နဂါးအသွင်ပြောင်းလဲခြင်း
Vol. 52 Ch. 779
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ တစ်ဖက်တည်းကျန်သော မျက်လုံးတွင် အကန့်အသတ်မဲ့သော အမုန်းတရားများက လျှံထွက်နေပြီး သူက သိပ်သည်းပြင်းထန်သော သတ်ဖြတ်လိုစိတ် တစ်ခုကို ထုတ်ပေးနေ၏။
သူသည် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာသော ဤခရီးစဥ်တွင် ရှေးဟောင်းအတုမရှိ မဟာရတနာ ၇ မျိုးထဲမှ တစ်ခုဖြစ်သော ဂမ္ဘီရသံလ်ိုက်တောင် ကို ရှာဖွေနိုင်ခဲ့ခြင်းဖြင့် ကြီးမားစွာ အကျိုးဆောင်နိုင်ခဲ့သော်လည်း သူ တွေ့ကြုံခံစားရသော ဆုံးရှုံးမှုကလည်း အတော်လေးကို ကြီးမားလေသည်။
သူ၏ကွယ်သွားသော မျက်လုံးတစ်ဖက်သည် သူ့အတွက် အစားထိုးလို့မရသော သို့မဟုတ် ပြန်လည်အဖတ်ဆယ်မရသော ထိခိုက်ဆုံးရှုံးမှုဖြစ်လေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်တွင်းတွင် လျှို့ဝှက်ချက်များစွာကို ကွယ်ဝှက်ထားကြောင်း သူက ပြောနိုင်လေသည်။ သူက ဆူဇီမို၏ လျှို့ဝှက်ချက်များကို ရယူနိုင်မည်ဆိုလျှင် ယနေ့ သူဆုံးရှုံးခဲ့ရသမျှကို ပြန်လည် ဖာထေးနိုင်ကောင်းပေလိမ့်မည်။
"မင်းက... ဆက်ပြီးတော့ ရုန်းကန်ကြိုးစားချင်နေသေးတာလား..."
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် ဖိနှိပ်နိုင်သော အော်ရာတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး အေးစက်စွာ ပြောလိုက်၏။
"မင်းရဲ့လက်ရှိအခြေအနေအရဆို မင်းက ငါ့ရဲ့ လက်ချောင်းတစ်ချောင်းကိုတောင် ခုခံနိုင်မှာ မဟုတ်တော့ဘူး"
ယခုချိန်တွင် နတ်ဘုရားမျ်ိုးနွယ်၏ ဒေါသမီးကို ငြှိမ်းသတ်နိုင်မည့် တစ်ခုတည်းသောအရာမှာ သွေးသာ လျှင်ဖြစ်လေသည်။
သူတို့နှစ်ယောက်ကြားအကွာအဝေးက တဖြည်းဖြည်း လျော့နည်းလာ၏။
ဖျက်စီးအားပြင်းထန်သော စွမ်းအားတစ်ခုက အချိန်မရွေး ဆင်းသက်လာနိုင်လေသည်။
အဲ့ဒါက ဆူဇီမိုသာလျှင်မဟုတ် လက်ရှိမည်သည့် ကျင့်ကြံသူမှ ချမ်းသာရာရလိမ့်မည်မဟုတ်ပေ။
ဆူဇီမိုသည် အေးစက်စက်အကြည့်နှင့်အတူ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို ကြည့်လိုက်၏။
သို့သော်လည်း သူ့ခန္ဓာကိုယ်အတွင်းတွင် ရုန်းကန်ထကြွလာနေသော စွမ်းအားတစ်ခုရှိနေပြီး အဲ့ဒါက အချိန်မရွေး ပေါက်ကွဲ ထွက်ပေါ်လာနိုင်သည်ဟု သူက ခံစားမိနေ၏။
သူတို့နှစ်ယောက်ကြားအကွာအဝေးက တဖြည်းဖြည်း လျော့နည်းလာလေသည်။
ဤဖက်ရှိ အခြေအနေကို ညဝိညာဥ်က မြင်သောအခါ သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာပြီး သူက နက်နက်ရှိုင်းရှိုင်း မာန်ဖီအော်ဟစ်လိုက်၏။
သူ့လည်ချောင်းအနက်ပိုင်းထဲမှ စွမ်းအားကြီးသော ဟိန်းဟောက်သံတစ်ခုက ထွက်ပေါ်လာလေသည်။
ထို့နောက် ချက်ချင်းပင် ညဝိညာဥ်၏ အရိုးများက စတင်၍ အသွင်ပြောင်းလဲလာ၏။
တဖျောက်ဖျောက် မြည်သံများက ရူးသွပ်စွာ ထွက်ပေါ်လာပြီး နောက်တစ်ခဏအတွင်းမှာပင် မနှိုင်းယှဥ်နိုင်အောင် ကြောက်မက်ဖွယ်ရာကောင်းသော တောကောင် ဦးခေါင်းတစ်ခုက ပေါ်လာ၏။ အဲ့ဒါက ထက်ရှသော အစွယ်များနဲ့အတူ မျက်နှာပြင်တစ်ခုလုံးကို ခရမ်းရောင် ကြေးခွံများဖြင့် စီထပ်၍ ဖုံးအုပ်ထားပြီး ဝံပုလွေတစ်ကောင်နှင့် ခွေးတစ်ကောင် ပေါင်းစပ်ထားသည်နှင့် ဆင်တူနေလေသည်။
ညဝိညာဥ်သည် သူ၏ အစစ်အမှန်ပုံစံသို့ လုံးလုံး လျားလျား ပြောင်းလဲခြင်းမရှိဘဲ သူ၏ ဦးခေါင်းကိုသာ သားရဲသွင်ပြင်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်လေသည်။
ထိုသို့ဆိုလျှင်တောင် သူက တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုကို ထုတ်ပေးလာ၏။
ညဝိညာဥ်ကို ကြည့်ပြီး ယက္ခခေါင်းဆောင်သည် သူ၏ ဦးရေပြားက ရိုးတိုးရွတ ဖြစ်လာသည်က်ို ခံစားမိ၏။ သူက တုန်လှုပ်ခြောက်ခြားလာပြီး ခေါင်းမွေးများ ထောင်ထလာ၏။
ထို့နောက် သူက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သူ၏ သူငယ်အိမ်နှစ်ဖက်က ပြင်းထန်စွာ တင်းကျပ်သွားပြီး အလိုလိုရေရွတ်လိုက်၏။
"မင်းက....."
သူ့စကားမဆုံးသေးခင်မှာပင် ညဝိညာဥ်၏ ဟိန်းဟောက်သံက သူ့အသံကို ဖုံးလွှမ်းသွား၏။
ထို့နောက်ချက်ချင်းပင် ညဝိညာဥ်၏ အမြန်နှုန်းသည် ပေါက်ကွဲ ထွက်ပေါ်လာပြီး သူက ယက္ခခေါင်းဆောင်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။
ယက္ခခေါင်းဆောင်သည် အကြောက်တရားဖြင့် မွှန်ထူသွားပြီး ဆန့်ကျင်ဖက်လားရာဆီ တွေဝေခြင်းမရှိ ထွက်ပြေးလေတော့သည်။ သူက နောက်သို့ လုံးဝပြန်လှည့်မကြည့်တော့ပေ။
ရွှစ်......
နက်မှောင်သော အလင်းတစ်ခုက အလွန်တရာမြန်ဆန်စွာဖြင့် လေထုကို ထိုးခွဲသွား၏။
၎င်း၏အမြန်နှုန်းသည် ယက္ခခေါင်းဆောင်၏ အမြန်နှုန်းထက် သာလွန်ပြီး ချက်ချင်းပင် ရောက်ရှိလာ၏။
ဖောက်......
သွေးရောင်က ဖြာလဲ့သွား၏။
ယက္ခခေါင်းဆောင်၏ အသားပြားတောင်ပံတစ်ဖက်သည် အနက်ရောင်အရိပ်၏ ထိုးဖောက်ခြင်းကိုခံလိုက်ရ၏။
ထိုအနက်ရောင်အရိပ်သည် ညဝိညာဥ်၏ အမြီးဖြစ်လေသည်။ သူ၏ အမြီးသည် အလွန်တရာ ထက်ရှပြီး အေးစက်စက်အလင်းနှင့် တောက်ပကာ ပေါ့ပါးဖျတ်လတ်သော မြွေတစ်ကောင်ကဲ့သို့ လေထဲမှာ ယိမ်းနွဲ့နေ၏။
နောက်ခဏ၌ ညဝိညာဥ်သည် ယက္ခခေါင်းဆောင်၏ ပုခုံးနှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။
သူက ရှေ့သို့ခုန်တက်သွားပြီး ယက္ခခေါင်းဆောင်၏ လည်ပင်းကို တည့်တည့်ဖမ်းကိုက်လိုက်၏။
"ဖြီး......"
ထိုကိုက်ချက်သည် ယက္ခခေါင်းဆောင်၏ လည်ပင်းကို ကျိုးပြတ်လုနီးပါး ဖြစ်သွားစေ၏။
"မင်း......."
ယက္ခခေါင်းဆောင်၏ လေပြွန်က ကွဲကြေသွားပြီး သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ်လှုပ်ခါနေ၏။ သူက တုန်လှုပ်ခြောက်ခြားသောအမူအရာတစ်ခုရှိနေပြီး တစ်ခုခုကို ပြောချင်နေပုံရသော်လည်း သူ့စကားကို ဆုံးအောင်မပြောနိုင်တော့ပေ။
ညဝိညာဥ်သည် ထိုအခွင့်အရေးကို လုံးဝမပေးဘဲ ယက္ခခေါင်းဆောင်၏ လည်ပင်းကို ကိုက်ကာ ဆွဲခါလိုက်၏။
ဂျွတ်.....
ကြီးမားသည့် ဦးခေါင်းကြီးက ညိဝိညာဥ်ကြောင့် ပြတ်ထွက်သွား၏။
ယက္ခခေါင်းဆောင်က သေလေပြီ။
ညဝိညာဥ်တိုက်ခိုက်ချိန်မှစ၍ ယက္ခခေါင်းဆောင်သေဆုံးသည့်အချိန်ထိ ဖြစ်ပျက်သမျှသည် အသက်ရှုချိန် တစ်ကြိမ်စာမျှသာ ကြာလေသည်။
ထိုမြင်ကွင်းက ကြောက်စရာကောင်းလွန်းသော်လည်း များစွာသော လူများက အဲ့ဒါကို သတိမထားမိကြပေ။
အဘယ့်ကြောင့်ဆိုသော် လူတိုင်းနီးပါး၏ အာရုံသည် အသံတစ်သံဆီသို့ ကျရောက်နေသောကြောင့် ဖြစ်လေသည်။
"ရှေးဟောင်းနဂါးအသွင်ပြောင်းလဲခြင်း အတတ်...."
ဆူဇီမို၏အသံက ထွက်ပေါ်၏။
"အဲ့ဒါက လူသားဧကရာဇ်ရဲ့ လျှို့ဝှက်ပညာရပ်တစ်ခုဘဲ"
ပကတိအရှင်ယွီကျွင်းက အံ့အားတသင့် ရေရွတ်လိုက်၏။
ဆူဇီမိုသည် လက်ရှိအခြေအနေမှာတောင် အလျှော့မပေးဘဲ အပတ်တကုတ် ကြိုးစားဦးလိမ့်မည်ဟု မည်သူကမှ ထင်မထားပေ။
သူ၏ စိတ်ဝိညာဥ်စွမ်းအင်က ခမ်းခြောက်နေပြီဖြစ်ပြီး သူက ရှေးဟောင်းနဂါးအသွင်ပြောင်းလဲခြင်းကို ထုတ်ဖော်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း စောစောက အတွေးတစ်ခုသည် ဆူဇီမို၏ စိတ်အာရုံထဲမှာ နက်နဲစွာဖြင့် ဖြစ်ပေါ်လာ၏။
သူက သူ၏ အတွင်းအမြုတေ၏ စွမ်းအားကို အသုံးပြုပြီး ရှေးဟောင်းနဂါး အသွင်ပြောင်းလဲခြင်းအတတ်ကို အသက်သွင်းနိုင်မလား....။
ဆူဇီမိုသည် သူ၏ ကိုယ်တွင်းမှာ ကြွင်းကျန်နေသော သားရဲစွမ်းအားများကို စုစည်းပြီး သားရဲချီကို ထုတ်ဖော်လိုက်၏။ သူ့အတွင်းအမြုတေ၏ စွမ်းအားနှင့်အတူ သူသည် ရှေးဟောင်းနဂါးအသွင်ပြောင်းလဲခြင်းအတတ်ကို အသက်သွင်းလိုက်သောအခါ သူ့ခန္ဓာကိုယ်တွင်းတွင် အချိန်ကြာမြင့်စွာ ငြိမ်သက်နေခဲ့သော ကြောက်စရာကောင်းလွန်းသည့် စွမ်းအားတစ်မျိုးကို ရုတ်တရက်ဆင့်ခေါ်လိုက်မိ၏။
သူ့သွေးချီသည် တိုက်ပွဲများကို ဆက်တိုက်ဆင်နွှဲပြီးနောက် ခမ်းခြောက်သွားသည်မှာ ကြာခဲ့လေပြီ။ သို့သော်လည်း ထိုအခိုက်အတန့်တွင် အလွန့်အလွန်ကြီးမားသော အသက်ဓာတ် အားလှိုင်းနဲ့အတူ သူ၏မျိုးဆက်သွေးက နိုးထလာ၏။
ဆိုက်ကလုန်းတစ်ခုနှင့် ဆူနာမီတစ်ခုကဲ့သို့ ၎င်းသည် သူ့ခန္ဓာကိုယ်၏ နေရာတိုင်းကနေ ထကြွလာပြီး သူ၏ ခြေလက်များဆီသို့ စီးဆင်ကာ သူ၏ အင်္ဂါများကို ဆေးကြောပေးလိုက်၏။
အဲ့ဒါက အရမ်းကို နာကျင်ရလေသည်။
အလွန့်အလွန်ကိုမှ နာကျင်ရလေသည်။
နာကျင်မှုက နေရာပေါင်းစုံမှ ထွက်ပေါ်လာခြင်းဖြစ်လေသည်။
ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရ၏။
"ဂါး....."
သူက သူ၏ခေါင်းကို ဆတ်ကနဲမော့ပြီး ကောင်းကင်ထက်သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
၎င်းက ကြည်လင်တောက်ပ၍ အလွန်တရာကျယ်လောင်ပြီး ရှေးကျသော အော်ရာတစ်ခုနှင့်အတူ သတ္တုနှင့် ကျောက်များကိုပင် ထိုးဖောက်သွား၏။ ထိုဟိန်းဟောက်သံက ကမ္ဘာဦးခေတ်ကနေ လာသည်ဟု ထင်ရပြီး ကြယ်များကိုပင် ကြေမွသွားစေနိုင်သည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာတစ်ခုလုံးက လှုပ်ခါလာပြီး ရာသီဥတုက ပြောင်းလဲလာလေသည်။
ဆူဇီမို၏ လည်ချောင်းထဲကနေ ထွက်ပေါ်လာသော ဟိန်းဟောက်သံသည် လူသားတစ်ယောက်၏ အသံနှင့် လုံးဝမတူပေ။
"နဂါး... ဟိန်းဟောက်သံလား...."
ပကတိအရှင်ယွီကျွင်း၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ အသံက တုန်ယင်နေ၏။
လူအုပ်ကြီးက တုန်လှုပ်သွားကြလေသည်။
နောက်ခဏ၌ အားလုံး၏ အကြည့်ရှေ့မှောက်မှာပင် ပို၍ပင် တုန်လှုပ်ဖွယ်ရာ ကောင်းသော မြင်ကွင်းတစ်ခုက ထွက်ပေါ်လာ၏။
သူ့ညာဘက်လက်၏ ကျိုးသွားသောအရိုးသည် စတင်၍ ပြန်ဆက်လာ၏။
သူ၏ ကြောက်စရာကောင်းသော မျိုးဆက်သွေးသည် သူ၏ဒဏ်ရာများကို အဆက်မပြတ် ဆေးကြောပေးလိုက်၏။
သူ၏လက်က တစ်ဖန်ပြန်လည်၍ ကောင်းမွန်လာနေပေပြီ။
အဲ့ဒါက အချ်ိန်တိုအတွင်း အပြည့်အဝပြန်ကောင်းမလာသော်လည်း ထိုမြင်ကွင်းကပင် တုန်လှုပ်စရာကောင်းနေပြီဖြစ်၏။
ဆူဇီမို၏ အရွတ်နှင့်အရိုးများမှ အသံဗလံများက ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်က လျှင်မြန်စွာ အသွင်ပြောင်းလဲလာ၏။ သူ၏ အရိုးများသည် လှုပ်ခါသွားပြီး သူ၏ အသားများက ပြန့်ကားလာ၏။
ထိုထက်ပို၍ ကြောက်စရာကောင်းသည်မှာ ဆူဇီမို၏ လက်များ ခြေထောက်များ ရင်ဘတ်နှင့် နောက်ကျောပေါ်တွင် အစိမ်းရောင်ကြေးခွံများက ဖြစ်ပေါ်လာ၏။ သူတို့က အေးစက်စက်အလင်းနှင့်အတူ တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လျှင်မြန်စွာဖြင့် ဆန့်ထွက်လာ၏။
သူ၏ ကျိုးထားသော ညာဘက်လက်ကတော့ များစွာပြောင်းလဲမှုမရှိဘဲ ဆက်ဘက်၍ သက်သာကောင်းမွန်လာနေဆဲ ဖြစ်၏။
သို့သော်လည်း သူ၏ ဘယ်ဘက်လက်သည် အစိမ်းရောင် သွေးကြောများနှင့်အတူ တစ်မူထူးခြားစွာ တောင့်တင်းခိုင်မာလာ၏။ အစိမ်းရောင်ကြေးခွံများက အစီအရီထပ်နေပြီး အဲ့ဒါက အားပါပြင်းထန်၍ ဆိုးယုတ်သော အော်ရာတစ်ခုကို ပိုင်ဆိုင်ထား၏။
ဆူဇီမို၏ လက်ဖဝါးမှာ အစိမ်းရောင်အလင်းများက တဖျတ်ဖျတ်လက်နေပြီး အကြေးခွံများက လုံးဝအကြားအလပ်မရှိ ပိုမို၍ သိပ်သည်းစွာ စီထပ်လာ၏။
ထိုကြေးခွံများသည် ဓားသွားများနှင့်တူပြီး ပြင်းထန်သော စွမ်းအားတစ်ခုနှင့်အတူ နက်ရှိုင်းသော အစိမ်းရောင် လက်ဆစ်များက ပြူထွက်လာ၏။
အဲ့ဒါက လက်ဖဝါးတစ်ခုနှင့် မတူတော့ဘဲ လက်သည်းတစ်ခု ဖြစ်လာလေသည်။
ထိုလက်သည်းသည် အေးစက်၍ ထက်ရှနေပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာ အော်ရာတစ်ခုကို ထုတ်ပေးနေကာ မည်သည့်လက်နက်ထက်မှ အားမနည်းနေပေ။
ချွမ်း.....
ဆူဇီမိုသည် သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်သောအခါ ထက်ရှသော လက်သည်းများသည် အလိုလို ထိတွေ့မိသွား၏။ ချက်ချင်းပင် သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာလေသည်။
ဆူဇီမိုသည် ထိုသို့ ထူးဆန်း၍ ကြောက်မက်ဖွယ်ရာကောင်းသော သူ၏ လက်ဖဝါးကိုကြည့်ပြီး ကြောင်အမှင်တက်နေ၏။
ရှေးဟောင်းနဂါးအသွင် ပြောင်းလဲခြင်းအတတ်သည် သူ၏ ထိန်းချုပ်မှုကနေ လုံးဝလွတ်ထွက်သွားလေသည်။
သူက အမှန်တစ်ကယ်ပင် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲလာနေသည်။
အဲ့ဒါသည် နဂါးမျိုးနွယ်မှ တစ်စုံတစ်ယောက်နှင့် ပုံပန်းသဏ္ဍာန်ချင်း အတိအကျမတူညီသော်လည်း သူ၏ ခန္ဓာကိုယ်က လူသားတစ်ယောက်နှင့်တော့ လုံးဝမတူတော့ပေ။
လက်ရှိကျင့်ကြံသူများကို မပြောနဲ့ ပကတိအရှင်ယွီကျွင်းပင် တုန်လှုပ်သွားရ၏။
ပဟေဠိနန်းတော်မှ အရိုက်အရာဆက်ခံသူ တစ်ယောက်အနေဖြင့် သူသည် ရှေးဟောင်းနဂါးအသွင်ပြောင်းလဲခြင်း အတတ်ကို ကြားဖူးထားလေ၏။
သို့သော်လည်း ဤအရာက ရှေးဟောင်းနဂါးအသွင်ပြောင်းလဲခြင်း အတတ်ကနေ ထွက်ပေါ်လာသော အကျိုးသက်ရောက်မှု ဟုတ်ပါ့မလား။
အဲ့ဒါက ကျင့်ကြံသူတစ်ယောက်ကို ဒီလိုမျိုး အသွင်ပြောင်းလဲသွားစေနိုင်ပါ့မလား။
ဆူဇီမိုသည်ပင် တွေဝေတုန်လှုပ်နေ၏။
သူက အတွင်းအမြုတေကို အသုံးပြုပြီး ရှေးဟောင်းနဂါးအသွင်ပြောင်းလဲခြင်းအတတ်ကို အသက်သွင်းမည်ဆိုလျှင်တောင် အဲ့ဒါက သေချာပေါက် ဤကဲ့သို့ အသွင်ပြောင်းလဲလာလိမ့်မည်မဟုတ်ပေ။
အဲ့ဒီမှာ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိနေရပေမည်။
ဆူဇီမိုသည် အဲ့ဒါကို စဥ်းစားနေဖို့ အချိန်မရပေ။
ယခုချိန်တွင် သူ့မှာ အသည်းအသန်ဖြေရှင်းရမည့် ကိစ္စများက ရှိနေ၏။
သူက နတ်ဘုရားမျိုးနွယ်ကို ရှင်းထုတ်ပစ်ရပေမည်။
သူ၏ နဂါးအသွင်ပြောင်းလဲပြီးနောက် ဆူဇီမိုသည် သူ၏ ညာဘက်လက်ကို အသုံးမပြုနိုင်သေးပေ။ သို့သော်လည်း သူ၏ခန္ဓာကိုယ်သည် များစွာ ပို၍ ကြောက်စရာကောင်းလာသည်ကို ခံစားမိနေ၏။
အဲ့ဒါက အကန့်အသတ်မဲ့သော ခွန်အားများကို ပိုင်ဆိုင်လာလေသည်။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ အမူအရာသည် အလွန်တရာ သုန်မှုန်လာလေသည်။