အခန်း (၃၂၇)
Vol. 28 Ch. 327
မြို့တံခါးအပြင်ဘက်တွင်အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသောအမျိုးသမီးလေးက လေထုထဲတွင် မတ်တပ်ရပ်နေပြီး သူမ၏မျက်ဝန်းများကပိတ်နေခဲ့ပါသည်။ သူမက တစ်စုံတစ်ခုကို အာရုံခံနေသည့် ပုံစံရှိပါ၏။
မြို့တံတိုင်းပေါ်တွင်တော့ အစောင့်များစွာက သူမအားစူးရှစွာ စိုက်ကြည့်နေကြပါသည်။ မြောက်မြားစွာသော ဒူးလေးကြီးများကလည်း သူမထံသို့ ချိန်ရွယ်ထားခဲ့ပါသည်။ ထိုဒူးလေးအကြီးစားများမှာ သာမန်ဒူးလေးကြီးများမဟုတ်ပါ။
၎င်းတို့ကို လွန်စွာထူးခြားသော သတ္တုများဖြင့် ထုလုပ်ထားသော ဒူးလေးကြီးများဖြစ်ပါ၏။ ဒူးလေးတွင်တပ်ဆင်ထားသော မြှားများကလဲ ဆန်းကြယ်ပြီး ထူးခြားသည့်သတ္တုများဖြင့် ထုလုပ်ထားသော မြှားများဖြစ်ပါသည်။ ၎င်းတို့၏ စွမ်းအားများမှာ လွန်စွာမှကိုဆန်းကြယ်ကာ အံ့ဩသင့်ဖွယ်ကောင်းလွန်းပါ၏။ မြှားတစ်ချောင်းက မူလအဆင့်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်စွမ်းရှိပါသည်။
မြှားသုံးချောင်းဆက်တိုက်ပစ်လျှင် မူလအဆင့်အထွတ်အထိပ်၏ အကာအကွယ်ကိုချိုးဖောက်နိုင်စွမ်းရှိပါသည်။ မြို့တံတိုင်းပေါ်တွင်ရှိသော ဒူးလေး ၃၆ခုလုံးက ဆက်တိုက်သာပစ်ခတ်လိုက်ပါက အဆင့်မြင့်ဆရာသခင်တစ်ဦးလျှင်ပင် အသက်မသေဆုံးရန်အတွက် အကြီးအကျယ်ရှောင်ရှားရမည်ဖြစ်ပါသည်။
ထို့အပြင် ထိပ်တိုက်ရင်ဆိုင်နိုင်မည့် အခြေအနေလည်း မရှိပါချေ။ စစ်သူကြီး ထိုအခိုက်တွင် ငွေရောင်ချပ်ဝတ်ကို ဝတ်ထားသော လူငယ်လေးတစ်ဦးက မြို့တံတိုင်းပေါ်သို့ တက်လာခဲ့ပါသည်။ လူတိုင်းက ချက်ချင်းပင်လျှင် အရိုအသေပေးလိုက်ပါ၏။ ထိုလူငယ်လေး၏ တည်ငြိမ်သောအကြည့်မှာ အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးလေးထံသို့ကျရောက်သွားခဲ့ပါ၏။
သူမျက်မှောင်တင်းတင်းကြုံ့လိုက်ပါ၏။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးလေးထံမှ မည်သည့်အရှိန်အဝါကိုမှ သူမခံစားရသောကြောင့်ဖြစ်ပါသည်။ ဒီလူက အရမ်းကို အန္တရာယ်များလွန်းတယ်။
“ဗုံး” ထိုအချိန်မှာပင် သူတို့၏အနောက်ဘက်တွင်ရှိသော သင်္ဘောကြီးက ကောင်းကင်ထက်သို့ရောက်ရှိလာခဲ့ပါသည်။ သင်္ဘောကုန်းပတ်ပေါ်တွင်ရှိနေသောလူတိုင်းက ဤအဖြစ်အပျက်ကို မြင်သွားခဲ့ကြပါ၏။
“ အဲ့တာက ဘယ်သူလဲ”
မီးခိုးရောင် ဝတ်ဆင်ထားသော တပည့်လေးက အနီရောင်ဝတ်စုံ ဝတ်ထားသောအမျိုးသမီးလေးကိုကြည့်ရင်း အိပ်မက်မက်နေသည့်လေသံနဲ့မေးလိုက်ပါသည်။
“ငါလည်းမသိဘူး”
သူ့အနောက်တွင်ရှိသော အကြီးအကဲကလည်း ဦးခေါင်းကို ခါယမ်းလိုက်ပါ၏။ သူတို့ရှေ့တွင်ဖြစ်ပျက်နေသော အဖြစ်အပျက်ကို ထိုအကြီးအကဲက နားမလည်နိုင်အောင်ဖြစ်နေသည့် မျက်နှာအမူအရာနဲ့ ရှိပါသည်။
“မြို့တံတိုင်းရှေ့မှာ ရပ်နေတဲ့လူ ဘယ်သူလဲဆိုတာကိုပြောစမ်း။ မဟုတ်လို့ရှိရင် ချက်ချင်းပဲအသတ်ခံရမယ်”
မြို့စောင့်စစ်သည်တို့၏ စစ်သူကြီးက ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ပါသည်။ သူ၏စွမ်းအားမှာ ကြီးကျယ်ခမ်းနားလှသောကြောင့် သူ့အသံမှာလဲ ကောင်းကင်ထက်ရှိတိမ်များအထိကိုပင် ပဲ့တင်သံရိုက်ခတ်သွားခဲ့ပါ၏။
တိမ်များမှာ သူ့အသံကြောင့် တစ်စစီလွင့်ပါးသွားလောက်အောင်ပင် ဖြစ်သွားခဲ့ပါသည်။ သို့သော် နှစ်စက္ကန့်ကြာပြီးသည်အထိ အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးလေးက စကားမပြောသေးပါ။
သူမက မျက်လုံးမှိတ်ထားပြီး အိပ်ပျော်နေသည့်အလားပင်ရှိသည်။
“ ပစ်ဟေ့”
စစ်သူကြီးလူငယ်လေးက အမိန့်ပေးလိုက်ပါ၏။ သူ၏အမိန့်ထွက်ပေါ်လာသည်နှင့် ထိုသုံးဆယ်ကျော်သော ဒူးလေးကြီးများက ၎င်းတို့၏စွမ်းအားကို ထုတ်ဖော်ပြသလိုက်ကြပါသည်။
ဒူးလေးထံမှ ထွက်ပေါ်လာသောအသံက လေထုကိုဖြတ်သန်းသွားပါ၏။ မြှားများပစ်လွှတ်လိုက်သည့်အခါတွင် လေထုမှာပင် အက်ကွဲသွားသည့်အလားပင်ဖြစ်သွားပါသည်။ မြှားများစွာကမိုးရွာသကဲ့သို့ အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးလေးထံသို့ စုပြုံပြီးကျဆင်းလာပါ၏။
သင်္ဘော၏ကုန်းပတ်ထက်တွင်ရှိသော လူငယ်လေးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“မလုပ်ကြနဲ့”
ယခုအချိန်တွင် သူက ထိုအနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးလေးကို လွန်စွာစိတ်ဝင်စားနေပြီး သူမကိုတိုက်ခိုက်မည်ကို ခွင့်မပြုနိုင်ပါချေ။ သို့သော် မမျှော်လင့်ထားသည်က ထိုဒူးလေးကြီးများက ပစ်လွှတ်လိုက်သည့်မြှားများသည် အမျိုးသမီးလေး၏ အနားသို့ရောက်သော် တစ်စစီ ပျက်စီးသွားခဲ့ပါ၏။
တစ်စစီ ပျက်စီးသွားသည်ဟုပြောသည်က နှိမ့်ချပြီးပြောဆိုရာရောက်ပါသည်။ အမှန်အတိုင်းပြောရမည်ဆိုပါက မြှားများအားလုံးသည် ပြာအဖြစ်သို့ရောက်ရှိသွားခြင်းပင်ဖြစ်ပါသည်။
ပြာများဖြစ်သွားပြီးနောက်တွင် ကောင်းကင်နဲ့မြေကြီး၏ လေထုထဲသို့ လွင့်ပယ်ကာ ပျောက်ကွယ်သွားပါတော့၏။ အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးလေးက အန္တရာယ်မရှိပါ။ မြှားများက သူမထံသို့ ဦးတည်လာသည်ကိုပင် သူမက သိသည့်ပုံမပေါ် ထိုမြင်ကွင်းက လူတိုင်းကို ငုတ်တုတ်မေ့သွားစေပါ၏။
မြို့ရိုးနံရံတွင်ရှိသော အစောင့်စစ်သည်များကလည်း တုန်လှုပ်သွားခဲ့ပါသည်။ စစ်သူကြီးရာထူးရထားသည့် လူငယ်လေးကလည်း မယုံကြည်နိုင်အောင်ဖြစ်နေခဲ့၏။ ထိုမြှားများမှာ အဆင့်မြင့်ဆရာသခင်များပင်လျှင် ထိပ်တိုက်ရင်မဆိုင်နိုင်သောအရာများဖြစ်ပါ၏။
ဒီလိုမျိုးစွမ်းအားကြီးတဲ့မြှားတွေကို လှုပ်တောင်မလှုပ်ဘဲနဲ့ ဖျက်စီးပစ်လိုက်နိုင်တဲ့ ဒီအနီရောင်ဝတ်ထားတဲ့ အမျိုးသမီးလေးက ဘယ်သူမို့လို့လဲ။ သူလုံးဝနားမလည်ပါ။
“အရမ်းစွမ်းအားကြီးတာပဲ”
မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်လေးက ပြောလိုက်ပါသည်။
“ဆရာသခင် သူက အရမ်းကိုစွမ်းအားကြီးတာပဲ”
လူငယ်လေးက သူ့ဆရာကိုပြောလိုက်ပါ၏။ သူ့ဆရာဖြစ်သူ အဖိုးကြီးမှာလည်း ထိတ်လန့်နေပါသည်။
“ဒါကစွမ်းအားကြီးတယ်လို့ ပြောလို့မရတော့ဘူး” အကြီးအကဲက တီးတိုးရေရွတ်လိုက်ပါ၏။ ထိုကဲ့သို့သော စွမ်းအားမှာ သူတို့၏ဘိုးဘေးကြီးမှလွဲ၍ ဟွမ်တင်းနန်းတော်တွင် မည်သူမျှ ထိုစွမ်းအားမျိုးမရှိနေပါ။
ထိုအခိုက်မှာပင် အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးလေးက သူ၏မျက်ဝန်းများကို ဖြေးညင်းစွာဖြင့် ဖွင့်လိုက်ပါသည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ဖြာကျနေသော နေရောင်ခြည်များပင် ချက်ချင်းမှေးမှိန်သွားသကဲ့သို့ ဖြစ်သွားခဲ့ပါ၏။
“သူမက ဒီမှာမရှိဘူးလား” အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးလေးက တီးတိုးရေရွတ်လိုက်ပါသည်။ နောက်တစ်ခဏတွင် သူမ၏မျက်လုံးထဲတွင် အလင်းတန်းတစ်ချက် လက်သွားခဲ့ပါ၏။
သူမ၏ကျောပေါ်တွင်လွယ်ထားသော ဓားအိမ်ထဲမှ ဓားသည်ချက်ချင်းပင်လျှင် ဆွဲထုတ်ခံလိုက်ရပါ၏။ သူမသည် ဓားကိုကိုင်ထားသော လက်ကိုမြှောက်လိုက်ပြီး ခုတ်ပိုင်းချလိုက်ပါသည်။
ဓားချီကို မြင်လိုက်ရသော လူတိုင်းက သူတို့ဘဝတွင် ထိုမျှကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓားချီကို မမြင်ဖူးပါဟု ကျိန်တွယ်ကာပြောဆိုကြမည်ဖြစ်၏။ ဓားချီက စတင်၍ထွက်ပေါ်လာသည့်အခိုက်တွင် ကောင်းကင်နဲ့မြေကြီးပင်လျှင် နှစ်ခြမ်းကွဲသွားသကဲ့သို့ဖြစ်သွားပါ၏။ နေနဲ့လပင်လျှင် နှစ်ခြမ်းကွဲသွားသလိုဖြစ်သွားသည်။
ဓားချီမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး သေမင်းနဲ့ လက်တစ်ကမ်းကဲ့သို့ပင် ခံစားလိုက်ရပါ၏။ လေဟာနယ်မှာ ချက်ချင်းပင် ကွဲအက်သွားပါသည်။ကွဲအက်မှု အက်ကြောင်းမှာ ဖြေးညင်းစွာဖြင့် ပြန့်ကားလာပြီး လေထုထဲသို့ အဆုံးမရှိအောင်ပျံ့နှံ့သွားခဲ့ပါ၏။
ထျန်းဟိုင်မြို့တွင်ရှိနေသောလူများက ဘာတွေဖြစ်သွားသလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါ၏။ သူတို့သိသည်မှာ အချိန်များက ရုတ်တရတ်ကြီးရပ်တန့်သွားသလိုခံစားလိုက်ရသည်ကိုသာ သိနေခဲ့ပါသည်။ မြို့ဂိတ်တံခါးမှာ မြို့အရှင်နေထိုင်ရာအထိ ရှည်လျားသောလမ်းမကြီးမှာ ဓားချက်တစ်ချက်တည်းနဲ့ပင် နှစ်ခြမ်းကွဲသွားခဲ့ပါ၏။
ထိုလမ်းအရှည်မှာ မိုင်ပေါင်းရာနဲ့ချီအောင် ရှည်လျားလှပါသည်။ အနီရောင်ဝတ်စုံဝတ်ထားသောအမျိုးသမီးလေး၏ဓားချက်က ထျန်းဟိုင်မြို့ကိုနှစ်ခြမ်းခွဲလိုက်သည်ဟုပင်ပြောနိုင်မည်ဖြစ်သည်။
ဓားချီမှာ မိုင်ရာနဲ့ချီကို ပျံ့နှံ့သွား၏။ နောက်တစ်ခဏတွင် ဓားချီက မြို့အရှင်နေထိုင်ရာစံအိမ်ကို နှစ်ခြမ်းကွဲတော့မည်ဖြစ်ပါသည်။
ထိုမြန်ဆန်လှသည့်အဖြစ်အပျက်က မည်သူကိုမျှ အချိန်မီ မတုန့်ပြန်နိုင်ခဲ့ပါ။ ဘာဖြစ်သွားပြီလဲဆိုတာကို သူတို့သတိဝင်သည့်အချိန်မှာပင် ထျန်းဟိုင်မြို့ကြီးက နှစ်ခြမ်းကွဲသွားပြီဖြစ်ပါ၏။ ထိုမြင်ကွင်းက ထျန်းဟိုင်မြို့တွင်ရှိသော သူများအားလုံးကို နှလုံးသားထဲထိကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့ပါ၏။
ထျန်းဟိုင်မြို့ကို ဓားက နှစ်ခြမ်းကွဲသွားစေတာလား။ ဒါက ဘယ်လိုစွမ်းအားကြီးလဲ။ ဒီလိုစွမ်းအားမျိုးရဖို့အတွက် ဘယ်လောက်တောင်များ ကျင့်ကြံရမှာလဲ။
သို့သော် ဓားချီက မြို့အရှင်စံအိမ်ကို နှစ်ခြမ်းကွဲတော့မည့်အချိန်မှာပင် ဓားချီ၏ အရှေ့တည့်တည့်တွင် အရပ်ပုပုနဲ့အဖိုးအိုတစ်ယောက်က ရုတ်တရတ်ပေါ်လာခဲ့ပါသည်။
ထိုအရပ်ပုပုနဲ့ အဖိုးအိုကလည်း လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်ပါသည်။ သူက သူ့လက်ထဲတွင် လှံတိုလေးတစ်ချောင်းကို ကိုင်ထားပြီး ထိုဓားချီကို ပိတ်ဆို့လိုက်ပါသည်။ ထို့နောက်တွင် သူကလက်ကိုမြှောက်လိုက်၏။ လှံတိုလေးက ဓားချီကို ကောင်းကင်ထက်သို့ တွန်းကန်လိုက်ပါ၏။ ဓားချီက ကောင်းကင်ပေါ်သို့ရောက်သွားပြီး ကောင်းကင်ကိုးထပ်လုံးကို လွှမ်းမိုးကာ ခုတ်ပိုင်းဖြတ်သွားပါ၏။