← Chapters

အခန်း (၃၂၅)

Vol. 28 Ch. 325

အခန်း (၃၂၅)

Vol. 28 Ch. 325

ချက်ချင်းပင်လျင် ထိုမီးတောက်မှ ကြောက်မက်ဖွယ်ကောင်းမှုကို မူကျန်းက စတင်၍ ခံစားခဲ့ရပါသည်။  လွန်စွာကြောက်မက်ဖွယ်ကောင်းသောကြောင့် သူ၏ဝိဉာဉ်ပင်လျှင် တုန်လှုပ်သွားခဲ့ပါတော့၏။

ထိုကဲ့သို့သော စွမ်းအားကြီးမားပြီး အဖျက်စွမ်းအား ပြင်းထန်သည့် မီးတောက်ကို လီဟမ်ရှန်းက ဘယ်လိုပိုင်ဆိုင်ထားလဲဆိုတာကိုမသိပါ။ သူသိသည်က ယခုအခြေနေမှ လွတ်မြောက်အောင် ဘယ်လိုမျိုး ကြိုးစားပြီးတော့ ဆောင်ရွက်ရမလဲဆိုတာကိုပင်ဖြစ်ပါသည်။

သူ၏မူလအဆင့်အထွတ်အထိပ် စွမ်းအားများက လီဟမ်ရှန်း၏ နေလအစစ်အမှန်မီးတောက်၏ ဝါးမြိုခြင်းကို ခံလိုက်ရပါ၏။ ယင်ယန်တူတူပေါင်းစည်းထားသည့် မီးတောက်က ဒေါသထွက်နေသော မြွေတစ်ကောင်လိုမျိုး အရှေ့သို့ တိုးဝှေ့လာခဲ့ပါ၏။

ထိုမီးတောက်က မူကျန်း ကို ဝါးမြိုချင်နေသည့်အလားပင် ဖြစ်နေပါသည်။ ထိုကဲ့သို့သော သေရေးရှင်ရေးအခြေအနေ၌ မူကျန်း၏ ဝတ်ရုံလက် ထဲမှ ပန်းချီကားတစ်ချပ်ထွက်လာပါသည်။ ထိုပန်းချီကားက နတ်ဘုရားအလင်းတန်းများနှင့် ဖုံးလွှမ်းနေပြီး စတင်၍ ထွက် ပေါ်လာသည်နှင့် လွန်စွာကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားတစ်ရပ် မှာ ထွက်ပေါ်လာခဲ့၏။

ထိုစုပ်ယူအားက လီဟမ်ရှန်း၏နေလအစစ်အမှန်မီးတောက်အား စုပ်ယူရန်ကြိုးပမ်းခဲ့ပါ၏။

“ပန်းချီရတနာ တဲ့လား” မူကျန်းက ပန်းချီရတနာတစ်ခုပိုင်ဆိုင်မည်ဟု လီဟမ်ရှန်းက မထင်ထားခဲ့မိပါ။ ထိုပန်းချီရတနာက မီးတောက်ကို မစုပ်ယူနိုင်ခင်မှာပင် အသံတစ်ခုမြည်လာပြီး ချက်ချင်းပင်လျှင် ပျက်စီးကာ အလောင်ကျွမ်းခံလိုက်ရပါ၏။

လောင်ကျွမ်းမှုမှာ ပန်းချီကားချပ်ကိုပင်ရောက်လာပြီး ပန်းချီကားချပ်ကိုပါ ပြာဖြစ်အောင်လောင်သွားပါ၏။ ပန်းချီကားချပ်မှတစ်ဆင့် မူကျန်းကိုပါ တစ်ပါတည်းဖုံးလွှမ်းပြီးတော့ ဝါးမြိုသွားခဲ့ပါ၏။မီးတောက်မှာ ပန်းချီကားချပ်ကို လောင်ကျွမ်းရာမှာ မူကျန်းကို ပါအစအန ရှာမရအောင် လောင်ကျွမ်းခဲ့ပါသည်။ မူကျန်းမှာ အော်ပင် မအော်ဟစ်နိုင်ဘဲ သူ၏ခန္ဓာကိုယ်မှာ နေလအစစ်အမှန်မီးတောက်ကြောင့် ပြာဘဝသို့ ချက်ချင်းရောက်သွားခဲ့ပါသည်။

ထိုဖြစ်ရပ်မှာ မျက်တောင်တစ်ခတ်အတွင်းမှာ ဖြစ်သွားခဲ့ပါ၏။ လူတိုင်းက ဘာဖြစ်မှန်း အသေချာနေသေးသည့်အခြေအနေမှာ ပင် မူကျန်းက ပြာဘဝသို့ ရောက်သွားခဲ့ပြီ ဖြစ်ပါသည်။

မြင်လိုက်ရသော လူတိုင်းမှာ ဆွံ့အနေခဲ့ပြီဖြစ်၏။ အထူးသဖြင့် မူအိမ်တော်၏ လူများပင် ဖြစ်ပါသည်။ ထိုမြင်ကွင်းကို မူစန်းနှင့် မူဟုန်ရွှယ်မှာ ဗလာဖြစ်နေသော အကြည့်များနှင့် သာ ကြည့်နေခဲ့ကြပါ၏။ သူတို့၏မျက်လုံးများကို သူတို့မယုံကြည်နိုင်ခဲ့ပါ။

“ မူကျန်းက တစ်ကယ်သေပြီလား” မြောက်ပိုင်း အေးခဲနိုင်ငံမှ အပြာရောင်ဝတ်စုံနှင့် အကြီးအကဲက ထိတ်လန့်သွားခဲ့ပါ၏။ အဝေးကပင်လျှင် လီဟမ်ရှန်းပါးစပ်မှ ထွက်ပေါ်လာသည့်မီးတောက်မှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသည်ကို ခံစားလိုက်ရပါ၏။

“ဒါကြီးက ဘာကြီးလဲ။ ပြီးတော့ လီဟမ်ရှန်းခန္ဓာကိုယ်နောက်ကထွက်လာတဲ့ နတ်ခန္ဓာကြီးက ဘာကြီးတုန်း”

ပြန်လည်မွေးဖွားခြင်းအဆင့်အထွက်အထိပ်က မူလအဆင့် အထွက်အထိပ်ကို အဲလိုလွယ်လွယ်လေးသတ်ပစ်လိုက်တာတဲ့လား။ အဲဒီမီးတောက်က သူတို့ကို လာတိုက်ခိုက်မယ်ဆိုရင်ရော သူတို့ကရောပြန်ပြီးတိုက်ခိုက်နိုင်ပါ့မလား။ ပြန်တိုက်ခိုက်တာထက် အသက်ရှင်ရော လွတ်အောင်ရော ထွက်ပြေးနိုင်ပါ့မလား။

ဒီလောက်ကြောက်ဖို့ကောင်းတဲ့လူက သူတို့ရဲ့အကာအကွယ်ကို ရော လိုအပ်သေးတာမို့လို့လား။

ဧကရာဇ်မင်းက သူတို့နှစ်ဦးကို ပျော်ပွဲစားထွက်ဖို့ လွှတ်လိုက်တာပဲဖြစ်ရမယ်။

“ကျုပ်မူစန်းကို ခေါ်သွားတော့မယ်။ တားချင်တဲ့သူဘယ်သူရှိသေးလဲ” လီဟမ်ရှန်းက လူများအားလုံးကို ဝေ့ကြည့်လိုက်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်ပါသည်။ အခုအချိန်တွင်တော့ မည်သူကမှ အသံတစ်သံမှ မထွက်ရဲပါ။

မူကျန်းတောင်သေသွားပြီဆိုမှတော့ သူတို့က ဘာပြောနိုင်မှာလဲ။ စကားပြောပြီး တားမြစ်လိုက်တာနဲ့ သူတို့က ကိုယ့်သေတွင်းကို တူးမိသလိုဖြစ်သွားမှာပေါ့။

စစ်ဆေးရေးမှူး ရုံးတော်မှ လူများက တံတွေးများကို မြိုချပြီး သူတို့၏ စစ်ဆေးရေးမှူးကြီးကို ထိတ်လန့်နေသော မျက်နှာဖြင့် ကြည့်လိုက် ပါ၏။

သူတို့၏စစ်ဆေးရေးမှူးကြီးက အမြဲတမ်း အဲလိုပဲ ကြမ်းတမ်းနေတာများလား။ သူတို့တွေးခဲ့သည်မှာ ယနေ့တွင်တော့ သွေးသံရဲရဲ တိုက်ခိုက်ရမည်ဖြစ်ပြီး သူတို့က တိုက်ပွဲတွင် သေဆုံးရန်အတွက်ပင် စိတ်ကိုပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့က တိုက်ပွဲ မတိုက်ခင်မှာ ပင် ဗိုက်ပြည့်အောင်အသဲအသန် စားသောက်နေခြင်းဖြစ်ပါသည်။

သူတို့က သေဆုံးရမည်ဆိုလျှင်တောင် အစာအိမ်ထဲတွင် အစားအသောက်များ ပြည့်နှက်ပြီးတော့သာ သေဆုံးချင်ကြပါ၏။ ဒါပေမဲ့ ရလဒ်က သူတို့ လုံးဝ မထင်ထားတဲ့ ရလဒ် ဖြစ်နေခဲ့သည်။

“မူကျန်း” မြွေဖြူလမ်းကြောင်း၏ အာဏာရှင်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်က သူတို့၏စစ်ဆေးရေးမှူးကြီး လက်ထဲတွင် ကြက်ကလေးတစ်ကောင်ကဲ့သို့ သေဆုံးသွားခဲ့သည်မဟုတ်ပါလား။

ထိုအဖြစ်အပျက်ကို မြင်သော အခါ မူအိမ်တော်မှ လူများက ဓါးများကို ဓါးအိမ်ထဲ  ပြန်ထည့်ပြီး ဖြေးညှင်းစွာဖြင့် လမ်းဖွင့်ပေးလိုက်ပါ၏။ သူတို့ ၏မျက်လုံး အကြည့်များထဲတွင် ကြောက်ရွံ့နေသော အမူများနှင့် ပြည့်နေပါသည်။

ဘယ်လိုလုပ်ပြီးဖြစ် နိုင်မှာလဲ။ သူတို့ရဲ့ မူအိမ်တော် ၏သခင်ကြီး တုနှိုင်းမဲ့ ပုဂ္ဂိုလ်ကြီးက ဒီလိုမျိုးပဲ သေသွားရတာလား။

“ လာကြစမ်း။ မူစန်းကို ကြိုးတုပ် လိုက်” လီဟမ်ရှန်းက အော်ဟစ်လိုက်၏။

“အမိန့်အတိုင်းပါ” စစ်ဆေးရေးမှူးရုံး၏အစောင့်များက ယခုအချိန်တွင်တော့ စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်နေပါသည်။ လင်းချီကျိုးက ဦးဆောင်လိုက်ပြီးတော့ မူစန်း၏အနားသို့ ကပ်လိုက်ပြီး မူစန်းကို ကြိုးဖြင့် တုပ်နှောင်ကာ သံကြိုးများဖြင့် လက်ထိပ်ခတ်လိုက်ပါသည်။

မူစန်းမှာ ယခုအချိန်ထိ လက်ရှိပစ္စုပ္ပန်ကာလကို မရောက်သေးပါ။ သူက ပြူးကျယ်နေသော မျက်ဝန်းများဖြင့် ‘မဖြစ်နိုင်ဘူး’ဟူသော စကားကိုသာ အထပ်ထပ်အခါခါ ရွတ်နေခဲ့ပါ၏။

မူဟုန်ရွယ်မှာ ဖြေးညှင်းစွာဖြင့် မတ်တပ်ရပ်လိုက်ပါသည်။သူမ ၏တစ်ကိုယ်လုံးမှာလည်း ဖြူဖတ်ဖြူရော်ဖြစ်နေပြီး မူစန်းကို ဖမ်းစီးချုပ်နှောင်နေသည်ကို တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့ပါ၏။ သူမက စကားတစ်ခွန်းမျှမထွက်ရဲပါ။ မူအိမ်တော်၏ နောက်ခံကျောရိုးကြီးက သွားပြီ မဟုတ်လား။ သူမကရော ဘာတတ်နိုင်မှာလဲ။

“ ဟွာမိသားစုက ကျန်တဲ့လူတွေကို ဘာမှလုပ်နဲ့။ ငါတို့ ဟွာရှန်းကောကို ဖမ်းရုံပဲ လုံလောက်ပြီ” လီဟမ်ရှန်းက ဟွာရှန်းကောကို ကြည့်ကာပြောလိုက်ပါသည်။ ဟွာရှန်းကော၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပါသည်။ သူက တောင့်ခံလိုသော်လည်း မူကျန်း၏ ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုကို မြင်ပြီးနောက်တွင် လီဟမ်ရှန်း၏စူးစိုက်နေသော အကြည့်ကို ခံစားရပြီးနောက်သူက အသံတစ်သံမှ မထွက်ရဲပါ။

ထို့ကြောင့် ဝူစန်းထောင်က သူ့အားဖမ်းချုပ်နေသည်ကို တိတ်တဆိတ် ခွင့်ပြုလိုက်ရပါတော့၏။

“သွားကြရအောင်” လီဟမ်ရှန်းက ဟွာကျင်း၏နံဘေးမှ ဖြတ်သွားပါ၏။ ထို့နောက်တွင် တစ်ခဏ ရပ်ပြီးပြောလိုက်ပါသည်။

“ဟွာမိသားစုက ဒီနေ့ဖြစ်ရပ်ကို မကျေနပ်ဘူးဆိုရင် ငါတို့စစ်ဆေးရေးမှူးရုံးတော်ကို အချိန်မရွေး လာပြီးတော့ ပြဿနာလာရှင်းလို့ရတယ်။ မင်းတို့ဟွာမိသားစုက ဘိုးဘေးကြီးက တံခါးပိတ်ကျင့်ကြံတာထွက်လာတယ်ဆိုပြီးတော့ ဒီကိစ္စ ဒီနေ့ လုပ်ရပ်ကို မကျေနပ်ဘူးဆိုလို့ရှိရင် ငါ့ကိုလာရှာဖို့ပြောလိုက်။ သူ့မှာ သတ္တိရှိတယ်ဆိုရင်တော့ လာမှာပေါ့”

ထိုစကားကိုကြားသောအခါ ဟွာချင်းမှာ ကြောက်ရွံ့သောကြောင့် ဘာစကားမှ ပြန်မပြောရဲပါချေ။ လီဟမ်ရှန်းက စစ်ဆေးရေးမှူးရုံးတော်မှ လူများကို ဦးဆောင်သွားပြီးနောက်တွင် သူက တစ်ခဏ ရပ်လိုက်ပါ၏။

မူအိမ်တော်က လူများက နှလုံးတစ်ချက်ခုန်သွားပါသည်။ လီဟမ်ရှန်းကနောက်ထပ်ဘာဆက်လုပ်မလဲဆိုတာကို သိချင်သွားပါ၏။ လီဟမ်ရှန်းကနောက်သို့လှည့်ပြီးနောက်တွင် မူဟုန်ရွယ်အားစိုက်ကြည့်လိုက်ပါ၏။ ထို့နောက်မှပြုံးလိုက်ပြီး

“မူဟုန်ရွယ် အခုကစပြီး မင်းက ဒီအိမ်တော်ရဲ့ ခေါင်းဆောင်ဖြစ်သွားပြီးဆိုတော့ မင်းနဲ့ငါ စကားပြောလို့ရမလား”

“ရှင်ဘာလိုချင် လို့လဲ” မူဟုန်ရွယ် ကနှုတ်ခမ်းကိုကိုက်ကာ လီဟမ်ရှန်းအား စိုက်ကြည့်လျက် မေးလိုက်ပါ၏။

“ဘာမှတော့ မဟုတ်ပါဘူး။ မင်းတို့ရဲ့မိသားစု စားသောက်ပွဲက ဆက်ပြီးတော့ ကျင်းပလို့မရတော့ဘူးမဟုတ်ဘူးလား။ အဲဒီတော့ အစားအသောက်တွေ အများကြီးကျန်သေးတယ်။ အဲတော့ ကျန်သေးတဲ့အစားအသောက်တွေ လွှင့်ပစ်လိုက်တယ်ဆိုရင် နှမြောစရာကြီးဖြစ်မှာလေ”

“ လာကြစမ်း။ အစားအသောက်တွေကို တစ်ခါတည်း ထုပ်ပိုးပြီးတော့ စစ်ဆေးရေးမှူး အိမ်တော်ကို ပြန်ယူသွားမယ်”

လီဟမ်ရှန်းကအမိန့်ပေးလိုက်ပါ၏။ လူတိုင်းမှာ တိတ်ဆိတ်သွားပြီး တစ်ခွန်းမျှ ဝင်မပြောရဲပါ။ မူဟုန်ရွယ် မှာ ဒေါသထွက်လွန်းသောကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့ပါ၏။

လီဟမ်ရှန်းက မူအိမ်တော်ကို ပြောင်ပြောင်တင်းတင်းပင် အရှက်ခွဲနေသည်ကို ဘာမှ မလုပ်နိုင်ပဲနဲ့ရပ်ကြည့်နေရပါ၏။ သူမတွင် လုပ်ဆောင်နိုင်သော စွမ်းဆောင်ရည်မရှိပါ။ အစားအသောက်တွေ အကုန်လုံးယူသွားတဲ့အပြင်မှ အိမ်ကြီးရှင်တွေအကုန်လုံးကိုလည်း ဖမ်းသွားသေးတယ်။

အဲဒါအပြင်ကိုမှ အခမ်းအနားကို လာပြီးတော့ တစ်ဖြဲနှစ်ဖြဲစားသွားသေးတယ်။ လွန်လွန်းအားကြီးတယ်။

“လူကြီးမင်းတို့ မှောင်နေပြီနော် ။ အိမ်ပြန်ဖို့အချိန်ရောက်ပြီ။ လမ်းမထဲမှာလျှောက်ပြီးတော့ လမ်းသလားမယ် မကြံနဲ့” လီဟမ်ရှန်း က ကျန်သော ဧည့်သည်များကို ထိုစကားတစ်ခွန်း ပြောပြီးနောက်တွင် စစ်ဆေးရေးမှူးရုံးတော်မှ လူများကို ခေါ်ဆောင်ပြီး ထွက်သွားခဲ့ပါသည်။

လီဟမ်ရှန်းနှင့် အဖွဲ့က ထွက်သွားပြီး အဝေးသို့ရောက်သွာမှသာ မူအိမ်တော်ရှိလူများမှာ အသက်ရှုရန်အတွက် သတိရသွားခဲ့ပါ၏။ သူတို့က အသက်ရှုရန်ကိုပဲကြောက်ရွံ့သောကြောင့် အသက်အောင့် ထားသည်မှာ တော်တော်ကြာမြှင့်နေခဲ့ပါသည်။

ယနေ့တွင် လီဟမ်ရှန်း၏လုပ်ဆောင်ချက်မှာ သူတို့ထင်မြင်ထားသည်နှင့် တစ်ခြားစီဖြစ်ခဲ့ပါ၏။ မူဟုန်ရွယ်မှာ မြေပြင်ပေါ်သို့ပစ်လဲကျသွားပါ၏။ သူမ၏ အမူအရာမှာ ဗလာဟင်းလင်း ဖြစ်နေပါသည်။ မူအိမ်တော်က လုံးဝကို ပြီးဆုံးသွားပြီလေ။

“ဟုန်ရွယ်” ထိုအခိုက်မှာပင် မာဟန်းထောင်က အကြာကြီး တိတ်ဆိတ်နေပြီးမှ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပါ၏။ သူက ထိုအရာများ အားလုံးကို မြင်သော်လည်း ဘာတစ်ခွန်းမျှဝင်ရောက်နှောက်ယှက်ခြင်း မပြုပါ။ ယခုလိုမျိုး မူအိမ်တော်က လွယ်လွယ်နဲ့ ပြိုကွဲသွားမည်ဟု သူက မထင်ထားခဲ့ပေ။ သူ၏ခေါ်သံကို မူဟုန်ရွယ်က မတုန့်ပြန်ပါချေ။

“နင်ကမူစန်းကိုကယ်ချင်တယ် ဆိုလို့ရှိရင် မူအိမ်တော်ကို ကယ်ချင်တယ်ဆိုလို့ရှိရင်တော့ နည်းလမ်းတစ်လမ်းပဲရှိတယ်” မာဟန်းထောင်က လွန်စွာ လေးနက်စွာပြောလိုက်ပါ၏။

မူဟုန်ရွယ်က မာဟန်းထောင်ကို တစ်ချက်စိုက်ကြည့်လိုက်ပါသည်။ ထိုသူပြောသောစကားကို သူမနားလည် ပါသည်။ သူတို့ကသာ တစ်ခုခုပြန်မလုပ်ဘူးဆိုလို့ရှိရင် မူအိမ်တော်က သမိုင်း ထဲတွင် လုံးဝ ပျောက်ကွယ်သွားမည်ဖြစ်၏။

လီဟမ်ရှန်းက စစ်ဆေးရေးမှူးရုံးတော်သို့ သူ့လူများနှင့်အတူ ပြန်ရောက် ခဲ့ပါသည်။ မူစန်းနှင့် ဟွာရှန်းကောကို အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ပြီးနောက်တွင် သူ၏ ခြံဝန်းထဲသို့ ပြန်ဝင်လာခဲ့ပါသည်။

“ချလွမ်..”

သူက ခြံဝန်းထဲသို့ရောက်သည်နှင့် လီဟမ်ရှန်းက မြေပြင်ပေါ်သို့ ပစ်လဲကျသွားပါ၏။ နောက်တစ်ခဏတွင် သူ့တစ်ကိုယ်လုံးမှ ချွေးသီး ချွေးပေါက်များကျလာပါ၏။

သူ၏အမူအရာမှာ ခုနတုန်းကလို အေးအေးဆေးဆေး အမူအရာမဟုတ်တော့ပါ။ လွန်စွာမှပင် ရုပ်ဆိုးနေပြီ ဖြစ်၏။

“ယောင်္ကျား” လုရှီရန်က ထိုအသံများကို ကြားသောအခါ တစ်ဟုန်ထိုးပြေးထွက်လာခဲ့ပါ၏။ လီဟမ်ရှန်းက မြေပြင်ပေါ်တွင် ပစ်လဲနေပြီး တဆတ်ဆတ် တုန်ရီနေသောကြောင့် သူမက အနားသို့ အလျင်အမြန်တို့ကပ်သွားခဲ့ပါသည်။ လီဟမ်ရှန်း၏အခြေအနေကို မြင်သောအခါ လုရှီရန်က မျက်မှောင်ကြုံ့ပြီး ပြောလိုက်ပါ၏။

“ နတ်ခန္ဓာကိုယ်ကို အလွန်အကျွံသုံစွဲလိုက်လို့ရှိရင် ပြန်ပြီးခံရတာက အရမ်းဆိုးလွန်းတယ်”

“ ငါအဆင်ပြေတယ်။ ငါခဏပဲ နားဖို့လိုတာ” လီဟမ်ရှန်းက အံတင်းတင်းကြိတ်ကာပြောလိုက်ပါသည်။

နေလအစစ်အမှန်မီးတောက်မှာ သူ၏ ဖီးနစ်ငှက် အရိုးက တောင့်ခံခဲ့ သော်လည်း သူက ဘာထိခိုက်မှုမှ မရတာမဟုတ် ခဲ့ပါချေ။ သူ့ခန္ဓာကိုယ်မှာရှိသော ဆဲလ်တိုင်းလိုလိုကပင် နာကျင်ကြောင့်အော်ဟစ်နေသည်ကို လီဟမ်ရှန်းက ခံစားရပါ၏။

မူကျန်းမသေမှာကို စိုးရိမ်သောကြောင့် လီဟမ်ရှန်းက သူစုဆောင်းထားသော နေလအစစ်အမှန်မီးတောက်များအားလုံးကို အကုန် ထုတ်သုံးခဲ့ပါသည်။ ထို့ကြောင့် သူပြန်လည် ခံစားရသော တုန့်ပြန်မှုမှာ သာမန်ထက် ဆယ်ဆခန့် ပိုဆိုးနေခဲ့ပါ၏။  

လုရှီရန်မှာလည်း နတ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသော အမျိုးသမီးဖြစ်သောကြောင့် လီဟမ်ရှန်း၏နတ်ခန္ဓာ၏စွမ်းအား အလွန်အကျွံ့သုံးစွဲမှုကြောင့် ပြန်လည်ခံစားရမှုကို ကောင်းမွန်စွာနားလည်ပါသည်။

သူက လီဟမ်ရှန်းအား အိမ်ထဲသို့ တွဲခေါ်သွားပြီး အိပ်ရာပေါ် ၌လဲလျောင်းခိုင်းလိုက်ပါသည်။ လီဟမ်ရှန်းတစ်ကိုယ်လုံးမှာ နာကျင်မှုကြောင့် ချွေးသီးချွေးပေါက်များကျနေသည်ကို မြင်သောကြောင့် လုရှီရန်၏နှလုံးသားမှာ နာကျင်နေခဲ့ရပါ၏။

တစ္ဆေနတ်ဆိုးစပ်းသပ်မှုတွင်လည်း လီဟမ်ရှန်းက သူမကို  ကျောပေါ်တွင် တင်ကာ တစ္ဆေ ပင်လယ်ကြီးများမှ ဖြတ်ကျော်ပြီး လွတ်မြောက်ရာလမ်းကို အတင်းအကျပ်ဖောက်ထွက်ခဲ့ရသည်မဟုတ်ပါလား။

ထိုအချိန်တုန်းကလည်း ပြန်လည် မခုခံနိုင်ပဲ တစ္ဆေမျိုးနွယ်တိုက်ခိုက်သမျှကို သူ၏ ခန္ဓာကိုယ်နှင့်ရင်းပြီးတော့ ခံခဲ့ရပါ၏။ ထို့ကြောင့် လီဟမ်ရှန်းခံစားရသောနာကျင်မှုများကို သူမက ခန့်မှန်း၍ မရနိုင်တော့လောက်အောင်ဖြစ်နေခဲ့ပါ၏။

All Chapters