← Chapters

အခန်း (၃၂၄)

Vol. 28 Ch. 324

အခန်း (၃၂၄)

Vol. 28 Ch. 324

လီဟမ်ရှန်း၏ လှုပ်ရှားမှုထံမှ ကြောက်ရွံ့တုန်လှုပ်သော ခံစားချက်ကို သူတို့ခံစားလိုက်ရပါသည်။ မူလအဆင့်ကျင့်ကြံသူသုံးဦးလုံးမှာ ကြောက်ရွံ့မှုကို စတင်၍ခံစားလိုက်ရသည်။ အထူးသဖြင့် လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နေနဲ့လတို့၏ အလင်းရောင်က သူတို့၏ခန္ဓာကိုယ်ပေါ်သို့ ဖုံးအုပ်သွားသောအချိန်မှာပင်ဖြစ်သည်။

“ဗုန်းး”

ကြီးမားလှသော လက်ဝါးကြီးက သူတို့ထံသို့ ဦးတည်၍ ကျဆင်းလာခဲ့သည်။ မူလအဆင့် သုံးဦးလုံးမှာ သူတို့၏ မူလအဆင့်အတွင်းအားတို့မှာ တစ်စစီပြိုလဲနေသည်ကို စတင်၍ ခံစားခဲ့ရပါသည်။ မကြာခင်မှာပင် လူတိုင်းက မိမိတို့၏ အရိုးများကို မြေကြီးများနဲ့ကပ်နေတဲ့အထိ ဖိနှိပ်ခြင်းခံရသည်ဟု ခံစားလာရပါတော့သည်။

သူတို့၏ အရိုးများပေါ်သို့ တောင်များစွာတို့က ဖိနှိပ်နေသကဲ့သို့ပင်ဖြစ်သည်။ ထိုခံစားချက်မှာအခြားသော ဒိုင်မန်းရှင်းတစ်ခုမှ သူတို့ကို ထိုးချလိုက်သည်ပင်ဖြစ်ပါ၏။

မူလအဆင့်ကျင့်ကြံသူ သုံးဦးမှာ တုန်လှုပ်နေကြပြီး ချက်ချင်းပင် အဝေးသို့ လွင့်ထွက်သွားစေခဲ့ပါသည်။ လီဟမ်ရှန်း၏ နေနဲ့လတို့၏ ခမ်းနားခြင်းကျင့်စဉ်၏ စွမ်းအားက မူလအဆင့်ကျင့်ကြံသူ သုံးဦးက မတောင့်ခံနိုင်ဘဲ အဝေးသို့ လွင့်ပျံသွားသည့်အပြင် သွေးများပင် ပွက်ပွက်အန်သွားခဲ့ပါ၏။

ဟွာရှန်းကောမှာ ရေအိုင်ငယ်လေးထဲသို့ပင် ပြုတ်ကျသွားခဲ့ပါသည်။ မူဟုန်ရွယ်နဲ့ မူစန်းကတော့ မြေပြင်နဲ့ ၎င်း၏ခန္ဓာကိုယ်တို့ ရိုက်ခတ်ခြင်းကို ခံလိုက်ရပါ၏။ သူတို့က ကြိုးစားပြီးတော့ ပြန်ထရန်လုပ်သော်လည်း သူတို့ခန္ဓာကိုယ်ရှိ အရိုးများအားလုံးက ကျိုးပဲ့သွားပြီဖြစ်သောကြောင့် အသည်းခိုက်အောင် နာကျင်မှုကြောင့် မထနိုင်ခဲ့ပါ။

သိုင်းကွက်တစ်ကွက်တည်းနဲ့ မူလအဆင့် ကျင့်ကြံသူသုံးဦးအား ပစ်လဲအောင် လုပ်နိုင်သောကြောင့် လူတိုင်းက အံ့ဩထိတ်လန့်သွားပါသည်။ မူအိမ်တော်သို့ ရောက်နေကြသော လူတိုင်းမှာ ဆွံ့အနေခဲ့ပြီဖြစ်၏။

ဝမ်ကွေ့ဖန်းနဲ့ ကျန်သောသူများမှာ လီဟမ်ရှန်း၏ ခွန်အားကို သိသည့်မျှ ယခုလောက်စွမ်းအားပြင်းထန်ကာ ကြီးကျယ်လိမ့်မည်ဟု မထင်ထားခဲ့မိကြပါ။ ပြန်လည်မွေးဖွားခြင်း အဆင့် အထွတ်အထိပ်က မူလအဆင့် ကျင့်ကြံသူများကို ယခုလောက်အခြေအနေထိ ခံရအောင်လုပ်ပစ်နိုင်မည်ဟု ဘယ်သူကမှ မထင်ထားပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။

မူလအဆင့် ကျင့်ကြံသူသုံးဦးကို အကွက်တစ်ကွက်တည်းနဲ့ နှိမ်နင်းခဲ့တာ။ ထိုဖြစ်ရပ်မှာ သူတို့ခန့်မှန်းထားသည့်အရာများအားလုံးနဲ့ လွဲချော်နေခဲ့သည်ဖြစ်သည်။

ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းက တပည့်တွေက အဲ့လောက်တောင်မှ ကြမ်းတာလား။ အပြာရောင် ဝတ်စုံဝတ်ထားသော လူအိုကြီးက အံ့ဩနေခဲ့ပြီဖြစ်၏။ သူတို့က လီဟမ်ရှန်း၏ ယုံကြည်မှုက ဘယ်နေရာကနေရောက်လာတာလဲ။

လီဟမ်ရှန်းမှာ ဘယ်လိုမျိုးဝှက်ဖဲတွေ ရှိနေလဲဆိုတာ သူတို့က သိချင်နေကြပြီဖြစ်သည်။ တကယ့်အခြေအနေတွင်တော့ လီဟမ်ရှန်းမှာ မည်သည့်ဝှက်ဖဲမှ မရှိပါ။ သူ၏ကိုယ်ပိုင်ခွန်အားကသာ သူ၏အားကိုးရာဖြစ်နေခဲ့သည် မဟုတ်ပါလား။

ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ဦးက မူလအဆင့် သုံးဦးကို နှိမ်နင်းလိုက်သည့် မြင်ကွင်းက သူတို့ကိုယ်တိုင်မြင်ရခြင်းမဟုတ်လျှင် အခြားသူကသာ ပြန်ပြောမည်ဆိုပါက သူတို့လုံးဝယုံကြည်ကြမည်မဟုတ်ချေ။

ယခုတွင်တော့ လီဟမ်ရှန်း၏ မိမိကိုယ်မိမိယုံကြည်ခြင်းကို လူတိုင်းက နားလည်ခဲ့ပြီဖြစ်၏။ ဒါပေမဲ့ လီဟမ်ရှန်း၏ လုပ်ရပ်မှာ ပေါ့ဆလွန်းသည်ဟု လူတိုင်းကတွေးနေခြင်းပဲဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် မူအိမ်တော်၌ မူကျန်းက ရှိနေသေးသောကြောင့်ပင် ဖြစ်ပါသည်။ မူအိမ်တော်၏ တကယ့်ကျောရိုးမကြီးမှာ မူကျန်းပင်ဖြစ်သည်။

“ မင်း…”

မူစန်းက လီဟမ်ရှန်းအား လက်ညှိုးသာ ညွှန်လိုက်ပြီး ဒေါသထွက်လွန်းသောကြောင့် စကားတစ်လုံးမျှ မပြောနိုင်တော့ပါ။ တစ္ဆေဝံပုလွေကို သတ်ဖြတ်လိုက်သည့် တရားခံမှာ လီဟမ်ရှန်းဖြစ်သည်ကို ယခုအချိန်တွင်တော့ သူက လုံးဝကို သေချာသွားခဲ့ပါပြီ။

မျက်မြင်ကိုယ်တွေ့မမြင်ခင်တုန်းကတော့ သူက သိပ်မယုံကြည်ပါ။ ယခုတွင်တော့ သူကိုယ်တိုင်ပင် လီဟမ်ရှန်း၏ ခွန်အားကို ခံစားလိုက်ရသောကြောင့် ထိုသတင်းပို့မှုကို ယုံကြည်သွားခဲ့ပြီဖြစ်၏။

ယခုလေးတင် လီဟမ်ရှန်း အသုံးပြုလိုက်သော သိုင်းကွက်မှာ မူလအဆင့်သုံးဦးက ဝိုင်းဝန်းပိတ်ဆို့ကာ ဟန့်တားလိုက်သောကြောင့် သူတို့ဒီလောက်ထိသာ ဒဏ်ရာရခြင်းဖြစ်သည်။

ထိုသိုင်းကွက်ကို သူတို့သုံးဦးထဲမှ တစ်ဦးချင်းစီသာ ရင်ဆိုင်ရမယ်ဆိုပါက ယခုအချိန်ဆိုလျှင် အလောင်းပင်ကျန်မည်မဟုတ်ပေ။

ဒီသိုင်းပညာက ဘယ်လိုမျိုးကြောက်စရာသိုင်းပညာဖြစ်နေလို့ ပြန်လည်မွေးဖွားခြင်းအဆင့်ကျင့်ကြံသူကို ဒီလောက်အထိ စွမ်းအားကြီးမားသွားစေရတာလဲ။ သိပ်ကြောက်ဖို့ ကောင်းတာပဲ။

“မဆိုးပါဘူး” ထိုအခိုက်တွင် တိတ်ဆိတ်နေတာကြာပြီဖြစ်သော မူကျန်းက လှောင်ပြောင်လိုက်ပါ၏။ သူက ဘယ်အရာကိုမှ ဂရုမစိုက်သလို အေးအေးဆေးဆေးထိုင်ပြီး ဝိုင်တစ်ခွက်ကို အရသာခံကာ မြုံပြီးသောက်လိုက်ပါသည်။

“ မူအကြီးအကဲ ကျုပ် ဒီနေ့မှာ မူစန်းကို ဖမ်းဆီးသွားရလိမ့်မယ်။ ကျုပ်ကို ခက်ခဲအောင်မလုပ်ဖို့အတွက်မျှော်လင့်ပါတယ်” လီဟမ်ရှန်းက ပြောလိုက်ပါသည်။ သူက မူကျန်းနဲ့ ရင်ဆိုင်နေရသည့်တိုင် မိမိကိုယ်ကို နှိမ့်ချခြင်းလဲမရှိ မာန်တက်ခြင်းလဲမရှိသည့်လေသံနှင့် ပြောပြလိုက်ပါသည်။

သူ့မျက်လုံးများတွင် တည်ငြိမ်နေသော အမူအရာများရှိနေပြီး အကြောက်တရားကင်းမဲ့နေခဲ့ပါသည်။

ထိုစကားကိုကြားသော် လူတိုင်းက အသက်အောင့်လိုက်ကြပါ၏။ လီဟမ်ရှန်းမှာ လွန်စွာရဲရင့်လှပါ၏။ မူကျန်း၏ အရှေ့တွင် မူစန်းကို ဖမ်းခေါ်ရန်အတွက် ခွင့်တောင်းနေသည် မဟုတ်ပါ့လား။

မူလအဆင့်သုံးဦးကို သိုင်းကွက်တစ်ကွက်တည်းနဲ့ နိုင်အောင်တိုက်ခိုက်နိုင်တာနဲ့ပဲ မူလအဆင့်အထွတ်အထိပ်ကို တိုက်ခိုက်နိုင်မယ်လို့ သူကတကယ်ပဲ ထင်နေတာများလား။

မူလအဆင့်ရဲ့ အထက်ပိုင်းမှာ အဆင့်သေးတစ်ဆင့်ခြင်းဆီတိုင်းက ကမ္ဘာသစ်တစ်ခုကိုရောက်သွားသလိုမျိုးစွမ်းအားက မြင့်သွားတာ။ မူလအဆင့်အထွတ်အထိပ်ဆိုတဲ့ အဓိပ္ပါယ်က တာအိုစက်ဝန်းတစ်ခုကို ပြီးပြည့်စုံသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။

မူလအဆင့်အထွတ်အထိပ်ပိုင်ဆိုင်ထားတဲ့ ခွန်အားနဲ့ စွမ်းအားက သာမန်မူလအဆင့်တစ်ဦးမှာ ရှိတဲ့စွမ်းအားနဲ့က မိုးနဲ့မြေလို အရမ်းကွာခြားတယ်။

“ဒီကလေးကတော့ တဖြေးဖြေးနဲ့ ဘဝင်မြင့်နေပြီပဲ” အဝါရောင်ဝတ်စုံနဲ့ လူအိုကြီးက ထိုမြင်ကွင်းကို ကြည့်ရင်းနဲ့ မှတ်ချက်ပြုလိုက်ပါသည်။

သူတို့က အချိန်မရွေး ဝင်ရောက်လှုပ်ရှားရန်အတွက် ပြင်ဆင်ထားပါ၏။ မူကျန်းကသာ လီဟမ်ရှန်းကို သတ်ဖြတ်ရန်အတွက် ရည်ရွယ်လိုက်ပါက သူတို့ကလည်း မူကျန်းကို တားမြစ်ရမည်ဖြစ်သည်။

ယင်ဖန်းချီက လီဟမ်ရှန်းကို မဖြစ်ဖြစ်သောနည်းနဲ့ကာကွယ်ရမည်ဟု အမိန့်ပေးထားသောကြောင့် လိုအပ်ပါက မူကျန်း၏ ကျင့်ကြံအဆင့်ကိုပင် ဒုက္ခိတဖြစ်အောင် ဖျက်ဆီးသင့်လျှင် ဖျက်ဆီးရမည်ဖြစ်ပါသည်။

“ မူလအဆင့် ကောင်လေးတွေ ကောင်မလေးတွေကို နှိမ်နင်းနိုင်တာနဲ့တင် မင်းကငါနဲ့ ယှဉ်ပြီးတိုက်နိုင်မယ်လို့ တကယ်ထင်နေတာလား” မူကျန်းက သူ့လက်ထဲတွင်ရှိသော အကြမ်းပန်းကန်လုံးကို ချလိုက်ပြီး တည်ငြိမ်စွာပြောလိုက်ပါ၏။

ထိုစကားကို ကြားသော် လီဟမ်ရှန်းက ပြုံးပြီးတော့ ပြောလိုက်ပါ၏။

“ကျုပ်က မာန်တက်နေတာ မဟုတ်ပါဘူးဗျ။ အကြီးအကဲမူ ခင်ဗျားက စီနီယာတစ်ယောက်ပါ။ ပြီးတော့ မူလအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့လူ။ ခင်ဗျားရဲ့အရှေ့မှာ ကျုပ်က ပုရွက်ဆိတ်တစ်ကောင်လောက်ပဲ အစွမ်းရှိတာပါ။ ဒါပေမဲ့ ကျုပ် လီဟမ်ရှန်းက ခုနကတည်းက တစ်ခါတည်း ပြောထားပြီးသွားပြီ။ ဒီနေ့ ကျုပ်ကိုတားဆီးတဲ့ ဘယ်သူမဆို ကျုပ်အသက်နဲ့ရင်းပြီးတော့ တိုက်ခိုက်မှာ။ ခင်ဗျားတားလို့ရှိရင်လဲ ခင်ဗျားကို ကျုပ် ရှင်းလင်းပစ်မှာပဲ။ အဲ့တာကြောင့်မလို့ ကျုပ်ကိုတားမယ်လို့ဆိုရင် သုံးကြိမ်သုံးခါတိတိ စဉ်းစားဖို့အတွက် ခင်ဗျားကို ကျုပ်အကြံပေးလိုက်မယ်”

လီဟမ်ရှန်း၏ စကားများမှာ မူကျန်းကို တိုက်ရိုက်ပင်ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပါသည်။ လူတိုင်းအတွက်တော့ လီဟမ်ရှန်းမှာ လုံးဝရူးသွပ်နေသည့်အလားပင် ဖြစ်နေခဲ့၏။

“ ဟား ဟား ဟား”

မူကျန်းက ထိုစကားကိုကြားသော် အားပါးတရ အော်ဟစ်ရယ်မောလိုက်ပါသည်။ သူက မြွေဖြူလမ်းကြောင်း၌  နှစ်ပေါင်းများစွာကြာအောင် အုပ်ချုပ်မင်းမူခဲ့သည်မှာ ကြာမြင့်လှပါပြီ။ ထိုကဲ့သို့ ရှည်ကြာလှသော အချိန်ကာလအတွင်းတွင် ယခုအချိန်သည် အကြာကြီးနေမှ ပထမဦးဆုံးအကြိမ်အဖြစ် အခြိမ်းခြောက်ခြင်းခံရခြင်းပင်ဖြစ်ပါသည်။

ထို့အပြင် သူ့အား ခြိမ်းခြောက်နေသူမှာ ပြန်လည်မွေးဖွားခြင်းအဆင့်တွင်ရှိသော ငချွတ်လေးတစ်ဦးသာ မဟုတ်ပါ့လား။ တကယ်ကို အူလှိုက်သဲလှိုက် ရယ်မောချင်စရာပင်။

“ အဲ့တာဆိုလို့ရှိရင်လဲ ငါ့ကို နောင်တရအောင် မင်းဘယ်လိုလုပ်မလဲဆိုတာ ငါ သိပ်သိချင်တာပေါ့။ လာစမ်း”

မူကျန်းက စကားပြောပြီးလိုက်သည့်အခါတွင် သူ၏လက်ကို ဆန့်တန်းကာ လီဟမ်ရှန်းကို လှမ်းဖမ်းဆုပ်လိုက်ပါသည်။

ချက်ချင်းပင်လျှင် လီဟမ်ရှန်းက သူ၏ပတ်ပတ်လည်တွင်ရှိသောလေထုမှာ ပြောင်းလဲသွားသည်ကို ခံစားရပါ၏။ သူက ခန္ဓာကိုယ်တစ်ခုလုံး ပင်လယ်ပြင်ထဲသို့ နစ်မြုပ်သွားသည့်အလားပင်ဖြစ်ပါသည်။

သူ၏ပတ်ပတ်လည်တွင် ရေလှိုင်းသံများကိုပင် သူက ကြားလိုက်ရပါ၏။ ပတ်ဝန်းကျင်လေထုမှာ မြူခိုးများဖြင့် ဖုံးလွှမ်းသွားခဲ့ပါ၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မူကျန်းရှိရာသို့ ရုတ်တရတ် ပျံသန်းသွားခဲ့ပါသည်။ သူ့ခန္ဓာကိုယ်ကို သူကလုံးဝ ထိန်းချုပ်၍မရပါချေ။ သူ့ပုံစံမှာ လှိုင်းပုတ်ခံရသောကြောင့် လှိုင်းများကြားတွင် လွင့်ပါသွားသည့်အလားပင် ဖြစ်ပါ၏။

“ ရေနိယာမကို သုံးလိုက်တာပဲ” မြောက်ပိုင်းအေးခဲနိုင်ငံတော်မှ လွှတ်ထားသော လူအိုကြီးနှစ်ဦးက ထိတ်လန့်သွားပြီးနောက် အချိန်မရွေး ဝင်ရောက်တားမြစ်နိုင်ရန်အတွက် ပြင်ဆင်လိုက်ပါသည်။ လီဟမ်ရှန်းမှာ မူကျန်းနဲ့ နီးကပ်လာပါ၏။

သို့သော် သူ၏ပုံရိပ်မှာ လုံးဝမကြောက်လန့်ပဲ ပျာယီးပျာယာ ဖြစ်မနေပါ။ သူက အသက်ပြင်းပြင်းရှူလိုက်ပါသည်။ နေလအင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်က ရုတ်တရတ်ထွက်ပေါ်လာခဲ့၏။

နေနဲ့လနှစ်ခုကြားတွင်ရှိသော ပုံရိပ်လေးကလည်း ဖြေးညင်းစွာဖြင့် သူ၏မျက်လုံးများကို ဖွင့်လိုက်ပါသည်။ နေနဲ့လတို့၏ နတ်ဘုရားအလင်းတန်းမှာ မျက်စိကြိမ်းလောက်မတတ်ပင် တောက်ပလာခဲ့ပါ၏။ ထိုအလင်းတန်းများမှာ စုစည်းသွားပြီးနောက်တွင် သွေးမျိုးဆက်ပုံရိပ်လေး၏ မျက်ခုံးနှစ်ခုကြားသို့ရောက်သွားခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် လီဟမ်ရှန်းကလည်း သူ၏ပါးစပ်ကို ဖွင့်လိုက်ပြီး ပါးစပ်အတွင်းမှ မီးတောက်များကို မှုတ်ထုတ်လိုက်ပါ၏။ ထိုမီးတောက်များမှာ ယင်နဲ့ယန်ပေါင်းစပ်ထားသော မီးတောက်များဖြစ်ပါသည်။ သူ၏ ပါးစပ်မှ မီးတောက်များထွက်ပေါ်သွားသည့်အခါတွင် လေဟာနယ်ကိုပင် ပိုင်းဖြတ်သွားခဲ့ပါ၏။

“နေနဲ့လရဲ့  အစစ်အမှန်မီးတောက်”

လီဟမ်ရှန်းက ထိုစကားလုံးများကို ဖြေးညင်းစွာဖြင့် ရေရွတ်လိုက်ပါ၏။ ထိုနေလအစစ်အမှန်မီးတောက်သည် သူ၏နတ်ခန္ဓာကိုယ်က အဆင့်တစ်ဆင့် ခုန်တက်သွားသည့်အခါတွင် ဖြေးညင်းစွာဖြင့် စုစည်းထားသောမီးတောက်များပင်ဖြစ်ပါသည်။

ထိုနေလအစစ်အမှန်မီးတောက်မှာ လွန်စွာကြောက်မက်ဖွယ်ကောင်းပါ၏။ နေလအင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်က အဆင့်တစ်ဆင့် ချိုးဖြတ်သွားပါက ခန္ဓာကိုယ်အတွင်း၌ နေလအစစ်အမှန်မီးတောက်များကို စုစည်းထား၍ရပါသည်။

သို့သော် ထိုမီးတောက်ကို ဘယ်လိုမှ ထိန်းချုပ်၍မရပါ။ ထိုမီးတောက်မှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသောမီးတောက်ဖြစ်ပြီး အသုံးပြုလိုက်ပါက အသုံးပြုသူရော အသုံးပြုခံရသူပါ နှစ်ဖက်စလုံးကို အန္တရာယ်ပေးစေသော နှစ်ဖက်သွားဓားပင်ဖြစ်ပါသည်။

မီးတောက်ကို အသုံးပြုလိုက်ပါက အသုံးပြုသူမှာ မိမိ၏ အသားအရေနှင့် အရိုးများကို ပြာဖြစ်အောင် လောင်ကျွမ်းခံရမည်ဖြစ်ပါသည်။

ဒါပေမဲ့ လီဟမ်ရှန်းက မကြောက်ရွံ့ပါ။ သူက ဖီးနစ်အရိုးမှတစ်ဆင့် ပြန်လည်၍မွေးဖွားလာခဲ့သူဖြစ်၏။ နေလအင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်၏ နေလအစစ်အမှန်မီးတောက်က အမှန်တကယ်ပင် ကြောက်ဖို့ကောင်းပါ၏။ ဒါပေမဲ့ သူပိုင်ဆိုင်ထားသော ဖီးနစ်အရိုးကလည်း အထင်သေး၍မရပါချေ။ ထိုစွမ်းအားကို အသုံးပြုသည့်တိုင် လီဟမ်ရှန်း၏ ခန္ဓာကိုယ်ကို သေလုနီးပါးမဖြစ်အောင်ထိတော့ ကာကွယ်ပေးနိုင်ပါ၏။

ထိုအရာကြောင့်သာ လီဟမ်ရှန်း၏ အမှန်တကယ် ယုံကြည်မှု ရှိနေခြင်းပင်ဖြစ်ပါသည်။ နေလအစစ်အမှန်မီးတောက် စပေါ်လာသည့်အခါတွင် မူကျန်း၏ တည်ငြိမ်နေသောမျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပါ၏။

All Chapters