← Chapters

ကောင်းကင်ဘုံလွှမ်းခြုံ ဝင်္ကပါ

Vol. 52 Ch. 770

ကောင်းကင်ဘုံလွှမ်းခြုံ ဝင်္ကပါ

Vol. 52 Ch. 770

အသက်သုံးရှိုက်စာအတွင်းမှာပင်.. ယက္ခနှစ်ယောက်က ဆက်တိုက်သေဆုံးသွားခဲ့လေသည်။

များစွာသော ကျင့်ကြံသူများသည် မျက်လုံးပြူး မျက်ဆံပြူးဖြင့် စောင့်ကြည့်နေကြပြီး မယုံကြည်နိုင်မှုဖြင့် အသက်ကိုပင် ရဲရဲမရှုရဲကြတော့ပေ။

ယက္ခမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲမှ တစ်စုဖြစ်လေသည်။ သူတို့သည် မြင့်မြတ်သော မျိုးဆက်သွေး ၊ အသားပြားတောင်ပံတစ်စုံနှင့် ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှုနည်းစနစ်များကို ပိုင်ဆိုင်ထားလေသည်။ လက်ရှိကျင့်ကြံသူများ အားလုံးသည် ယက္ခမျိုးနွယ်၏ကြောက်စရာကောင်းမှုကို တွေ့ကြုံခံစားခဲ့ပြီးလေပြီ။

သို့သော် ယခုအခါ.. ယက္ခနှစ်ယောက်သည် ဒီတိုင်းပဲ သေဆုံးသွားခဲ့ရ၏။

ဒါ့အပြင်.. သူတို့က မည်သို့မည်ပုံ သေဆုံးခဲ့သည်ကိုပင် သေချာမသိရပေ။

ညဝိညာဉ်၏ကြီးထွားလာမှုကို စောင့်ကြည့်ခဲ့ရသော မျောက် ၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသူများပင်လျှင် အံ့ဩတုန်လှုပ်သွားရ၏။ အခြားသော ကျင့်ကြံသူများကိုဆိုလျှင် ပြောနေစရာကို မလိုပေ။

ညဝိညာဉ်က သန်မာသည်ဆိုတာကို သူတို့သိထားသော်လည်း ဤလောက်အထိ ကြောက်စရာကောင်းနေမည်ဟု မည်သူကမှ ထင်မထားကြပေ။

ယက္ခ အယောက်သုံးဆယ်ကျော်သည် တချိန်တည်းမှာ ပြေးတက်လာကြပြီး နောက်ခဏ၌.. သူတို့ထဲမှ နှစ်ယောက်က သေဆုံးသွားလေပြီ။

သူ၏အစွမ်းအစများနှင့် တိုက်ခိုက်ရည်ခွန်အားက ကမ္ဘာလောက၏အပြင်ဘက် နောက်တစ်ဆင့်သို့ ရောက်နေလေပြီ။

‘ငါ ရှုံးနိမ့်ခဲ့ရတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ’

ရွှေခြင်္သေ့က တီးတိုးရေရွတ်လိုက်၏။

သူသည် ညဝိညာဉ်နှင့် ပထမဆုံး တွေ့ဆုံချိန်မှာပင် ထိခိုက်ရှုံးနိမ့်ခဲ့ရ၏။

အစကတော့.. ရွှေခြင်္သေ့သည် ပို၍ ကြိုးကြိုးစားစားနှင့် ကျင့်ကြံပြီး အနာဂတ်မှာ သူနှင့်တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုကို ရှာဖွေမည်ဟု စဉ်းစားထား၏။ ထိုအချိန်မှာတော့.. သူ၏ ထိုအတွေးများက လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။

နိုးထဝိညာဉ်သုံးယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့အားလုံးသည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တုန်လှုပ်မှုနှင့် စိတ်ရှုပ်ထွေးမှုကို မြင်နေကြရ၏။

အခြားသူများက ညဝိညာဉ်၏တိုက်ခိုက်မှုကို ရှင်းလင်းစွာ မြင်နိုင်ချင်မှ မြင်နိုင်ပေမည်။

သို့သော်လည်း.. သူတို့သုံးယောက်သည် စိတ်ဝိညာဉ်အသိစိတ်ကို ပိုင်ဆိုင်ထားပြီး ယက္ခအုပ်စုနှင့် ညဝိညာဉ်၏တိုက်ခိုက်မှု ဖြစ်စဉ်တစ်ခုလုံးကို မြင်ခဲ့ကြရ၏။

အဲဒါက.. တုန်လှုပ်စရာ၊ ပကတိပြီးပြည့်စုံမှုနှင့် ကြောက်မက်ဖွယ်ရာဖြစ်လေသည်။

ညဝိညာဉ်သည် တွေဝေတုံ့ဆိုင်းခြင်း နည်းနည်းလေးမှ မရှိဘဲ အလွန်တရာ ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်လေသည်။

သူ၏တိုက်ခိုက်မှုတစ်ခုချင်းစီက သေကွင်းသေကွက်ကိုသာ ချိန်ရွယ်လေသည်။

သူတို့သုံးယောက်စလုံးအတွက်တော့ ထိုဖြစ်စဉ်အပေါ် ပထမဆုံးတုံ့ပြန်မှုမှာ တုန်လှုပ်သွားခြင်းဖြစ်လေသည်။

ချိန်သားကိုက်ခြင်း ၊ ရှုထောင့်ရွေးချယ်ခြင်း ၊ လှုပ်ရှားမှုနည်းစနစ် ၊ အမြန်နှုန်း ၊ ရုန်းကန်ခွန်အား သို့မဟုတ် ပစ်မှတ်ရွေးချယ်မှုတို့မှာ ညဝိညာဉ်၏တိုက်ခိုက်မှုက လုံးဝပြီးပြည့်စုံခဲ့လေသည်။

သူတို့က လုံးဝကို အပြစ်ဆိုစရာ မရှိပေ။

သူတို့သည် အဲဒါကို ပို၍တွေးကြည့်လေလေ.. များစွာပို၍ ကြောက်ရွံ့လာလေလေ ဖြစ်လေသည်။

သူတို့သုံးယောက်စလုံးသည် အထွတ်အထိပ်အခြေအနေမှာ ရှိနေကြလျှင်တောင် ညဝိညာဉ်၏တိုက်ခိုက်မှုများကနေ မထိမခိုက် ခုခံနိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။

ညဝိညာဉ်က ပင်ကိုယ်ဗီဇအားဖြင့် သတ်ဖြတ်ဖို့အတွက် မွေးဖွားလာခြင်းပင်။

သူ့ထံမှ နက်မှောင်အေးစက်၍ အလွန်တရာရှေးကျသော အော်ရာတစ်ခုက ခပ်ဖျော့ဖျော့ ထွက်ပေါ်နေ၏။ အဲဒါက.. မကျေမချမ်း စိတ်ဆန္ဒတစ်ခုရှိပြီး လူတိုင်းကို ကျောချမ်းသွားစေ၏။

သူတို့၏လက်ရှိကျင့်ကြံမှုအဆင့်အထိ ပကတိအရှင်လောရွှယ်နှင့် အခြားနှစ်ယောက်သည် ကောင်းကင်နှင့်မြေကြီး၏ အကာအရံကို ဖောက်ထွက်ပြီး သူတို့၏ဘဝသက်တမ်းက နှစ်တစ်ထောင်အထိ ရှိလာခဲ့၏။ သူတို့သည် ယက္ခမျိုးနွယ်နှင့် ရင်ဆိုင်ခဲ့ရစဉ်မှာပင် ထိုခံစားချက်ကို မတွေ့ကြုံခဲ့ရပေ။

သို့သော်.. ညဝိညာဉ်၏အော်ရာမှာ သူတို့သုံးယောက်စလုံးသည် ကျောချမ်းသွားကြ၏။

နိုးထဝိညာဉ်သုံးယောက် စဉ်းစားတွေးတောနေစဉ်မှာပင်.. နောက်ထပ်ယက္ခတစ်ယောက်သည် ရင်ဘတ်မှာ အပေါက်တစ်ပေါက်နှင့်အတူ လေထဲကနေ ကျဆင်းလာ၏။ သူ၏နှလုံးက ကွဲကြေသွားခဲ့လေပြီ။

ညဝိညာဉ်၏ပုံရိပ်က ပုံရိပ်ယောင်တစ်ခုကဲ့သို့ဖြစ်နေ၏။

ညအမှောင်၏ဖုံးကွယ်မှုအောက်တွင် သူ့ကို ရိုးတိုးရိပ်တိတ်သာ မြင်နိုင်လေသည်။

ယက္ခအုပ်စု၏တိုက်ခိုက်မှုများသည် ကြမ်းကြုတ်ခက်ထန်သော်လည်း ညဝိညာဉ်သည် ထွက်ပေါက်တစ်ခုကိုရှာ၍ အရာရာတိုင်းကို ရှောင်ရှားနိုင်ဆဲဖြစ်ပြီး ပြန်လည်၍တိုက်ခိုက်သွား၏။

အစကတော့.. နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ဘေးကနေ ဒီတိုင်းထိုင်ပြီး ပြပွဲကို စောင့်ကြည့်နေဖို့ ရည်ရွယ်ထားလေသည်။

သို့သော်လည်း.. ထိုအခိုက်အတန့်တွင် သူသည် မျက်မှောင်ကြုတ်လိုက်ပြီး ညဝိညာဉ်၏ပုံရိပ်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်၏။ သူသည် လေးနက်စွာ တွေးတောနေသည့်အလား သူ့အကြည့်က ဝင်းလက်တောက်ပလာ၏။

ယက္ခခေါင်းဆောင်၏မျက်နှာကလည်း ကြောက်မက်ဖွယ်ရာ သုန်မှုန်လာ၏။

တချိန်တည်းမှာပင်.. တိုက်ပွဲနယ်မြေ၏အခြားတစ်ဘက်၌ နောက်ထပ်တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့၏။

‘ဥုံ.. မာ.. ဏီ.. ပါ.. မီ.. ဟုန်’

ဂါထာမန္တန် ၆သံက ကြီးမားသော ခေါင်းလောင်းထိုးသံကဲ့သို့ လောကတခွင် မြည်ဟည်းသွားလေသည်။

ထိုမန္တန်သည် ဗုဒ္ဓတာအို၏ အထွတ်အထိပ် အမြင့်မြတ်ဆုံးခွန်အားကို ပိုင်ဆိုင်ထားသည့်အလား ထင်ရလေသည်။

အဲဒါက တာမင်းမန္တန်ပင် ဖြစ်လေသည်။

ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော တာမင်းကျောင်းတော်၏ အထွတ်အထိပ်နည်းစနစ်သည် အသင်္ချေနယ်မြေမြို့တော်မှာ ပြန်ပေါ်လာခဲ့၏။

ဂါထာမန္တန်တစ်လုံးချင်းစီ၏စွမ်းအားသည် ကျင့်ကြံသူတစ်ယောက်၏စိတ်ကို ယောက်ယက်ခတ်သွားစေနိုင်၏။

ဂါထာမန္တန် ၆လုံးကို ပေါင်းစပ်၍ ထုတ်ဖော်လိုက်သောအခါ လောကတခွင်သည် တုန်လှုပ်သွားလေသည်။ ရာသီဥတုက ပြောင်းလဲသွားပြီး ကောင်းကင်ထက်မှာ မိုးကြိုးသံများက ပဲ့တင်ထပ် မြည်ဟည်းလာလေသည်။

တချိန်တည်းမှာပင်.. တိုက်ပွဲနယ်မြေ၏ အဝေးမှာရှိနေသော ကျင့်ကြံသူများသည် သူတို့၏သွေးချီများက လှုပ်ရှားလာပြီး သူတို့၏နှလုံးခုန်သံများက မြန်လာသည်ဟု ခံစားရ၏။

သို့သော်လည်း.. တိုက်ပွဲနယ်မြေထဲရှိ ယက္ခများစွာကတော့ သူတို့သည် ခဏမျှ ကြောင်အ၍ မှင်သက်သွားရုံမျှသာ ရှိလေသည်။

သူတို့၏မျိုးဆက်သွေးက အရမ်းကိုသန်မာလွန်း၏။

တာမင်းမန္တန်က စွမ်းအားကြီးသော်လည်း.. အဲဒါက သူတို့အပေါ် အကျိုးသက်ရောက်မှု များများစားစား မရှိပေ။

ထိုစဉ်မှာပင် ဆူဇီမိုက တိုက်ခိုက်လိုက်၏။

‘ပိုင်းဖြတ်စမ်း’

ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ဆူဇီမို၏ဘေးပတ်လည်ရှိ သွေးရောင်အကာအရံသည် သူ့လက်ထဲရှိ သွေးသောက်သူထဲသို့ ချက်ချင်းစုဝင်သွားကြ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင်.. သွေးရောင်အလင်းတန်းတစ်ခုက ကန့်လန့်ဖြတ် ဖြန့်ကျက်သွား၏။

ဆူဇီမို၏သွေးချီသည် ရှေ့သို့ ရုန်းကန်၍ထွက်သွားပြီး သူ၏အနက်ရောင်ဆံပင်များက ကခုန်နေ၏။ သူသည် လေထဲတွင် ကြီးမားသည့် သွေးရောင်စက်ကွင်းတစ်ခုကို ထုဆစ်လိုက်ပြီး လေဟာနယ်တစ်ခုလုံးက နှစ်ပိုင်းပြတ်ကျသွားသည့်အလား ထင်ရလေသည်။

ဖောက်.. ဖောက်.. ဖောက်..။

အဲဒီမှာ.. သွေးအလင်းတန်းနှင့် ထိမိသွားသော အနည်းဆုံး ယက္ခ ၁၀ယောက်ရှိလေသည်။

ထိုကြောက်စရာကောင်းသော တိုက်ခိုက်မှုကို သူတို့ထဲမှ မည်သူကမှ ခုခံနိုင်ခြင်း မရှိပေ။

ယက္ခသုံးယောက်သည် နေရာမှာပင် ခါးလယ်ကနေ ပြတ်ကျသွား၏။ သူတို့လက်ထဲရှိ ဆေဘာကွေးများပင်လျှင် သွေးသောက်သူကြောင့် ကြေမွပျက်စီးသွား၏။

ကျန်ရှိနေသော ယက္ခများသည် သွေးသောက်သူ၏ထက်ရှမှုကို ခုခံနိုင်သော်လည်း… သူတို့၏ခန္ဓာကိုယ်များက ထိုတိုက်ခိုက်မှုမှ ထွက်ပေါ်လာသော ရုန်းကန်ပေါက်ကွဲစွမ်းအားကို ခုခံနိုင်ခြင်းမရှိပေ။ သူတို့သည် သွေးချောင်းများ တဟွတ်ဟွတ်ဆိုးပြီး သူတို့၏အကြည့်များက မှေးမှိန်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွား၏။ သူတို့က ဒဏ်ရာ အပြင်းအထန်ရရှိသွားကြလေပြီ။

ချွင်.. ချွင်..။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ သင်္ချိုင်းတွင် မွမ်းမံသန့်စင်ခြင်းကို ခံရပြီးနောက်.. သွေးသောက်သူသည် အလွန်တရာ ကြမ်းကြုတ်ခက်ထန်သော လက်နက်တစ်ခုဖြစ်လာခဲ့၏။

ယက္ခများ၏ လတ်ဆတ်သောသွေးကို စားသုံးပြီးနောက်.. ယခုအခါ ၎င်းသည် ပို၍ထက်ရှလာပြီး ပို၍ပင် ကြောက်စရာကောင်းလာ၏။ ဓားသွားက ကြွယ်ဝသော သွေးရနံ့ကို ထုတ်ပေးနေပြီး စိတ်လှုပ်ရှားစွာဖြင့် တုန်ခါနေ၏။

‘ဝင်္ကပါကို ချခင်းကြ’

‌ ယက္ခခေါင်းဆောင်၏အသံက ရုတ်တရက် ထွက်ပေါ်လာ၏။ အဲဒါက အရိုးထဲထိ ချမ်းစိမ့်သွားစေလေသည်။

ချွင်..ချွင်..။

တိုက်ပွဲနယ်မြေ၏ တစ်ဖက်တစ်ချက်စီရှိ ယက္ခများသည် ဆန်းကြယ်သော သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသော သံချိန်းကြိုးများကို သူတို့၏သိုလှောင်အိတ်ထဲကနေ ဆွဲထုတ်လိုက်ကြ၏။

ယက္ခနှစ်ယောက်စီသည် ချိန်းကြိုးများ၏ အစွန်းတစ်ဘက်စီကို ကိုင်ထားကြ၏။ သူတို့သည် သူတို့၏ လှုပ်ရှားမှုနည်းစနစ်များ၏ အမြန်နှုန်းကို အသုံးပြုပြီး ဆူဇီမို၏ဘေးပတ်လည်ကို လှည့်ပတ်၍ ရစ်ပတ်လိုက်ကြ၏။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အရာရာတိုင်းကို ဂရုတစိုက် ကိုင်တွယ်လိုက်၏။ သူက နမော်နမဲ့ မလုပ်ရဲပေ။

ချိန်းကြိုးများက အတော်လေးကို လိုက်လျောညီထွေ ရှိနေ၏။

သွေးသောက်သူက သူတို့ကို ခုတ်ပိုင်းလိုက်သောအခါ.. အဲဒါက လေဟာနယ်ကို ခုတ်ပိုင်းလိုက်သည့်အလားပင်။

ဆူဇီမိုသည် သွေးသောက်သူကို ဆက်တိုက်ဝှေ့ယမ်းလိုက်သော်လည်း သူသည် ဆေဘာ၏စွမ်းအားကို မထုတ်ဖော်နိုင်တော့ပေ။ ထိုအစား.. သူလှုပ်ရှားနိုင်သော နေရာလွတ်က တဖြည်းဖြည်း ကျဉ်းမြောင်းလာလေသည်။

သိပ်မကြာမီ.. ချိန်းကြိုးတစ်ခုက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွား၏။

‘ဟမ့်’

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

အဲဒါက မသိသာ မမြင်သာသော်လည်း ချိန်းကြိုးများထဲတွင် သေးငယ်သော ဆူးချွန်လေးများကို ဝှက်ထား၏။

သူတို့က ဆူဇီမို၏ခန္ဓာကိုယ်ကို ရစ်ပတ်ပြီးမှသာ ချိန်းကြိုးထဲရှိ ထိုဆူးချွန်လေးများက ထွက်ပေါ်လာပြီး သူ၏အသားကို ထိုးဖောက်လိုက်၏။

သူ၏စွမ်းအားကြီးသော ကိုယ်ကာယနှင့်ပင်လျှင် ဆူဇီမိုသည် ဆူးချွန်များ၏ထက်ရှမှုကို မခုခံနိုင်ပေ။

သူ၏ ခဏတာ စိတ်အာရုံပျက်ယွင်းမှုကြောင့် နောက်ထပ်ချိန်းကြိုးတစ်ခုက သူ၏လက်ကို နှစ်ကြိမ်ရစ်ပတ်သွား၏။ သွေးသောက်သူ၏စွမ်းအားက လုံးဝကန့်သတ်ခြင်းခံလိုက်ရလေပြီ။

‘အဲဒါကတော့ ဆိုးပြီ’

ပကတိအရှင်လောရွှယ်က ပင့်သက်ကို ရှိုက်လိုက်၏။

ဆူဇီမို၏ခန္ဓာကိုယ်ပေါ်တွင် ချိန်းကြိုးများက ပို၍ပို၍ ရစ်ပတ်လာ၏။

ချိန်းကြိုးများ ပို၍ရစ်ပတ်လာလေလေ.. ဆူဇီမိုသည် အဲဒါကနေ ရုန်းထွက်နိုင်ဖို့ ပို၍ခက်ခဲလာလေ ဖြစ်လေသည်။

ယခုအခါ.. သွေးသောက်သူ၏ ခြိမ်းခြောက်မှုက မရှိတော့ဘဲ ဆူဇီမိုသည် ကြီးမားသည့် ဝင်္ကပါအတွင်းမှာ ပိတ်မိနေ၏။ သူတို့၏ ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှုနည်းစနစ်များအရ ယက္ခများက အနိုင်ရရှိဖို့ သေချာသလောက် ဖြစ်နေလေပြီ။

ချိန်းကြိုးများသည် အနာကွန်ဒါများကဲ့သို့ ဆူဇီမို၏လက် ၊ ပေါင် ၊ ရင်အုပ် ၊ နောက်ကျောနှင့် ခန္ဓာကိုယ်တို့ကို တစ်ခုပြီးတစ်ခု တင်းကျပ်စွာ ရစ်ပတ်လာပြီး သူတို့၏ဆူးချွန်လေးများက သူ့အသားကို ဆုတ်ဖြဲပစ်လိုက်၏။

တစ်ခဏအတွင်း.. ဆူဇီမို၏ပတ်ပတ်လည်တွင် ချိန်းကြိုးများစွာက ရောက်ရှိလာပြီးလေပြီ။

ယက္ခခေါင်းဆောင်၏အမူအရာက ပြေလျော့သွားပြီး သူက ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။

‘ထပ်ပြီးတော့ ရုန်းကန်ကြည့်ပါဦးလား ကောင်လေး’

‘အဲဒါက ငါတို့ ယက္ခမျိုးနွယ်ရဲ့ ကောင်းကင်ဘုံလွှမ်းခြုံဝင်္ကပါပဲ… မင်းလိုကောင်မျိုးကို မပြောနဲ့.. ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲက လူရိုင်းမျိုးနွယ်တောင်မှ အဲဒါကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး’

အဲဒီမှာ ယက္ခများစွာရှိပြီး သူတို့တစ်ယောက်ချင်းစီက ချိန်းကြိုးများကိုကိုင်၍ လေထဲမှာ မတ်တပ်ရပ်နေပြီး ဆူဇီမိုကို‌ လှောင်ပြောင်သရော်လိုသော အကြည့်ဖြင့် ငုံ့ကြည့်နေကြ၏။

‘ဟီးဟီးဟီးဟီးဟီး’

ဆူဇီမိုသည် နေရာမှာပင် မလှုပ်မယှက်ရပ်နေရင်း ရုတ်တရက် ရယ်မောလိုက်၏။

‘မင်းတို့ရဲ့ အဲဒီ သတ္တုပျက် အပိုင်းအစတွေက ငါ့ကို ချုပ်နှောင်ထားမယ်လို့ မင်းက တကယ်ကြီး ထင်နေတာလား’

All Chapters