← Chapters

ဧကရာဇ်တွေက ဒီမှာ မရှိကြဘူး.. ဒါပေမယ့် ငါရှိတယ်

Vol. 52 Ch. 772

ဧကရာဇ်တွေက ဒီမှာ မရှိကြဘူး.. ဒါပေမယ့် ငါရှိတယ်

Vol. 52 Ch. 772

တိုက်ပွဲနယ်မြေ၏ အခြားတစ်ဖက်မှာ ညဝိညာဉ်သည်လည်း တူညီသော ကောင်းကင်ဘုံလွှမ်းခြုံဝင်္ကပါနှင့် ရင်ဆိုင်နေရ၏။ ဆူဇီမိုနှင့် မတူတာကတော့ အဲ့ဒါကို ညဝိညာဉ်၏ ကိုင်တွယ်ပုံနည်းလမ်းသည် ပို၍ ရင်သပ်ရှုမောဖွယ်ရာဖြစ်ပြီး အံ့မခန်း ဖြစ်လေသည်။

ယက္ခအယောက် သုံးဆယ်ကျော်သည် ဆန်းကြယ်သော သံချိန်းကြိုးများကို ဆုပ်ကိုင်ထားကြ၏။ သို့သော် သူတို့က ညဝိညာဉ်ကို လုံးဝ မဖမ်းချုပ်နိုင်ပေ။

ညဝိညာဉ်၏ အမြန်နှုန်းက ပို၍ မြန်ဆန်ပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်က ပို၍ပင် ပေါ့ပါးဖျတ်လတ်၏။

သူက ယက္ခများ၏ တိုက်ခိုက်မှုကို ရှောင်ထွက်နိုင်သည့်အပြင် လျှပ်တစ်ပြက်ဟာကွက်များကို ဖမ်းဆုပ်ကာ ပြင်းထန်စွာဖြင့် ပြန်လှန်၍ပင် ခုခံတိုက်ခိုက်ခဲ့၏။

ညဝိညာဉ်က သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးလို ဖြစ်နေ၏။

သူက သတ်ဖြတ်ဖို့အတွက် မွေးဖွားလာခြင်းပင်။

သူထံမှ တိုက်ခိုက်မှုတစ်ခုချင်းစီက မနှိုင်းယှဉ်သာအောင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ကွက်များသာ ဖြစ်လေသည်။

သူ၏ တိုက်ခိုက်မှုကနေ ရုန်းထွက်လွတ်မြောက်နိုင်သော ယက္ခတစ်ယောက်မျှ မရှိပေ။ သူတို့က စိတ်အာရုံတစ်ချက် ပျက်ယွင်းသွားသည်နှင့် အသတ်ခံရမည်သာ ဖြစ်လေသည်။

ကြီးမားသည့် တိုက်ပွဲက ထွက်ပေါ်လာသောအခါ ကျင့်ကြံသူများစွာ၏ စိတ်အာရုံသည် သားရဲသွင်ပြင်ပြောင်းထားသော ဆူဇီမို၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးကနေ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် စွမ်းပကားအပေါ်တွင်သာ ကျရောက်နေကြ၏။

လူတိုင်းသည် ဖြစ်ပျက်နေသည့် အရာများကို သတိထားမိလာ၍ တိုက်ပွဲနယ်မြေ၏ အခြားတစ်ဖက်သို့ လှမ်းကြည့်မိလိုက်ချိန်တွင် ညဝိညာဉ်နှင့် စတင်၍ တိုက်ခိုက်ခဲ့သော ယက္ခသုံးဆယ်ကျော်တွင် ယခုအခါ ၁၆ ယောက်သာ ကျန်ရှိတော့သည်ကို တုန်လှုပ်ဖွယ်ရာ မြင်တွေ့လိုက်ရ၏။

ညဝိညာဉ်၏ သတ်ဖြတ်မှုက အမြင်အာရုံအားဖြင့် မသိသာမထင်ရှားပေ။ သို့သော်လည်း အဲ့ဒါက မဖြစ်နိုင်လောက်သော စိတ်ကူးစိတ်သန်းများနှင့် ပြည့်နှက်နေပြီး နတ်သမီးပုံပြင်ကဲ့သို့ မကြုံစဖူး အံ့မခန်း ဖြစ်လေသည်။

သူ၏ ကလန်သား တစ်ရာကျော်ကျော်၏ ထက်ဝက်ကျော်က သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်ကုန်မှသာ ယက္ခခေါင်းဆောင်သည် ငူငိုင်နေရာကနေ သတိဝင်လာ၏။

“နိမ့်ကျတဲ့အကောင်.. ငါ မင်းကို အပိုင်းပိုင်း စုတ်ဖြဲပစ်မယ်ကွ”

သူက ဒေါသမီး တောက်လောင်နေသော အကြည့်ဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က တောက်ပသောအကြည့် ရှိနေပြီး သူ့ကိုယ်ထဲရှိ သွေးချီက ရုန်းကြွလာကာ ရွှေရောင်အလင်းတစ်ခုကို ထုတ်ပေးလာ၏။ သူက ဖြည်းဖြည်းချင်း ထရပ်ပြီး လေးနက်စွာဖြင့် ပြောလိုက်၏။

“မင်းရဲ့ ခွန်အားကုန်ကို ထုတ်သုံးပြီး တိုက်ခိုက်ဖို့ ပြင်ထား.. ငါတို့က သူတို့နှစ်ယောက်ကို အသက်ရှင်ခွင့် လုံးဝ ပေးလို့ မဖြစ်ဘူး”

အစကတော့ သူသည် ဘေးကနေ စောင့်ကြည့်နေဖို့သာ စိတ်ကူးထား၏။

သို့သော် ယခုအခါ သူကပင် ခြိမ်းခြောက်မှုကို ခံစားလာရလေသည်။

အနက်ရောင်အဝတ်အစားနှင့် ထိုလူငယ်လေးက လူသားမဟုတ်သည်မှာ သိသာလေသည်။ သို့သော်လည်း သူက ရံဖန်ရံခါမှသာ သူ၏ လက်သည်းများကို မသိမသာ ထုတ်ပြတတ်ပြီး သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲခြင်း မရှိသည့်အတွက် သူ၏ နောက်ခံကို မမြင်နိုင်၊ မသိနိုင်ပေ။

ထိုသို့ဆိုလျှင်တောင် ယက္ခမျိုးနွယ်က ကြောက်စရာကောင်းလောက်အောင် ထိခိုက်နစ်နာနေခဲ့ရပြီးဖြစ်၏။

ရှေးဟောင်းအန္တိမသားရဲဘုရင်တစ်ပါးနှင့် ဆင်တူပြီး မြောက်များလှစွာသော သားရဲချီများနှင့် ပေတစ်ရာမြင့်သည့် တည်ရှိမှုကြီးက ပို၍ပင် ကြောက်စရာကောင်းနေသေး၏။

လူသားများနှင့် သားရဲများသည် ခန္ဓာကိုယ် တည်ဆောက်ပုံ၊ မျိုးဆက်သွေးနှင့် ပင်ကိုဗီဇစရိုက် စသော အချက်များမှာ သိသာထင်ရှားစွာ ကွဲပြားခြားနားကြလေသည်။ သို့သော်လည်း ဤလူသားသည် သားရဲများသာလျှင် ကျင့်ကြံနိုင်သော အတွင်းအမြုတေတစ်ခုကို ကျင့်ကြံထားနိုင်၏။

ဒါ့အပြင် သူက သူ၏ အတွင်းအမြုတေကို ဤကဲ့သို့သော အတိုင်းအတာအဆင့်ထိ ရောက်အောင်ပင် ကျင့်ကြံထားနိုင်၏။

သူထုတ်ပေးနေသော သားရဲချီက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင် မြင်ဖူးသမျှ အရာရာတိုင်းထက်ပင် ပို၍ သန့်စင်နေသေး၏။

သူတို့နှစ်ယောက်ကို မဖြစ်မနေ သတ်ဖြတ်ရပေမည်။

ဝှစ်..

အနက်ရောင်အလင်းတန်းတစ်ခုက လေထဲကို ဖြတ်သန်းလာ၏။

၎င်းက ကြောက်စရာကောင်းသော အမြန်နှုန်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ပျောက်ကွယ်လုနီးပါးဖြစ်ကာ ဆူဇီမို ထုတ်ဖော်လိုက်သော လျှပ်စီးပင့်ကူအိမ်အတွင်းမှာ ပုန်းကွယ်နေ၏။

ဆူဇီမိုကို မပြောနှင့် စိတ်ဝိညာဉ်အသိစိတ်များကို ပိုင်ဆိုင်ထားသော နိုးထဝိညာဉ်သုံးယောက်ပင်လျှင် ထိုအနက်ရောင်အလင်းစက်ကို မထောက်လှမ်းနိုင်ကြပေ။

အဲ့ဒါက အရမ်းမြန်လွန်း၏။

အဲ့ဒါက ယက္ခခေါင်းဆောင်၏ အမြန်နှုန်းပင် ဖြစ်လေသည်။

ထိုကဲ့သို့သော ကြောက်စရာကောင်းလှသည့် အဆင့်တစ်ခုမှာရှိသော အမြန်နှုန်းကို ပိုင်ဆိုင်မထားဘူးဆိုလျှင် သူက သူထက် အဆင့်ကြီးတစ်ခုလုံးလုံးမြင့်သော ထိပ်တန်းအဆင့်နိုးထဝိညာဉ်များကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမို၏ ဘေးပတ်လည်တွင် လှည့်ပတ်နေသော ချိန်းကြိုးဆယ်ခုကျော်က လျှပ်စီးပင့်ကူအိမ်တစ်ခုကို ဖြစ်ပေါ်နေစေသော်လည်း သူတို့က ယက္ခခေါင်းဆောင်၏ လမ်းကြောင်းကို တားဆီးနိုင်ခြင်း မရှိပေ။

“ဖြီး”

ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်အလင်းတစ်ခုက ပေါ်လာပြီး မြောက်များလှစွာသော သွေးများက စီးထွက်ကျလာ၏။

သူသည် သူ့ကို သတိပေးမည့် အာရုံခံသတိစိတ်ကို ပိုင်ဆိုင်ထားသော်လည်း သူ၏ သားရဲသွင်ပြင်ကို ပြောင်းလဲပြီးနောက် သူ့ခန္ဓာကိုယ်က ပေတစ်ရာထိ ပြန့်ကားလာခဲ့၏။ သူ့ခွန်အားက ပေါက်ကွဲ၍ ထွက်ပေါ်လာသော်လည်း သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးက ကြီးမားသည့် ပစ်မှတ်တစ်ခု ဖြစ်လာပြီး လှုပ်ရှားမှုက နှေးကွေးသွား၏။

သူ့အနေနှင့် ယက္ခခေါင်းဆောင်၏ တိုက်ခိုက်မှုကို လုံးဝ ရှောင်ရှားနိုင်ဖို့က မဖြစ်နိုင်တော့ပေ။

ဆူဇီမို၏ ရင်ဘတ်ပေါ်တွင် သွေးသံရဲရဲ ဒဏ်ရာကြီးတစ်ခုက ပေါ်လာပြီး အသားများက ဖွာလန်ကြဲသွား၏။ ကြောက်မက်ဖွယ်ရာပုံစံဖြင့် သွေးများက စိုရွှဲသွားလေသည်။

သူက ကြိုတင်၍ ရှောင်လိုက်သောကြောင့်သာ ကံကောင်းသွား၏။ မဟုတ်လျှင် ထိုခုတ်ချက်က သူ့ကို နှစ်ပိုင်းပြတ်ထွက်သွားနိုင်၏။

ဘန်း.. ဘန်း.. ဘုန်း..

ချိန်းကြိုးဆယ်ခုကျော်သည် လေထဲမှာ ဖြတ်သန်း၍ ပြင်းထန်စွာ ပစ်ကျလာ၏။

မြေပြင်ပေါ်တွင် ဧရာမတွင်းနက်ကြီးနှစ်ခုက ပေါ်လာလေသည်။

အဲ့ဒါက အနည်းငယ် နောက်ကျသွား၏။

ယက္ခခေါင်းဆောင်၏ ပုံရိပ်သည် ဆူဇီမို၏ တိုက်ခိုက်နိုင်မှု စက်ကွင်းကနေ အဝေးသို့ ထွက်ခွာပျောက်ကွယ်သွားပြီဖြစ်၏။ သူ၏ အကြည့်က အေးစက်နေပြီး အချိန်မရွေး နောက်တစ်ဖန် တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ထားလိုက်၏။

“နိမ့်ကျတဲ့အကောင်.. မင်းက ငါတို့နဲ့ ယှဉ်နိုင်ဖို့ အားနည်းလွန်းသေးတယ်”

ယက္ခခေါင်းဆောင်က ဆိုးယုတ်စွာ ပြုံးလိုက်၏။

“ငါမင်းကို ဖြေးဖြေးချင်း ခြေကုန်လက်ပန်းကျလာအောင် ညှင်းဆဲပြမယ်.. မင်းကတော့ ငါ့ကို ငါ့အဝတ်စကို ထိနိုင်မှာ မဟုတ်ဘူး”

ဆူဇီမို၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူ့ဒဏ်ရာကနေ စီးထွက်နေသော သွေးများက တဖြည်းဖြည်း နှေးကွေးသွား၏။

သူ့ခန္ဓာကိုယ်၏ ပြန်လည်သက်သာကောင်းမွန်နိုင်စွမ်းက သန်မာလွန်းလှလေသည်။

ယက္ခမျိုးနွယ်များ၏ ဆေဘာကွေးသည် ဆုတ်ပြဲသွားသော ဒဏ်ရာများကို သွေးမတိတ်စေနိုင်သော အကျိုးသက်ရောက်မှု ရှိသော်လည်း ဆူဇီမို၏ ပြန်လည်သက်သာကောင်းမွန်နိုင်စွမ်းက ထိုသက်ရောက်မှုကို လျစ်လျူရှုနိုင်လေသည်။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုက ယုံကြည်မှု သိပ်မရှိပေ။

စမ်းသပ်ချက်အစစ်အမှန်က အခုမှ စတင်ရုံ ရှိသေးသည်ဆိုတာကို သူက သိထား၏။

သူ့အနေနှင့် ယက္ခခေါင်းဆောင်၏ အမြန်နှုန်းကို ခုခံဖို့က ခက်ခဲလေသည်။

သူမှီခိုနိုင်သော တစ်ခုတည်းသော အရာမှာ သူ၏ အံ့မခန်း အာရုံခံသတိစိတ်သာ ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏ သားရဲသွင်ပြင်ကို ပြန်လည်ဖယ်ရှားပစ်ချင်မိ၏။ ထိုအခါ သူက ခွန်အားအတန်အသင့် ယုတ်လျော့သွားမည်ဖြစ်သော်လည်း သူ၏ အမြန်နှုန်းနှင့် ပေါ့ပါးဖျတ်လတ်မှုက တိုးမြင့်လာမည်ဖြစ်ကာ ယက္ခခေါင်းဆောင်နှင့် ယှဉ်နိုင်လာပေလိမ့်မည်။

တစ်ဖက်မှာတော့ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က သူ့ကို ပစ်မှတ်ထားနေပြီဖြစ်၏။

ထိုမျှသာမကသေး.. နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် အခြားသော နတ်ဘုရားမျိုးနွယ်သက်ရှိ ငါးယောက်ကိုပါ ဆူဇီမိုကို ဝိုင်းရံဖို့ ညွှန်ကြားလိုက်ပြီး နန်းကြည်ကို စောင့်ကြည့်ဖို့ နတ်ဘုရားမျိုးနွယ်သက်ရှိ တစ်ယောက်ကိုသာ ချန်ထားခဲ့၏။

နတ်ဘုရားမျိုးနွယ်က ဆူဇီမိုကို အသက်ရှူခွင့်ပင် ပေးချင်ပုံ မရပေ။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် မျှမျှတတ တိုက်ခိုက်ဖို့ စိတ်ကူး မရှိပေ။

သူက သူ့ဘက်မှာ ရှိသမျှ ခွန်အားကုန်ကို ထုတ်သုံးပြီး ဆူဇီမိုကို သတ်ဖြတ်ချင်နေသည်မှာ ရှင်းလင်းနေလေသည်။

ဆူဇီမိုကသာ သူ၏ သားရဲသွင်ပြင်ကို ပယ်ဖျက်လိုက်မည်ဆို သူ့ခွန်အားက လျော့ကျသွားမည်ဖြစ်ပြီး နတ်ဘုရားမျိုးနွယ်နှင့် ရင်ဆိုင်ရချိန်တွင် သူက အရေးနိမ့်ရပေလိမ့်မည်။

သူ့အတွက် ထွက်ပေါက်က ပိတ်နေ၏။

ဆူဇီမိုက တွေဝေနေစဉ်.. ယက္ခခေါင်းဆောင်က အေးစက်စွာဖြင့် သရော်ရယ်လိုက်၏။ အခြေအနေကို သူကလည်း ကောင်းကောင်းနားလည်ထားသည်မှာ သိသာလေသည်။

ရွှစ်..

အနက်ရောင်အလင်းတစ်ခုက တစ်ဖန် ဖျတ်ကနဲ လက်သွား၏။

ဆူဇီမိုက ကြီးမားစွာ တုန်လှုပ်သွား၏။

ထိုအခိုက်အတန့်၌ သူက သူ၏ သားရဲသွင်ပြင်ကို ပယ်ဖျက်မည်ဆိုလျှင် သူက ယက္ခခေါင်းဆောင်၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ကောင်း၏။ သို့သော်လည်း နတ်ဘုရားမျိုးနွယ်ထံမှ မွှေနှောက်ဖျက်ဆီးမည့် ရိုက်ချက်ကို သူက သေချာပေါက် ခံစားရပေတော့မည်။

ရုတ်တရက်..

အနက်ရောင်ပုံရိပ်တစ်ခုက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖျတ်ကနဲ လှုပ်ရှားလာ၏။

ချွမ်း..

လေထဲကနေ ကြောက်မက်ဖွယ်ရာ လက်သည်းတစ်ခုက ပေါ်လာပြီး အနက်ရောင်အလင်းကို တားဆီးလိုက်၏။

အနက်ရောင်အလင်းက ပျက်ပြယ်သွားလေသည်။

ယက္ခခေါင်းဆောင်၏ ပုံစံက ထင်ပေါ်လာပြီး တစ်နည်းတစ်ဖုံ အကျပ်ရိုက်သွားသည့်အလား လျှင်မြန်စွာ နောက်ပြန်ဆုတ်သွား၏။

သူ့ရင်ဘတ်ရှေ့ ဝတ်ရုံစပေါ်တွင် ကုတ်ဆွဲချက်ငါးချက်က ကန့်လန့်ဖြတ် ပေါ်လာ၏။

စောစောက သူသာ ခြေတစ်လှမ်းနောက်ကျသွားခဲ့လျှင် သူ့နှလုံးက ဆွဲထုတ်ခံရလောက်လေသည်။

မသိလိုက်မသိဘာသာနှင့်ပင် ညဝိညာဉ်သည် ယက္ခဆယ်ယောက်ကျော်၏ ဝန်းရံပိတ်ဆိုထားမှုကနေ ဖောက်ထွက်ပြီး ကြောက်စရာအမြန်နှုန်းဖြင့် ပြေးဝင်လာကာ ယက္ခခေါင်းဆောင်ကို တားဆီးလိုက်၏။

“အစ်ကိုကြီး.. ဒီယက္ခကို ကျုပ်တာဝန်ထား.. နတ်ဘုရားမျိုးနွယ်ကိုသာ ကိုင်တွယ်လိုက်”

ညဝိညာဉ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဂရုစိုက်နော်.. နတ်ဘုရားမျိုးနွယ်မှာ ကြောက်စရာကောင်းတဲ့ မျိုးဆက်သွေးနဲ့ အကန့်အသတ်မဲ့ ခွန်အားရှိတယ်.. သူတို့က အနီးကပ်တိုက်ခိုက်ရည်မှာ အထူးကျွမ်းကျင်ပြီးတော့ သူတို့အမွေခံရရှိထားတဲ့ လျှို့ဝှက်ပညာရပ်နဲ့ စိတ်ဝိညာဉ်အတတ်တွေရဲ့ စွမ်းအားကလဲ တစ်ကယ့်ကို သန်မာလွန်းတယ်”

ညဝိညာဉ်၏ အကူအညီနှင့်အတူ ဆူဇီမိုသည် ချက်ချင်း ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျ၍ ဝင့်ကြွားသွား၏။

“ဟုတ်ပြီလေ”

သူက ကျယ်လောင်စွာ ကြေညာလိုက်၏။

“ဒီနေ့ ငါတို့ ညီကိုနှစ်ယောက်က ကမ္ဘာဦးမျိုးနွယ်ကိုးစုက ဒီငနဲတွေကို ဧည့်ခံပေးရတာပေါ့.. မင်းတို့ပြောပြောနေတဲ့ မင်းတို့ရဲ့ မျိုးဆက်သွေးက ဘယ်လောက်တောင် မြင့်မြတ်နေလို့လဲ ကြည့်ရသေးတာပေါ့ကွာ”

“ရှေးဟောင်းခေတ်တုန်းကတောင် လူသားမျိုးနွယ်ရဲ့ ပညာရှင်တွေက ကမ္ဘာဦးမျိုးနွယ်ကိုးစုကို အနိုင်ယူပြီးတော့ မင်းတို့ကောင်တွေကို ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ ချောင်ကြိုချောင်ကြားထိ မောင်းထုတ်နိုင်ခဲ့သေးတာပဲ.. ဒီနေ့ ငါကလဲ တူညီတဲ့ပုံစံနဲ့ မင်းတို့တွေကို ဖိနှိမ်ပြမယ်”

ဤအခြင်းအရာသည် ကမ္ဘာဦးမျိုးနွယ်ကိုးစုအတွက် အမြဲတမ်း အရှက်ရစရာဖြစ်ပြီး သူ့အစားတွင် ယက္ခနှင့် နတ်ဘုရားမျိုးနွယ်များသည် အလွန်တရာ ဒေါသချောင်းချောင်း ထွက်လာကြ၏။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ မျက်လုံးများက ခဏတာ မှုန်မှိုင်းသွား၏။

“ဟင်းဟင်း...”

ထို့နောက် ချက်ချင်းဆိုသလိုပင် သူက အေးစက်စွာ လှောင်ရယ်မောပြီး သရော်တော်တော်လေသံဖြင့် ပြောလိုက်၏။

“ရှေးဟောင်းခေတ်မှာတုန်းက လူသားမျိုးနွယ်မှာ ပညာရှင်တွေက အပြည့်.. ဧကရာဇ်များစွာကလဲ ပေါ်ထွက်လာခဲ့ကြတယ်.. မင်းလို ငမျောက်ငချောက်ရွှေအမြုတေတစ်ယောက်က ရှေးဟောင်းခေတ်က ပညာရှင်တွေနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်ပါ့မလဲ.. မင်းက သူတို့နဲ့ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး”

“လူသားမျိုးနွယ်ရဲ့ခေတ်က ကုန်သွားတာ ကြာလှပြီ.. အဲ့ဒီရှေးဟောင်းဧကရာဇ်တွေ အကုန်လုံးကလဲ သေတဲ့သူသေ ထွက်ခွာတဲ့သူထွက်ခွာကုန်ကြပြီ.. ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူတို့ထဲက ဘယ်သူမှ မကျန်တော့ဘူး”

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က လွှမ်းမိုးခြယ်လှယ်နိုင်သော အော်ရာနှင့်အတူ ရှေ့သို့ လက်ညိုးထိုးပြီး ဝင့်ကြွားစွာ၊ ယုံကြည်မှုရှိစွာဖြင့် ကြေညာလိုက်၏။

“ဒီကမ္ဘာက အသစ်စက်စက် ခေတ်ကာလတစ်ခုနဲ့ အရှင်သခင်အသစ်တွေကို ကြိုဆိုရတော့မယ်.. လူသားမျိုးနွယ်က မျိုးနွယ်စုတစ်သောင်းရဲ့ အောက်ဆုံးကို နောက်တစ်ဖန် ပြန်ရောက်ပြီးတော့ အားလုံးရဲ့ ကျွန်ပြုခြင်းကို ခံရလိမ့်မယ်”

“ဟဟဟားဟား”

ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်ပြီး နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ထံသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းသွား၏။ သူ၏ ကြီးမားသည့် ခြေထောက်နှစ်ဖက်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်တိုင်း အသင်္ချေနယ်မြေမြို့တော်တစ်ခုလုံးက လှုပ်ခါ၍ ဖုန်မှုန့်များက တထောင်းထောင်းထလာ၏။

“ရှေးဟောင်းခေတ်က ဧကရာဇ်တွေက ဒီမှာ မရှိဘူး.. ဒါပေမယ့် ငါရှိတယ်”

ဆူဇီမို၏ အသံက ကမ္ဘာတစ်ခုလုံးကို အထက်စီးကနေ ကြည့်နိုင်သော လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး သူက အော်ပြောလိုက်၏။

“ဒီရှေးဟောင်းတိုက်ပွဲမြေမှာ.. ငါက ဧကရာဇ်ပဲ!”

All Chapters