မှော်ဆေးလုံး
Vol. 22 Ch. 411
နင်းပေ့မင်းသားသည် ရှဲ့ချောင်ရဲ့စကားတွေကို တော်ဝင်အမိန့်တစ်ခုပမာ ယူဆကာ သူရဲ့ သားကို ကြည့်ပေးဖို့ အတွက် နန်းတွင်းသမားတော်တစ်
ယောက် ချက်ချင်း စေခိုင်းလိုက်၏။
ယွမ်ချန်ကျစ်ကတော့ ရှဲ့ချောင်ကို ပိုပြီး ထူးဆန်းတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေခဲ့လေသည်။
အဲဒီ မော့လင်းကျစ်ဆိုတဲ့ တာအို ဆရာကြီးက လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က တော်တော်လေး ကျော်ကြားတဲ့သူတစ်ယောက်၊ မြို့တော်ကိုတောင် လာဖူးပြီးတော့ ကောင်းမှုတွေ လုပ်သွားသေးတယ်။
ဒါပေမဲ့လည်း သူ နှုတ်ကထွက်လာတဲ့ စကားတိုင်းက သဘောမကျစရာကောင်းပြီးတော့ လူတိုင်းကို ကန့်လန့်တိုက်သလို ဖြစ်နေတော့ စွမ်းအားကြီးတဲ့ သူတစ်ယောက်ဖြစ်နေလဲ၊ နောက်ဆုံးကျတော့ မြို့တော်ကနေ မောင်းထုတ်ခံလိုက်ရတာပဲ။
သူထင်ထားတာ….
အစောကြီးကတည်းက သေသွားပြီလို့လေ
……
ဒါပေမဲ့ အဲ့တုန်းက မော့လင်းကျစ်မှာ တပည့်မှ မရှိတာ၊ ဒီ ပုဂ္ဂိုလ်က မော့လင်းကျစ်ရဲ့ တပည့်ဖြစ်နိုင်လို့လား?
အဲဒီ မော့လင်းကျစ်က သူ့ကိုယ်တိုင်ကတော့ ကောင်းမနေပေမဲ့ တပည့်ရွေးတတ်ပုံကတော့ ဩချလောက်စရာပဲ။
ဒီ တာအိုဆရာမကိုပဲ ကြည့်။ သူမရဲ့ ပုံစံက ပူပင့်ကြောင့်ကြကင်းပြီးတော့ အေးဆေးတည်ငြိမ်တဲ့
ပုံ ရှိတယ်။ သူမရဲ့ ကျင့်ကြံမှုက လည်း တော်တော်လေး ထူးခြားတယ်၊ တစ်ချက်တည်းနဲ့ သူကို အလဲထိုးလိုက်နိုင်တယ်။
ရှဲ့ချောင်လည်း ယွမ်ချန်ကျစ်သူမကို အကဲခတ်နေတာကို သတိထားမိသည်။
သူမလည်း လှည့်ကာ သူ့ကို ပြန်စိုက်ကြည့်ပေးလိုက်၏။ ထို့နောက်ဘာမှ မဖြစ်ခဲ့သလိုမျိုးနဲ့ ထိုင်ကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
သမားတော်သည်လည်း ဆက်ခံသူငယ်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပေးနေခဲ့သည်။ စမ်းသပ်ပြီးသွားတဲ့နောက်မှာတော့ သူ အံ့အားသင့်သွားခဲ့တော့သည်။
အမှန်တိုင်းဆိုရလျှင် စောစောက မင်းသား ပျာယာခတ် အလျင်လိုနေသည်မှာ ဆက်ခံသူငယ် မကြာခင်သေဆုံးတော့မည့်အတိုင်းပင်။ အခု သူ သွေးခုန်နှုန်းကို စမ်းသပ် ကြည့်ပုံအရတော့ ပိုပြီး ကောင်းမွန်လာပုံရသည်။ သူရဲ့ အသားရောင်ဟာလည်း သိပ်ပြီး မဆိုးတော့ သူရဲ့ လက္ခဏာတွေဟာ ခုနကလောက် ဆိုးဆိုးရွားရွားကြီး ဖြစ်မနေတော့ပေ။
ဘယ်လို မှော်ဆေးလုံးကိုများ သုံးခဲ့တာလဲ?
“ဆက်ခံသူငယ်ရဲ့ ရောဂါ အခြေနေကတော့ တိုးတက်လာပါပြီ။ သူ အားပြည့်ဖို့ အတွက် ကျွန်တော် အားသိပ်မပြင်းတဲ့ ဆေးတစ်ချို့ ညွှန်းပေးခဲ့ပါမယ်။သူ ပြန်သက်သာလာလောက်ပေမဲ့…” ဆက်ခံသူငယ်ရဲ့ အရင်က အခြေနေကို ပြန်တွေးကြည့်လိုက်ပြီးနောက် သမားတော်မှာ စကားကုန် မပြောရဲ “ဒီအဖျားမျိုးက ကုသဖို့ ခက်တဲ့ဟာမျိုး ဖြစ်လို့ စိတိရှည်ရှည်နဲ့ ကုပေးဖို့တော့လိုပါ
တယ်”
အခု ချိန်မှာ နင်းပေ့မင်းသားဟာ အလျင်လိုနေခဲ့တာ မဟုတ်။ သူ့သားရဲ့ အသက်ကို ကယ်တင်နေနိုင်သ၍ သားကို ဂရုစိုက်ပေးဖို့အတွက် သူရဲ့ အချိန်တွေကို ဖဲ့ပေးနိုင်သည်။သမားတော်ရဲ့ တောင်းဆိုချက်ကလည်း မြင့်နေတာမှ မဟုတ်ဘဲကို!
မင်းသမီးမှာလည်း သူ့သားအား စိတ်နှလုံး ပူဆွေးစွာနှင့် ကြည့်လို့နေ၏။
ကုန်လွန်ပြီးခဲ့တဲ့ ဆယ်နှစ် အတွင်း လူပေါင်းများစွာက သူမကို အသက်ကြီးမှ ကလေးမွေးခဲ့တဲ့ အတွက် လှောင်ရယ်ခဲ့ကြပေမဲ့ သူမက တော့ အရေးမလုပ်ခဲ့။ သူမရဲ့ သားကိုသာ ဂရုစိုက်သည်။ သူမ သက်ရှိထင်ရှား ရှိနေသ၍
သူမရဲ့သားကို ကာကွယ်ပေးနေဦးမှာပင်။
“အရှင့်သား ကျွန်မတို့တွေ ရွှေရောင် အဖုံးနဲ့ မြေကြီးထဲက တခြားပစ္စည်းတွေကို စစ်ဆေးသင့်တယ်မလား” မင်းသမီးက သူမ ရဲ့ ခင်ပွန်းကို မေးလိုက်၏။
နင်းပေ့မင်းသားကလည်း သူ့ဇနီးကို ချစ်ရှာသည်။ သူတို့အသက်တွေ ၆၀ ကျော်ရှိနေပြီ ဖြစ်ပေမဲ့လည်း သူတို့ နှစ်ဦးကြား ချစ်မေတ္တာက ငယ်ရွယ်စဉ်တုန်းကထက်တောင် ပိုနက်ရှိုင်းသေးသည်။
“စိတ်မပူပါနဲ့၊ ဒီ မြေကြီးထဲက ပစ္စည်းနှစ်ခုနဲ့ ပတ်သက်တဲ့ အမှန်တရားကို ကိုယ် ကျိန်းသေပေါက် ရှာမှာပါ။ ရွှေရောင်အဖုံး ကတော့….” ပြောနေရင်းနဲ့ပဲ နင်းပေ့မင်းသားရဲ့ မျက်နှာထားဟာ အေးစက်လို့သွားကာ “ အကြီးဆုံး သခင်လေး
ကို ခေါ်လာခဲ့ကြစမ်း” ဟု အိမ်တော်ထိန်းအား အမိန့်ပေးလိုက်၏။
သူ့သားသာ သေဆုံးခဲ့မယ်ဆိုရင် သံသယဖြစ်စရာ အကောင်းဆုံးသူက သူ့သားအကြီးနဲ့ ကိုယ်လုပ်တော်တို့ ဖြစ်တယ်ဆိုတာကို သူသိသည်။
ဒါပေမဲ့၊ လွန်ခဲ့တဲ့ ရက်တွေတုန်းက သူတတ်နိုင်သလောက် စုံစမ်းစစ်ဆေး မှုတွေကို လုပ်ထားခဲ့ပြီး လေပြီ။ သူ့သား သုံးသွားတဲ့ ပစ္စည်း တွေ အားလုံးမှာ ဘာ အဆိပ်တစ်ခုမှ ပါရှိမနေခဲ့။
သူရဲ့ ကိုယ်လုပ်တော်မှာလည်း မမြင်ကွယ်ရာမှာတင် နေနေပြီး ခြံဝန်းနားကို မလာရဲ။ သူ့သားကြီးကတော့ သူရဲ့ သဘောထား အမြင်တွေက ရည်မွန်နေပြီး မှားယွင်းတာ တစ်ခုမှ သူရှာလို့ မတွေ့ပေ။
ဒါကြောင့် သူ အမြဲတမ်း သူ့သား အကြီးပေါ် ကြင်နာခဲ့သည်။
ဒါပေမဲ့၊ ရွှေရောင် အဖုံးဟာ သူ့သားအကြီးက ဆက်ခံသူငယ်ကို ပေးတဲ့ ပစ္စည်း ဖြစ်နေခဲ့၏။
သူ ထပ်စဉ်းစားပြီးတော့ မေးစရာရှိတာ မေးရမယ်။
“ဆရာမ နောက်ထပ် နှစ်ရက် သုံးရက်လောက် ခြံဝန်းထဲမှာ ဆက်ပြီး နေပေးလို့ရမလား။ ကျုပ်သားရဲ့ ရောဂါအခြေနေကို စိတ်ပူနေတုန်းပဲ မလို့” နင်းပေ့မင်းသား ထပ်ပြောလိုက်၏။
ရှဲ့ချောင် ခဏတော့ တွေဝေနေခဲ့သည်။
ယနေ့ သူမ ကျောင်းတော်ကို သွားဖို့ စီစဉ်ထားခဲ့ပေမဲ့ ငွေ အတွက်နဲ့ အတန်းပျက်ခွင့် ယူခဲ့သည်။ မနက်ဖြန်မှ မသွားဘူးဆိုရင်……
ဆရာလျိုကတော့ ပြဿနာ ရှာတော့မှာ။
သို့သော် သူမ အလုပ်လက်ခံထားပြီး ဖြစ်လို့ ပြီးဆုံးသည် အထိ စိတ်ကျေနပ်အောင်လုပ်ပေးရမယ့် တာဝန် ရှိနေသည်။
“ကောင်းပြီလေ” ရှဲ့ချောင် ခပ်ဖွဖွသာ ခေါင်းညိတ်လိုက်သည်။
ထိုသို့ ကြားမှသာ နင်းပေ့မင်းသာ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်တော့၏။ “တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် ဖုမန်ကိုသာ ခိုင်းလိုက်ပါ၊ သူက အလုပ်လုပ်တာ တော်တယ်၊ ဆရာမ ကို စိတ်တိုင်းကျစေမှာပါ”
သူ့ဘေးမှာတော့ အိမ်တော်ထိန်းဖုမန်က စိတ်ထဲက ကျိတ်ရယ်လို့နေ၏။
ဆုလာဘ်၊ သူ သေချာပေါက် ဆုပေးခံရတော့မှာ!
အရင်တစ်ခါ သူ ဆရာကြီးကို သွားရှာတုန်းက ကံကောင်းစေမယ့် အဆောင် တစ်ထပ်ကြီး ဝယ်လာခဲ့တာ၊ ကြည့်လေ အခု သူ့ဆုတောင်းတွေ ပြည့်လာပြီ မဟုတ်လား!
•••••