← Chapters

အခွင့်အလမ်း

Vol. 52 Ch. 776

အခွင့်အလမ်း

Vol. 52 Ch. 776

‘အို.. မဟုတ်သေးဘူး’

ပကတိအရှင်လောရွှယ်၏ အမူအရာက သုန်မှုန်နေ၏။

‘ဂမ္ဘီရသံလိုက်တောင်က ရှေးဟောင်းမဟာအတုမရှိရတနာ ၇မျိုးထဲက တစ်ခုပဲ.. နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က အဲဒါရဲ့ ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်ဘူးဆိုရင်တောင်.. အဲဒါက ဒီမှာရှိတဲ့ အရာရာတိုင်းကို ဖိနှိပ်နိုင်ဖို့အတွက် လုံလောက်တယ်’

‘ရှေးဟောင်းအတုမရှိရတနာ ၇မျိုးထဲက တစ်ဝက်လောက်က ရှေးဟောင်းစစ်ပွဲမှာ ပျောက်ဆုံးကုန်ကြတာလေ.. အဲဒါက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ရဲ့လက်ထဲကို ဘယ်လိုရောက်သွားတာလဲ’

ပကတိအရှင်ယွီကျွင်းက မျက်မှောင်ကြုတ်လိုက်၏။

ထိုစဉ်မှာပင် တိုက်ပွဲမြေ၏အခြားတစ်ဖက်တွင်.. ညဝိညာဉ်နှင့်တိုက်ခိုက်နေသော ယက္ခခေါင်းဆောင်သည် ရုတ်ရုတ်သဲသဲဖြစ်နေခြင်းကို သတိထားမိသွား၏။ သူက အေးစက်စွာဖြင့် ပြုံးလိုက်ပြီး လှမ်းပြောလိုက်၏။

‘ကြည့်ရတာတော့.. နတ်ဘုရားမျိုးနွယ်က ငါတို့ကို တကယ်ပဲ အနိုင်ယူသွားပြီပဲ’

‘အဲဒါက ကံကောင်းသွားလို့ပါကွာ’

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က အားရရွှင်ပြစွာဖြင့် ရယ်မောလိုက်၏။ သူက သူ့လက်ကိုခါပြီး ၎င်းတွင်ကပ်ငြိနေသော သွေးသောက်သူနှင့် လက်အိတ်ကို ခါချလိုက်၏။

‘ကောင်းလိုက်တဲ့ ဆေဘာ’

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် သွေးသောက်သူကိုမြှောက်ပြီး ဆူဇီမို၏ရှေ့မှာ တမင်အံ့အားသင့်ဟန်ပြ၍ အဲဒါကို သူ၏သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။

‘ငါသိပြီ’

ထိုစဉ်မှာပင်.. ပကတိအရှင်ယွီကျွင်းက လေးနက်စွာဖြင့် ပြောလိုက်၏။

‘ယက္ခမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်က ရှေးဟောင်းတိုက်ပွဲမြေကို ဝင်ရောက်လာရတဲ့ တကယ့်အစစ်အမှန်ရည်ရွယ်ချက်က အဲဒီဂမ္ဘီရသံလိုက်တောင်ကြောင့်ပဲ ဖြစ်လိမ့်မယ်’

‘အမှန်ပေါ့’

ပကတိအရှင်ယွီကျွင်း၏စကားကို ကြားသောအခါ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က အဲဒါကို ဖုံးကွယ်မထားပေ။

‘ငါတို့က ဂမ္ဘီရသံလိုက်တောင်ရဲ့ သဲလွန်စကို ရခဲ့လို့.. အဲဒါကို ရှာဖို့အတွက် ရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်လာခဲ့ကြတာ’

‘ဒါပေမဲ့လို့ အသင်္ချေနယ်မြေမြို့တော်မှာ လူသားပြိုင်စံရှားတွေက စုဝေးနေကြတယ်လို့လည်း ငါကြားလိုက်ရတယ်… အဲဒါကြောင့် ငါတို့က လမ်းကြုံလို့ ဝင်လာခဲ့ကြတာ… တကယ်ပဲ ငါတို့ထင်ထားတဲ့အတိုင်း မင်းတို့အကုန်လုံးက သုံးစားမရတဲ့ အမှိုက်တစ်အုပ်စုပဲ’

များစွာသော ပြိုင်စံရှားများသည် ဒေါသထွက်သွားကြသော်လည်း.. သူတို့က သူ့ကို မငြင်းဆန်နိုင်ပေ။

ဆူဇီမိုသည် တိတ်ဆိတ်နေပြီး နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ လက်ဖဝါးထဲရှိ ဂမ္ဘီရသံလိုက်တောင်ကိုသာ စိုက်ကြည့်ကာ အဖြေတစ်ခုကို စဉ်းစားနေ၏။

ထိုအတုမရှိရတနာက ထွက်ပေါ်လာပြီးနောက်.. သူက ပို၍ပင် အရေးနိမ့်လာလေပြီ။

သူ၏မူလစိတ်ဝိညာဉ်လက်နက်နှစ်ခုကို ဆုံးရှုံးလိုက်ရသည့်အပြင်.. သူ၏ မီးပဒေသာဓားဝင်္ကပါနှင့် ရစ်ခွေနဂါးချိတ်စည်းတို့ကိုလည်း ထုတ်သုံးနိုင်တော့မည် မဟုတ်ပေ။

သူ ထုတ်သုံးနိုင်သည့် တစ်ခုတည်းသောအရာမှာ သီယင်းထံမှ ရရှိခဲ့သော မဟာချွမ်အင်ပါယာချိတ်စည်းသာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း.. မဟာချွမ်အင်ပါယာချိတ်စည်းသည် မူလစိတ်ဝိညာဉ်လက်နက်တစ်ခုဖြစ်ပြီး အဲဒါက ဂမ္ဘီရသံလိုက်တောင်နှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

အခြေအနေက တကယ့်ကို သေရေးရှင်ရေးဖြစ်လာ၏။

ရွှစ်..။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ဆူဇီမိုကို အသက်ရှုချိန်ပင် မပေးလိုပေ။ ဖျတ်ခနဲဆို သူက လျင်မြန်စွာ ချဉ်းကပ်လာပြီး သူ၏သွေးချီက ရုန်းကြွလာကာ ကြောက်စရာကောင်းသည့် အော်ရာတစ်ခုက ထွက်ပေါ်လာ၏။

အနီးနားရှိ နတ်ဘုရားမျိုးနွယ်သက်ရှိ ၅ယောက်သည်လည်း တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

သူတို့ ၆ယောက်ကြား ပူးပေါင်းတိုက်ခိုက်မှုသည် ဟာကွက်မဲ့ပြီး ပြီးပြည့်စုံနေ၏။

နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ထိုအချိန်ကို စောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်ပြီး သူတို့က အားမာန်များ တက်ကြွနေကြ၏။

သို့သော်လည်း.. ဆူဇီမိုသည် တိုက်ပွဲများကို ဆက်တိုက်,တိုက်ခိုက်ခဲ့ရပြီး သူက လုံးဝပင်ပန်းနွမ်းနယ်နေလေပြီ။

ဒါ့အပြင်.. သူ၏မူလစိတ်ဝိညာဉ်လက်နက်နှစ်ခုကလည်း ယူဆောင်သွားခြင်းခံရပြီး သူက ယခုအခါ လက်ဗလာနှင့် တိုက်ခိုက်ရတော့မည်ဖြစ်၏။

ဘယ်သူက အနိုင်ရမလဲဆိုတာ သိသာလွန်းနေလေပြီ။

ထိုသို့ဆိုလျှင်တောင်.. တိုက်ပွဲနယ်မြေကို စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာသည် သူတို့၏မျက်လုံးများထဲမှာ မျှော်လင့်ချက် တစွန်းတစကို သယ်ဆောင်ထားသေး၏။

မည်သူကမှ အသက်ပင် ရဲရဲမရှုဘဲ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။

အနီးကပ်တိုက်ခိုက်ခြင်းတွင်.. သေခြင်းရှင်ခြင်းအကြားမှာ တစ်စက္ကန့်သာ ခြားလေသည်။

နတ်ဘုရားမျိုးနွယ်သက်ရှိများက ချဉ်းကပ်လာသောအခါ.. ဆူဇီမိုသည် သူ၏အံ့မခန်း အနီးကပ်တိုက်ခိုက်ရေးစွမ်းအားများကို ထုတ်ဖော်ပြသလိုက်၏။ သူက အခြေအနေကို အကဲခတ်၍ ထိန်းချုပ်ဖို့ ကြိုးစားလိုက်၏။

ဆူဇီမို၏အမူအရာက အေးစက်နေပြီး သူက လှစ်ခနဲ အနောက်သို့ခုန်ဆုတ်ကာ သူ့နောက်ဘက်ရှိ နတ်ဘုရားသက်ရှိတစ်ယောက်ကို သူ၏ခန္ဓာကိုယ်ဖြင့် ပစ်တိုက်ချလိုက်၏။

ဘန်း…။

သူတို့၏တိုက်မိခြင်းမှ ခပ်ထိုင်းထိုင်း အသံတစ်သံက ထွက်ပေါ်လာ၏။

ဆူဇီမိုသည် နတ်ဘုရားမျိုးနွယ်သက်ရှိ၏လက်သီးကို သူ၏ကျောဖြင့် ပစ်တိုက်လိုက်ခြင်းဖြစ်သော်လည်း.. နတ်ဘုရားမျိုးနွယ်သက်ရှိ၏ အမူအရာက ပြောင်းလဲသွား၏။ သူက ဒယီးဒယိုင်ဖြင့် နောက်သို့ဆုတ်သွားရလေသည်။

အဲဒါက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်တစ်ကွက် ဖြစ်လေသည်။

အဲဒါက အခြားမျိုးနွယ် သို့မဟုတ် အခြားကျင့်ကြံသူများသာ ဖြစ်ကြမည်ဆိုလျှင်.. ထိုတိုက်ခိုက်မှုမှာ သူတို့၏အရိုးနှင့် အရွတ်များက ကျိုးကြေ၍ သူတို့၏အသက်ကိုပင် ဆုံးရှုံးရနိုင်၏။

သူ၏နောက်ဘက်ရှိ နတ်ဘုရားမျိုးနွယ်က နောက်သို့ဆုတ်သွားရခြင်းနှင့်အတူ ဆူဇီမို၏ မူလက ကျဉ်းမြောင်းနေသော နေရာလွတ်သည် ပို၍ကျယ်ဝန်းသွား၏။

သူက အရှိန်အဟုန်ဖြင့် နောက်ဘက်သို့ ဆက်တိုက်ဆုတ်သွားပြီး ဘေးနှစ်ဖက်ကနေ ဝင်ရောက်တိုက်ခိုက်လာသော နတ်ဘုရားမျိုးနွယ်သက်ရှိနှစ်ယောက်ကို ရှောင်ရှားလိုက်၏။ ရုတ်တရက်လှည့်၍.. သူ၏အရှိန်က နောက်တဖန် ပေါက်ကွဲထွက်ပေါ်လာပြီး စောစောက နောက်သို့ဆုတ်သွားသော နတ်ဘုရားမျိုးနွယ်သက်ရှိနောက်သို့ ခက်ထန်ကြမ်းကြုတ်သော အကြည့်ဖြင့် ပြေးလိုက်ချသွား၏။

‘သတ်’

ဆူဇီမိုသည် မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။

နတ်ဘုရားမျိုးနွယ်သက်ရှိသည် ထိတ်လန့်သွားပြီး ဆတ်ခနဲ တုန်ယင်သွား၏။

ထိုခဏတာ ရပ်တန့်သွားခြင်းက ဆူဇီမိုအတွက် သူ့ထံသို့ ချဉ်းကပ်ဖို့ အချိန်ရသွားလေသည်။ သူက သူ၏လက်နှစ်ဖက်ကို ထုတ်ပြီး နတ်ဘုရားမျိုးနွယ်သက်ရှိ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ရှေ့သို့ ဒူးဖြင့်ပစ်တိုက်ချလိုက်၏။

များစွာသော ကျင့်ကြံသူများ၏ မြင်ကွင်းထဲတွင်.. ဆူဇီမိုက ပျောက်ကွယ်သွားသည်ဟု ထင်ရပြီး သူ့နေရာမှာ အနှိုင်းမဲ့နတ်မြင်းတစ်ကောင်က အစားထိုး ဝင်ရောက်လာလေသည်။

ထိုပစ်တိုက်ချက်ထံမှ အလွန်တရာ ကြောက်စရာကောင်းသည့် အော်ရာတစ်ခုက ထွက်ပေါ်လာ၏။

ဂျွတ်..။

နတ်ဘုရားမျိုးနွယ်သက်ရှိ၏ ရင်အုပ်သည် ကြီးမားနက်ရှိုင်းစွာ ချိုင့်ဝင်သွား၏။

သူ၏အရိုးများက ကျိုးပဲ့သွားပြီး သူ၏အဆုတ်နှင့် အင်္ဂါအစိတ်အပိုင်းများကို ထိုးစိုက်သွား၏။

တိုက်ခိုက်မှုတစ်ချက်က သူ့ကိုသတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။

သို့သော်လည်း… နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးသည် အလွန်တရာ သန်မာပြီး သူတို့၏ အသက်ဓာတ်အားက ကြွယ်ဝ၏။

ထိုကဲ့သို့ ထိခိုက်ခံရတာတောင် နတ်ဘုရားမျိုးနွယ်သက်ရှိသည် ချက်ချင်းသေမသွားပေ။ သူက ရွှေရောင်သွေးများကို ထွေးထုတ်လိုက်ပြီး နောက်သို့ခုန်ဆုတ်ဖို့ ကြိုးစားလိုက်၏။

ဆူဇီမိုက သူ့ကို ထိုအခွင့်အရေး ပေးစရာအကြာင်းမရှိပေ။

သူက ဒူးဖြင့်ပစ်တိုက်ပြီးနောက် နတ်ဘုရားမျိုးနွယ်သက်ရှိ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားသော သူ၏လက်နှစ်ဖက်ဆီသို့ ခွန်အားကို ပို့လွှတ်ကာ ဘေးနှစ်ဘက်သို့ ဆတ်ခနဲ ဆောင့်ဆွဲလိုက်၏။

ရှီး..။

နတ်ဘုရားမျိုးနွယ်သက်ရှိ၏လက်နှစ်ဖက်သည် ဆူဇီမိုကြောင့် စုတ်ပြဲထွက်သွား၏။

ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းဖြင့် တောက်ပနေသော လတ်ဆတ်သည့်သွေးများသည် ချက်ချင်း ပန်းထွက်လာ၏။

နတ်ဘုရားမျိုးနွယ်သက်ရှိသည် ခပ်ဝေးဝေးသို့ ပစ်လဲကျသွားပြီး သူ၏အကြည့်က မှေးမှိန်သွား၏။ တဖြည်းဖြည်းနှင့် သူ၏အသက်ရှုခြင်းက ရပ်တန့်သွားလေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

အဲဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လေသည်။

နတ်ဘုရားမျိုးနွယ်သက်ရှိ ၆ယောက်၏ ဝန်းရံတိုက်ခိုက်ခြင်း ခံနေရတာတောင်.. သူက လွှမ်းမိုးခြယ်လှယ်စွာဖြင့် သူတို့ထဲမှ တစ်ယောက်ကို ပြန်လှန်သတ်ဖြတ်နိုင်ခဲ့သေး၏။

‘နိမ့်ကျတဲ့ကောင်.. မင်း သေရမယ်’

အခြားသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ဟိန်းဟောက်၍ ချဉ်းကပ်လာကြ၏။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ရှေးဟောင်းအတုမရှိရတနာ ဂမ္ဘီရသံလိုက်တောင်ကို ဆုပ်ကိုင်ပြီး ဆူဇီမို၏ဦးခေါင်းဆီသို့ ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။ သူက အညှာအတာမဲ့လွန်းလေသည်။

‘ငါက အဲဒီ ဂမ္ဘီသံလိုက်တောင်ကို အရင်ရှင်းထုတ်ဖို့ လုပ်ရမယ်’

ဆူဇီမို၏စိတ်အာရုံထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာ၏။

သူ့မှာ တစ်စုံတစ်ရာကို ပိုင်ဆိုင်ထားသေး၏။ အဲဒါက.. သတ္တုဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော ဇစ်မြစ်တစ်ခုရှိကာ ၎င်းက ဂမ္ဘီသံလိုက်တောင်နှင့် ရင်ဆိုင်နိုင်ကောင်းလေသည်။

ထိုသို့အတွေးနှင့်.. ဆူဇီမိုသည် ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ သူ၏သိုလှောင်အိတ်ကို ပုတ်ကာ ကြီးမားသည့် စတုရန်းကြေးမီးဖိုကြီးတစ်လုံးကို ထုတ်ယူလိုက်၏။

စတုရန်းကြေးမီးဖိုသည် သံချေးများ ၊ အက်ကွဲကြောင်းများဖြင့် ပြည့်နေပြီး အချိန်မရွေး ကွဲကြေပျက်စီးသွားတော့မည့်ပုံပေါက်နေ၏။

သို့သော်လည်း.. ၎င်းထံမှ အလွန်တရာရှေးကျသော အော်ရာတစ်ခုက ထွက်ပေါ်နေ၏။

ထိုအော်ရာက ရှေးဟောင်းအသင်္ချေနယ်မြေကျောက်စာတိုင်ထက်ပင် ပို၍ရှေးကျသည်ဟု ထင်ရလေသည်။

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို လွှဲပြီး ပစ်ဝင်လာသော ဂမ္ဘီသံလိုက်တောင်ကို ပြင်းထန်စွာဖြင့် ရိုက်ချလိုက်၏။

ခွမ်း..။

ဂမ္ဘီသံလိုက်တောင်နှင့် စတုရန်းကြေးမီးဖိုက ထိတွေ့မိသွားကြ၏။

သတ္တုများထိခိုက်ခြင်းမှ စူးစူးရှရှအသံများ ထွက်ပေါ်လာပြီး လူတိုင်း၏နားစည်များက စုတ်ပြဲသွားသည့်အလား ထင်ရလေသည်။

စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာသည် ငုတ်တုတ်ထိုင်ချလိုက်ပြီး အလွန်တရာ နာကျင်နေသော အမူအရာဖြင့် သူတို့၏နားနှစ်ဖက်ကို အုပ်ကိုင်ထားလိုက်ကြ၏။

တိုက်ပွဲနယ်မြေ၏အလယ်ရှိ လူနှစ်ယောက်ပင်လျှင် တသိမ့်သိမ့် တုန်ယင်သွားကြ၏။

ကြီးမားသော တန်ပြန်ကန်အားဖြင့် သူတို့၏လက်ဖဝါးများသည် စုတ်ပြဲသွားပြီး သူတို့၏အသားများက ပေါက်ကွဲထွက်သွား၏။ သူတို့သည် သူတို့၏လက်နက်များကို မဆုပ်ကိုင်နိုင်တော့ဘဲ လက်လွှတ်ပေးလိုက်ရ၏။

ဂမ္ဘီရသံလိုက်တောင်နှင့် စတုရန်းကြေးမီးဖို နှစ်ခုစလုံးသည် လွင့်စင်ထွက်သွားကြ၏။

ဆူဇီမိုသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွား၏။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည်လည်း လေထဲမှာ သုံးလေးပတ်လည်ပြီးနောက် အောက်သို့ပြုတ်ကျသွား၏။

စောစောက ရှေ့သို့ပြေးဝင်လာသော ကျန်ရှိသည့်နတ်ဘုရားမျိုးနွယ် ၄ယောက်သည်လည်း လက်နက်နှစ်ခု၏ရိုက်ခတ်မှုမှ ထွက်ပေါ်လာသော တုန်ခါအားလှိုင်းကြောင့် လွင့်ပျံထွက်သွားကြ၏။ သူတို့၏မျက်နှာများက ဖြူလျော်သွားပြီး သူတို့၏စိတ်အာရုံထဲမှာ တစီစီမြည်ကာ ခဏမျှ ထုံထိုင်းမူးဝေသွားကြ၏။

ဆူဇီမိုသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး တကိုယ်လုံး နာကျင်ကိုက်ခဲကာ သတိလစ်လုနီးပါးဖြစ်သွား၏။

သို့သော်လည်း.. သူက ချက်ချင်းပင် ရုန်းကန်၍ ထလိုက်၏။ ဖုန်လုံးများအတွင်းမှ သူ၏မျက်လုံးနှစ်ဖက်သည် အေးစက်စွာဖြင့် တောက်ပနေပြီး မလှမ်းမကမ်းရှိ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို ခက်ထန်သော သတ်ဖြတ်လိုစိတ်ဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။

အဲဒါက အခွင့်အရေးတစ်ခုပင်။

အဲဒါက သူ့အနေနှင့် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို သတ်ဖြတ်ဖို့အတွက် တစ်ခုတည်းသော အခွင့်အလမ်းပင်။

အခြားသော နတ်ဘုရားမျိုးနွယ်သက်ရှိ ၄ယောက်က စုဖွဲ့မလာခင်.. သူက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် ဒီရေအလှည့်အပြောင်းက ဖြစ်ပေါ်လာနိုင်လေသည်။

All Chapters