အခန်း (၃၂၂)
Vol. 28 Ch. 322
မူအိမ်တော်တစ်ခုလုံးမှာ ထိုစကားများကြောင့် တိတ်ဆိတ်သွားခဲ့ပါ၏။
“ဘန်း….” စစ်ဆေးရေးမှူးရုံးတော်၏ အစောင့်တစ်ဦးက စားပွဲကိုရိုက်ချလိုက်ပါသည်။ သူက ဒေါသတကြီးနှင့် မတ်တပ်ထရပ်ပြီးသောင်းကျန်းရန်အတွက် ဟန်ပြင်လိုက်ပါ၏။
သူက မထရပ်နိုင်ခင်မှာပင် လင်းချီကျိုးက ထိုသူ၏ပုခုံးကို ဖိနှိပ်လိုက်ပြီး အလျင်စလိုမလုပ်ရန် သတိပေးလိုက်ပါသည်။ အရက်ကြောင့် မျက်နှာနီနေသော အစောင့်က နားမလည်နိုင်သော အမူအရာဖြင့် လင်းချီကျိုးကို ကြည့်လိုက်ပါ၏။
လင်းချီကျိုးက ဦးခေါင်းကို ခါယမ်းပြလိုက်ပါသည်။ လီဟမ်ရှန်းက ဘယ်လိုမျိုးအစီအစဉ်များ လုပ်ထားလဲဆိုတာကို လင်းချီကျိုးက မသိသည့်တိုင် လီဟမ်ရှန်းက ဤနေရာသို့လာရဲသည်ဖြစ်သောကြောင့် သူတို့က အကြောင်းအရင်းမဲ့သည့်အနေအထားတွင် ရှိမနေကြောင်းကို လင်းချီကျိုးက ကောင်းကောင်းသိပါသည်။ အခြေအနေကို ခပ်ကြာကြာစောင့်ကြည့်တာကောင်းပေလိမ့်မည်။
သူတို့သာ အလောတကြီးလှုပ်ရှားလိုက်ပါက လီဟမ်ရှန်း၏ အစီအစဉ်ကို အနှောင့်အယှက်ပေးရာဖြစ်သွားလိမ့်မည်။ထို့ကြောင့် စစ်ဆေးရေးမှူးရုံး၏ ပါလာသောသူများအားလုံးက တိတ်ဆိတ်စွာ နေနေခဲ့ကြပါ၏။
မာဟန်းထောင်က ပြန်ထိုင်လိုက်ပြီး လူတိုင်း၏အကြည့်မှာ လီဟမ်ရှန်းပေါ်သို့ရောက်နေသည်ကို စိတ်ထဲမှ အားရကျေနပ်စွာပြုံးလိုက်ပါသည်။
မူကျန်း၏ အစော်ကားကို ခံလိုက်ရသောကြောင့် လီဟမ်ရှန်းက မည်ကဲ့သို့သော အမူအရာဖြစ်နေမလဲဆိုတာကို လူတိုင်းကသိချင်ကြပါသည်။ သူတို့စိတ်ပျက်သွားသည်မှာ လီဟမ်ရှန်းက ထိုစကားကို မကြားသည့်အလားပင် တောင်တန်းကြီးတစ်ခုလိုမျိုးပင် တိတ်ဆိတ်စွာဖြင့် မြဲမြံစွာထိုင်နေပါသည်။
သူ့ပုံစံမှာ မူကျန်းပြောလိုက်သည့်စကားကို လုံးဝမကြားလိုက်သည့်အလားဖြစ်ပါသည်။ လူတိုင်းက စိတ်အေးသွားပြီး ပေါ့ပေါ့ပါးပါးဖြစ်နေသည့်အချိန်ကျမှသာ လီဟမ်ရှန်းက စားပွဲကို အားပါးတရ ဖြန်းခနဲ ရိုက်လိုက်ပါသည်။
“ ဖြန်း”
“ဝုန်း”
“ ဒိုင်း” လီဟမ်ရှန်းက စားပွဲကို ရိုက်လိုက်သည့်အချိန်မှာပင် မူအိမ်တော်တွင်ရှိသော သိုင်းပညာရှင်များအားလုံးက ဓားများဆွဲပြီး အသင့်ပြင်ကာ မတ်တပ်ရပ်လိုက်ပါ၏။
မူစန်းက လီဟမ်ရှန်းအား စူးစိုက်စွာကြည့်ပြီး မူကျန်း၏ ထက်မြိသောအကြည့်ကလဲ လီဟမ်ရှန်းကို ထွင်းဖောက်လုမတတ်ရောက်နေခဲ့ပါသည်။ လီဟမ်ရှန်းက ခပ်ပေါ့ပေါ့ပါးပါးသာ ပြောလိုက်ပါ၏။
“ ကျုပ်တို့ ဘယ်အချိန်မှ စားရတော့မှာလဲ။ အချိန်ကြာနေပြီ မဟုတ်ဘူးလား”
သူ့မေးခွန်းက လူတိုင်းကို အငိုက်ဖမ်းလိုက်မိသွားပါတော့သည်။ သူတို့အားလုံးထင်လိုက်သည်က လီဟမ်ရှန်းက ဒေါသတကြီးနဲ့ စတင်၍ ပေါက်ကွဲနေပြီဟု ထင်လိုက်သည်ဖြစ်ပါသည်။
အမှန်တကယ်က လီဟမ်ရှန်းက စားသောက်ပွဲ ဘယ်တော့ကျင်းပမလဲဆိုသည်ကို သိလိုနေသည့် မျက်နှာထားနဲ့ ဖြစ်နေပါ၏။
မူစန်းပင်လျှင် ဘာပြန်ပြောရမလဲမသိ ဖြစ်နေခဲ့ပါသည်။ မူအိမ်တော်၏ ဒေါင့်ဘက်နားတွင် စားပွဲဝိုင်းတစ်ဝိုင်းရှိပါသည်။ ထိုစားပွဲဝိုင်း၌ လူအိုကြီးနှစ်ဉီးက ထိုင်နေပါ၏။ ထိုလူအိုကြီးနှစ်ဦးမှာလဲ လီဟမ်ရှန်းကိုကြည့်ပြီး ပြောစရာစကားမဲ့နေခဲ့ပါသည်။
“ဘာလို့ အရှင်မင်းကြီးက ဒီလိုမျိုးကောင်ကို ငါတို့ကိုစောင့်ရှောက်ခိုင်းရတာလဲ။ ငါထင်ထားတာက သူက လူငယ်တစ်ယောက်လိုမျိုး စိတ်အားတက်ကြွပြီးတော့ မဟုတ်မခံစိတ်နဲ့ ပြည့်နှက်နေမယ်ထင်တာ။ ဒါပေမဲ့ ဒီနေ့ဒီကောင့်ရဲ့ အကျင့်စရိုက်ကို ကြည့်ရတာ စိတ်ပျက်စရာပဲ”
အဝါရောင်ဝတ်ဆင်ထားသော လူအိုကြီးတစ်ဦးက ပြောလိုက်ပါသည်။
“ဧကရာဇ်အမိန့်ဆိုတာက ငါတို့ဝေခွဲမရဖြစ်နေဖို့ မလိုဘူး။ အမိန့်တော်ကို လိုက်နာရမှာက ငါတို့ရဲ့ တာဝန်ပဲ” အပြာရောင် ဝတ်စုံကို ဝတ်ထားသော လူအိုကြီးတစ်ဦးက အေးစက်စွာဖြင့်ပြောလိုက်ပါသည်။
“ ပြီးတော့ မင်းက ဒီကောင်လေးဆီကနေပြီးတော့ အများကြီးမျှော်လင့်နေတာပဲ။ ဒီကောင်လေးကရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကဆိုပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကိုပဲ ရောက်သေးတာလေကွာ။ မူအိမ်တော်က မူကျန်းက မူလအဆင့်ရဲ့ အထွတ်အထိပ်မှာ အဆင့်ကြီးတစ်ဆင့်ကိုမှ အကြီးအကျယ်ကို ကွားခြားနေတာ မဟုတ်ဘူးလား”
“ ပြီးတော့ မူအိမ်တော်မှာ တစ်ခြားအဆင့်တွေရှိတဲ့ သိုင်းသမားတွေ အများကြီးလဲ ရှိတယ်။ အခုလိုအခြေအနေမျိုးမှာ စစ်ဆေးရေးမှူးရုံးတော်က နှိမ့်ချမနေလို့ ဘယ်လိုမျိုးနေရမှာလဲ။ တစ်ခြားလူတွေအပိုင်ထဲရောက်နေလို့ရှိရင်တော့ ခေါင်းငုံ့ရမယ်ဆိုတဲ့စည်းမျဉ်းသဘောကို မင်းမသိဘူးလား”
ထိုကဲ့သို့ ချက်ကျလက်ကျ ရှင်းပြခံရပြီးသည့်နောက်တွင် အဝါရောင်ဝတ်စုံဝတ်ဆင်ထားသော လူအိုကြီးက တိတ်ဆိတ်သွားပါတော့၏။ သူ့ပုံစံမှာ အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူအိုကြီးပြောသည့်စကားကို လက်ခံလိုက်သည့်သဘောပင်ဖြစ်ပါသည်။
သူက လီဟမ်ရှန်း၏ နေရာသို့ရောက်နေပါက သူသည်လည်းပဲ အလောတကြီးလှုပ်ရှားမည်မဟုတ်ဘဲ မာနကိုချိုးနှိမ်ကာ ဦးညွတ်မည့် သူသာဖြစ်ပါသည်။
ထိုသို့မလုပ်ပါက မူအိမ်တော်ကနေပြီးတော့ သူက အသက်ရှင်လျက် ထွက်သွားနိုင်မည်မှာ မသေချာပါချေ။
“လောလောဆယ် စိတ်မပူဘဲ နေကြရအောင်။ ဧကရာဇ်မင်းကြီးအမိန့်အရဆိုလို့ရှိရင် ငါတို့က လီဟမ်ရှန်းကို အသက်ရှင်လျက် ထားဖို့ပဲလိုတာလေ” အဝါရောင် ဝတ်ဆင်ထားသော လူအိုကြီးက ဦးခေါင်းကို ခါယမ်းလျက်ပြောလိုက်ပါသည်။
သူဘာပဲ လုပ်လုပ် လီဟမ်ရှန်းက ဒေါသမထွက်သည့်အပြင် ရှက်ရွံ့သည့်ဟန်ပန်လဲ မပြသောကြောင့် မူစန်းမှာ လွန်စွာမှကို နေရခက်နေပါသည်။ သူက ဝါဂွမ်းပုံကြီးကိုသာ လက်သီးနဲ့ အကြိမ်ကြိမ်ထိုးနေသကဲ့သို့သာ ခံစားနေရ၏။
သူက လီဟမ်ရှန်းအား အဆုံးအစွန်ထိရောက်အောင် စော်ကားခဲ့ပြီးသည့်တိုင် လီဟမ်ရှန်းက ယခုထက်ထိ သူ၏ငါးမျှားချိတ်ကို မချိတ်ဘဲ အကွက်ထဲသို့ အရောက်မခံပါ။
အဲ့တာဆိုလို့ရှိရင် ဒီနေရာကို လီဟမ်ရှန်းက ဘာရည်ရွယ်ချက်နဲ့ ရောက်လာရတာလဲ။ ဖြစ်နိုင်တာက မူအိမ်တော်ကိုလာပြီးတော့ သူက ငြိမ်းချမ်းရေးယူတာများလား။
မူစန်းက သူ့နံဘေးတွင်ရှိသော မုဟုန်ရွှယ်ကို တစ်ချက်လှမ်းကြည့်လိုက်ပါသည်။
“ဒီလိုအခြေအနေမျိုးမှာ ငြိမ်းချမ်းရေးလာယူတာ ဟုတ်ပါ့မလား” မုဟုန်ရွှယ်က ခံစားချက် ကင်းမဲ့သော အမူအရာနဲ့ပြောလိုက်ပါ၏။
“ငါတို့ မူအိမ်တော်ကို ပြဿနာတွေ အများကြီး ရှာပြီးသည့်နောက်မှာ အခုအချိန်မှာ ဘိုးဘေးကလည်း တံခါးပိတ်ကျင့်တာကနေ ထွက်လာပြီ”
“ ဒီလိုမျိုးအချိန်မှာမှ လာပြီးတော့ ငြိမ်းချမ်းရေးယူချင်တာလား။ ဒါက မဖြစ်နိုင်ဘူးလို့ရော မထင်ဘူးလား။ ငါတို့ မူအိမ်တော်က ဒီလောက်ထိ လွယ်လွယ်ကူကူခွင့်လွှတ်တတ်မယ်လို့ သူကထင်တာလား။ ဒီတိုင်းပဲ စောင့်ကြည့်ကြရအောင်” မုဟုန်ရွှယ်က လုံးဝကိုစိတ်မပူပါ။
မူကျန်းက တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီးနောက်ပိုင်းတွင် မူအိမ်တော်က ဘယ်အရာကို ကြောက်ရွံ့ရမည်နည်း။
စောင့်ကြည့်လိုက်စမ်းပါ။ လီဟမ်ရှန်းက ဘာပဲကြိုးစားပြီးတော့ လုပ်လုပ် သူက မူအိမ်တော်ကို လှုပ်ခတ်အောင် လုံးဝလုပ်နိုင်မှာ မဟုတ်ဘူး။ မူအိမ်တော်တွင် ထိုကဲ့သို့သော ယုံကြည်ချက်ရှိနေခဲ့ပါသည်။
သိပ်မကြာခင်မှာပင် မူအိမ်တော်၏ စားသောက်ပွဲကြီးက စတင်၍ ကျင်းပတော့ပါသည်။ အစားအသောက်များမှာ လွန်စွာစျေးကြီးသော ဟင်းလျာများဖြစ်ပြီး သေရည်များမှာလဲ ပထမတန်းစားသေရည်များဖြစ်ပါသည်။
စစ်ဆေးရေးမှူးရုံးမှ လူများက မနက်စောစောကတည်းက ဘာတစ်ခုမှ မစားသောက်ထားရန်အတွက် အမိန့်ပေးခြင်းကို ခံထားရသူများဖြစ်ပါ၏။
သူတို့၏ရှေ့တွင် ဤမျှသောစျေးကြီးကာ အရသာရှိသော ဟင်းလျာများချပေးသည်ကို မြင်သည်နှင့် သူတို့က အိန္ဒြေမ ဆည်တော့ဘဲ အားရပါးရ စတင်၍စားသောက်ပါတော့သည်။
ထိုသူများ၏ စားသောက်နေမှုများမှာ နောက်ထပ်ရောက်လာသော ဧည့်သည်များကို အထိတ်တလန့်ဖြစ်သွားစေခဲ့ပါ၏။
ဒီလူတွေက ဘယ်လိုဖြစ်ပြီးတော့ ဘဝမှာ ထမင်းတစ်ခါမှ မစားဖူးသလိုမျိုးဖြစ်နေကြရတာလဲ။ မူအိမ်တော်က လူများက စစ်ဆေးရေးမှူးရုံးက လူများက တိရိစ္ဆာန်များကဲ့သို့ စားသောက်နေသည်ကို ရွံရှာစက်ဆုပ်သောအမူအရာများနဲ့ ကြည့်နေခဲ့ပါသည်။
လီဟမ်ရှန်းမှာလဲ အိန္ဒြေ မဆည်ခဲ့ပါ။ သူက ဟင်းလျာပွဲတိုင်းကို အားပါးတရ မြည်းစမ်းပြီး စားသောက်နေခဲ့ပါ၏။
“သူဌေးကျိုး”
လီဟမ်ရှန်းက သူနဲ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသောကုန်သည်တစ်ဦးအား ကြည့်လိုက်ပါသည်။
ထိုကုန်သည်က တုရှန်းမြို့တွင် ပိုးထည်ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါ၏။
“စစ်ဆေးရေးမှူးကြီး” သူဌေးကျိုးက လီဟမ်ရှန်းအား လက်ဟန်ဖြင့်အရိုအသေပြုလိုက်ပါသည်။
“စစ်ဆေးရေးမှူးကြီးကို ကျွန်တော်က ဘာများအကူအညီပေးရမလဲ”
“ခင်ဗျား ရှေ့မှာရှိတဲ့ ကြက်သားပန်းကန်ကို ကျုပ်ဆီကို ကမ်းပေးပါအုံးဗျ။ ကျုပ်လှမ်းမမှီလို့” လီဟမ်ရှန်းက သူဌေးကျိုး၏ရှေ့တွင်ရှိသော ကြက်သားဒုတ်ထိုးများကို လက်ညှိုးညွှန်ပြီးပြောလိုက်ပါ၏။
“ဟင်”
သူဌေးကျိုးက ခပ်မြန်မြန်ပင် ပန်းကန်တစ်ချပ်လုံးကို လီဟမ်ရှန်း၏ အရှေ့သို့ တိုးပေးလိုက်ပါ၏။ လီဟမ်ရှန်းက ချက်ချင်းပင်လျှင် ကြက်ပေါင်ကို ကိုင်ပြီးတော့ အားပါးတရ ကိုက်ဆွဲကာ စားသောက်လိုက်ပါတော့သည်။
“မဆိုးဘူးပဲ”
လီဟမ်ရှန်းက စားသောက်ပြီးသည့်အခါမှသာ မှတ်ချက်ချလိုက်ပါ၏။
“စစ်ဆေးရေးမှူးကြီးကို ဂုဏ်ပြုပါတယ်”
သူ့နံဘေးတွင်ရှိသော ဟွာကျင်းက လီဟမ်ရှန်းအားဝိုင်ခွက်ကို မြှောက်လိုက်ပြီးအရိုအသေပေးလိုက်ပါသည်။
လီဟမ်ရှန်းက ပေါ့ပေါ့ပါးပါးပင် ဝိုင်ခွက်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး ခွက်ချင်းတိုက်လိုက်၏။ထို့နောက် တွင် တစ်ဟုန်ထိုးမော့သောက်လိုက်ပါ၏။ မော့သောက် ပြီးသည့်နောက်တွင် ကြက်ပေါင်ကို အားပါးတရ စားသောက်လိုက်ပါသည်။
ထိုကဲ့သို့သော အပြုအမူမှာ ဟွာချင်းအား နေရခက်သွားစေခဲ့ပါ၏။ အဓိကစားပွဲတွင် ထိုင်နေကြသော ဧည့်သည်များက လီဟမ်ရှန်းကို ခဏခဏ လှမ်းလှမ်းကြည့်ကြပါသည်။
သူတို့မြင်လိုက်ရသည်မှာ စစ်ဆေးရေးမှူးရုံးတော်မှ အစားအသောက်များကို အငမ်းမရစားသောက်နေကြသည်ကို မြင်တွေ့ကြရပါ၏။ ထိုဖြစ်ရပ်ကြောင့် နားမလည်နိုင်မှုများက သူတို့၏မျက်နှာတွင် အထင်းသား ပေါ်နေခဲ့ပါ၏။
“ကျုပ်တို့ရဲ့ဟွာအိမ်တော်ရဲ့ ဘိုးဘေးကြီးကိုယ်စား မူကျန်းကို ကျုပ်က ဂုဏ်ပြုပါတယ်”ဟွာရှန်းကောက မတ်တပ်ထရပ်ပြီး ဝိုင်ခွက်ကို မြှောက်ပြီးတော့ အရိုအသေပြုလိုက်ပါသည်။
မူကျန်း၏ကျင့်ကြံစဉ်မှာ တံခါးပိတ် ကျင့်ကြံပြီးနောက်တွင် မူလကထက် တိုးတက်လာခဲ့ပါ၏။
“အခုလိုမျိုးကျင့်ကြံစဉ်မြင့်လာသည်နှင့် သိပ်မကြာခင်မှာ မဟာသိုင်းဂိုဏ်းအဆင့်ကို ချိုးဖျက်နိုင်တော့မယ်ထင်တယ်။ မူကျန်းအနေနဲ့ မကြာခင်မှာ မဟာသိုင်းဂိုဏ်း အဆင့်ကို ရောက်ရှိဖို့အတွက် ကျုပ်က ဆုတောင်းပြီးတော့ ဌာပနာပြုလိုက်ပါတယ်ဗျာ”
“ အခုလိုမျိုး ကြင်နာတဲ့စကားတွေပြောပေးလို့ ကျေးဇူးတင်ပါတယ်” မူကျန်းကလည်း ထိုင်ရာမှ မထဘဲနဲ့ ဝိုင်ခွက်ကို မြှောက်လိုက်ပြီး တစ်ငုံသောက်လိုက်ပါသည်။
“တောက်ဟီအိမ်တော်ကို ကိုယ်စားပြုတဲ့ ကျုပ်ကလည်း မူကျန်းကို အရိုအသေပေးပါတယ်” မာဟန်းထောင်က ပြောလိုက်ပါသည်။
“ဒီနှစ်ပိုင်းတွေထဲမှာ မူအိမ်တော်နှင့် မူကျန်းရဲ့ အကူအညီအထောက်အပံ့တွေကြောင့် တောက်ဟီအိမ်တော်ကလည်း ဒီနေ့လိုမျိုး အဆင့်အတန်းကို ရောက်လာခဲ့တာပါ။ ဒီဝိုင်ခွက်နှင့် အရှင်မူကျန်းကို ဂါရဝပြုပါရစေ”
“ မင်းရဲ့အဘိုး မာစိယုက ငါ့ရဲ့သူငယ်ချင်းကောင်းတစ်ယောက် လို့ပြောလို့ရတယ်။ ငါတို့မိသားစုနှစ်ခုကြားမှာ အရမ်းကြီး ယဉ်ကျေးပျူငှာနေစရာမလိုဘူး။ မူအိမ်တော်နှင့် တောက်ဟီအိမ်တော်က အမြဲတမ်း တစ်ယောက်ကိုတစ်ယောက်ကူညီပေးနေကြမှာပါ”
မူကျန်းက ခေါင်းညိတ်ပြလိုက်၏။ ထိုမိသားစုနှစ်စုက စတင်၍ အစပြုလိုက်ပြီးနောက်တွင် စားပွဲဝိုင်းတွင်ရှိသော ဧည့်သည်တော်များ တစ်ဦးပြီး တစ်ဦး မတ်တပ်ထရပ်ပြီး မူကျန်းအား ဝိုင်ခွက်များကို မြှောက်ကာဂါရဝပြုကာ အရိုအသေပေးကြပါ၏။
“စစ်ဆေးရေးမှူးကြီး” လူတိုင်းက ဂုဏ်ပြုပြီးသည့်နောက်တွင် မူစန်းက ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်ပါ၏။
“မူအိမ်တော်ရဲ့ ဧည့်သည်ဖြစ်တဲ့ စစ်ဆေးရေးမှူးကြီးက စစ်ဆေးရေးမှူးရုံးတော်က လူတွေ ခေါ်လာတာတောင်မှ ကျုပ်တို့ မူအိမ်တော်ရဲ့ ဘိုးဘေးကြီးကို ဂါရဝ မပြုသေးဘူးလား။”
“ အံမယ် အံမယ် စစ်ဆေးရေးမှူး ရုံးတော်က စစ်ဆေးရေးမှူးက ထုံးတမ်းစဉ်လာတွေဆိုတာကို နားမလည်တဲ့ တောသားတစ်ယောက်လိုဖြစ်နေတာပဲ” ဟွာရှန်းကောကလည်း ဝင်၍ လှောင်လိုက်ပါသည်။ နောက်တစ်ကြိမ်လူတိုင်း၏အကြည့်မှာ လီဟမ်ရှန်းထံသို့ရောက်သွားခဲ့ပြန်၏။
ယခုအချိန်တွင်လည်း လီဟမ်ရှန်းဘာလုပ်မလဲဆိုတာကို လူတိုင်းက သိချင်နေကြပါ၏။
မူအိမ်တော်သို့ရောက်လာရသည့် လီဟမ်ရှန်း၏ရည်ရွယ်ချက်ကို လူတိုင်းက သိချင်နေခဲ့ပါသည်။ လီဟမ်ရှန်းက လက်ကိုင်ပဝါတစ်ခုကို ထုတ်လိုက်၏။
သူ့ပါးစပ်များတွင်ပေကျံနေသော ဆီများကို လက်ကိုင်ပဝါနှင့် သုတ်လိုက်ပါသည်။ ထို့နောက် လက်ကိုင်ပဝါကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပါ၏။ အားလုံးပြီးသွားမှ သူကပြောလိုက်သည်။
“ကျုပ်က ဘာလို့ အရက်ခွက်မြှောက်ပြီးတော့ ဂုဏ်ပြုရမှာလဲ။ ကျုပ်နဲ့ သူရဲ့ကြားမှာ ပတ်သက်ဆက်နွယ်တာတစ်ခုမှ မရှိတာ။ ခင်ဗျားတို့ဆီကိုလာပြီးတော့ အစားအသောက်တွေလာစားသောက်ပေးတာက ပဲ ခင်ဗျားတို့အပေါ် မျက်နှာသာပေးရာ တော်တော်ရောက်နေပြီ။ အရမ်းကြီး လွန်မလာနဲ့”
ထိုစကားကိုကြားသော် လူတိုင်း၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားခဲ့ပါ၏။
လီဟမ်ရှန်းဘာပြောလိုက်တာ။ သူ့က မူကျန်းကို ပါးဖြတ်ရိုက်လိုက်သလိုမျိုး ကို စော်ကားလိုက်တာပဲ။
“လီဟမ်ရှန်း” မူစန်းက ဒေါသတကြီးနဲ့ဟစ်ကြွေးလိုက်သည်။
“မင်းဘာပြောလိုက်တာလဲ။ ငါတို့ရဲ့ ဘိုးဘေးကြီးကို မင်းက စော်ကားရဲတယ်ပေါ့လေ” မူကျန်း၏ မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုသည့်အကြည့်များဖြစ်သွားခဲ့ပါသည်။
လီဟမ်ရှန်းက တော်တော်ကို မာနကြီးနေတဲ့ကောင်ပဲ။
“မင်းတို့ ဘိုးဘေးက ငါ့ဘိုးဘေးမှ မဟုတ်တာ ငါက ဘာလို့ သူ့ကို ဂုဏ်ပြုပေးရမှာလဲ”လီဟမ်ရှန်းက အားပါးတရရီလိုက်ပြီးနောက် အော်ဟစ်လိုက်၏။
“ညီနောင်တို့ မင်းတို့အားလုံး ဗိုက်ဝပြီလား” “ဝပါပြီ” ။ လူတိုင်းကလည်း တညီတညွတ်ထဲ အော်ပြောလိုက်ပါသည်။
“ဗိုက်ဝပြီဆိုရင် အလုပ်စမယ်ဟေ့”လီဟမ်ရှန်းက အော်ဟစ်လိုက်၏ ။ ချက်ချင်းပင်လျှင် စစ်ဆေးရေးမှူးရှိလူများက ထိုင်နေရာမှ ထရပ်လိုက်ပါ၏။ ထိုကဲ့သို့သော အပြုအမူက ၎င်းတို့နှင့်အတူ တစ်စားပွဲတည်း ထိုင်နေသော ကုန်သည်များ အခြားသော မိသားစုများကို ထိတ်လန့်သွားစေပါ၏။
ယနေ့အဖြစ်အပျက်မှာ လုံးဝကို ရိုးရှင်းမည်မဟုတ်တော့ပါ။ လီဟမ်ရှန်းက တစ်ကယ်ကြီးကို ပြဿနာရှာဖို့ရောက်လာတာပဲ။
သို့သော် ထိုအခိုက်မှာပင် မူအိမ်တော် ကအစောင့်များစွာတို့ကလည်း နေရာအနှံ့မှ ချက်ချင်း ပြေးထွက်လာရောက်လာပါတော့သည်။သူတို့အားလုံးက စစ်ဆေးရေးမှူးရုံးတော်မှလူများကို ပတ်ပတ်လည်က ဝန်းရံထားပါ၏။
ဝန်းရံထားသောသူများမှာ အယောက်တစ်ရာခန့်လောက်ရှိလိမ့်မည်။ ဧည့်သည်တော်များအားလုံးကလည်း လွန်စွာ စိတ်နှလုံး တုန်နေကြပါသည်။
သိပ်မကြာခင်မှာပင် တိုက်ပွဲတွေဖြစ်လာတော့မှာလား။ လွန်စွာများပြားလှသော အစောင့်အကြပ်များနှင့် ရင်ဆိုင်ရသောအခါတွင် စစ်ဆေးရေးမှူး ရုံးတော်မှ စစ်သားများက အနည်းငယ်တော့ ကြောက်ရွံ့နေခဲ့ပါသည်။
သို့သော် လီဟမ်ရှန်းက လုံးဝဂရုမစိုက်ပါ။ သူက ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး သူ့၏ဝတ်ရုံထဲတွင်ရှိသော စာရွက်လိပ်များကို ထုတ်လိုက်ပါ၏။ စာရွက်ကို ဖြန့်လိုက်ရာ စာရွက် အရှည်မှာ မြေပြင်သို့ပင် လိမ့်ဆင်းသွားပါသည်။
ထိုစာရွက်ပေါ်၌ များစွာသော စာလုံးများ ရေးသားထားပါ၏။
“မူစန်း ဒါကမင်းတို့ကောင်တွေ ဒီနှစ် တွေအတောအတွင်းမှာကျူးလွန်ထားတဲ့ ဒုစရိုက်မှုတွေပဲ။ဒါကို ထောင်ထဲမှာရှိတဲ့မူကျန်းက ဝန်ခံခဲ့တာ။ ဒါတွေအကုန်လုံးကို ငါ စုံစမ်းစစ်ဆေးပြီးသွားပြီ။ အခုငါ့မှာ သက်သေရှိပြီဆိုမှတော့ မင်းကို ဖမ်းဖို့အတွက် ငါရောက်လာတာပဲ။ ငြင်းဆန်မယ်။ ရုန်းကန်မယ်တော့မကြံနဲ့။ မဟုတ်လို့ရှိရင်တော့ အဲဒီအကျိုးဆက်ကို မင်းခံစားရလိမ့်မယ်”
လီဟမ်ရှန်းကခိုင်မာစွာ ပြောလိုက်၏။ ထိုဖြစ်ရပ်မှာ လူတိုင်းကို ပို၍ပင် တွေးရခက်စေပါ၏။
ဒီကောင်ကတော်တော်ကြီးကို သတ္တိရှိနေတာမဟုတ်ဘူးလား။ လူအချို့မှာ လီဟမ်ရှန်း၏သတ္တိရှိမှုကို စတင်၍ပင် သဘောကျလာခဲ့ပါသည်။ မူကျန်းရဲ့အရှေ့မှာ မူစန်းကို ဖမ်းဖို့ကြိုးစားနေတယ်ပေါ့လေ။
ကျားပါးစပ်ထဲက ကျားအစွယ်ကို ချိုးဖို့ ကြိုးစားနေတာပဲ မဟုတ်ဘူးလား။
“ ဟား ဟား ဟား” လီဟမ်ရှန်း၏စကားကို ကြားသောအခါက မူစန်းက အားပါးတရ ထရီခဲ့ပါ၏။ သူက လီဟမ်ရှန်း၏အရှေ့သို့တိုးသွားပြီး လီဟမ်ရှန်း၏လက်ထဲမှ မြေပြင်သို့ရှည်လျားကျနေသော စာရွက်ကိုကြည့်လိုက်ပါသည်။
ထိုစာရွက်၌သူလုပ်ထားသမျှ ဒုစရိုက်မှုများအားလုံး ကို တစ်ခုမကျန် ရေးထားပါ၏။ မူစန်းက ထိုစာရွက်များကို သေချာပင်မကြည့်ပါချေ။ သူကလီဟမ်ရှန်း၏လက်ထဲမှ ယူလိုက်ပြီးနောက်တွင် လီဟမ်ရှန်းရှေ့မှာပင် ထိုစာရွက်ကို လက်ဝါးတစ်ချက်ရိုက်လိုက်ပြီး တစ်စစီဖြစ်အောင်လုပ်လိုက်ပါ၏။
“လီဟမ်ရှန်း” မူစန်းက အပြုံးနဲ့ပြောလိုက်ပါ၏။ မင်းအရက်သောက်တာများပြီးတော့ ဘယ်နေရာကို ရောက်နေတယ်ဆိုတာကို မေ့နေပြီပေါ့
“မင်း သက်သေကို ဖျောက်ဖျက်တာလည်း အသုံးမဝင်ဘူးနော်” လီဟမ်ရှန်းကခေါင်းခါရင်း ပြောလိုက်ပါ၏။
“ အိုး..ကြောက်စရာကြီး” မူစန်းက သူ၏လက်များကို ကြောက်ရွံ့သည့်ဟန်လုပ်ရင်းပြောလိုက်၏။
“ဒီဒုစရိုက်မှုတွေအကုန်လုံးကို ကျုပ် ဝန်ခံပါတယ်ဗျာ။ ဒါပေမဲ့ ဘာရေးထားတာဆိုတာသေချာမကြည့်လိုက်မိတာကြောင့် ရေးထားသမျှ ဒုစရိုက်မှုတွေအကုန်လုံးက ကျုပ်လုပ်ခဲ့တာလို့ပဲ ပြောလိုက်မယ်။ အကုန်လုံးကို ကျုပ်ဝန်ခံပါတယ်ဗျာ”
“ ဒါပေမဲ့ မင်းငါ့ကို ဘာလုပ်နိုင်မှာ မလို့လဲ။ ငါအခုလိုမျိုး သက်သေတွေကို ဝန်ခံရင်တောင်မှ မင်းငါ့ကို ဘာလုပ်နိုင်လို့လဲ။ မင်းအခုရောက်နေတာက မူအိမ်တော်ကိုရောက်နေတာ ။ ဒီမှာရှိသမျှလူတိုင်းကိုမေးကြည့်။ ဒီကနေအသက်ရှင်လျက် ပြန်ထွက်သွားနိုင်မယ်လို့ထင်နေတာလား” မူစန်း၏အသံက ထိုစကားကို ပြောပြီးနောက်တွင် မူအိမ်တော်ရှိ မြောက်များစွာသော သိုင်သမားများက ထွက်လာပြီး ရှေ့သို့ တိုးလိုက်ပါသည်။
၎င်းတို့ထံမှ လွန်စွာစွမ်းအားကြီးကာ ဆန့်ကျင်၍မရသော အရှိန်အဝါများက လီဟမ်ရှန်းတို့ ကို ဖိနှိပ်နေပါသည်။
“ဒီနေ့မင်းသဘောကျကျ၊ မကျကျ ငါနဲ့တူတူ အကျဉ်းထောင်ကို ပြန်လိုက်ခဲ့ရမယ်။ မင်းမလိုက်နိုင်ဘူးဆိုရင်တော့ ငါကိုယ်တိုင်မင်းကို အတင်းဖမ်းချုပ်သွားရမှာပဲ”
လီဟမ်ရှန်းက သူ၏လက်ကို အရှေ့တိုးလိုက်ပါ၏။
ထိုအချိန်မှာပင် ဝူစန်းထောင်က လီဟမ်ရှန်း၏အင်မော်တယ်ပုံဖော်ခြင်းလှံကို အဝေးကနေ ပစ်ပေးလိုက်ပါသည်။ လီဟမ်ရှန်းက လက်တစ်ဖက်တည်းနဲ့ လှံကို လှမ်းဖမ်းလိုက်ပါ၏။
အင်မော်တယ်ပုံဖော်ခြင်းလှံကို ကိုင်ဆောင်ထားရင်း လီဟမ်ရှန်းက အသံကျယ်ကျယ်အော်လိုက်၏။
“ဒီနေ့မှာ စစ်ဆေးရေးမှူးရုံးတော်က အပြစ်သားကို လာဖမ်းတယ်။ ဝင်နှောက်ယှက်တဲ့ မည်သူမဆို ချက်ချင်းအသတ်ခံရမယ်။ ကြေညာထားပြီးသွားပြီမို့လို့ ငါ့ကို ရက်စက်တယ်ဆိုပြီးတော့ အပြစ်မတင်ကြနဲ့”
သူ၏အသံမှာ မူအိမ်တော်တစ်ခုလုံးကိုပဲ့တင်ထပ်သွားပြီး လူအားလုံးကို ထိန့်လန့်သွားစေပါ၏ ။