နောက်ဘဝတွင် ပြန်ပေးဆပ်မည်။
Vol. 23 Ch. 433
ချိုးသခင်မဟာ အသက်ရှိစဉ်ကတည်းက တစ်ပါးသူတွေရဲ့ ဝေဖန်ပြောဆိုတာကို ခံနိုင်တဲ့သူတစ်ယောက် မဟုတ်ခဲ့တာကြောင့် သူမ ရာဇဝတ်သားတစ်ယောက် ဖြစ်လာရတာကို ခံနိုင်ရည် မရှိခဲ့ပေ။ သူမရဲ့ ခန္ဓာကိုယ်ကြီးဟာ မစင်ကြယ်တဲ့အရာကြီး တစ်ခု ဖြစ်လာမှာကို ဆက်တိုက်တွေးမိနေခဲ့ပြီး ဒါကပဲ သူမကို ချက်ချင်း သေကြောင်းကြံဖို့ ဖြစ်စေခဲ့တာပင်။
သို့သော် သူမ မှားသွားခဲ့သည်။
သူမ မသေခင်ကာလလေးမှာ သူမရဲ့သားကို မြင်တွေ့လိုက်ရကာ သားဖြစ်သူရဲ့ ကြောက်ရွံမှုတွေနဲ့ ပြည့်နေတဲ့ အကြည့်ဟာ သူမရဲ့ နှလုံးသားကို နာကျင်ရစေပြီး အတောမသတ်နိုင်တဲ့ ဝေဒနာကို ခံစားရစေခဲ့သည်။
သူမရဲ့ သားဟာ အသက် ဆယ်နှစ်အရွယ်သာ ရှိသေး၏။ ထိုညမတိုင်ခင်က သူ သူမကို မကြောက်ဖို့တောင် ပြောခဲ့သေးသည်။သားဖြစ်သူက သူမထက်တောင် ပိုပြီး သတ္တိရှိခဲ့ပေမဲ့ သူမကတော့သူ့ကို စွန့်ပစ်ဖို့ရွေးချယ်ခဲ့မိသည်။
အခုတော့ သူမ သားရဲ့ ဘေးမှာပဲ တစ်သက်လုံး အဖော်ပြုရင်း နေသွားချင်တော့သည်။
“ ငါ သူ့ကို ဘာမှ မထိခိုက်စေဘဲနဲ့ အဖော်ပြုပြီး နေပေးလို့ရော မရဘူးလား” ချိုးသခင်မရဲ့အမေး
စကားသံဟာ တုန်ယင်နေလျက် “ ငါ့သားကို ငါ ကာကွယ်ပေးချင်တယ်။ ဘယ်တော့မှ လူပြန်ဝင်စားခွင့်မရလည်း ကိစ္စမရှိဘူး။ လေထဲမှာ ပျောက်ကွယ်သွားရမယ်ဆိုရင်တောင် ရပါတယ်။ ငါ သူ့ကို ဆယ်နှစ်လောက်ပဲ ကာကွယ်ပေးချင်တာပါ”
ဆယ်နှစ်ကြာပြီးသွားရင် သူမသားလည်း လက်ထပ်ပြီး မိသားစုတစ်ခု ရှိနေလောက်ပြီ ဖြစ်သည်။
သူ အရွယ်ရောက်လာတဲ့အခါ အခုထက်တောင် ပိုပြီး ရဲရင့်တဲ့သူတစ်ယောက် ဖြစ်လာဦးမှာပင်
“ဒါ ရှင့်ရဲ့ ဆန္ဒလား” ရှဲ့ချောင် မေးလိုက်၏။
“အင်း ဟုတ်တယ်” ချိုးသခင်မ ခေါင်းညိတ်ပြ
လိုက်သည်။
“ရှင့်မိဘတွေ ရှင့်အတွက် ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲ သိလား။သူတို့ ရှင့် အတွက် တစ်ခုခုလုပ်ပေးလောက်တယ်လို့ရော တွေးဖူးလား။ရှင်က ရှင့်သားအပေါ်မှာ တင်နေတဲ့ အကြွေးကိုပဲ တွေးမိပြီး တခြားသူတွေအပေါ်မှာတင်နေတဲ့ အကြွေးကိုတော့ မစဉ်းစားမိဘူးမလား”
ချိုးသခင်မ တုန်ယင်နေလေသည်။
သူမ မိဘတွေအကြောင်း စဉ်းတောင် မစဉ်းစားရဲ
“ငါ-ငါ နောက်ဘဝကျရင် ပြန်ပေးဆပ်ပါ့မယ်…”
ရှဲ့ချောင် ပြုံးလိုက်ကာ “နောက်ဘဝဆိုတာက…
အရမ်းဝေးလွန်းတယ်”
သူမ ပြန်ပေးဆပ်နိုင်မလား မပေးဆပ်နိုင်ဘူးလားဆိုတာ ဘယ်သူ သိနိုင်မှာလား။
“ကိုယ့်သားသမီးကို ဆုံးရှုံးလိုက်ရတဲ့ မိဘတွေ အနေနဲ့ သူတို့သားသမီး နောက်ဘဝမှာ မိသားစုကောင်းကောင်းဆီ ပြန်ဝင်စားဖို့ မျှော်လင့်ကြတဲ့သူတွေ ချည်းပဲ။ ရှင်က နောက်ဆယ်နှစ်လုံးလုံး ရှင့်သားကို ကာကွယ်ဖို့ အတွက်နဲ့ ရှင့်ရဲ့ ကံကြမ္မာတွေကို သုံးပစ်လိုက်မယ်ဆိုရင် ရှင့် မိဘတွေရဲ့ ရင်ကို ဓားနဲ့ ထိုးနေသလို ဖြစ်နေမှာပေါ့၊ ဒါကို ရှင် သဘောပေါက်ရဲ့လား” ရှဲ့ချောင်မေးလိုက်၏။
ချိုးသခင်မ သဘောမပေါက်ဘဲ နေမတဲ့လား?
“ရှဲ့သခင်မလေး ကျေးဇူးပြုပြီး ငါ့မိဘတွေကို ပြန်
မပြောပါနဲ့”
“တချို့မိဘတွေက သူတို့သားသမီးတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း ဆက်သွယ်နိုင်လောက်တဲ့ အထိ ဂရုစိုက်ကြတယ်။ ရှင် ကောင်းကောင်းလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ သူတို့ ခံစားမိမှာပဲ။ ဘေးလူက ဝင်ပြောပေးနေဖို့တောင် မလိုဘူး” ရှဲ့ချောင်ရဲ့ သဘောထားဟာ မပြောင်းမလဲဘဲ ရှိနေ၏။
ချိုးသခင်မခမျာ မျက်နှာကို အုပ်လျက် ခါးခါးသီးသီးကို ငိုကြွေးတော့သည်။
ရှဲ့ချောင်ကတော့ မတူ၊ သူမဟာ ဒီလို ကိစ္စတွေကို အများကြီး မြင်တွေ့ခဲ့ဖူးပြီ ဖြစ်၏။
တစ်ခါတစ်လေ၊ သူမရဲ့ အဖေနဲ့အစ်ကိုတို့ရဲ့
သဘောထားအမြင်တွေ အတော်လေး ကောင်းတယ်လို့ တွေးမိ၏။ သူမ အချိန်မရွေးသေသွားနိုင်တယ်ဆိုတာ သိပေမဲ့ တည်ငြိမ်နေပုံရဆဲပင်။ သူမတကယ်သေသွားခဲ့ရင်တောင် သူတို့ အဲဒီလောက်ထိ အစွဲ ကြီးနေကြလိမ့်မည် မဟုတ်ပေ။
“ငါ့သားက ငယ်ငယ်လေးပဲ ရှိသေးတယ်… ငါ့ကို နောက်ဆုံးတစ်ကြိမ်လေးပဲ တစ်ကိုယ်ကောင်းဆန်ခွင့်ပြုပါ။ ငါ့အဖေကို ပြောပေး၊ ငါက မသိတတ်တဲ့သမီးတစ်ယောက်၊ သူတို့ ကျန်းကျန်းမာမာရှိနေဖို့ပဲ မျှော်လင့်တာမလို့ သူတို့ သမီး အတွက် ဝမ်းနည်း မနေပါနဲ့လို့..”
ချိုးသခင်မ ဝိဉာဉ်ဟာ ဒူးထောက်လျက် ရှဲ့ချောင်ကို ဦးညွှတ်တောင်းပန်လိုက်သည်။
“ကောင်းပြီလေ၊ ရှင် အတင်းတောင်းဆိုနေမှတော့ ကျွန်မ လုပ်ပေးပါမယ်” ရှဲ့ချောင် ခဏလောက်
တွေးပြီးမှ ပြောလိုက်၏
ရှဲ့ချောင် အခှမှ နေသာထိုင်သာ ရှိသွားတော့သည်။
သူမ ချိုးသခင်မရဲ့ မိဘတွေနဲ့ ပတ်သက်ပြီး ထုတ်ပြောခဲ့ရခြင်းမှာ သူမကို ဒါဟာ လောကကြီးရဲ့ သတ်မှတ်ချက်တွေဆိုပြီး ပြောချင်ခဲ့တာ ဖြစ်သည်။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် အကြွေးတင်နေကြပြီး ဘယ်သူ့ကမှ ဒါကို ပေးဆပ်လို့ ပြီးလိမ့်မည် မဟုတ်ပေ။
သူမ သာ ဒါကို စဉ်းစားမိတယ်ဆိုရင် ပြန်ဝင်စားနိုင်မည်ဖြစ်ကာ ဝိဉာဉ်တစ်ကောင် ဖြစ်နေရခြင်းထက်တော့ ပိုကောင်းလိမ့်မည်။
ကျောင်းတော်ထဲကို ဝင်သွားရဲလောက်တဲ့အထိ
မိုက်မဲတဲ့ မကောင်းဆိုးဝါးဝိဉာဉ်။
သူမသာ ဆန္ဒရှိသလို လွင့်မျော သွားလာနေမယ်ဆိုလျှင် အနှေးနဲ့ အမြန် ပျောက်ကွယ်သွားရမှာပင်။
ရှဲ့ချောင်သူမကို အချိန်တစ်ခုလောက်ထိ ဘေးဖယ်ထားခဲ့သည်။
ချိုးသခင်ကြီး ပြန်လာတဲ့ အချိန်ကျလျှင် သူမ ဒီကိစ္စကို ပြောပြရမည်ဖြစ်၏။ အဲဒီ နောက်မှသာ ကျောက်စိမ်းဆွဲသီးလိုမျိုး ဓမ္မပစ္စည်းတစ်ခုကို ရှာ၍ ကျိုးခိုင်ယွင် သူမကို သွားလေရာ ခေါ်သွားနိုင်ဖို့ ထိုဆွဲသီးထဲမှာ ချိတ်ပိတ်ထားရမည်။
မိခင်နှင့် သားကြားမှာ ဆက်သွယ်ချက်တစ်ခုကတော့ ရှိစမြဲပင်။ ကျိုးခိုင်ယွင်သာ လည်ဆွဲကို
ကောင်းကောင်းသိမ်းထားလျှင် သူမကိုလည်း ထိန်းသိမ်းထားပြီးသား ဖြစ်လိမ့်မည်။ ကျိုးခိုင်ယွင် အန္တာရယ်ကျရောက်တဲ့အခါမျိုးမှာ ဓမ္မတူရိယာထဲက ဝိဉာဉ်ဟာ ကာကွယ်ပေးလိမ့်မည်။
သို့ပေမဲ့ ဆယ်နှစ်ဆိုတဲ့ အချိန်ဟာ ရှည်လျားလွန်းကာ မတော်တဆဖြစ်နိုင်ချေသည်လည်း မြင့်မားလှ၏။
ဥပမာ ကျိုးခိုင်ယွင်သာ မကောင်းတဲ့ လမ်းကြောင်းပေါ်ရောက်သွားခဲ့လျှင် သူ သိမ်းထားတဲ့ ကျောက်စိမ်းသည်လည်း နတ်ဆိုး စွမ်းအင်တချို့ ရှိလာမှာပင်။ ဒါဟာ ချိုးသခင်မအတွက် မကောင်းရုံတင်မဟုတ်ဘဲ သူမရဲ့ ကောင်းတဲ့ ကုသိုလ်ကံတွေကိုလည်း ဆုံးရှုံးရမည်ဖြစ်ပေသည်။
••••