အခန်း (၃၂၀)
Vol. 28 Ch. 320
ယင်ချင်းမှာ ငယ်ရွယ်စဉ်ကတည်းကိုက အားနည်းသောခန္ဓာကိုယ်နဲ့ မွေးဖွားလာခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် သူမ၏တစ်ဘဝလုံးတွင် လှုပ်ရှားမှုလေ့ကျင့်ခန်းများကို တစ်ကြိမ်တစ်ခါမှ မလုပ်ခဲ့ဖူးပါ။
ယခုအချိန်တွင်တော့ သူမ၏သက်တမ်းမှာ ပြန်လည်ဖြည့်တင်းခြင်းခံထားရသော်လည်း သူမ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားမှာ မူလအတိုင်းပင် အားအင်ချိနဲ့နေဆဲဖြစ်ပါသည်။
စစချင်းမှာတော့ လီချန်ချင်း၏လှုပ်ရှားပြသမှုများကို ယင်ချင်းက လိုက်လံ၍မလုပ်ဆောင်နိုင်ခဲ့ပါ။ ထိုအရာကို သတိထားမိသော လီချန်ချင်းက သူ၏လှုပ်ရှားမှု အကွက်များကို ဖြေးညင်းစွာ အရှိန်လျော့ပြီး ပြသလိုက်မှ ယင်ချင်းက ဖြေးဖြေးချင်း လိုက်လံတုပကာ လေ့ကျင့်ခန်းလိုက်လုပ်နိုင်ခဲ့ပါသည်။
လေ့ကျင့်ခန်းအချို့ကို လုပ်ဆောင်ပြီးသည့်အခါတွင် ယင်ချင်း၏အသက်ရှူသံမှာ တဖြေးဖြေးနဲ့မြန်ဆန်လာခဲ့၏။ သူမ၏နဖူးထက်တွင်လဲ ချွေးသီးချွေးပေါက်များကို မြင်တွေ့ရမည်ဖြစ်ပါသည်။
လီချန်ချင်းက အနည်းငယ်စိုးရိမ်သွားပြီးနောက်တွင် မေးလိုက်ပါ၏။
“ ခဏလောက်နားဖို့လိုလား”
“ မလိုပါဘူး လူကြီးမင်း ချန်ချင်း ဆက်ပြီးတော့ လေ့ကျင့်ကြရအောင်”
ယင်ချင်းက ပြန်ဖြေလိုက်ပါ၏။ သူမ၏မျက်လုံးများမှာ အရောင်တောက်ပနေခဲ့ပါသည်။
ထိုကဲ့သို့သော ခံစားချက်မျိုးကို သူမက သဘောကျနှစ်သက်နေခဲ့ပါ၏။ သူမက အရင်တုန်းက လုံးဝကို လှုပ်လှုပ်ရှားရှားမလုပ်ခဲ့ရပါ။ အချို့သောကလေးငယ်များ ပြေးလွှားဆော့ကစားနေသည်ကို သူမကတိတ်ဆိတ်စွာထိုင်ရင်းနဲ့ စိုက်ကြည့်နေခဲ့ရသောဘဝကို ဖြတ်သန်းခဲ့ရသူဖြစ်ပါသည်။
သူမ၏အားနည်းသောခန္ဓာကိုယ်နဲ့ သူမကသာ ခြေနှစ်လှမ်း၊ သုံးလှမ်းခန့် ခပ်သွက်သွက်လေးပြေးလိုက်ရုံနဲ့တင် ပစ်လဲကျပြီးမေ့မြောသွားနိုင်ပါ၏။ သို့သော် ယခုတွင်တော့ ထိုကဲ့သို့မဟုတ်တော့ပါ။ သူမက မောပန်းသောခံစားချက်ကို ခံစားရပါ၏။ သူမ၏အသက်ရှူနှုန်းများက မြန်ဆန်နေသည်ကို သူမသိနေသည်။ သူမ၏နဖူးထက်တွင် ချွေးများစိုရွှဲနေသည်ကိုလဲ ခံစားရပါ၏။ ထိုသို့ကဲ့သို့ ဖြစ်နေသည့်တိုင် သူမကကျေနပ်သောခံစားချက် နေလို့ထိုင်လို့ကောင်းသောခံစားချက်ကို ရရှိနေခဲ့ပါသည်။
လီချန်ချင်းသင်ကြားပေးသော လှုပ်ရှားမှုလေ့ကျင့်ခန်းများ၏ ထူးခြားမှုကို သူမခံစားမိပါသည်။ ထိုလေ့ကျင့်ခန်းများမှာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများကို သန်စွမ်းအောင်လေ့ကျင့်ပေးနေသော ခံစားချက်နဲ့ တူညီပါ၏။
ထိုလေ့ကျင့်ခန်းကို လုပ်ဆောင်ပြီးသည့်အခါတွင် သူမခန္ဓာကိုယ်တစ်ခုလုံးက ပူနွေးလာပြီးယခင်ကထက်ပို၍သန်စွမ်းလာသည်ဟု ခံစားရပါ၏။ ယင်ချင်းအား အရိပ်ထဲမှ တိတ်တဆိတ်ကာကွယ်ပေးနေသော အစောင့်အရှောက်များကလည်း လီချန်ချင်းသရုပ်ဖော်ပြသသော လေ့ကျင့်ခန်းများကို မြင်ပြီးနောက်တွင် ထိတ်လန့်သွားခဲ့ပါသည်။
စစချင်းတော့ သူတို့က ထိုအကွက်များကို သိပ်ပြီးမျက်လုံးထဲ မထည့်ပါ။ သို့သော် သူတို့ခပ်ကြာကြာကြည့်ပြီးသည့်နောက်တွင် ထိုလှုပ်ရှားမှုများ၏ လေးနက်မှုကို သူတို့က သတိပြုမိလာကြသည်ဖြစ်၏။
ပန်းချီရတနာများကို ကြည့်ရှုပြီး ဉာဏ်အလင်းပွင့်နိုင်စွမ်းမရှိသော သာမန်လူများက ဒီလှုပ်ရှားမှုများကို ကြည့်ပြီးတော့ သင်ယူခြင်းနဲ့ ခန္ဓာကိုယ်က သန်စွမ်းလာနိုင်တယ်တဲ့။ သူတို့ကြာကြာကြည့်လေလေ ထိုလှုပ်ရှားမှုအကွက်များကို သူတို့ပို၍ အထင်ကြီးလေဖြစ်ပါသည်။
သာမန်လူတစ်ဦးက ထိုလှုပ်ရှားမှုများကို ဆက်တိုက်တစ်ရက်မှ မပျက်မကွက်ပဲ လေ့ကျင့်မည်ဆိုပါက သူတို့၏ခန္ဓာကိုယ်သန်စွမ်းမှုမှာ သိုင်းပညာရှင်များကို မယှဉ်သာသော်လည်း သာမန်လူများထက်တော့ သာလွန်မည်မှာ အသေအချာပင်ဖြစ်ပါသည်။ စစ်တပ်ထဲရှိ စစ်သားတော်တော်များများမှာ သာမန်လူများဖြစ်ပြီး ပန်းချီရတနာများကို ကြည့်ရှုကာ ဉာဏ်အလင်းဖွင့်ပြီး ကျင့်ကြံစဉ်များကို အမွေဆက်ခံနိုင်စွမ်းမရှိပါ။
ထိုစစ်သားများသာ လီချန်ချင်း၏ ယခုဖော်ပြနေသော လေ့ကျင့်ခန်းအကွက်များကို တတ်မြောက်သွားပါက သူတို့၏ခွန်အားများမှာ တစ်မဟုတ်ချင်း တိုးတက်လာမည် မဟုတ်ပါ့လား။ ထိုကဲ့သို့သာဆိုလျှင် မြောက်ပိုင်အေးခဲနိုင်ငံတော်၏ အင်အားမှာလဲ မူလကထက် နှစ်ဆ မဟုတ်သေးဘူး လေးဆခန့် တိုးတက်လာနိုင်မည်ဖြစ်ပါသည်။
စောင့်ကြည့်နေသော အရိပ်ထဲမှ စစ်သည်မှာ အကြံတစ်ခုရသွားပြီးနောက်တွင် ဧကရာဇ်မင်း ယင်ဖန်းချီထံသို့ ခပ်မြန်မြန်သွားကာ သတင်းပို့လိုက်ပါ၏။ လေ့ကျင့်ခန်းကို နှစ်ကြိမ်တိတိ လေ့ကျင့်ပြီးသည့်အခါတွင် ယင်ချင်းမှာ လျှာထွက်ပြီးတော့ မောပန်းနေပြီဖြစ်ပါသည်။ သို့သော် သူမက အရင်ကထက်ပိုပြီးတော့ တက်ကြွလန်းဆန်းလာသည်ဟု ခံစားနေရပါသည်။
“ ငါတို့ ခဏလောက်နားကြရအောင်” လီချန်ချင်းက ထိုင်ချလိုက်ပြီး ယင်ချင်းကိုလဲ ထိုင်ချလိုက်ရန်အတွက် လက်ဟန်ခြေဟန်ပြလိုက်ပါသည်။
သူမက လွန်စွာမှပင်ပျော်ရွှင်နေပါ၏။ သူမမှာ အမြဲတမ်းနာမကျန်းဖြစ်နေသောကြောင့် လောကကြီးကို စိတ်ကုန်နေပြီး မြန်မြန်သေချင်နေခဲ့သည်ဖြစ်၏။ သို့သော် ယခုအချိန်မှစပြီး တစ်ခါမှ မကြုံဖူးသော အတွေ့အကြုံများကို တွေ့ကြုံခံစားလိုက်ရသောကြောင့် သူမက လောကကြီးက လှပပြီး၊ နေပျော်စရာတစ်ခုဟု တွေးတောမိလာခဲ့ပါ၏။
“မင်းသင်ကြားချင်တဲ့ဟာတွေ တစ်ခုခုမရှိဘူးလား” လီချန်ချင်းက မေးလိုက်ပါ၏။
“ ကျွန်မ ဘယ်ဟာကိုသင်ရမလဲဆိုတာ ကျွန်မကိုယ်တိုင်လဲ မသေချာပါဘူး” ယင်ချင်းက အနည်းငယ်တွေးပြီးနောက်တွင် ပြောလိုက်ပါသည်။
“ ကျွန်မဘယ်လိုမျိုးအရာကို သင်သင့်တယ်လို့ လူကြီးမင်းထင်ပါသလဲ” လီချန်ချင်းက မျက်မှောင်ကျုံ့လိုက်ပါ၏။
မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်ဟာကို သင်နိုင်မလဲ။ အခုလိုမျိုးရှေးဟောင်းခေတ်မှာ မိန်းကလေးတစ်ယောက်သင်နိုင်တာဆိုလို့ အဝတ်အထည်ချုပ်တာပဲ ရှိမယ်။ အဲ့တာအပြင် သူတို့ ဘယ်ဟာကို သင်ရမှာလဲ။
လီချန်ချင်းတွေးတောနေသည်ကို မြင်သောအခါ ယင်ချင်းက သူမ၏ဦးခေါင်းကို ခါယမ်းလိုက်ပြီး
“သာမန်အဝတ်အထည်ချုပ်လုပ်တဲ့ အတတ်ပညာလောက် သင်ကြားဖို့အတွက်ကတော့ ကျွန်မရဲ့ခမည်းတော်က လူကြီးမင်းကို ကျွန်မအနားမှာ ထားမှာမဟုတ်လောက်ဘူးရှင့်”
“ ကျွန်မပထမဦးဆုံးအကြိမ် လူကြီးမင်းကို တွေ့ကတည်းက လူကြီးမင်းက သာမန်လူမဟုတ်ဘဲနဲ့ အရမ်းကိုစွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုတာကို ကျွန်မသတိပြုမိပါတယ်။ လူကြီးမင်းဆီကနေပြီးတော့ တစ်ခြားသာမန်လူတွေမသိတဲ့ နားမလည်တဲ့အရာတွေကို ကျွန်မသင်ယူလိုပါတယ်ရှင့်” ယင်ချင်းက လီချန်ချင်းအား မျှော်လင့်နေသောမျက်ဝန်းများဖြင့် ကြည့်လိုက်ပါသည်။
ကလေးမလေး၏ မျှော်လင့်နေသော အကြည့်က လီချန်ချင်းအား အကြပ်ရိုက်သွားစေပါ၏။
ဒီပြဿနာရှာတဲ့ ကောင်မလေးကို သူဘာသင်ပေးရပါ့မလဲ။ သို့သော် ယင်ချင်း၏မျှော်လင့်ချက်များနဲ့ တောင်းတနေသော အကြည့်ကို မြင်ပြီးသည့်နောက်တွင် လီချန်ချင်းက မတ်တပ်ထရပ်လိုက်၏။
သူ၏လက်နှစ်ဖက်ကို နောက်ပစ်လိုက်ကာ ခြေလှမ်းနည်းနည်းခန့် လျှောက်သွားလိုက်ပါသည်။ ထို့နောက်တွင် သူမ၏တစ်ကိုယ်လုံးကို ခြေအဆုံးခေါင်းအဆုံး ကြည့်လိုက်ပါ၏။ အခြားလူတွေ မတတ်ကျွမ်းဘဲ သူတစ်ယောက်တည်း တတ်ကျွမ်းတဲ့အရာဆိုလို့ သူမှာက ပန်းပုထုတဲ့ အတတ်ပညာတစ်ခုပဲရှိတယ်လေ။
ဒါပေမဲ့ ယင်ချင်းရဲ့သေးငယ်အားနည်းတဲ့ ခန္ဓာကိုယ်က ပန်းပုထုတဲ့ အလုပ်ကြမ်းတွေကို ဘယ်လိုလုပ်လုပ်နိုင်မှာလဲ။ ဒီလိုမျိုး ခန္ဓာကိုယ်ခွန်အားကို အားစိုက်အသုံးချရတဲ့ပညာတွေက ယင်ချင်းနဲ့ မလိုက်ဖက်နေဘူးလေ။ ပြီးတော့ ယင်ချင်းမှာ အတွေ့အကြုံမရှိတဲ့ အတွက်ကြောင့်မလို့ ပန်းပုကိုကောင်းကောင်းထုနိုင်မှာ မဟုတ်ဘူး။
ရုတ်တရတ်လီချန်ချင်းက ပြောလိုက်ပါသည်။ သင်္ချာသင်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။
“ သင်္ချာဟုတ်လား” ယင်ချင်းက ထိုစကားက မမျှော်လင့်ထားသော စကားဖြစ်သောကြောင့် အနည်းငယ်ခန့်အံ့ဩသွားခဲ့ပါ၏။
“လူကြီးမင်းပြောတာက ကျွန်မထင်နေတဲ့ အရာများလား။ ကျွန်မမှာ ပန်းသီးသုံးလုံးရှိတယ်။ လူကြီးမင်းမှာ ပန်းသီးသုံးလုံးရှိတယ်ဆိုလို့ရှိရင် ကျွန်မတို့နှစ်ယောက်ပေါင်းလိုက်လို့ရှိရင် ပန်းသီးခြောက်လုံးရှိတယ်ဆိုတဲ့ အတွက်အချက်ကို ပြောတာများလား”
“ ဒါကိုပြောတာပဲ။ ကြိမ်းသေတာပေါ့” လီချန်ချင်းက ခေါင်းညိတ်လိုက်ပါသည်။
“ကျွန်မအဲ့လောက်ကို နားလည်တယ်လေ။ အဲ့ထက်ပိုပြီးတော့ ဘာသင်စရာရှိလို့လဲ” ယင်ချင်းက လီချန်ချင်းပြောသည်ကို နားမလည်ပါ။
ဒီလောက်ကတော့ လူတိုင်းက သိတယ်မဟုတ်ဘူးလား။
“ နိုး နိုး မဟုတ်သေးဘူး။ ဒီမှာကောင်မလေး နင်ပြောတဲ့ဥစ္စာက အခြေခံသင်္ချာပဲရှိသေးတယ်။ ငါကနင့်ကို အဆင့်မြင့်တဲ့ သင်္ချာသင်ပေးမယ်လေ” လီချန်ချင်းက ယုံကြည်ချက်ရှိစွာ ရင်ကော့ပြီးပြောလိုက်ပါ၏။
“ မင်းက တစ်ခြားလူတွေနဲ့ မတူဘဲနဲ့ ကွဲပြားခြားနားတဲ့အရာတွေကို သင်ချင်တယ်လေ။ ဟုတ်တယ်မလား။ မင်းက ကျင့်ကြံမှုမလုပ်နိုင်ဘူးဆိုမှတော့ တစ်ခြားလူ့အဖွဲ့အစည်းမှာ အရေးပါတဲ့အရာတစ်ခုကို သင်ပေးရမှာပေါ့”
လီချန်ချင်းက အတတ်ပညာများများ မတတ်ကျွမ်းပါချေ။ ဒါပေမဲ့ သူ၏အရင်ဘဝတွင် သူက တရုတ်ပြည်၏ ဒုတိယအဆင့်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူတစ်ဦးဖြစ်ပြီး သင်္ချာမေဂျာအထူးပြုခဲ့သော ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါ၏။
ထို့ကြောင့် လီချန်ချင်းက သူ့ကိုယ်သူ သင်္ချာတော်သည်ဟု ရဲရဲကြီးအာမခံနိုင်ပါသည်။ အနည်းဆုံးတော့ သူက တစ်ခြားသောကမ္ဘာမှ အသက်ဆယ့်သုံးနှစ်အရွယ်ရှိသော မိန်းမပျိုလေးအား သင်္ချာသင်ပေးနိုင်ရန်အတွက် အခက်အခဲမရှိပါဟု ယုံကြည်ထားပါ၏။
ယင်ချင်း၏ ပဟေဋိဖြစ်နေသော မျက်နှာအမူအရာကိုမြင်ပြီးနောက်တွင် လီချန်ချင်းက သူမအားရိုးရှင်းသော ဥပမာတစ်ခုပြောပြလိုက်ပါသည်။
ထိုပြဿနာပုစ္ဆာမှာ လှောင်အိမ်ထဲတွင်ရှိသောကြက်များနဲ့ ယုန်များ၏ပြဿနာဖြစ်ပါသည်။ လှောင်အိမ်ထဲတွင် ခေါင်းဘယ်နှစ်ခေါင်းနဲ့ ခြေထောက်ဘယ်နှစ်ချောင်းရှိသလဲဆိုတာကို တွက်ချက်ရမည့် ပုစ္ဆာဖြစ်ပါသည်။
လီချန်ချင်း၏ အမေးပုစ္ဆာကို ကြားပြီးသည့်အခါတွင် ယင်ချင်းမှာ သူမ၏ဦးနှောက်က ရပ်တန့်သွားတော့မတတ်ကို ခေါင်းပူမတတ် ထိုင်စဉ်းစားနေခဲ့ပါ၏။ ယင်ချင်းအား လျှို့ဝှက်စွာစောင့်ရှောက်နေသော အရိပ်ထဲမှာ အစောင့်များကလဲ သူတို့၏လက်ချောင်းများကိုချိုးပြီး ပါးစပ်မှ တတွတ်တွတ်ရွတ်ကာ တွက်ချက်နေခဲ့ကြပါတော့၏။
လီချန်ချင်း၏ပုစ္ဆာကို ဖြေရှင်းရန်အလို့ငှာ သူတို့၏ဦးနှောက်များကို အစွမ်းကုန်အလုပ်ပေးနေပြီး ခေါင်းတစ်ခုလုံးမှာ မီးခိုးများထွက်မတတ်ပင် ဖြစ်နေခဲ့ပါသည်။ သို့သော် လီချန်ချင်းက ထိုမေးခွန်း၏အဖြေကို ရိုးရှင်းသော ဖြေရှင်းနည်းဖြင့် ဖြေရှင်းပြလိုက်သောအခါတွင် ယင်ချင်း၏နှုတ်ခမ်းများမှာ လွန်စွာ အံ့ဩသွားသောကြောင့် အဝိုင်းသားလေးဖြစ်သွားခဲ့ပါသည်။
ထိုကဲ့သို့သော ပုစ္ဆာကို ယခုလိုမျိုးရိုးရှင်းသောနည်းလမ်းဖြင့် တွက်ချက်၍ရမည်ဟု သူမလုံးဝမတွေးထားမိခဲ့ပါ။ လီချန်ချင်း၏မေးခွန်းမှာ ယင်ချင်းနားလည်သော အတွက်အချက်ပညာကို နောက်တစ်ဆင့်ကို ရောက်သွားစေခဲ့ပါ၏။ သူမအတွက် လောကကြီး၏ တံခါးအသစ်တစ်ခုကို ဖွင့်ဟပေးလိုက်သည်ပင်ဖြစ်ပါသည်။
“ကျွန်မသင်ချင်ပါတယ်” ယင်ချင်းက လွန်စွာမှကို စိတ်ဝင်စားနေခဲ့ပါသည်။ လီချန်ချင်းကလဲ ကျေနပ်သွားခဲ့ပါ၏။ သင်္ချာနဲ့ အတွက်အချက်ကို ဖြေးညှင်းစွာဖြင့် နေ့တိုင်းသင်ကြားနေခြင်းက တစ်နေ့တစ်နေ့ ပျင်းရိစွာ အချိန်ကုန်ဆုံးသွားသည်ထက် ပို၍ကောင်းသည် မဟုတ်ပါ့လား။
ထို့ကြောင့် လီချန်ချင်းကယင်ချင်းအား ထိုအချိန်မှ စတင်ပြီး စာစသင်ပေးခဲ့ပါတော့သည်။
နေ့လယ်ခင်းသို့ ရောက်ပါပြီ။
ယနေ့တွင် တုရှန်းမြို့၌ စည်ကားသိုက်မြိုက်နေခဲ့ပါ၏။ အဘယ်ကြောင့်ဆိုသော် ဒီနေ့က မူအိမ်တော်ရှိ မူကျန်းက တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာသောနေ့ဖြစ်သောကြောင့်ဖြစ်ပါသည်။ မူအိမ်တော်၏ ဂိုဏ်းချုပ်ဖြစ်သောကြောင့် သူ၏ကျင့်ကြံအဆင့်မှာ မူလအဆင့်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေပါသည်။
မူကျန်းမှာ မြွေဖြူလမ်းကြောင်းတွင် ပထမတန်းစားသိုင်းကျင့်ကြံသူတစ်ဦးဟု သတ်မှတ်၍ ရခဲ့ပါသည်။ မူကျန်းက အဆင့်ချိုးဖျက်တက်ရာ၌ အောင်မြင်ခဲ့ခြင်းမရှိသည့်တိုင် မူအိမ်တော်က ဖိတ်ကြားလွှာများကို ပို့ဆောင်ပြီး ဖိတ်ကြားသောကြောင့် မည်သူက မတတ်ရောက်ဘဲ နေရဲပါ့မလဲ။
မူအိမ်တော်၏ ရွှေ့ကွက်မှာ ရိုးရှင်းပါသည်။ မူအိမ်တော်မှ အားလုံးကို ဖိတ်ခေါ်ပြီး မိမိတို့အိမ်တော်၏အင်အားကို ပြသခြင်းဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ထိုရွှေ့ကွက်က စစ်ဆေးရေးမှူးရုံးကိုပင် သတိပေးကာ စစ်ကြေညာလိုက်ခြင်းလဲဖြစ်ပါ၏။ မူအိမ်တော်က ဘိုးဘေးကြီးက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီဖြစ်သည်။ စစ်ဆေးရေးမှူးရုံး၏ နေ့ရက်ကောင်းများက ကုန်ဆုံးသွားပြီဟူသော သဘောကိုလဲ သက်ရောက်ပါသည်။
တုရှန်းမြို့၏ သာမန်ပြည်သူလူထုကတော့ စိတ်ပူပန်နေခဲ့ပါ၏။ အဘယ်ကြောင့်ဆိုသော် စစ်ဆေးရေးမှူးရုံးတော်ကို လီဟမ်ရှန်းက စစ်ဆေးရေးမှူးအဖြစ် ရောက်ရှိလာပြီးသည့်နောက်တွင် မိမိတို့၏နေ့စဉ်ဘဝမှာ ယခင်ကနဲ့ လားလားမျှမဆိုင်ဘဲ အကြီးအကျယ်တိုးတက်လာခဲ့သောကြောင့်ပင်ဖြစ်ပါသည်။
သာမန်လူများမဆိုထားနဲ့ စီးပွားရေးလုပ်သော ကုန်သည်များပင်လျှင် စီးပွားရေးလုပ်ရသည်မှာ ယခင်ကနဲ့ မတူဘဲ ပိုမိုဖြောင့်ဖြူးပြီး ဘဝကပို၍အေးချမ်းလာခဲ့ပါ၏။ လုံခြုံရေးမှာလဲ မူလကထက် အဆပေါင်းများစွာ တိုးမြှင့်သွားပါသည်။
အတိတ်တုန်းက နေဝင်သွားသည်နဲ့ တုရှန်းမြို့အပြင်သို့ မည်သူမျှ မထွက်ရဲကြပါ။ ယခုတွင်တော့ ညဘက်မှာပင်လျှင် ဆိုင်ခန်းများ၊ မုန့်သည်များနဲ့ ပြည့်နှက်နေပါသည်။ လမ်းမတိုင်းတွင်လဲ လူများက တိုးကြိတ်နေပြီး အပြင်သို့ ကလေးများရော မိန်းမပျိုများ၊ လူပျိုများကလဲ ထွက်ပြီးသွားလာနေကြပါသည်။
လူများမှာ ဟိုယခင်ကလိုမျိုး ကြောက်ရွံ့တုန်လှုပ်ပြီး နေစောင်းသည်နှင့် အပြင်သို့မထွက်ရဲခြင်းများမရှိတော့ပါချေ။ အဘယ်ကြောင့်ဆိုသော အခွန်အခ တော်တော်များများကလည်း လျော့ချလိုက်ပြီဖြစ်သောကြောင့် သာမာန်ပြည်သူလုထုမှာ အဝတ်အစားသစ်များနှင့် အစားအသောက်များကို ထပ်မံ၍ ဝယ်ယူနိုင်ရန်အတွက် ငွေကြေးများလုံလောက်သွားပြီဖြစ်ပါသည်။
မူအိမ်တော်၏ အဝင်ဝကို မီးအိမ်များ မင်္ဂလာစာတမ်းများ ဖြင့် ချိတ်ဆွဲကာအကြီးအကျယ်ကို ပြင်ဆင်ထားခဲ့ပါ၏။ အကြောင်းအရင်းကို သိကြသူများမှာ ထိုကဲ့သို့ အကြီးအကျယ်ပြင်ဆင်နေမှုက မူအိမ်တော်၏ ဘိုးဘေးကြီးတံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသောအကြောင်းကြောင့် ပြင်ဆင်နေမှန်းသိပါသည်။
မသိသေးသောသူများက မူအိမ်တော်၏ သခင်ကြီးက နောက်ထပ် မိန်းမ တစ်ယောက်ထပ်ယူသောကြောင့် မင်္ဂလာပွဲကျင်းပနေသည်ဟုသာ ထင်မြင်နေခဲ့ကြပါသည်။