ပြိုင်ဘက်ကင်းသော
Vol. 52 Ch. 771
ဆူဇီမို၏ ရင်အုပ်အတွင်းကနေ အတွင်းအမြုတေတစ်ခုက ဖြည်းဖြည်းချင်း လည်ပတ်လာပြီး သားရဲဆန်သောအလင်းဖြင့် တောက်ပလာ၏။ အဲ့ဒါက သူ့ရင်၏ အတွင်းနှင့် အပြင်ကို လင်းထိန်သွားစေပြီး သွေးရောင်အလင်းတောက်တောက်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
သူ၏ နံအိမ်နှင့် ခုန်နေသော နှလုံးကိုပင် ခပ်ရေးရေးသာ မြင်နိုင်တော့၏။
ကြောက်စရာကောင်းသည့် အော်ရာတစ်ခုက စတင်၍ ဖြန့်ကျက်လာလေသည်။
ဆူဇီမို အသက်တစ်ချက် ရှူလိုက်တိုင်း သူ့နှာခေါင်းပေါက်တို့မှ သွေးနီရောင်သားရဲချီများက ပန်းထွက်လာပြီး သူ့ဘေးပတ်လည်မှာ လှည့်ပတ်လာ၏။ အဲ့ဒါက တဖြည်းဖြည်းနှင့် ပို၍ ကြွယ်ဝ၊ ပို၍ သန့်စင်လာ၏။
ထိုအော်ရာ၏ လွှမ်းခြုံမှုအောက်တွင်.. လေထဲရှိ ယက္ခများကို မပြောနှင့်.. လက်ရှိကျင့်ကြံသူများပင်လျှင် ဖိအားကို ခံစားလာရ၏။
သူ့မှာ တစ်ကယ်ကြီး အတွင်းအမြုတေတစ်ခု ရှိတာပဲ...
ယက္ခခေါင်းဆောင်၏ မျက်လုံးများက တောက်ပသွား၏။
အတွင်းအမြုတေတစ်ခုသည် ကျင့်ကြံသူများ၏ ရွှေအမြုတေနှင့် ဆင်တူပြီး သားရဲတောကောင်တစ်ကောင်၏ ခွန်အားအတွက် အခြေခံအုတ်မြစ်လည်း ဖြစ်ကာ သူတို့ကျင့်ကြံမှုတစ်ခုလုံး၏ အဆီအနှစ်များအားလုံးကို ပိုင်ဆိုင်ထားလေသည်။
ဤမျှအထိ သန့်စင်သော အတွင်းအမြုတေတစ်ခုက မည်သည့်သက်ရှိအတွက်မဆို သေချာပေါက် မဟာအားဆေးတစ်ခု ဖြစ်ပေလိမ့်မည်။
“အချိုးပြေပြေနေစမ်း”
ယက္ခတစ်ယောက်က ချိန်းကြိုးကို ဆောင့်ဆွဲပြီး ကျယ်လောင်စွာ အော်လိုက်၏။
ချိန်းကြိုးများပေါ်တွင် ဆူးချွန်များက အတန်းလိုက် ရှိနေ၏။ သူက အဲ့ဒါကို ဆောင့်ဆွဲလိုက်သောအခါ ဆူးချွန်များက အသားကို ဆုတ်ဖြဲပြီး ခန္ဓာကိုယ်ပေါ်တွင် ဆိုးရွားသည့် နာကျင်မှုူကို ခံစားရပေလိမ့်မည်။
ဆူဇီမိုသည် လုံးဝ မလှုပ်ဘဲ သူ့အကြည့်က ရေခဲကဲ့သို့ အေးစက်နေ၏။ သူက သူ့ခန္ဓာကိုယ်မှ နာကျင်မှုကို လုံးဝ မခံစားရသည့်အလား သူ့မျက်လုံးများထဲရှိ ကြမ်းကြုတ်ခက်ထန်မှုက ပို၍ပင် သိပ်သည်းအားကောင်းလာ၏။
“နိမ့်ကျတဲ့ကောင်.. ဒူးထောက်စမ်း”
ယက္ခများစွာသည် အလိုလို နားလည်မှုတစ်ခုကို ရယူလိုက်ကြ၏။ သူတို့သည် ခွန်အားကို စိုက်ထုတ်၍ တစ်ချိန်တည်းမှာပင် သူတို့၏ တောင်ပံများကို ခတ်ပြီး ချိန်းကြိုးများကို ဆွဲလိုက်ကြ၏။
ချက်ချင်းပင် ချိန်းကြိုးများစွာက တင်းရင်း၍ ကျယ်လောင်စွာ တကျွီကျွီ မြည်လာ၏။
များစွာသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကြည့်ပြီး အသည်းခိုက်၍ ရှုံ့မဲ့သွားကြ၏။
ဤမြင်ကွင်းသည် မော်တယ်လောကမှာ မြင်းငါးကောင်ဖြင့် ခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြုတ်သော ညှင်းပန်းနှိပ်စက်မှုမျိုးနှင့် ဆင်တူလေသည်။
သို့သော် ယခုက မြင်းငါးကောင် မဟုတ်ဘဲ.. ယက္ခများစွာ ဖြစ်လေသည်။
ယက္ခတစ်ယောက်ချင်းစီ၏ ခွန်အားက ဆူဇီမိုနှင့် မနှိုင်းယှဉ်နိုင်ပေ။
သို့သော်လည်း အဲ့ဒီမှာ ယက္ခများစွာက သူတို့၏ ခွန်အားကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြ၏။ ဆူဇီမိုကို မပြောနှင့်.. ခန္ဓာမီးဆေးခြင်းမှာ အထူးပြုသော နိုးထဝိညာဉ်များပင်လျှင် တစ်စစီ ဆုတ်ပြဲသွားကြပေလိမ့်မည်။
ဟူး.. ဟူး.. ဟူး..
ဆူဇီမိုသည် သူ့ပါးစပ်ကို ဟ၍ လေများကို ရှူသွင်းပြီးနောက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
“ပျက်ဆီးစမ်း”
သူ့အရိုးများနှင့် အရွတ်များမှ အသံဗလံများက ထွက်ပေါ်လာပြီး ဟိန်းဟောက်သံနှင့်အတူ သူ့အသားများက ပြန့်ကားလာ၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် အစက ခုနှစ်ပေလောက်သာ မြင့်သော ဆူဇီမို၏ ခန္ဓာကိုယ်သည် ချက်ချင်း ပြန့်ကားကြီးမားလာ၏။ နောက်ခဏ၌ သူသည် ပေတစ်ရာထိ မြင့်မားသွားပြီး အလွန့်အလွန် ကြမ်းကြုတ်ခက်ထန်မှုနှင့် ရှေးကျသော မိစ္ဆာနတ်ဆိုးတစ်ကောင်လို ဖြစ်လာ၏။
ဖန်း.. ဖန်း.. ဖန်း..
သိပ်သည်းပြင်းထန်သော ရုန်းကန်ပေါက်ကွဲအားအောက်တွင် ဆူဇီမို၏ ကိုယ်ကို တုတ်နှောင်ထားသော ချိန်းကြိုးများသည် ကျိုးပြတ်ထွက်ကုန်၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ နှလုံးသည် ဒိတ်ကနဲ တစ်ချက်ခုန်သွားပြီး သူ့အမူအယာက သုန်မှုန်လာ၏။
ယက္ခခေါင်းဆောင်၏ သူငယ်အိမ်နှစ်ဖက်ကလည်း ပြင်းထန်စွာ တင်းကျပ်သွား၏။
များစွာသော ကျင့်ကြံသူများသည် ပင့်သက်ကို ရှိုက်၍ အခုတင် ပေါ်ထွက်လာသော မိစ္ဆာနတ်ဆိုးသားရဲဘုရင်ကြီးကို ပါးစပ်အဟောင်းသားနှင့် ထိန်လန့်တကြားအမူအယာများနှင့် ငေးကြောင်ကြည့်နေကြ၏။
ပေတစ်ရာထိ မြင့်မားလောက်အောင် ဒါက ဘယ်လို ခန္ဓာကိုယ် အမျိုးအစားပါလဲ..
ကြောက်စရာကောင်းလောက်အောင် ကြီးမားသည့် ခန္ဓာကိုယ်ကြီးပေါ်တွင် များစွာသော စပါးအုံးမြွေများက တွားသွားနေကြသလို.. အစိမ်းရောင်သွေးကြောကြီးများက ပြိတ်သိပ်စွာ ရှိနေကြ၏။
ချိန်းကြိုးများ၏ တုတ်နှောင်မှုကနေ လွတ်မြောက်လာသောအခါ ဆူဇီမိုသည် ဆူးချွန်များကြောင့် ခေါင်းမှ ခြေဖျားထိ ဒဏ်ရာများ ရရှိထားပြီဖြစ်၏။
သူသည် သွေးများဖြင့် စိုရွှဲနေသော်လည်း အဲ့ဒါကို ဂရုထားပုံ မရဘဲ.. သူ့မျက်လုံးများထဲမှာ ကြောက်စရာကောင်းသည့် စိတ်ဝိညာဉ်က တောက်လောင်နေ၏။ သူက အရမ်းကို ကြမ်းကြုတ်ခက်ထန်၍ သွေးများဖြင့် စိမ်ထားသော လူသားလက်နက်တစ်ခုနှင့် ဆင်တူနေ၏။
ဘန်း.. ဘုန်း.. ဘုန်း..
တဝုန်းဝုန်း မိုးချုန်းသံများက ကောင်းကင်ထက်မှာ ကျယ်လောင်စွာ မြည်ဟည်းလာ၏။
ရှေးဟောင်းမိစ္ဆာနတ်ဆိုးတစ်ကောင် နိုးထလာခြင်းကြောင့် ကောင်းကင်ဘုံကတောင် တုန်လှုပ်သွားသည့်အလားပင်။
လျှပ်စီးများက တဖျပ်ဖျပ်လက်၍ ဆူဇီမို၏ ဦးခေါင်းထက်တွင် လျှပ်စီးလျှပ်ပန်းများက အာကာတစ်ခွင်ကို ဆုတ်ဖြဲပစ်နေသည့်အလားပင်။ ကမ္ဘာဖျက်ကပ်ဘေးတစ်ခုက ရောက်ရှိလာတော့မည့်အလား ကြီးမားသည့် လျှပ်စီးပင်လယ်ကြီးတစ်ခုက ထကြွသောင်းကျန်းသော စွမ်းပကားတစ်ခုနှင့်အတူ စုစည်းဖြစ်တည်လာ၏။
ကြောက်စရာကောင်းသည့် ထိုမြင်ကွင်းတွင် ယက္ခနှင့် နတ်ဘုရားမျိုးနွယ် ခေါင်းဆောင်များပင်လျှင် တစ်နည်းတစ်ဖုံ သုန်မှုန်၍ ရင်ထဲမှာ တလျှပ်လျှပ် ဖြစ်လာကြ၏။
အဲ့ဒါက ကောင်းကင်နှင့် မြေကြီး၏ အစစ်အမှန် စွမ်းပကားပင်။
သူတို့၏ မျိုးဆက်သွေးများက သန်မာပြီး သူတို့၏ နောက်ခံများက မြင့်မြတ်ကာ သူတို့သည် လျှို့ဝှက်ပညာရပ်များစွာကို အမွေခံရရှိထားကြသော်လည်း သူတို့သည် ကောင်းကင်နှင့် မြေကြီးကို အန်တုနိုင်လောက်သည့် အဆင့်ထိ မကျင့်ထားရသေးပေ။
ထိုအခိုက်အတန့်တွင် ဆူဇီမို၏ ဦးခေါင်းက တိမ်စိုင်များကြား ငွားစွင့်နေပြီး သူ့ခြေထောက်က မြေကြီးပေါ်မှာ ရပ်နေ၏။ သူ၏ မျက်လုံးများက တောက်ပပြီး သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေ၏။ သူ့အမူအယာမှာ ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝ မရှိပေ။
သူက ကမ္ဘာလောကကို အုပ်စိုးသော နတ်ဘုရားသက်ရှိတစ်ပါး အလားပင်။
ဝုန်း..
ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာ၏။
မနှိုင်းယှဉ်သာအောင် တုတ်ခိုင်သော မိုးကြိုးတစ်စင်းက ဆင်းသက်လာပြီး ဆူဇီမိုကို ပစ်ချလိုက်၏။
ဇီ...
လျှပ်စီးက ဖျတ်ကနဲ လက်၍ ပန်းခက်ပန်းနွယ်များသဏ္ဌာန် ဖြန့်ကျက်သွား၏။
သို့သော်လည်း ကြောက်စရာကောင်းသည့် မိုးကြိုး၏ ဆေးကြောသန့်စင်မှုအောက်တွင် ဆူဇီမို၏ အော်ရာက ပို၍သာ တိုးပွားလာလေသည်။
မိုးကြိုးကတောင် သူ့ကို မဖိနှိမ်နိုင်ပေ။
“ခရမ်းရောင်မိုးကြိုးပညာရပ်.. အဲ့ဒါက ခရမ်းရောင်မိုးကြိုးပညာရပ်ပဲ ဖြစ်ရမယ်”
မြို့အစွန်ရှိ အလောင်းများကြားထဲတွင် စိုးရိမ်တကြီးဖြင့် ပုန်းလျှိုးနေသော ပုံရိပ်တစ်ခုက လွန့်လူးသွား၏။ ထိုသည်ကို မြင်သောအခါ သူက တုန်လှုပ်သွားပြီး မနေနိုင်ဘဲ အံ့အားတသင့် ရေရွတ်လိုက်လေသည်။
သို့သော်လည်း ထိုလူက လျှင်မြန်စွာ တုံ့ပြန်၍ သူ့ပါးစပ်ကို ကပျာကယာ ပိတ်လိုက်ပြီး အခြားလူများ၏ အာရုံစိုက်မှု မရရှိအောင် ဆက်လက်ပုန်းလျှိုးနေလိုက်၏။
တစ်ကယ်တမ်းမှာလည်း ထိုအချိန်တွင် အသင်္ချေနယ်မြေမြို့တော်ထဲရှိ လူတိုင်း၏ အာရုံသည် လျှပ်စီးများနှင့် သားရဲချီများ ဖုံးလွှမ်းနေသော ကြီးမားသည့်ပုံရိပ်ကြီးအပေါ်တွင် ကျရောက်နေကြ၏။ အရှေ့ဘက်မြို့အစွန်ကို မည်သူကမှ အရေးလုပ်ပြီး ကြည့်မနေကြပေ။
“အား...”
ဆူဇီမိုက ဟိန်းဟောက်လိုက်ပြီး သားရဲဆန်သော သွေးနီရောင်မျက်လုံးများက ပြူးကျယ်လာ၏။ သူ၏ လက်နှစ်ဖက်ကို ဆန့်ပြီး ကြီးမားသည့် လက်ဝါးကြီးနှစ်ဖက်ဖြင့် လေများကို ဆတ်ကနဲ သဲ့ယူလိုက်၏။
ချွင်.. ချွင်..
ကျိုးပြတ်သွားသော ချိန်းကြိုးဆယ်ခုကျော်သည် ဆူဇီမို၏ လက်ထဲမှာ ရစ်ပတ်၍ ပါလာ၏။
ချိန်းကြိုးများ၏ အစွန်းတစ်ဖက်စီကို ဆုပ်ကိုင်ထားသော ယက္ခများသည် အချိန်မီ လက်မလွှတ်နိုင်ခဲ့ကြပေ။
ဆူဇီမို၏ ကိုယ်ပေါ်တွင် လှည့်ပတ်နေသော မိုးကြိုးစွမ်းအားများသည် ချိန်းကြိုးများမှတစ်ဆင့် ယက္ခများပေါ်သို့ ဒလဟော စီးဝင်သွားလေသည်။
ဆူဇီမို၏ အသားနှင့် ခန္ဓာက မိုးကြိုးစွမ်းအားကို ခံနိုင်ရည်ရှိသော်လည်း ထိုယက္ခများကတော့ မရှိပေ။
လေထဲရှိ ယက္ခများသည် တဆတ်ဆတ် တုန်ယင်သွားကြပြီး သူတို့၏ မျက်လုံးများက မည်းညိုကာ အထိန်းအချုပ်မဲ့စွာဖြင့် အကြောဆွဲကုန်ကြ၏။
သူတို့သည် အသိစိတ်ကောင်းကောင်း ပြန်မဝင်နိုင်သေးခင်မှာပင် ယက္ခများသည် သူတို့၏ ခန္ဓာကိုယ်ကိုသူတို့ ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ ကြီးမားသည့် အားတစ်ခု၏ ပြင်းထန်စွာ ဆွဲယူခြင်းကို ခံလိုက်ရပြီး ငိုက်ထိုးကျကုန်၏။
ဆူဇီမိုသည် ချိန်းကြိုးများကို လွှဲရမ်းပြီး ပြင်းထန်စွာ ပစ်ဆောင့်ချလိုက်၏။
လျှပ်စစ်စီးကူး၍ ဓါတ်လိုက်နေသော ယက္ခဆယ်ယောက်ကျော်သည် ကျောက်သမံတလင်းပေါ်သို့ ပစ်ဆောင့်ခြင်း ခံလိုက်ရ၏။ သူတို့၏ အရွတ်များနှင့် အရိုးများက ကျိုးကြေကုန်ပြီး သူတို့၏ အင်္ဂါများက စုတ်ပြဲကုန်၏။ ချက်ချင်းပင် သူတို့၏ အသိစိတ်က ပျောက်ကွယ်သွားပြီး အသက်ဓါတ်များက ထွက်ခွာသွားကြလေသည်။
ထိုစွမ်းအားက အရမ်းကို သန်မာလွန်း၏။
မိုးကြိုးစွမ်းအား၏ ရုန်းကန်ပေါက်ကွဲအားနှင့်ပါ ထပ်ပေါင်းလိုက်သောအခါ ထိုယက္ခများအားလုံးသည် နေရာမှာပင် တစ်ခါတည်း အသက်ပျောက်ကုန်ကြ၏။
“မင်းတို့အားလုံး.. သေရမယ်”
ဆူဇီမိုသည် သတ်ဖြတ်မှုနှင့်အတူ သွေးပူလာပြီး အခန့်သင့်ရလာသော ချိန်းကြိုးများကို သူ့လက်နက်အဖြစ် အသုံးပြုလိုက်၏။ သူ့လက်နှစ်ဖက်က လှုပ်ရှားသွားပြီး လျှပ်စီးများဖြင့် ပြည့်လျှမ်းနေသော ချိန်းကြိုးများသည် လေထုကို ဖြတ်သန်းလာလေသည်။
ကျန်ရှိနေသော ယက္ခများသည် ပျာပျာသလဲ ဖြစ်သွားကြပြီး လေထဲမှာ လှည့်ပတ်နေသော အနက်ရောင် အလင်းတန်းများအသွင် ပြောင်းလဲသွားကြ၏။
ချိန်းကြိုးက တစ်ခုတည်း ရှိမည်ဆိုလျှင် ပေါ့ပါးဖျတ်လတ်သော ယက္ခများကို ထိခတ်နိုင်ဖို့ မလွယ်ပေ။
သို့သော်လည်း ဆူဇီမိုက ချိန်းကြိုးဆယ်ခုကျော်ကို ဆုပ်ကိုင်ထားပြီး သူတို့၏ သွားလာရာလမ်းကြောင်းက ရှောင်လွှဲလို့ မရနိုင်အောင် ဖြစ်နေလေသည်။
ချိန်းကြိုးများက လျှပ်စီးပင့်ကူအိမ်တစ်ခုလို ဖြစ်လာ၏။
၎င်း၏ ဧရိယာက ယက္ခများအတွက် တားမြစ်နေရာတစ်ခုတစ်ခု ဖြစ်သွား၏။
ချိန်းကြိုးများသည် မိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထားရုံမက.. ဆူဇီမို၏ သားရဲသွင်ပြင်မှ ကြောက်စရာကောင်းသည့် ရုန်းကန်ပေါက်ကွဲစွမ်းအားများကိုလည်း ပိုင်ဆိုင်ထားလေသည်။
သူတို့က ထိုချိန်းကြိုးများနှင့် ရိုက်ခတ်မိလျှင် သေချာပေါက် သေရပေလိမ့်မည်။
ကျန်ရှိနေသော ယက္ခများသည် လွတ်ရာကျွတ်ရာသို့ ပြန့်ကျဲ၍ ပြေးသွားကြ၏။ ပြောရမည်ဆို သူတို့က သူ့အနားသို့ မချဉ်းကပ်ရဲကြတော့ပေ။ သူတို့၏ မျက်လုံးများထဲရှိ လှောင်ပြောင်သရော်လိုသော အကြည့်များကလည်း ပျောက်ကွယ်သွားသည်မှာ ကြာလေပြီ။
ထို့အစား သူတို့၏ မျက်လုံးများထဲတွင် တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က အစားထိုး ဝင်ရောက်လာ၏။
တိုက်ပွဲနယ်မြေတွင် ချိန်းကြိုးများက မြေပြင်ပေါ်သို့ ကျယ်လောင်စွာ ပစ်ကျသွား၏။
သို့သော်လည်း ဆူဇီမို၏ နောက်မှာတော့ သေလောက်အောင် ငြိမ်သက်တိတ်ဆိတ်နေကြ၏။
ကျင့်ကြံသူ ငါးသောင်းကျော်သည် အသက်ရှူဖို့ပင် မေ့လျော့နေကြသည့်အလား ပါးစပ်များအဟောင်းသားနှင့် ခေါင်းများမော့၍ ကြည့်နေကြ၏။ သူတို့၏ စိတ်က ဗလာကျင်းနေပြီး သူတို့၏ မျက်လုံးများထဲတွင် ကြီးမားတောင့်တင်း၍ ပြိုင်ဘက်ကင်းသော ပုံရိပ်တစ်ခုကသာလျှင် စွဲထင်နေလေတော့သည်။
ဖြစ်ပျက်ခဲ့သမျှသည် အရမ်းကို တုန်လှုပ်စရာကောင်းလွန်းနေ၏။