

ထက်ရှသော ဆေဘာအလင်းသည် သူမ၏ခန္ဓာကိုယ်ဘေးကနေ ပွတ်ကာသီကာဖြင့် ဖြတ်သန်းသွား၏။

အချိန်ကြာလာသည်နှင့်အမျှ.. နတ်ဆိုးမကျိ၏လှုပ်ရှားမှုသည် ပို၍ချောမွေ့လာပြီး မမြင်ရသော အော်ရာတစ်ခုက သူမ၏ဘေးပတ်လည်မှာ ဖြစ်ပေါ်လာ၏။

သူမ၏အော်ရာက ယက္ခနှစ်ယောက်ကိုပါ လွှမ်းခြုံလာ၏။

သူတို့နှစ်ယောက်သည် ပျာပျာသလဲဖြစ်လာပြီး သူတို့သည် ရွှံညွှန်ထဲသို့ လှမ်းဝင်သွားသည့်အလား သူတို့၏လှုပ်ရှားမှုများက လေးကန်လာလေသည်။

‘ဟမ့်’

ယက္ခခေါင်းဆောင်၏အမူအရာသည် သုန်မှုန်သွားပြီး အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်၏။

အစကတော့.. သူ၏ကလန်သားများသည် ထိုပုရွက်ဆိတ်များ အားလုံးကို အသက်ဆယ်ရှိုက်စာအတွင်း ဖိချေသတ်ဖြတ်နိုင်မည်ဟု သူက တွေးထင်ထား၏။

ယခုတော့.. သူတို့က ပြဿနာတချို့နှင့် ကြုံတွေ့လာရပုံ ရလေသည်။

‘မင်းက နတ်ဘုရားမျိုးနွယ်ရဲ့ အကူအညီကို လိုသေးလား’

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က သူ့ခေါင်းကို စောင်းငဲ့ပြီး ပြုံးစစဖြင့် မေးလိုက်၏။

ယက္ခခေါင်းဆောင်က အံကိုကြိတ်လိုက်၏။

‘မလိုဘူး’

အခြားတစ်ဖက်မှာတော့.. စိတ်ဝိညာဉ်ကျား၏ ကြီးမားသည့်ခန္ဓာကိုယ်ကြီးသည် နတ်ဘုရားမျိုးနွယ်သက်ရှိထံမှ ထိုးချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွား၏။ သူက မြေပြင်ပေါ်မှာ ဆိုးဆိုးရွားရွား ပုံစံဖြင့် ပေအတော်များများအထိ လိမ့်ဆင်းသွား၏။

သူ၏ဦးခေါင်းက ချာချာလည်နေပြီး သူက ဤကဲ့သို့ ဖြစ်ပျက်ခဲ့သည်မှာ ၅ကြိမ်လား ၆ကြိမ်လားပင် မမှတ်မိတော့ပေ။

ထိုအချိန်တွင်.. သူသည် နဖူးမှခြေဖျားအထိ ဒဏ်ရာများဖြင့် ပြည့်နှက်နေလေပြီ။

သူက ခွန်အားအရာမှာရော.. အမြန်နှုန်းအရာမှာပါ အပြတ်အသတ်ကို ရှုံးနိမ့်ခဲ့လေပြီ။

သူက နတ်ဘုရားမျိုးနွယ်၏ပြိုင်ဘက် လုံးဝမဟုတ်တော့ပေ။

စိတ်ဝိညာဉ်ကျားသည် ကြယ်တာရာနဂါးခံတွင်းမှာတုန်းက.. ကျားမျိုးနွယ်မှ နတ်ဘုရားသက်ရှိတစ်ပါး၏ လက်သည်းလေးခုကို သူ၏လက်ဝါးထဲသို့ ပေါင်းစပ်နိုင်ခဲ့ပြီး လုံးဝအသွင်ပြောင်းလဲခြင်းကို ကြုံတွေ့ခဲ့ရခြင်း မရှိဘူးဆိုလျှင်.. သူက ထိုနတ်ဘုရားမျိုးနွယ်၏ ထိုးချက်များအောက်တွင် စုတ်ပြတ်သတ်သွားခဲ့သည်မှာ အတော်ကြာနေလောက်လေပြီ။

စိတ်ဝိညာဉ်ကျားသည် ယခုအချိန်ထိ အသက်ရှင်နိုင်နေသေးသည်မှာ သူ၏အကန့်အသတ်ပင်ဖြစ်သည်ဟု ခံစားမိလာသည်။

‘ဝေါင်း’

သူက နက်ရှိုင်းစွာ အော်ဟစ်လိုက်ပြီး ကြိုးစား၍ ရုန်းကန်ထလိုက်၏။ သို့သော်လည်း.. ဘုန်းခနဲမြည်သံနှင့်အတူ သူက ဒူးထောက်၍ ပစ်လဲကျသွား၏။

‘ပြီးသွားပြီ..’

နတ်ဘုရားမျိုးနွယ်သည် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်လာပြီး စိတ်ဝိညာဉ်ကျား၏ ကြီးမားသည့်ဦးခေါင်းကြီးကို ပစ်ထိုးချလိုက်၏။

ထိုထိုးချက်သာ ကျဆင်းလာလျှင်.. စိတ်ဝိညာဉ်ကျား၏ဦးခေါင်းပေါ်တွင် သွေးသံရဲရဲ အပေါက်ကြီးတစ်ပေါက်က သေချာပေါက် ဖြစ်ပေါ်လာပေတော့ မည်။

ရုတ်တရက်ဆိုသလို..

အနက်ရောင်ပုံရိပ်တစ်ခုက လေထဲကနေ ရုတ်တရက် ထွက်ပေါ်လာပြီး နတ်ဘုရားမျိုးနွယ်၏လက်သီးကို တန်ပြန်ထိုးနှက်လိုက်၏။

‘မင်းကတော့ သေချင်နေတာပဲ’

နတ်ဘုရားမျိုးနွယ်သက်ရှိသည် ဝင်ရောက်လာသူက မည်သူဆိုတာကို သေချာပင် ဖမ်းမကြည့်တော့ဘဲ အထင်အမြင်သေးစွာဖြင့်‌ ရယ်မောလိုက်၏။

ထိုသူက မည်သူပင်ဖြစ်ပါစေ.. နတ်ဘုရားမျိုးနွယ်နှင့် အနီးကပ်ရင်ဆိုင်တိုက်ခိုက်ဖို့ ကြိုးစားသည့် မည်သူမဆို သေရမည်သာဖြစ်လေသည်။

နတ်ဘုရားမျိုးနွယ်သက်ရှိသည် သူ၏ရွှေရောင်သွေးချီကို လှည့်ပတ်ပြီး ဝင်းလက်တောက်ပလာကာ သူက အစစ်အမှန်နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ ဖြစ်လာ၏။ သူ၏အော်ရာက သိပ်သည်းမြင့်မားလာပြီး သူ၏လက်သီးချက်နှင့်အတူ ဆူနာမီအသံက ထွက်ပေါ်လာ၏။

ဘန်း..

လက်သီးနှစ်လုံးက ထိတွေ့မိသွား၏။

သူတို့၏အသားနှင့် အရိုးများက ထိတွေ့မိသည့်ခဏမှာပင် ခပ်ထိုင်းထိုင်း အသံတစ်သံက ထွက်ပေါ်လာ၏။

နတ်ဘုရားမျိုးနွယ်၏အမူအရာသည် အေးခဲသွားပြီး အစက အထင်အမြင်သေးသော သူ၏အကြည့်က ချက်ချင်းပျောက်ကွယ်သွား၏။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သိသိသာသာ နာကျင်မှုကို ခံစားသွားရသည့်အလား ဒယီးဒယိုင်ဖြင့် ခြေသုံးလှမ်းဆုတ်လိုက်ရ၏။

နတ်ဘုရားမျိုးနွယ်သက်ရှိသည် အခြားတစ်စုံတစ်ယောက်၏ တွန်းလှန်ခြင်းကို ခံစားလိုက်ရ၏။

လူတိုင်းသည် အာရုံစိုက်ကြည့်ပြီး ကြက်သေသေသွားကြ၏။

အဲဒါက.. ညဝိညာဉ်ပင်ဖြစ်လေသည်။

မသိလိုက်မသိဘာသာနှင့်ပင်.. ညဝိညာဉ်သည် ယက္ခနှစ်ယောက်၏တိုက်ခိုက်မှုကနေ ရုန်းထွက်ပြီး နတ်ဘုရားမျိုးနွယ်ထံသို့ ပြေးဝင်တိုက်ခိုက်ကာ စိတ်ဝိညာဉ်ကျားကို ကယ်တင်ခဲ့၏။

‘မင်းကတော့ တကယ့်ကို သေချင်နေတာပဲ’

နတ်ဘုရားမျိုးနွယ်သက်ရှိက ဒေါသူပုန်ထသွားပြီး ညဝိညာဉ်ထံသို့ ပြေးဝင်ချသွား၏။

တစ်ချိန်တည်းမှာပင်.. ယက္ခနှစ်ယောက်ကလည်း ရောက်ရှိလာလေပြီ။

ယခုဆို.. ညဝိညာဉ်သည် ယက္ခနှစ်ယောက်နှင့် နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်ကိုပါ ရင်ဆိုင်တိုက်ခိုက်နေရ၏။

သို့သော်လည်း.. သူက ရှုံးနိမ့်မည့်လက္ခဏာ မရှိသေးပေ။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် သူ့အကြည့်ကို မှေးကျဉ်းလိုက်ပြီး သူ၏မျက်လုံးက တဖျတ်ဖျတ်လက်သွား၏။

ဤကိစ္စက စိတ်ဝင်စားဖို့တော့ ကောင်းလာလေပြီ။

ယက္ခမျိုးနွယ်၏အမြန်နှုန်းကို ယှဉ်နိုင်ပြီး နတ်ဘုရားမျိုးနွယ်၏ခွန်အားကိုပါ ယှဉ်နိုင်သည်ဆိုသည်က စဉ်းစားစရာတစ်ခုခု ဖြစ်လာလေပြီ။

တချိန်တည်းနီးပါးမှာပင်.. ယက္ခခေါင်းဆောင်နှင့် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ညင်သာစွာပြုံးပြီး မေးလိုက်၏။

‘အဲဒီ အနက်ရောင်ဝတ်လူရဲ့နောက်ခံကို မင်းပြောနိုင်လား’

‘သူ့ဟာသူ ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး… အလွန်ဆုံး ငါကိုယ်တိုင်ဝင်ပြီး သူ့ကိုသတ်မယ်ဆိုလို့ရှိရင် တစ်ခါတည်း ကိစ္စပြတ်သွားလိမ့်မယ်’

ယက္ခခေါင်းဆောင်က မည်သည့်အမူအရာမှ မရှိဘဲ အေးစက်စွာဖြင့် ပြန်ပြောလိုက်၏။

‘အဲဒါတော့ အမှန်ပဲ’

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ခေါင်းညိတ်လိုက်၏။

‘သူက မြန်ဆန်ပြီးတော့ အတော်အတန်ခွန်အားရှိတယ် ဆိုပေမဲ့လို့ သူက ငါတို့နဲ့ယှဉ်ဖို့တော့ အဝေးကြီးရှိသေးတယ်’

ခေါင်းဆောင်နှစ်ယောက်က စကားစမြည်ပြောနေစဉ်မှာပင်.. တိုက်ပွဲမြေပြင်တွင် တစ်စုံတစ်ရာက ပြောင်းလဲလာခဲ့၏။

ရွှေခြင်္သေ့သည် နောက်ဆုံးမှာ မခုခံနိုင်တော့ဘဲ ယက္ခတစ်ယောက်က သူ၏ကျောပြင်ကို ခုတ်ပိုင်းလိုက်၏။ ထိုဒဏ်ရာက အလွန်တရာနက်ရှိုင်းပြီး သူက ဒဏ်ရာပြင်းထန်စွာဖြင့် မြေပြင်ပေါ်မှာ လဲကျသွား၏။ သွေးများက အဆက်မပြတ် ပန်းထွက်လာလေသည်။

ရှောင်းနင်က အလောတကြီး ပြေးသွားလိုက်၏။

ညဝိညာဉ်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ကြမ်းကြုတ်ခက်ထန်သော သတ်ဖြတ်လိုစိတ်က သူ၏နက်ရှိုင်းသော မျက်လုံးများထဲမှာ ခဏတာ ပေါ်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွား၏။

‘ဂါး..’

မျောက်သည် ရွှေခြင်္သေ့ကို သူ့နောက်မှာထား၍ ကာလိုက်ပြီး သူ၏မျက်လုံးများက သွေးနီရောင်ဖြင့် တောက်ပလာ၏။ သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက်… ဒေါသယမ်းမီး ပေါက်ကွဲသည့်အဆင့်သို့ လုံးဝဝင်ရောက်သွား၏။

သွေးနီရောင်ဖြစ်နေသော သူ၏မျက်လုံးများသည် အကန့်အသတ်မဲ့သော ခွန်အားများကို ပိုင်ဆိုင်ထားသည်ဟု ထင်ရလေသည်။

ဒေါသယမ်းမီး ပေါက်ကွဲသည့်အဆင့်တွင်.. မျောက်သည် သူ၏မျိုးဆက်သွေး အနက်ပိုင်းအတွင်းမှ စွမ်းအားတစ်မျိုးကို နှိုးဆွနိုင်ပြီး သူ၏ခွန်အားနှင့်အမြန်နှုန်းက ပေါက်ကွဲထွက်ပေါ်လာပေလိမ့်မည်။ ထိုအချိန်တွင်.. သူက မည်သည့်ဆင်ခြင်တုံတရားမှ မရှိတော့ဘဲ သူ၏စိတ်ထဲတွင် သတ်ဖြတ်ဖို့အတွေးတစ်ခုသာ ရှိတော့လေသည်။

ဒါ့အပြင်.. သူက သူ၏ခန္ဓာကိုယ်မှ နာကျင်မှုကိုလည်း မခံစားရတော့ပေ။

သူတို့ သွေးသောက်ညီအစ်ကိုမောင်နှမ ၇ယောက်ထဲတွင် ညဝိညာဉ်နှင့်ဆူဇီမိုပြီးလျှင် မျောက်က အသန်မာဆုံးဖြစ်လေသည်။

မျောက်က သူ၏ဒေါသယမ်းမီးပေါက်ကွဲသည့် အခြေအနေတွင် များစွာပို၍ ကြောက်စရာကောင်းပေလိမ့်မည်။

All Chapters