← Chapters

အခန်း (၃၃၀)

Vol. 28 Ch. 330

အခန်း (၃၃၀)

Vol. 28 Ch. 330

ထျန်းဟိုင်မြို့တွင် စန်းယွမ်နယ်မြေကြီးတစ်ခုလုံးတွင်ရှိသည့် သတင်းရေးရာကိစ္စများအားလုံးကို စုဆောင်းနိုင်သည့်သတင်းအချက်အလက်ဌာနတစ်ခုရှိပါသည်။

ထိုဌာနမှာ လွန်စွာမှကို စွမ်းအားကြီးမားသော သတင်းအချက်အလက်များကို စုဆောင်းနိုင်စွမ်းရှိ၏။သင့်တွင် ငွေကြေး သို့မဟုတ် ရတနာသာ လုံလုံလောက်လောက်ရှိပါစေ။ သင်လိုချင်သော မည်သည့်အချက်အလက်မဆို ထိုသတင်းဌာနမှ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

သင်သာ ငွေကြေးနှင့် ရတနာများကို အလုံအလောက် သုံးစွဲမည်ဆိုပါက လောရှောင်ချွမ်း တစ်ယောက် ရှေးဟောင်း တာအိုတောင်တန်းဂိုဏ်းတွင် အိမ်သာသို့ဝင်လျှင် ဘယ်ခြေထောက်က အရင်လှမ်းပြီး ဝင်တာကအစ သိနိုင်မည်ဖြစ်ပါ၏။ ထိုကဲ့သို့ ပြောချင်းမှာ အနည်းငယ်ချဲ့ကားရာ ရောက်သော်လည်း ထိုသတင်းအချက်အလက် စုဆောင်းရေးဌာန၏ စွမ်းအား မှာ ပေါ့သေးသေးမဟုတ်ပါချေ။

ထိုသတင်းအချက်အလက်ဌာနကို စန်းယွမ်နန်းတော်ဟု ခေါ်ပါ၏။ ယင်းဌာနသည် သွေးအရိပ်ဂိုဏ်းကဲ့သို့ပင် လွန်စွာ လျှို့ဝှက်ဆန်းကြယ်ပါသည်။ ဒါပေမဲ့ များစွာသော လျို့ဝှက်ချက်ကြီးများမှာ ငွေ နှင့် ဝယ်ယူ၍မရပါ။ ၎င်းတို့ကို ရရှိရန်အတွက် လွန်စွာ ရှားပါးသော ရတနာများ ပန်းချီရတနာများနှင့် လဲလှယ်ပြီးမှသာ ထိုသတင်းအချက်အလက်များကို သိနိုင်စွမ်းရှိပါမည်။

တစ်ချိန်တုန်းက လူတစ်ဦးက လွန်စွာ အရေးကြီးသည့် လျို့ဝှက်ချက်တစ်ခုကို သိလိုသောကြောင့် ပန်းချီရတနာတစ်ခုနှင့် အချက်အလက်ကို လဲလှယ်ခဲ့ပါသည်။ ထိုပန်းချီရတနာ ကို ပန်းချီသူတော်စင် တစ်ပါးက ရေးဆွဲထားသည့်ရတနာဖြစ်ပါသည်။

ထို့အပြင် စန်းယွမ် နန်းတော်က စန်းယွမ်နယ်မြေအရှင်သခင်၏ အမိန့်ကိုသာ နာခံပါ၏။ ကျန်းထျန်းယွမ်က လွဲ၍ စန်းယွမ်နန်းတော်တွင်ရှိသော သတင်းအချက်အလက်ဌာန၌ ရှိသော လူများ၏သရုပ်မှန်ကို မည်သူမျှ မသိနိုင်ပါ။ ထို့အပြင် စန်းယွမ်နန်းတော်တွင်ရှိသော လူများ က သူတို့၏တာဝန်ကို သာ စိတ်ထဲ၌စွဲမြဲထားသည့်သူများဖြစ်ပါ၏။ ထိုသူများကို လာဘ်ထိုး၍လည်းမရ လူယုံအဖြစ်သွတ်သွင်း၍လည်း မရပါချေ။

လွန်စွာမှပင် ကြောက်မက်ဖွယ်ကောင်းသော ထာဝရရှင်သန်ခြင်းဂိုဏ်းပင်လျှင် စန်းယွမ်နန်းတော်၏လူများကို သူတို့၏ဂိုဏ်းဝင်များဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါ။

ထို့အပြင် သူတို့၏ ကိုယ်ပိုင်လူများကိုလည်း စန်းယွမ်နန်းတော်ထဲသို့ထည့်သွင်းပြီးတော့ သူလျှိုအဖြစ် ထည့်သွင်း၍ မရခဲ့ပါ။

လက်ရှိအချိန်တွင် လီချန်ချင်းမှာ စန်းယွမ်နန်းတော်အတွင်း၌ သူ၏လူတစ်ဦးဦးကို  သူလျှိုအဖြစ်သွတ်သွင်းရန်အတွက် တွေးနေမိခဲ့ပါသည်။ အဲလိုသာ သွင်းနိုင်ခဲ့လို့ရှိရင် သူအတွက် ဘယ်လောက်တောင်မှ အဆင်ပြေလိုက်ပါ့မလဲ။

ကံမကောင်းစွာနဲ့ ထိုအတွေးမှာ အတွေးသက်သက်သာဖြစ်၏။ ထိုကဲ့သို့သော အတွေးကို စန်းယွမ်တိုက်ကြီးတွင်ရှိသော အင်အားစုများစွာက တွေးခဲ့ပြီးသားဖြစ်ပါလိမ့်မည်။ သို့ပေမဲ့ မည်သူတစ်ဦး တစ်ယောက်ကမျှ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ပါ။

ဘာပဲဖြစ်ဖြစ် လီချန်ချင်းက ရွှယ်ချန်းပိုင်၏ သတိပေးစာကို ကျေးဇူးတင်မိပါသည်။ ထို့ကြောင့် သူက နှစ်ရက်အချိန်ယူပြီး ပန်းပုရုပ်တစ်ခုကို ကြိုးကြိုးစားစား ထုလုပ်ခဲ့ပါ၏။ ထို့နောက်တွင် စည်းတံဆိပ်ခတ်ပြီးနောက် သူက စန်းယွမ်ပို့ဆောင်ရေးဌာနကို အသုံးမပြုဘဲ ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းကိုသာ အသုံးပြုပြီး ရွှယ်ချန်းပိုင်ထံသို့ ထိုပန်းပုရုပ်ကို ပို့သခဲ့ပါ၏။

ရွှယ်ချန်းပိုင်မှာ လီချန်ချင်းက သူ့ဘက်သို့ပါအောင် ဆွဲဆောင်လိုသော လူများစွာထဲက တစ်ဦးပင်ဖြစ်ပါသည်။ ရွှယ်ချန်းပိုင်က စွမ်းအားကြီးမားသည်ကို သိသည့်တိုင် လီချန်ချင်းက ရွှယ်ချန်းပိုင်ကို ယခုထက်ပိုမို၍ စွမ်းအားကြီးမားစေပါသည်။ အတိတ်တုန်းက ရွှယ်ချန်းပိုင်က ကျောက်ပိုင်မင်း တိုက်ခိုက်ခဲ့စဉ်အခါတုန်းက ရွှယ်ချန်းပိုင်သည် အဆင့်မြင့်ဆရာသခင် အဆင့်တွင်ရှိပြီး အဟုန်နိယာမကို ကျွမ်းကျင်ကာ ပိုင်နိုင်တတ်မြောက်ထားသူတစ်ဦးလဲဖြစ်ပါ၏။

ထိုကဲ့သို့သော နိယာမကို တတ်မြောက်ထားခြင်းမှာလွန်စွာမှကို အထင်ကြီးဖွယ်ကောင်းလှပါ၏။

အဆင့်မြင့်ဆရာသခင်တော်တော်များများက ထိုကဲ့သို့သော အဆင့်ကို မရောက်သေးပါ။ ကျောက်ပိုင်မင်းက လည်း အဆင့်မြင့်ဆရာသခင်များထဲတွင် နယ်နယ်ရရသူမဟုတ်ပါ။ သူကလည်း အဟုန်နိယာမကို ကျွမ်းကျင်ထားသောသူဖြစ်သော ကြောင့် ရွှယ်ချန်းပိုင်နှင့် တိုက်ခိုက်ရာတွင် သရေကျခဲ့ပါ၏။ သူတို့နှစ်ဦးကို နှိုင်းယှဉ်ရမည်ဆိုပါက သူတို့နှစ်ဦး၏ ခွန်အားမှာ သာမန် မဟာသိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ညီမျှပါသည်။

ယခု လီချန်ချင်းပို့သခဲ့သော ပန်းပုရုပ်ရတနာက ရွှယ်ချန်းပိုင်၏ ခွန်အားကို တဟုန်ထိုး တိုးတက်သွားစေလိမ့်ပါမည်။ ထို့ကြောင့် မဟာသိုင်းဂိုဏ်းအဆင့်ကျွမ်းကျင်သူများနှင့် ကြုံတွေ့ရမည်ဆိုပါက ရွှယ်ချန်းပိုင်က အေးအေးဆေးဆေး တိုက်ခိုက်နိုင်သော စွမ်းအားရရှိနိုင်မည်ဖြစ်ပါသည်။

နေ့လယ်ခင်းတွင်တော့ လီချန်ချင်းက ယင်ဖန်းချီကို ရှာရန်အတွက် ထွက်သွားခဲ့ပါသည်။ သူက ယင်ဖန်းချီအား ဆုမိသားစု၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် တောင်းဆိုခဲ့၏။ မြောက်ပိုင်းအေးခဲနိုင်ငံတော်ထဲသို့ ဆုမိသားစုဝင် တစ်ဦးဦး ရောက်လာခဲ့ပါကသူ့အား ချက်ချင်းသတိပေးရန်အတွက်ပါ တစ်ပါတည်းမှာကြားခဲ့ပါသည်။

ယင်ဖန်းချီက ပေါ့ပေါ့ပါးပါးပင် သဘောတူညီခဲ့ပါ၏။ မြောက်ပိုင်းအေးခဲနိုင်ငံတော်တွင်လည်း သူတို့၏ကိုယ်ပိုင်သတင်းအချက်အလက် ဆက်သွယ်ရေးများရှိပါ၏။

တောင်ပိုင်းကုန်းမြေကြီးမှ ဆုမိသားစု က မြောက်ပိုင်းအေးခဲနိုင်ငံတော်သို့ ရောက်လာပါက ယင်ဖန်းချီမှာ လီချန်ချင်း၏မှာကြားချက်ကြောင့် အမှန်အကန်ကိုပင် အလေးအနက်ဆောင်ရွက်မည်ဖြစ်ပါသည်။

ကုန်လွန်ခဲ့သော နှစ်ရက်အတွင်း၌ လီဟမ်ရှန်းမှာ ငရဲကျနေသလို ခံစားခဲ့ရပါသည်။ သူက နှစ်ရက်လုံးလုံးပင် သတိလစ်ကာမေ့မြောနေခဲ့ပါ၏။ တတိယနေ့၏မနက်ခင်းသို့ရောက်မှသာ လီဟမ်ရှန်းကပြန်လည်၍ သတိဝင်လာခဲ့ပါသည်။ သူကအားနည်းစွာဖြင့်နိုးထလာပြီး အသိဝင်လာသည့်အခါတွင် သူက အိပ်ယာပေါ်တွင် လဲလျောင်းနေသည်ကို သိလိုက်ရပါ၏။

လီဟမ်ရှန်းက ကြိုးစား၍ လှုပ်ရှားလိုက်သည့်အခါတွင် တစ်စုံတစ်ခုက ထူးဆန်းနေသည်ကို သိလိုက်ရပါသည်။ ထို့ကြောင့် သူက သူ့ကို ခြုံထားသော ပိုးထည်စောင်ကို ခပ်မြန်မြန်ပင်လှန်လိုက်ရာ သူ၏ ကိုယ်လုံးတီး ခန္ဓာကိုယ်ထက်တွင် အမျိုးသမီးတစ်ဦး၏ အဝတ်ဗလာနဲ့ ခန္ဓာကိုယ်ကို တွေ့လိုက်ရပါ၏။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ဦးက နှစ်ခြိုက်စွာ အိပ်မောကျနေပါသည်။ လီဟမ်ရှန်းမှာ လွန်စွာထိတ်လန့်သွား၏။ သူကော သူမကော နှစ်ယောက်လုံးက အဝတ်အစားမပါဘဲ ဗလာဟင်းလင်းဖြစ်နေခဲ့၏။

“ဘာတွေဖြစ်နေတာတုန်း။ ထစမ်း ထစမ်း” လီဟမ်ရှန်းက ခပ်မြန်မြန်ပင် လုရှီရန်ကို နှိုးလိုက်ပါသည်။ လုရှီရန်က သူမ၏ အိပ်ချင်နေသော မျက်လုံးများကို ကြိုးစားဖွင့်ပြီး ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်ပါ၏။

သူမကော လီဟမ်ရှန်းပါ ကိုယ်တုံးလုံးနှင့် ဖြစ်နေသည်ကို မြင်သည့်အခါတွင် သူမက စိတ်မရှိသည့်အလား မေးလိုက်ပါ၏။

“ယောင်္ကျား ရှင်နိုးပြီလား”

“ ဘာတွေဖြစ်ခဲ့တာတုန်း” လီဟမ်ရှန်းက ခပ်မြန်မြန်ပင် အဝတ်အစားများကို ကမန်းကတန်းဝတ်ပြီး လုရှီရန်ကို စောင်တစ်ထည်နှင့် ပတ်ပေးလိုက်ပါ၏။

“ယောင်္ကျားရှင်ဘာပြောတာလဲ” လုရှီရန်မှာ လွန်စွာ ချစ်စဖွယ်ကောင်းစွာနှင့် ရိုးသားစွာမေးလိုက်ပါသည်။

“ငါအိပ်ပျော်နေတုန်း နင်နင် ဟိုဟာတွေ မလုပ်ခဲ့ဘူးမလား” လီဟမ်ရှန်းက အထစ်ထစ်အငေါ့ငေါ့နှင့်မျက်နှာ အပျက်ပျက်အယွင်းယွင်းနှင့်မေးလိုက်ပါသည်။

သူအိပ်ပျော်နေတုန်း လုရှီရှန်က အခွင့်ကောင်းယူခဲ့တာလား။ မဖြစ်သင့်ဘူးလေ။ ဟုတ်တယ်မလား။

“ အို” လုရှီရန်က ထိုအခိုက်မှသာ နားလည်သွားပြီး ပြောလိုက်ပါ၏။

“ယောင်္ကျား…ရှင့် ခန္ဓာကိုယ်က အရမ်းကို ပူနေတာလေ။ နေ့ခင်းဘက်မှာဆိုရင်တော့ ရှင့်ခန္ဓာကိုယ်ကို ကျွန်မက ရေသွားသယ်ပြီးတော့ ရေပတ်တိုက်ပေးလို့ ရသေးတယ်။ ဒါပေမဲ့ ညဘက်မှာဆိုရင်တော့ ကျွန်မ အပြင်ထွက်ပြီးတော့ ရေသွားသယ်လို့ရှိရင် လူတွေအကုန်လုံးက သံသယဝင်လာမယ်လေ ဟုတ်တယ်မလား”

“ ရှင်က သံသယဝင် မခံချင်ဘူးလေ။ ဟုတ်တယ်ဟုတ်။ အဲဒါကြောင့်မို့လို့ ကျွန်မက ကျွန်မရဲ့ ခန္ဓာကိုယ်ကအဝတ်အစားတွေကို ချွတ်ပြီးတော့ ရှင့်ခန္ဓာကိုယ်ကို အပူလျော့ရန်အတွက် ကျွန်မရဲ့ ကိုယ်အအေးဓာတ်နဲ့ အုပ်ပေးထားရတာလေ”

လုရှီရန်က သူမ လုပ်ရပ်မှာ သာမာန်လုပ်ရပ်တစ်ခုကို ရှင်းပြသကဲ့သို့ ရှင်းပြလိုက်၏။

လီဟမ်ရှန်းမှာ ထိုရှင်းပြချက်ကြောင့် စွံ့အသွားခဲ့သည်။

“အော် လက်စသတ်တော့ ဒီလိုဖြစ်ခဲ့တာကို”

ထိုအခိုက်မှသာ လီဟမ်ရှန်းက လုရှီရန်၏ ခန္ဓာကိုယ်ကို စေ့စေ့စိုက်ကြည့်လိုက်ပါ၏။ သူမ၏ ခန္ဓာကိုယ်တွင် မီးပူလောင်ရာများကြောင့် နီရဲနေခဲ့ပါသည်။ သူမ၏ အသားအရည်များမှာ တော်တော်များများ လောင်ကျွမ်းနေခဲ့ပါ၏။

“ကျွန်မ အဆင်ပြေပါတယ် ယောင်္ကျားရဲ့။ ဒီမှာကြည့်” လုရှီရန်က သူမကို ခြုံထားသော စောင်များကိုဖယ်လိုက်ပါ၏။ ချက်ချင်းပင်လျှင် လီဟမ်ရှန်း ၏မျက်စိရှေ့တွင် လုရှီရန်၏ အလှတရားများစွာ မျက်စိကျိန်းမတတ်ပေါ်ပေါက်လာခဲ့ပါ၏။

လုရှီရန်၏ လွန်စွာ လှပသော အလှတရားနှင့်အတူ ဖော်ပြရန်ခက်ခဲသည့် လှပသည့် ခန္ဓာကိုယ်က လီဟမ်ရှန်းအား နှာခေါင်းသွေး လျှံလုမတတ်ပင်ဖြစ်သွားခဲ့ရပါသည်။

လီဟမ်ရှန်းက ခပ်မြန်မြန်ပင် ခေါင်းကိုအဝေးသို့လှည့်လိုက်ပြီး ဗလုံးဗထွေးနှင့် ပြောလိုက်ပါ၏။

“မိန်းကလေးတွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို တွေ့ကရာလိုက်ပြနေလို့ မရဘူးဆိုတာကို နင်မသိဘူးလား”

“ကျွန်မမပြဘူးလေ” လုရှီရန်က ခပ်အေးအေးပင် သူမ၏ အဝတ်အစားများကို ဝတ်ဆင်ရင်းပြောလိုက်၏။

“ရှင်က ကျွန်မ ယောင်္ကျားပဲဟာကို ။ ကျွန်မက ရှင့်ကိုပြတာ ဘာထူးဆန်းလို့လဲ။ ပြီးတော့ ယောင်္ကျားကလွဲပြီးတော့ တစ်ခြားဘယ်သူ့ကိုမှ ကျွန်မရဲ့ ခန္ဓာကိုယ်ကို မပြဖူးပါဘူး”

ထိုစကားကိုကြားသည့်အခါမှသာ လီဟမ်ရှန်းက ဖျော့တော့စွာ ပြုံးလိုက်ပါသည်။

အတိတ်တုန်းက လုရှီရန်က သူ၏နောက်သို့ လိုက်က ယောင်္ကျားဟု အမြဲတမ်းခေါ်နေခဲ့ပါ၏။ ထိုအချိန်တုန်းက သူက သူမ ယောင်္ကျားမဟုတ်ကြောင်းကို ပြင်းပြင်းထန်ထန် တုန့်ပြန်ပြီးပြောခဲ့ပါသည်။

ထို့အပြင် သူမနှင့် သူ၏ကြားတွင် မည်သည့် ဆက်နွှယ်မှုမှမရှိစေရန် အတွက် အတတ်နိုင်ဆုံး ဖြတ်တောက်ခဲ့ပါ၏။ ဒါပေမဲ့ အခုတော့ ဘယ်လိုလုပ်မလဲ။ အခုတော့သူက သူမ၏ ဖြူစင်မှုကို မသိလိုက်မသိဘာသာဖြင့် ညစ်နွမ်းစေခဲ့သည်မဟုတ်ပါလား။

ယခုလိုမျိုးအချိန်တွင် သူက ‘ငါက နင့် ယောင်္ကျားမဟုတ်ဘူး’ဟု ပြောဆိုနိုင် ရန်အတွက်ခွန်အားမရှိပါ။

သူသာထိုကဲ့သို့ ပြောလိုက်ပါက သူက ယောင်္ကျားတစ်ယောက်မဟုတ်ဘဲ လွန်စွာ ယုတ်ညံ့သောသူတစ်ယောက်ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် ပို၍အရေးကြီးသည်က လုရှီရန်၏ ဖြူဖွေးနေသော အသားအရည်ထက်တွင် သူ့ကြောင့် နီရဲပြီးတော့အပူလောင်သွားသည့် ဒဏ်ရာများကို မြင်ပြီးနောက်တွင် လီဟမ်ရှန်း၏ နှလုံးသားမှာ လှုပ်ရှားသွားခဲ့ပါ၏။

အချိန်တစ်ခဏကြာသည်အထိ လုရှီရန်ကို ကြည့်သည့် လီဟမ်ရှန်း၏အကြည့်များတွင် နှလုံးသားတစ်ခုလုံး တစ်ဆတ်ဆတ်နာကျင်သည့်ခံစားချက်များကို ပင် ရနေခဲ့ပါသည်။

“ နင်ညကကောင်းကောင်းအိပ်ရမှာ မဟုတ်ဘူး။ နည်းနည်းလောက်ထပ်အိပ်လိုက်ဦးနော်” လီဟမ်ရှန်းက လုရှီရန်၏ ဦးခေါင်းလေးကို ပွတ်သပ်ပြီး ကြင်နာစွာပြောလိုက်ပါ၏။

သူ၏မီးပုံလိုမျိုးပူခြစ်နေသည့် ခန္ဓာကိုယ်ပေါ်တွင် သူမက ဘယ်လိုလုပ်ပြီးတော့ ကောင်းကောင်းအိပ်ပျော်နိုင်မှာလဲ။ လုရှီရန်က ခေါင်းညိတ်ပြလိုက်ပါ၏။ သူမ၏မျက်နှာမှာ လွန်စွာအိပ်ချင်နေခဲ့ပါ၏။ ထို့နောက်တွင် အိပ်ယာထက်တွင် သူမကလဲလျောင်းပြီး အိပ်ပျော်သွားခဲ့၏။

လီဟမ်ရှန်းက လုရှီရန်၏ခန္ဓာကိုယ်ကို စောင်များနဲ့ဖုံးအုပ်ပေးပြီးနောက်တွင် အပြင်သို့ထွက်လာခဲ့ပါသည်။

သူက အပြင်မထွက်သည်မှာ သုံးရက်တိတိရှိခဲ့ပြီ။ သူသာအပြင်မထွက်လျှင် အပြင်တွင်ရှိသောလူများက သံသယစတင်၍ ဝင်လာတော့မည်မှာ ကျိန်းသေဖြစ်ပါ၏။

“စီနီယာအစ်ကို နောက်ဆုံးတော့ စီနီယာအစ်ကို ထွက်လာပြီပဲ” လီဟမ်ရှန်းထွက်လာသည်ကို မြင်သောအခါတွင် ဝူစန်းထောင်က ခပ်မြန်မြန်ပင်နှုတ်ဆက်လိုက်ပါသည်။

လီဟမ်ရှန်းက ဤရက်များတွင် အပြင်သို့မထွက်လာသောကြောင့် သူက လုရှီရန်ကို မေးမြန်းခဲ့ပါ၏ ။လုရှီရန်က လီဟမ်ရှန်းမှာ ပင်ပန်းသောကြောင့် အိပ်ပျော်နေသည်ဟု အေးစက်စွာဖြင့်တုန့်ပြန်ခဲ့ပါ၏။ ထိုဖြစ်ရပ်က လူတိုင်းက လီဟမ်ရှန်းမှာ တားမြစ်သိုင်းပညာရပ်များကို အသုံးပြုပြီးနောက်တွင် ပြင်းပြင်းထန်ထန် ပြန်လည်ခံစားနေရသည်ဟု ထင်မြင်နေခဲ့ကြပါ၏။ 

ထိုဖြစ်ရပ်က လူတိုင်း၏သံသယများကို တိုးပွားစေခဲ့ပါသည်။

“သုံးရက်” လီဟမ်ရှန်းက ဝူစန်းထောင်အားကြည့်ကာ ပြောလိုက်၏။

“ သုံးရက်တောင် အချိန်ကုန်သွားပြီ။ အခုထက်ထိ ဟွာမိသားစုကလာပြီးတော့ ပြဿနာမရှာသေးဘူးလား” ထိုစကားကိုကြားသော် ဝူစန်းထောင်က ထိတ်လန့်သွားခဲ့ပါ၏။

ထို့နောက်မှ သူက မသေချာစွာမေးလိုက်ပါ၏။

“ဖြစ်နိုင်တာက စီနီယာအစ်ကိုက ဟွာမိသားစုလာအောင်လို့ တမင်တကာ ထောင်ချောက်ဆင်ပြီးတော့ သုံးရက်တိတိစောင့်နေတာလား”

“ သူတို့က ငါဆင်ထားတဲ့ အကွက်ထဲကို မဝင်တာ တော်တော်ဆိုးတာပဲ” လီဟမ်ရှန်း၏မျက်နှာမှာ အနည်းငယ် နောင်တရနေဟန်ရှိပါ၏။ 

All Chapters