← Chapters

အချည်းနှီးဖြစ်သွားသော အားထုတ်မှု

Vol. 52 Ch. 777

အချည်းနှီးဖြစ်သွားသော အားထုတ်မှု

Vol. 52 Ch. 777

တထောင်းထောင်းထနေသော ဖုန်မှုန့်များ မစဲသေးခင်မှာပင်.. မြေပြင်ပေါ်တွင် ရှည်လျားသွယ်လျသော ပုံရိပ်တစ်ခုက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ဆီသို့ လျှောထိုးထွက်သွား၏။

အဲဒါက အလွန်တရာမြန်ဆန်စွာဖြင့် ရွေ့လျားသွားလာနေသော အန်နာကွန်ဒါတစ်ကောင်နှင့် တူလေသည်။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် အခုတင် သူ့ဟန်ချက်ကို သူထိန်းနေစဉ်မှာပင် မွန်းကျပ်ဖွယ်ရာကောင်းပြီး နတ်ဆိုးဆန်သော အော်ရာတစ်ခုက သူ့ထံသို့ပြေးဝင်လာနေသည်ကို ခံစားလိုက်ရ၏။

‘သတ်’

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏နားထဲတွင် ကျယ်လောင်သော ဟိန်းဟောက်သံက ပေါက်ကွဲထွက်ပေါ်လာ၏။

မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်း..။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ နတ်ဘုရားသွေးများသည် တလိပ်လိပ်တက်လာပြီး ထိုအသံအားဖြင့်တိုက်ခိုက်မှုကို ချက်ချင်းနီးပါးပင် လျစ်လျူရှုလိုက်နိုင်၏။ အဲဒါက သူ့အပေါ်မှာ သက်ရောက်မှု မရှိတော့ပေ။

နောက်ခဏ၌.. သဲမုန်တိုင်းတစ်ခုက ဒေါသတကြီး အော်မြည်လာပြီး ကိုင်းညွတ်နေသော ပုံစံဖြင့် ပုံရိပ်တစ်ခုက ခပ်ရေးရေးပေါ်လာ၏။ ထိုပုံရိပ်၏မျက်လုံးများသည် နက်ရှိုင်းစွာဖြင့် ခက်ထန်နေပြီး သူက အင်မော်တယ်သစ်သီးတစ်လုံးကို ကမ်းလိုက်သည့်အလား.. နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏မေးကို လက်နှစ်ဖက်ကိုစု၍ ပင့်ရိုက်လိုက်၏။

‘အချိန်ကိုက်ပဲ’

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

‘နတ်ဘုရားမျိုးနွယ်ရဲ့ခွန်အားက ဘာလဲဆိုတာ မင်းကိုငါ ပြပေးမယ်’

သူက ရှောင်လည်းမရှောင် နောက်လည်းမဆုတ်ဘဲ ရှေ့သို့ ခြေလှမ်းဝက်တိုးကာ ကြီးမားသည့်လှံတစ်စင်းကဲ့သို့ သူ၏တံတောင်ကို ကွေးပြီး ဖိရိုက်ချလိုက်၏။ သူက.. ဝင်ရောက်လာသော ဆူဇီမို၏လက်နှစ်ဖက်ကို ချိန်ရွယ်၍ ပြင်းထန်စွာ ရိုက်ချလိုက်ခြင်းဖြစ်လေသည်။

ဘန်း..။

အသားနှင့်အရိုးများ ထိခိုက်ခြင်းက အားပါသော ခပ်ထိုင်းထိုင်း အသံတစ်သံကို ထွက်ပေါ်လာစေ၏။

ဆူဇီမိုသည် ဆတ်ခနဲ တုန်ယင်သွားပြီး အော်ဟစ်ညည်းတွားလိုက်ရ၏။ သူ၏ယှက်ဖြာထားသော လက်နှစ်ဖက်သည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ တိုက်ခိုက်မှုဖြင့် ကွဲထွက်လုနီးပါးဖြစ်သွား၏။

ထိုတိုက်ခိုက်ဖလှယ်မှုတစ်ခုမှာပင် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ဘယ်လောက်တောင် သန်မာသလဲ သူနားလည်သွား၏။

အရမ်းအရမ်းကို သန်မာလေသည်..။

သူက အထွတ်အထိပ်အခြေအနေမှာ ရှိနေလျှင်တောင် အနီးကပ်တိုက်ခိုက်ရေးမှာ ထိုသူကို သေချာပေါက် အနိုင်ရနိုင်လိမ့်မည်ဟု အာမ,မခံနိုင်ပေ။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ မျိုးဆက်သွေးက တကယ့်ကို ကြောက်စရာကောင်းလွန်းလေသည်။

ယခုဆို.. ဆူဇီမိုသည် ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး သူ၏အတွင်းအမြုတေနှင့် သွေးချီ၏စွမ်းအားကလည်း ကြီးမားစွာ ယုတ်လျော့သွားခဲ့လေပြီ။ သူက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ထံမှ ရိုက်ချက်ကို ခံနိုင်ရည်မရှိတော့ပေ။

ထိုစဉ်မှာပင်.. နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် သူ၏တံတောင်ဖြင့် ပစ်ရိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်းဝက်ထပ်တိုးကာ သူ၏လက်ကို သံမဏိကြာပွတ်တစ်ခုကဲ့သို့ ပြင်းထန်စွာ လွှဲယမ်းလိုက်၏။

ရွှစ်..။

သူ၏လက်က ဆူဇီမို၏ဦးခေါင်းပေါ်သို့ အုပ်မိုး၍ကျဆင်းလာပြီး လေခွင်းသံများက ထွက်ပေါ်လာ၏။

ထိုလှုပ်ရှားကွက်နှစ်ကွက်က ပကတိပြီးပြည့်စုံစွာဖြင့် ချောမွေ့ပြေပြစ်နေ၏။

ဆူဇီမို၏အခြေအနေအရ.. သူက ထိုတိုက်ခိုက်မှုကို ခုခံနိုင်စရာ အကြောင်းမရှိတော့ပေ။

ဒါ့အပြင်.. ခပ်လှမ်းလှမ်းတွင် ပြန့်ကျဲနေကြသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ဤနေရာသို့ ပြေးလာနေကြပြီကို သူက ခံစားမိလိုက်၏။

ဤအခိုက်အတန့်တွင် သူက နောက်ဆုတ်ရမည်ဆိုလျှင် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို သတ်ဖြတ်ဖို့အတွက်အခွင့်အရေးကို ဆုံးရှုံးရပေတော့မည်။

ဆူဇီမို၏အကြည့်က အေးစက်လာပြီး သူ၏မျက်လုံးကို မှေးကျဉ်းလိုက်၏။

သူက ညာဘက်လက်ကိုမြှောက်ပြီး လက်သီးဆုပ်ကာ ထိုတိုက်ခိုက်မှုကို ခုခံလိုက်၏။

သူ၏ညာဘက်လက်ဖဝါးထဲမှာ နတ်ဖီးနစ်အရိုး ရှိနေသည်။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ဘယ်လိုပင် သန်မာပါစေ.. သူက နတ်ဖီးနစ်အရိုးကို ဖျက်စီးနိုင်လိမ့်မည်တော့ မဟုတ်သေး။

သူက နတ်ဖီးနစ်အရိုး၏စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့မည်ဆိုလျှင် ဆူဇီမိုသည် ထိုအခွင့်အရေးကို အသုံးချပြီး နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကိုပင် သတ်ဖြတ်နိုင်ကောင်း၏။

မဟုတ်လျှင်တောင် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် သေချာပေါက် ထိခိုက်ဒဏ်ရာရရှိပေလိမ့်မည်။

ဘန်း..။

လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်သွား၏။

နတ်ဖီးနစ်အရိုးထဲမှ စွမ်းအားက နိုးကြွမလာပေ။

ဆူဇီမိုသည် ပင့်သက်ကိုရှိုက်ပြီး အလွန်တရာနာကျင်နေသာ အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်၏။

နတ်ဖီးနစ်အရိုးကြောင့် သူ့လက်ဖဝါးက သေချာပေါက် အကောင်းတိုင်းရှိမည်ဖြစ်သော်လည်း သူ၏လက်တံကတော့ စဉ်းစားကြည့်လို့တောင် မရသော နာကျင်မှုကို ထိခိုက်ခံစားရပေမည်။

နတ်ဖီးနစ်အရိုးသည် ဂမ္ဘီရပစ္စည်းတစ်ခုဖြစ်သော်လည်း… ဆူဇီမိုသည် ၎င်း၏စွမ်းအားကို အခုချိန်ထိ မထုတ်ဖော်နိုင်သေးဘဲ သူ၏တိုက်ခိုက်ရေးခွန်အားက သိသာစွာ မြင့်တက်မလာပေ။

‘အား..’

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကလည်း အခြေအနေသိပ်ကောင်းလှသည် မဟုတ်ဘဲ သူ့လက်ကိုရုတ်၍ အံ့အားတသင့် အော်ဟစ်လိုက်ရ၏။ သူ၏လက်သီးက စုတ်ပြဲသွားပြီး သွေးများက စိုလာ၏။

ထိုကဲ့သို့သော ဒဏ်ရာအသေးအဖွဲ့က နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်အတွက် ဘာမှမပြောပလောက်ပေ။

သူ၏ရွှေရောင်နတ်ဘုရားသွေးက စီးဝင်လာသည်နှင့် သူ၏လက်က ပြန်လည်သက်သာကောင်းမွန်သွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် နာကျင်မှုကို တောင့်ခံ၍ အပေါ်သို့ခုန်တက်လိုက်၏။ သူက သိုလှောင်အိတ်ထဲကနေ မဟာချွမ်အင်ပါယာချိပ်စည်းကို ဘယ်ဘက်လက်ဖြင့် ထုတ်ယူပြီး နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ဦးခေါင်းကို ပစ်ရိုက်လိုက်၏။

သူက ညာလက်သီးကိုဆုပ်ပြီး ဧရာမတူကြီးတစ်ခုကဲ့သို့ အုပ်မိုး၍ ထိုးချလိုက်၏။

‘ဟမ့်’

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် နောက်ဆုတ်မသွားသေးဘဲ သူ၏လက်နှစ်ဖက်ကို အလွန်တရာလျင်မြန်စွာဖြင့် ဆန့်ထုတ်လိုက်၏။

သူ၏လက်ချောင်းများကို ဖြန့်ပြီး ရွှေရောင်အလင်းဖြင့် တောက်ပလာကာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ထွက်ပေါ်လာ၏။ သူက နတ်ဘုရားမျိုးနွယ်၏ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်သည်မှာ သိသာလေသည်။

ရွှစ်…။

တချိန်တည်းနီးပါးမှာပင်..။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ လက်တစ်ဖက်သည် မဟာချွမ်အင်ပါယာချိပ်စည်းကို ဆုပ်ကိုင်ပြီး ကျန်လက်တစ်ဖက်က ဆူဇီမို၏လက်သီးကို ဆုပ်ကိုင်လိုက်၏။

နှစ်ဖက်စလုံးသည် မျှချေမှာ လွန်ဆွဲသွားကြပြီး သူတို့၏ခွန်အားချင်း ယှဉ်ပြိုင်လိုက်ကြ၏။

‘မင်း ငါ့ကို မနိုင်ပါဘူး’

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏မျက်လုံးများက ရွှေရောင်အလင်းဖြင့် တဖျတ်ဖျတ်လက်သွား၏။

‘မလိုပါဘူး’

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး ရုတ်တရက်.. သူ၏ညာဘက်မျက်လုံးမှ ကျိန်းစက်သော အလင်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။ အဲဒါက.. ကမ္ဘာတခွင်ကို နေ့ဘက်အလား ထိန်ထိန်လင်းသွားစေမည့် ခြစ်ခြစ်တောက်ပူသော နေတစ်စင်းနှင့် ဆင်တူလေသည်။

မနှိုင်းယှဉ်သာအောင် ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းတန်းတစ်ခုသည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ မျက်နှာဆီသို့ ပစ်လွင့်သွား၏။

မီးပဒေသာမျက်လုံး..။

အဲဒါက ဆူဇီမို၏သတ်ဖြတ်ကွက်ပင် ဖြစ်လေသည်။

စောစောက.. သူတိုက်ခိုက်ခဲ့သမျှသည် ထိုသတ်ဖြတ်ကွက်ကို ထုတ်ဖော်ဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်းမျှသာ ဖြစ်လေသည်။

သူတို့နှစ်ယောက်စလုံးသည် အရမ်းကို နီးကပ်နေပြီဖြစ်ပြီး ရှောင်ရှားဖို့က မဖြစ်နိုင်တော့ပေ။

‘စက္ခုနည်းစနစ်… အဲဒါက စက္ခုနည်းစနစ်တစ်ခုပဲ’

‘ဘယ်လောက်တောင် သန်မာလိုက်တဲ့ စက္ခုနည်းစနစ်လဲ.. အဲဒါက သီယင်းရဲ့ နေကြတ်မျက်လုံးနဲ့တောင် ယှဉ်လို့ရတယ်’

လူအုပ်ကြီးထဲမှ အော်ဟစ်သံများက ထွက်ပေါ်လာ၏။

ကျင့်ကြံရေးလောကတွင် အသံ သို့မဟုတ် စက္ခုနည်းစနစ်များသည် အလွန်တရာရှားပါးသော လျှို့ဝှက်ပညာရပ်များဖြစ်လေသည်။

လူတစ်ယောက်က ထိုကျင့်ကြံရေးနည်းစနစ်ကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တောင် သူတို့က အဲဒါကို အောင်မြင်အောင် ကျင့်ကြံနိုင်ဖို့ မသေချာပေ။

သမိုင်းတစ်လျှောက်တွင်.. မရေမတွက်နိုင်သောလူများသည် စက္ခုနည်းစနစ်များကို ကျင့်ကြံဖို့ ကြိုးစားခဲ့ကြသော်လည်း သူတို့ထဲမှ အများစုက မျက်စိကွယ်ခြင်းနှင့်သာ အဆုံးသတ်ခဲ့ရ၏။

စက္ခုနည်းစနစ်များသည် လျှပ်တစ်ပြက်ထွက်ပေါ်နိုင်သော လျှို့ဝှက်ပညာရပ်များဖြစ်ပြီး ခုခံဖို့ရာ အင်မတန်ခက်ခဲလှလေသည်။

ယခုဆို.. နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် စက္ခုနည်းစနစ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရ၏။

အလင်းတန်း၏စွမ်းအားက သူ့ကို သေချာပေါက် ဖျက်စီးပစ်နိုင်လေသည်။

ထိုအလင်းတန်းကနေ သေခြင်းရနံ့ကို သူက ခံစားမိနေ၏။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် သူ၏ဘယ်ဘက်လက်ဖြင့် မဟာချွမ်အင်ပါယာချိပ်စည်းကို ဆုပ်ကိုင်ထားပြီး သူ၏ညာဘက်လက်ဖြင့် ဆူဇီမို၏လက်သီးကို ဆုပ်ကိုင်ထားရ၏။ သူတို့၏အကွာအဝေးအရ သူက သူ၏လက်နှစ်ဖက်ကို လွှတ်ပြီး ထိုစက္ခုနည်းစနစ်၏စွမ်းအားကို ခုခံမည်ဆိုလျှင်တောင် နောက်ကျနေလေပြီ။

ဆူဇီမိုက အရာရာတိုင်းကို ကြိုတင်တွက်ချက်ထားပြီးဖြစ်၏။

မည်သူမှ သူ့ကို မကယ်နိုင်စေရ။

သူ့ကိုယ်သူသာလျှင် ကယ်နိုင်ပေလိမ့်မည်။

ဖျတ်ခနဲဆို.. နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ မျက်လုံးများအနက်ပိုင်းထဲမှ ရွှေရောင်အလင်းစက်တစ်ခုစီက တောက်ပလာ၏။ သူတို့က အေးစက်၍ အညှာအတာမဲ့ပြီး အကန့်အသတ်မဲ့သော စွမ်းအားကို ထုတ်ပေးနေ၏။

‘နတ်ဘုရားမျက်လုံး’

ထိုဟိန်းဟောက်သံနှင့်အတူ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏မျက်လုံးသည် ရွှေရောင်ဖြင့်တောက်ပသွားပြီး ရွှေရောင်အလင်းတန်းနှစ်ခုက ထွက်ပေါ်လာ၏။

ထိုရွှေရောင်အလင်းတန်းနှစ်ခုသည် လေထဲမှာ စုဆုံသွားပြီး ပို၍သိပ်သည်းသော ရွှေရောင်အလင်းတန်းတစ်ခုကို ဖြစ်ပေါ်လာစေကာ.. ဝင်ရောက်လာသော တောက်လောင်ပြင်းပြနေသည့် အဖြူရောင်အလင်းတန်းနှင့် ရိုက်ခတ်လိုက်၏။

နတ်ဘုရားမျက်လုံး..။ အဲဒါက နတ်ဘုရားမျိုးနွယ်၏ စက္ခုနည်းစနစ်တစ်ခု ဖြစ်လေသည်။

နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနှင့်သာ အဲဒါကို ကျင့်ကြံနိုင်လေသည်။

အလင်းတန်းနှစ်ခုသည် လေထဲမှာ တွေ့ဆုံသွားပြီး ခဏမျှရပ်တန့်သွားကာ စူးစူးရှရှ အသံတစ်သံကို ထုတ်ပေးလာ၏။

စွမ်းအားနှစ်ခုက တစ်ခုကိုတစ်ခု အပြန်အလှန် တိုက်စားနေကြ၏။

ထို့နောက်.. ချက်ချင်းဆိုသလိုပင် တောက်လောင်ပြင်းပြသော အဖြူရောင်အလင်းတန်းသည် သိပ်သည်းစုဖွဲ့သွားပြီး သူ့ရှေ့ရှိ ရွှေရောင်အလင်းတန်းကို ဖျက်စီးပစ်လိုက်၏။ အဲဒါက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ဘယ်ဘက်မျက်လုံးထဲသို့ ပစ်ဝင်ကာ ပျောက်ကွယ်သွားလေသည်။

‘အား..’

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သူက နောက်သို့ခုန်ဆုတ်လိုက်ပြီး သူ၏ဘယ်ဘက်မျက်လုံးကို အုပ်ကိုင်ထား၏။ တချိန်တည်းမှာပင်.. သူ၏လျှာကိုကိုက်ပြီး အဆီအနှစ်သွေးတစ်လုတ်ကို ထွေးထုတ်ကာ သူ့ခန္ဓာကိုယ်ရှေ့တွင် ရွှေရောင်အလင်းဒိုင်းကာတစ်ခုကို ဖန်တီးလိုက်၏။

အားသာချက်ကို အသုံးပြု၍ ရှေ့သို့တိုးဝင်လာသည့် ဆူဇီမိုကို ရွှေရောင်အလင်းဒိုင်းကာက ပိတ်ဆို့ထားလိုက်၏။

ထို့နောက်.. တလိပ်လိပ်တက်လာသော ရွှေရောင်သွေးချီများက သူ့ကို အဘက်ဘက်ကနေ ဝန်းရံ၍ တိုက်ခိုက်လာသည်ကို တွေ့လိုက်ရ၏။

နတ်ဘုရားမျိုးနွယ်သက်ရှိများက ရောက်ရှိလာလေပြီ။

‘နှမြောဖို့ ကောင်းလိုက်တာကွာ’

ဆူဇီမိုသည် မလှမ်းမကမ်းရှိ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကိုကြည့်ပြီး သက်ပြင်းချလိုက်၏။

အကယ်၍.. နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က နတ်ဘုရားမျက်လုံးကိုသာ ကျင့်ကြံမထားဘူးဆိုလျှင် မီးပဒေသာမျက်လုံး၏စွမ်းအားသည် သူ၏ဦးခေါင်းကို သေချာပေါက် ထိုးဖောက်သွားမည်ဖြစ်ပြီး သူ့ကို နေရာမှာပင် သေဆုံးသွားစေပေလိမ့်မည်။

သို့သော်လည်း.. နတ်ဘုရားမျက်လုံး၏စွမ်းအားက ဝင်ရောက်နှောင့်ယှက်မှုဖြင့် သူ၏သေချာသော သတ်ဖြတ်ကွက်သည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ဘယ်ဘက်မျက်လုံးကို ကွယ်သွားစေခြင်းဖြင့်သာ အဆုံးသတ်သွားရလေသည်။

နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ တုံ့ပြန်မှုသည် အလွန်တရာမြန်ဆန်ပြီး ထိုရိုက်ချက်တွင် သူက ထိတ်ထိတ်ပြာပြာ ဖြစ်မသွားခဲ့ပေ။

သူသည် ချက်ချင်းနောက်ဆုတ်ရင်း ဆူဇီမို၏ လိုက်လံတိုက်ခိုက်ခြင်းကနေ ကာကွယ်ဖို့အတွက် ခုခံကွက်ကိုပါ ထုတ်ဖော်သွား၏။

ထိုသို့မဟုတ်လျှင်.. ဆူဇီမိုသည် နောက်ကနေဆက်လိုက်ပြီး နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို သတ်ဖြတ်နိုင်မည်ဖြစ်လေသည်။

သူက ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရ၏။ အရာရာတိုင်းက အချည်းနှီးဖြစ်ခဲ့ရလေပြီ။

သူတို့၏တိုက်ခိုက်မှုသည် ခဏတဖြုတ်သာ ကြာမြင့်သော်လည်း အဲဒါက ဆူဇီမို၏ နောက်ဆုံးသက်လုံအားနှင့် စိတ်စွမ်းအင်ကို ကုန်ခမ်းသွားစေ၏။

ယခုဆို.. နတ်ဘုရားမျိုးနွယ်သက်ရှိများက သူ့ကို ဝိုင်းရံလာလေပြီ။

သူ့အနေနှင့် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို နောက်တစ်ဖန် သတ်ဖြတ်ရန်ကြိုးစားဖို့က မဖြစ်နိုင်သလောက် ဖြစ်သွားလေပြီ။

အဲဒါထက်.. ဆူဇီမိုသည် ယခုအချိန်တွင် သူ့ကိုယ်သူ ကာကွယ်ခုခံရန်ပင် မဖြစ်နိုင်သလောက် ဖြစ်နေလေပြီ။

All Chapters