ဖြေရှင်းဖို့ နည်းလမ်းရှိတယ်
Vol. 22 Ch. 404
ဒီလိုသာ ဆက်ဖြစ်နေပါက သူ့အနေနဲ့ ပြန်ကောင်း
လာရင်တောင်မှ ဘာမှ မစားဘဲ နေနေမည်ဆိုလျှင် အစာရေစာ ငတ်မွတ်ပြီး သေသွားပေလိမ့်မည်။
ဘုန်းတော်ကြီး ပုချန်နဲ့ ယွမ်ချန်ကျစ်တို့ ဆိုတာဟာလည်း နုံအနေသူများ မဟုတ်။ ပြောသွားတဲ့ စကားတွေကို ကြားပြီးတဲ့နောက် သူတို့နှစ်ယောက်စလုံးလည်း ထိုသူနှစ်ယောက်ရဲ့ ဇာစ်မြစ်ကို ခန့်မှန်းမိသွားကြရာ ချက်ချင်းဆိုသလို သူတို့ရဲ့ မျက်နှာထားတွေဟာ အလေး အနက်ဖြစ်သွားခဲ့ကြသည်။
“ကလေးက ဒီကို လာခဲ့တဲ့လမ်းမှာမှ နေမကောင်းဖြစ်တာဆိုတော့ ဒီ အိမ်ကတော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး၊နောက်ပြီး သမားတော်တွေကိုလည်း အကုန် စစ်ခိုင်းကြည့်ပြီးသွားပြီ၊ ဘာ အဆိပ် ဘာမှလည်း မမိဘူး” နင်းပေ့ မင်းသားရဲ့ မျက်နှာထားဟာလည်း သိပ်ပြီး ကောင်းမနေ။
“ဆရာကြီးတို့ ကြည့်ပေးပါဦး၊ ကျွန်တော့်သားကိုသာ ကယ်တင်နိုင်မယ်ဆိုရင် ရွှေစ တစ်သောင်း ဆုချ မယ်!”
ရွှေစ တစ်သောင်းတောင်လား?
ရှဲ့ချောင်တစ်ယောက် နှုတ်ခမ်းတွန့်သွား၏။
ပမာဏက များတယ်ဆိုပေမဲ့လို့၊ ဒီလို ရွှေတွေ အများကြီး ရှိနေလို့လည်း ကောင်းတာတော့ မဟုတ်။ ကလေးရဲ့ ဘဝက ဒီလောက်ကြီး ထိုက်တန်နေတာ မဟုတ်ပေမဲ့၊ သူက ထိခိုက်လွယ် နေတာမျိုးပင်….
ထိုစဉ် သူတို့ထဲက နှစ်ယောက်က အရင်ဆုံး ကြည့်ကြည့်ဖို့ အတွက် အိပ်ယာနားကိုသွားကာ ရှဲ့ချောင်ကတော့ အနောက်မှာ နှာချေလို့နေ၏။
သူမ အတွက် အနီးနားကပ်ကြည့်တာက မကောင်းတာကြောင့် ရှေ့က လူနှစ်ယောက်ကြည့်ပြီးအောင် စောင့်ပြီးမှသာ သွားကြည့်ခဲ့သည်။
“သခင်လေးရဲ့ မျက်နှာက အနက်ရောင် ခပ်ရေးရေး ပြောင်းနေတယ်။ တကယ်ကို မကောင်းတဲ့ အရာတစ်ခုခု ငြိတွယ် စွန်းထင်းနေတာပဲဖြစ်ရမယ်…” ဘုန်းတော်ကြီးက ပြောလိုက်၏။
"သခင်လေးရဲ့ အနားမှာရှိတဲ့ မကောင်းတဲ့ စွမ်းအင်တွေကို သန့်စင်ပေးဖို့ အတွက် ကိုယ်တော် လေးဆယ့်ကိုးရက်တိုင်တိုင် ကျမ်းဂါထား ရွတ်ဖတ်ပေးနိုင်တယ်၊ ဒီလိုဆိုရင်တော့ နာမကျန်းမှုကို ပျောက်ကင်းသွားမှာပါ။"
သို့သော် တာအို ဆရာတော်က ခေါင်းခါလိုက်၏။ “ကျုပ်အထင်တော့ သခင်လေးရဲ့ ခန္ဓာကိုယ်က အဲ့
လောက်ကြာအောင်တောင် တောင့်မခံနိုင်လောက်ဘူး ဆိုတာပဲ”
သူက ပြောလက်စနဲ့ အင်္ကျီထဲက အဆောင်စာရွက်တွေကို ထုတ်ယူလိုက်ကာ “သခင်လေးကို ဒီ အဆောင် ရေ ကို သောက်ခိုင်းကြတာပေါ့…"
မင်းသမီး မှာ ချီတုံချတုံ ဖြစ်လို့နေ၏။
သူမသားခမျာ အစာစားဖို့တောင် ခက်ခဲနေတာ၊ အဆောင်ရေကို သောက်ဖို့ဆိုတာက…. နောက်ပြီး ဒါက အလုပ်ဖြစ်မဖြစ်ဆိုတာလဲ အတပ်ပြောလို့မရနိုင်….
သို့ပေမဲ့၊ ဒါက သူမတို့ဆီမှာ ရှိတဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေတာကြောင့် သူမအနေနဲ့ ငြင်းပယ်ဖို့ရာ မတတ်သာတော့ချေ။
“ကျုပ် ရိုးရာပွဲတစ်ခုလုပ်မှာ၊ ဆရာကြီး ပုချန်က ယဇ် ပူဇော်မယ့် စင်ကို စောင့်ကြပ်ဖို့ ကူညီပေးမယ်ဆိုရင်ရော၊ ကျုပ်တို့အတူတူ ဒီ ကံဆိုးမှုကြီးကို တိုက်ထုတ်လို့ရတာပေါ့” ယွမ်ချန်ကျစ်က ပြောလိုက်၏။ ထို့နောက် သူ ရှဲ့ချောင်ကို ကြည့်လိုက်ပေမယ့်လည်း အဆုံးမှာတော့ ဘာမှ မပြောဖြစ်ခဲ့။
သူ အနေနဲ့ ဒီတာအို ဆရာ ဘယ်ကရောက်လာသလဲဆိုတာ မသိသလို သူအကြောင်းလည်း တစ်ခါမှ မကြာဖူးခဲ့။ ဒါကြောင့် သူ့စီးပွားရေး ကိုတော့ အထိခိုက်မခံနိုင်။
ဆရာကြီး ပုချန်က သဘောတူညီကြောင်းပြတဲ့ အနေနဲ့ခေါင်း ညိတ်ပြလိုက်၏။
သူတို့ ပြောဆိုလိုပြီးသွားတဲ့ အခါမှတော့ လိုအပ်တဲ့ အရာတချို့ကို ပြင်ဆင်ဖို့ မင်းသားကို တောင်းဆိုခဲ့ကြ၏။
ဆရာကြီး နှစ်ယောက်မှာ ယုံကြည်ချက်ရှိနေတဲ့ပုံပေါ်တာကြောင့် မင်းသားမှာလည်း မျှော်လင့်ချက်ရောင်ခြည်များ ဖြစ်ပေါ်လာရကာ စီစဉ်စရာ ရှိတာ စီစဉ်ရန် အတွက် တစ်ယောက်အား အမြန် စေခိုင်းလိုက်၏။
မိသားစုက ဘာတစ်ခုမှ ပြတ်လပ်နေတာမျိုး မရှိ။
ရှဲ့ချောင် ပါးစပ်ဖွင့်ပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့….
တစ်ဦးတစ်ယောက်ကမှ သူမကို ကြည့်မနေခဲ့တာကြောင့် သူမ မပြောနိုင်ခဲ့ပေ။
သူမ အိမ်ကို ကြည့်ကြည့်လိုက်ချိန်၊ တကယ်ကို အငြိုးကြီးဝိဉာဉ်တစ်ကောင် ရှိနေသည့် အရှိန်အဝါမျိုး ရှိနေပေမဲ့ ထိုဝိဉာဉ်ကို မမြင်ရ၊ တစ်နေရာမှာ ပုန်းကွယ်နေတာမျိုး ဖြစ်နိုင်၏။ သူမသာ ထို ပုန်းကွယ်ရာ နေရာကို ရှာမတွေ့နိုင်ခဲ့လျှင် အငြိုးကြီး ဝိဉာဉ် ကို ဖျက်ဆီးဖို့ ဆိုတာက မဖြစ်နိုင်ချေ။
နောက်ပြီး၊ ဒီ ဆက်ခံသူငယ်လေးဟာ တစ်ပိုင်းသေဆုံးနေပြီဟု ပြောလို့ရသည်။ အငြိုး ကြီး ဝိဉာဥ်ကို တွန်းအားပေး ဖျက်ဆီးလိုက်တာက ကောင်းမွန်တဲ့ ရွေးချယ်မှုမျိုး မဟုတ်ပေ။
ရှဲ့ချောင် သူတို့နောက်ကနေလိုက်သွားလိုက်၏။ သူမ စကားပြောဖို့ အခွင့် အရေးရတာနဲ့ “သခင်လေးရဲ့ ကိစ္စက ရွှေ့ဆိုင်းထားသင့်သေးတယ်၊ တန်းပြီး လုပ်လိုက်မယ်ဆိုရင် သခင်လေး
အသက်အန္တာရယ် ရှိသွားမှာ စိုးတယ်”
“ဒီက ဆရာက ဘယ်တာအိုကျောင်းမှာ ကျင့်ကြံခဲ့လဲဆိုတာ သိခွင့် ရှိမလား” ယွမ်ချန်ကျစ်က မေးလိုက်၏။
“ယွမ်ကျင်းမှာရှိတဲ့ ရွှေယွဲ့တာအို ဘုရားကျောင်းကပါ” ရှဲ့ချောင် ရိုးရိုးသားသား ပြန်ဖြေလိုက်၏။
“ ယွမ်ကျင်းလား၊ အဲ့နေရာက တော်တော် ဝေးတဲ့နေရာ တစ်ခုပဲ။ ကျုပ်အထင်တော့ မင်း လောကကြီး ကို သိပ်မမြင်တွေ့ဖူးဘူးလို့ထင်တာပဲ။သခင်လေးရဲ့ ဖြစ်စဉ်မျိုးတွေဆိုတာ ချက်ချင်း အရေးတယူဆောင် ရွက်သင့်တဲ့ ကိစ္စ။ ကံဆိုးမှုကို မဖယ်ရှားပစ်ဘူးဆိုရင် ဆယ်ရက်ကျော်အောင်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး” တာအို ဆရာကြီးကလည်း ချက်ချင်း ပြန်ပြောလိုက်၏။
ရှဲ့ချောင်ခေါင်းညိတ်လိုက်ကာ “အမှန်ပဲ၊ ကျွန်မတို့တွေ သခင်လေး ဘာလို့ ဒီလိုဖြစ်ရလဲဆိုတဲ့ အကြောင်းအရင်းကို ရှာရမှာ။ တကယ်လို့ ဇာစ်မြစ်ကို မရှာနိုင်ဘူးဆိုရင် နည်းလမ်းက အသုံးဝင်နေရင်တောင်မှ တစ်ရက် နှစ်ရက်လောက်ပဲ ခံမှာ။ အရှင်း ပျောက်သွားမှာ မဟုတ်ဘူး။ ဒီလိုဆိုရင် မကောင်းဆိုးဝါးကို ပိုပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်စေပြီးတော့ သခင်လေးကိုသတ်မိအောင်တောင် လုပ်သလို ဖြစ်သွားလိမ့်မယ်”
“ဆိုတော့ မင်းမှာ ဖြေရှင်းမယ့်နည်း ရှိလား” ယွမ်ချန်ကျစ်မှာ အနည်းငယ် မပျော်မရွှင် ဖြစ်သွား၏။
မကောင်းဆိုးဝါး နှင်ထုတ်တာကို သူ အကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးသည်လေ။
ဒီ အမျိုးသမီးက အသက်ငယ်တော့ အတွေ့အကြုံလည်း သိပ်ရှိမှာ မဟုတ်ဘူး။
“ကျွန်မမှာ ဖြေရှင်းမယ့်နည်း ရှိတယ်” ရှဲ့ချောင်ပြန်ဖြေလိုက်၏။
“မင်းမှာလည်း နည်းလမ်းရှိသလို၊ ဒီက တာအိုဆရာမှာလည်း နည်းလမ်းရှိတယ်။ဒီလိုဆိုရင်
ကျုပ်တို့က ဘယ်သူ့ရဲ့ နည်းလမ်းကိုသုံးကြမှာလဲ” ယွမ်ချန်ကျစ်က ခနဲ့လိုက်ကာ “မင်းသားကို ရွေးခိုင်းလိုက်ကြတာပေါ့… ဘယ်သူ့နည်းကို သူသုံးဖို့ ဆန္ဒရှိလဲဆိုတာ”
••••