အခန်း (၃၃၁)
Vol. 28 Ch. 331
စစ်ဆေးရေးမှူးရုံးတော်၌ သစ္စာဖောက်များရှိသည်ကို လီဟမ်ရှန်းကသိပါ၏။ သို့သော် ထိုသစ္စာဖောက်များကို သူက မဖမ်းဆီးခြင်းမှာ စစ်ဆေးရေးမှူးရုံးတော်မှတစ်ဆင့် ဟွာမိသားစုနဲ့ မူမိသားစုမှ ထည့်ထားသည့် သူလျှိုများကို သတင်းမှားများ ပေးလိုခြင်းကြောင့်ဖြစ်ပါသည်။
ယခုအချိန်တွင် မူအိမ်တော်က လုံးဝကို ပျက်စီးလုနီးပါး ဖြစ်သောကြောင့် ဟွာမိသားစုကလည်း စစ်ဆေးရေးမှူးရုံးတော်သို့လာကာ ပြဿနာမရှာရဲခြင်းပင် ဖြစ်ပါသည်။
လီဟမ်ရှန်းက မအံ့ဩတော့ပါ။
မူလအဆင့်၏အထွတ်အထိပ်ဖြစ်သော ဟွာမိသားစု၏ ဘိုးဘေးကြီးက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့ပါကလည်း သူ့ထံသို့လာပြီး ပြဿနာမရှာရဲလောက်ဘူးလေ။
ဟုတ်တယ်မလား။ မူကျန်းက သူ၏မီးတောက်နဲ့ အသတ်ခံခဲ့ရတယ်လေ။ အဲဒီတော့ ဟွာမိသားစုရဲ့ ဘိုးဘေးကြီးကလည်း ဘယ်လိုလုပ်လာရဲမှာလဲ။ လာတာနဲ့ သူအသတ်ခံရတာပဲလို့ တွေးမိမှာပဲလေ။
တစ်ချိန်တည်းမှာပင် လီဟမ်ရှန်းက သုံးရက်တိတိပျောက်နေခြင်းမှာ သူတို့ကို အထင်အမြင်လွဲမှားအောင်လုပ်ပြီး ထောင်ချောက် ဆင်ထားသည်ဆိုသည့် အကြောင်းကိုပါ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ထိုကဲ့သို့ မူအိမ်တော်၏ ဘိုးဘေးကြီးကို သတ်ပစ်လိုက်ပြီးသည့် နောက်တွင် လီဟမ်ရှန်းက မည်သည့်တုံံ့ပြန်မှုများကို မခံစားရဟူသည့် အချက်အလက်ကိုပါ ပေါ်လွင်အောင် သူကလုပ်ခဲ့ပါ၏။
“ ဒါနဲ့ စီနီယာအစ်ကိုကြီး အခုရက်ပိုင်းအတွင်းမှာ အရမ်းကို ကြီးကျယ်တဲ့သတင်းတစ်ခု ပြန့်နေတယ်ဗျာ။ အစ်ကိုသိချင်လား”
ဝူစန်းထောင်က လွန်စွာစိတ်လှုပ်ရှား နေသောကြောင့် သူ၏ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းပြီးနောက်ပြောလိုက်ပါ၏။
“ပြောပြကြည့်လေ”
လီဟမ်ရှန်းက ဝူစန်းထောင်၏ ကိုယ်ဟန်အမူအရာကို အနည်းငယ်ရွံရှာသွားပြီးနောက် ခြေနှစ်လှမ်းဆုတ်ကာ ပြောလိုက်ပါသည်။
“ မင်းရဲ့တံတွေးတွေက ငါ့မျက်နှာတစ်ခုလုံးကို စင်နေပြီးကွ။ ငါသာ မင်းကို ပြောခွင့်မပြုလို့ရှိရင် မင်းက စိတ်လှုပ်ရှားလွန်းလို့ ပေါက်တောင်ပေါက်ကွဲသွားနိုင်တယ်”
“ ဟီး ဟီး စီနီယာအစ်ကို ကလည်းဗျာ။ သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ သူတော်စင်လေးပါးထဲက တစ်ပါးလေ ဓားနတ်သမီး လီရွှမ်းရှီ သူမက ပြန်ပေါ်လာတယ်ဗျ” ဝူစန်းထောင်က လီဟမ်ရှန်း၏မျက်နှာထက်မှ ထိတ်လန့်သွားသည့် အမူအရာကို မြင်တွေ့ရမည်ဟု ခန့်မှန်းထားသော်လည်း သူ၏စကားသာဆုံးသွားသည်။
လီဟမ်ရှန်း၏မျက်နှာမှာ ခံစားချက်မဲ့နေဆဲသာဖြစ်ပါ၏။ တစ်ချက်တစ်ချက်တွင်တော့ အနည်းငယ်တမ်းတလွမ်းဆွတ်သွားသော အမူအရာတော့ ရှိနေပါသည်။
ထိုအမူအရာက သာမန်အမူအရာနှင့် ကွဲပြားနေခဲ့ပါ၏။ ဝူစန်းထောင်က ဆက်လက်၍ စိတ်လှုပ်ရှားနေသည့်လေသံနဲ့ ဆက်ပြောပါသည်။
“ စီနီယာအစ်ကို လီရွှမ်းရှီက ဘယ်သူလဲဆိုတာကို မသိဘူးမလား။ သူမက လူသားမျိုးနွယ်ရဲ့ သူတော်စင်လေးပါးထဲက တစ်ပါးလေ။ ဒီလောကကြီးမှာ နံပါတ်တစ် အမျိုးသမီး ဓားအင်မော်တယ်ပဲဗျ။ သူမရဲ့ကောင်းကင်နတ်သမီးဓားက လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းပြီးတော့ ကျော်ကြားခဲ့တာလေ”
“ ကောင်းကင် နတ်သမီးဓား ဟုတ်လား”လီဟမ်ရှန်းက လှောင်ပြောင်လိုက်၏။
ဒါပေါ့ ကောင်းကင်နတ်သမီးဓားကို သူက မြင်ဖူးခဲ့ပါသည်။ သိပ်မကြာခင်တုန်းက ထိုကောင်းကင်နတ်သမီးဓားက သူ၏ရင်ဘတ်ကို ထုတ်ချင်းဖောက်ပြီးတော့ သူ့နှလုံးသားကို ထိုးဖောက်ခဲ့သည်လေ။
လူတွေပြောတဲ့ ကြီးမြတ်လှပါတယ်ဆိုတဲ့ သူတော်စင်လေးပါးထဲက တစ်ပါးဖြစ်တဲ့ လီရွှမ်းရှီက အဲ့ဓားကို အသုံးပြုပြီးတော့ သူ့ကို သတ်ဖြတ်ခဲ့တယ်လေ။ ပြီးတော့ ပိုပြီး ရယ်ရတာက အဲ့ဒီ လီရွှမ်းရှီဆိုတာက သူအရမ်းချစ်မြတ်နိုးရတဲ့ ဂျူနီယာညီမလေးလုဖြစ်နေတာပဲ။
လုချောင်းချောင်း၊ မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့ လုချောင်းချောင်း၊ ကောင်းကင်နတ်သမီးဓားနဲ့ လီရွှမ်းရှီ ဘယ်တစ်ယောက်က အစစ်လဲဆိုတာ လီဟမ်ရှန်းက မခွဲခြားနိုင်တော့ပါ။
“စီနီယာအစ်ကို ဘာဖြစ်လို့လဲဗျ” ဝူစန်းထောင်က တစ်ခုခုထူးဆန်းနေသည်ဟု ခံစားလိုက်ရပါ၏။
“ဘာမှမဖြစ်ပါဘူးကွာ” လီဟမ်ရှန်းက ခေါင်းခါပြလိုက်သည်။
“အခုကစပြီးတော့ နှစ်လအတွင်းမှာ လီရွှမ်းရှီက စန်းယွမ်နယ်မြေအရှင်သခင်နဲ့ ဝမ်ကျိတောင်မှာ တိုက်ခိုက်မယ်ဆိုပြီးတော့ စိန်ခေါ်ခဲ့တယ်”
ဝူစန်းထောင်က စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ၍ပြောလိုက်ပါသည်။
“မြေလျှောက်အင်မော်တယ်နှစ်ပါးရဲ့ ကြားကတိုက်ပွဲ ဒါတကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားကြီး တစ်ခုလိုပဲဗျာ။ အခုလောလောဆယ်လေ အပြင်မှာ လူတွေက ဒါနဲ့ပတ်သက်ပြီးတော့ အရမ်းကို စိတ်အားတက်ကြွနေကြတယ်။ အဲ့ဒီအပြင်မှ လောင်းကစားရုံတွေကလည်း လောင်းကြေးတွေကို လက်ခံနေပြီဗျာ။ ဘယ်တစ်ယောက်နိုင်မလဲဆိုတာကို လောင်းကြေးစားကြေး အကြီးအကျယ် လုပ်နေကြတာပေါ့ဗျာ”
“ တံခါးပိတ်ကျင့်ကြံနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေအကုန်လုံးကလည်း ကျင့်ကြံခြင်းကို စောစောစီးစီး အဆုံးသတ်ပြီး ထွက်လာကြပြီ။ သူတို့တွေက ဝမ်ကျိတောင်ကို သွားပြီးတော့ ဒီတိုက်ပွဲကို သွားကြည့်ချင်နေကြတယ်။ မြေလျှောက်အင်မော်တယ်နှစ်ပါးရဲ့ကြားက တိုက်ပွဲဆိုမှတော့ ဘဝတစ်သက်တာမှာ တစ်ခါလောက်ပဲမြင်ရတဲ့ ဒီတိုက်ပွဲကို သွားကြည့်လိုက်ခြင်းဖြင့် အနည်းနဲ့ အများတော့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး ဉာဏ်အလင်းပွင့်မှုတွေက ရနိုင်တယ်လေ။ ဘယ်လိုလဲ စီနီယာအစ်ကို ကျုပ်တို့ သွားကြည့်ကြမလား”
ဝူစန်းထောင်က လွန်စွာစိတ်အားတက်ကြွစွာဖြင့် မျှော်လင့်တကြီးပြောလိုက်ပါသည်။
“ မသွားဘူး။ မြေလျှောက်အင်မော်တယ်တွေကြားက တိုက်ပွဲဆိုတာ ဘာလဲဆိုတာကို မင်းနားလည်လို့လား”
လီဟမ်ရှန်းက ပြုံးရင်းပြောလိုက်ပါ၏။
“မင်းနဲ့ငါက မူလအဆင့်တောင် မရောက်သေးတာ မူလအဆင့်တောင် မရောက်သေးတဲ့ ငချွတ်လေးနှစ်ကောင်က မြေလျှောက်အင်မော်တယ်တွေ ကြားကတိုက်ပွဲကို သွားကြည့်မယ်။ ငါတို့ ဒီကနေ ထွက်သွားတာနဲ့ မြွေဖြူလမ်းကြောင်းက ဘာဖြစ်သွားမယ်ထင်လဲ။ ဟမ်”
“ ငါတို့မရှိတဲ့ အချိန်အတောအတွင်းမှာ မူအိမ်တော်က ဒီနယ်မြေတစ်ခုလုံးကို အပေါ်အောက်ပြောင်းပြန် လှန်လိုက်မယ်လို့ မင်းမထင်ဘူးလား”
“ အဲ့တာအမှန်ပဲ” ဝူစန်းထောင်က ခေါင်းညိတ်လိုက်ပါ၏။ သူက နောင်တရနေသည့် လေသံနဲ့ ဖြစ်နေပါသည်။
“သွားရအောင်။ မူစန်းနဲ့ ဟွာရှန်းကောကို သွားကြည့်ကြတာပေါ့” လီဟမ်ရှန်းက ပြောလိုက်၏။
“လောလောဆယ်ငါတို့မှာ သက်သေတွေ အကုန်လုံးရှိပြီ ဆိုမှတော့ မတရားခံရတဲ့ ပြည်သူတွေ အကုန်လုံးကို ရှင်းပြချက်ပေးဖို့အချိန်ရောက်ပြီ”
“ ကောင်းပါပြီ” ဝူစန်းထောင်က ခေါင်းညိတ်ပြလိုက်ပါ၏။ သူတို့အပြင်ထွက်သည့် အချိန်၌ပင် ရှုခွေက သူတို့ထံသို့ လာနေသည်ကို မြင်လိုက်ရ၏။
“သခင်လေး ကောင်းကောင်းနားလိုက်ရရဲ့လား” ရှုခွေက မေးလိုက်ပါသည်။
“ကောင်းကောင်းနားလိုက်ရပါတယ်ဗျာ”
“ သခင်လေးအတွက် စာဒီမှာ” ရှုခွေက စာတစ်စောင်အား ကမ်းပေးလိုက်၏။
လီဟမ်ရှန်း က ငုံ့ကြည့်လိုက်ရာစာပို့သူမှာ သူ့ဖခင် ဖြစ်သူ လီချန်ချင်း ဖြစ်နေသည်ကို သိလိုက်ရ၏။ လီဟမ်ရှန်း၏နှုတ်ခမ်း ထက်တွင် အပြုံးတစ်ခု ပေါ်လာပါသည်။
ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ဘိုးဘေးကြီးဖြစ်သော အင်မော်တယ် က လီဟမ်ရှန်းအား အိမ်မက်ကမ္ဘာထဲသို့ ဆွဲသွင်းလိုက်ပြီး လီချန်ချင်းက သူ့အဖေ အမှန်တကယ်ဖြစ်ကြောင်းကို ပြောပြီးသည့်အချိန်မှစပြီး လီဟမ်ရှန်း၏နှလုံးသားမှာ ယခင်ကထက် များစွာပို၍ သက်တောင့်သက်သာဖြစ်လာခဲ့ပါ၏။
သူဖခင်က ဝိဉာဉ်ပူးကပ်ခြင်း မခံရသောကြောင့် လီချန်ချင်းမှာ သူ၏ဖခင် အစစ်အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် သူဖခင်၏ အပြုအမူများပြောင်းလဲနေရခြင်းမှာ မလွှဲသာ မရှောင်သာ ကိစ္စရပ်များပေါ်လာသောကြောင့် ပြောင်းလဲနေရခြင်းဖြစ်မည်ဟု သူက တွေးထားပါ၏။
လီဟမ်ရှန်းက ထိုရှင်းပြချက်ကိုသာ ယုံကြည်ရန်အတွက် ဆုံးဖြတ်ထားပါသည်။ ထိုရှင်းပြချက်သာ မဟုတ်လျှင် တစ်ခြားသော ရှင်းပြချက်များလည်း ရှိမည်မဟုတ်ချေ။
သူ့ဖခင်၏ တစ်ကယ့် သရုပ်မှန်က ဘာလဲ။ သူ့ဖခင်ရဲ့ တစ်ကယ့်စွမ်းအားတွေက ဘာလဲဆိုတာကို လီဟမ်ရှန်းကတော့ ဂရုမစိုက်ပါ။ သူသိဖို့ လိုအပ်သည်က လီချန်ချင်းက သူ့အဖေဟုတ်မဟုတ်ဆိုတာပင်ဖြစ်၏။ အဲလောက်နဲ့ပင် လုံလောက်သည်။
သူ၏အကိုအရင်းတစ်ယောက်လို ခင်မင်ခဲ့ရသော ကျိုးကျွင်းကလည်း သစ္စာဖောက် သွားခဲ့ပြီ။
သူ၏ချစ်သူကလည်း သူ့အားသစ္စာဖောက်သွားခဲ့ပြီ။
ကံကောင်းတာက သူ့ဖခင်က သူ့အတွက်ရှိနေသေးလို့ပဲဖြစ်၏။ အဲလောက်နဲ့ပဲ လုံလောက်ပါပြီ။
စာကို ဖွင့်ဖောက်ပြီးနောက်တွင် လီဟမ်ရှန်းက ဖတ်လိုက်ပါ၏။ စာမှာ သာမန်အတိုင်း သာကြောင်း မာကြောင်း မေးထားခြင်းသာဖြစ်ပါ၏။ ထို့အပြင် လီချန်ချင်းက သူ့အတွက် ငွေများထပ်မံ၍ ပို့လိုက်ပါ၏။
ငွေတုံး တစ်မီလီယံ ဖြစ်ပါသည်။ ထိုပမာဏကြောင့် လီဟမ်ရှန်းက အံ့ဩနေခဲ့ပါ၏။ ကြည့်ရသလောက်ကတော့ ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းက အမြတ်ငွေများလွန်စွာ ရနေပုံရှိပါသည်။
စာဖတ်ပြီးသည့်နောက်တွင် လီဟမ်ရှန်းက အကျဉ်းတိုက်ထဲသို့သွားရန် လောမနေဘဲ သူ့ဖခင် ဖြစ်သူ လီချန်ချင်းအား စာပြန်ရေးလိုက်ပါသည်။ စာထဲတွင်သူက နေကောင်းကျန်းမာသည့်ကြောင်းနဲ့ စိတ်မပူရန်အတွက် ရေးထားခြင်းဖြစ်ပါသည်။
နေ့လည်ခင်း တွင်သူက မူစန်း နှင့် ဟွာရှန်းကောထံသို့သွားပြီး စုံစမ်းမေးမြန်းစစ်ဆေးပါတော့သည်။ နှစ်ဦးစလုံးလီဟမ်ရှန်းအား သေလုနီးပါး အောင်ရွံ့ရှာနေခဲ့၏။
ဒါပေမဲ့ လီဟမ်ရှန်းကတော့ဂရုမစိုက်ပါ။ သူ့လက်ထဲတွင် သက်သေများရှိပြီးသောကြောင့် အမိန့်က ချမှတ်လိုက်ရုံသာဖြစ်ပါ၏။နောက်တစ်ရက်တွင် စစ်ဆေးရေးမှူးရုံးတော်၌ တရားစီရင်ချက်တစ်ခုချမှတ်ပါသည်။ မူစန်းနှင့် ဟွာရှန်းကောအား သေဒဏ်ချမှတ်လိုက်ပါ၏။
ထိုသူနှစ်ဦးကို နောက်ငါးရက်အကြာတွင် လူပုံ အလယ်၌ ခေါင်းဖြတ်သတ်မည်ဟုပါ အမိန့်ကြော်ငြာစာ တစ်ခါတည်း ထုတ်လိုက်ပါသည်။
ထိုအမိန့်ကြော်ငြာစာထွက်ပြီးသည့်နောက်တွင် မြွေဖြူလမ်းကြောင်းတွင်ရှိသော သာမန်ပြည်သူများက ပျော်ရွှင်စွာဖြင့် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပကြပါတော့သည်။
သာမန်မိသားစုငယ်များနှင့် ကုန်သည်များက လီဟမ်ရှန်းမှာ ထိုမျှလောက်ရဲတင်းပြီး မူစန်းနှင့် ဟွာရှန်းကောကို သေဒဏ်ချမည်ဟု မထင်ထားခဲ့ပါ။ ဒါပေမဲ့ ထိုကဲ့သို့သော အခြေအနေများ ဖြစ်နေသည့်တိုင် မူအိမ်တော်နှင့် ဟွာအိမ်တော်မှာတော့ လုံးဝကို တိတ်ဆိတ်နေခဲ့ပါသည်။
သတင်းထွက်ပေါ်လာပြီးသည့်နောက်တွင်လည်းသူတို့က မလှုပ်ရှားခဲ့ပါ။ ဟွာမိသားစုအိမ်၌ ဟွာရှန်းကော မရှိသည့်နောက်တွင် ဟွာမိသားစုကို ဦးဆောင်မည့်သူမှာ ဟွာရှန်းကော၏အမျိုးသမီး ဖြစ်သူ ကျန်းမုကျွယ် ပင်ဖြစ်ပါ၏။
ယနေ့တွင် ကျန်းမုကျွယ် က ဟွာမိသားစု ၏သူလျှိုထံမှာ လီဟမ်ရှန်းက သူတို့အား သုံးရက်တိတိထောင်ချောက်ဆင်ကာ စောင့်ဆိုင်းနေသည်ဟူသော သတင်းကိုကြားခဲ့ရပါ၏။
ထိုသတင်းကို လက်ခံရှိပြီးနောက်တွင် ကျန်းမုကျွယ်မှာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပါသည်။ အရင်တုန်းက သူမက မိသားစု ၏ဘိုးဘေးကြီး ကို တံခါးပိတ်ကျင့်ကြံရာမှ ထွက်ခိုင်းခဲ့ပြီး ဟွာရှန်းကောကို ကယ်တင်ရန်အတွက် စီစဉ်ထားခဲ့ပါ၏။
အဘယ်ကြောင့်ဆိုသော် ကောလဟာလများအရ လီဟမ်ရှန်းကမူကျန်းကို သတ်ဖြတ်ပြီးသည့်နောက်တွင် သူက ဘေးထွက်ဆိုးကျိုးများကို ခံစားနေရပြီး တိတ်တဆိတ် ပြန်လည်ကုသနေရသည်ဟူသော သတင်းများ က ပျံ့နှံ့နေခဲ့သောကြောင့်ဖြစ်၏။
ထို့ကြောင့် ကျန်းမုကျွယ်က ထိုအခွင့်အရေးကို ယူသင့် မယူသင့်ကို စဉ်းစားပြီး တုန့်ဆိုင်းနေခဲ့ပါသည်။ ယခုအချိန်တွင် သတင်းက ကျန်းမူကျွယ်အား လွန်စွာ ကြောက်ရွံ့စေခဲ့ပါသည်။ ကံကောင်းတာက သူမက မိသားစုရဲ့ ဘိုးဘေးကြီးကို မလှုပ်ရှားခိုင်းခဲ့သောကြောင့်ဖြစ်ပါ၏။
အကယ်၍ သူတို့သာ လှုပ်ရှားလိုက်မိပါက လီဟမ်ရှန်းဆင်ထားသော အကွက်ကို တိုက်ရိုက်ပင်ကျသွားနိုင်ပါ၏။ထိုအခိုက်တွင် လီဟမ်ရှန်းမှာ သူတို့ဟွာတစ်မိသားစုလုံးကို ကွက်မျက်ရန် အတွက် အကြောင်းပြချက်ရှိသွားလိမ့်မည်ဖြစ်သည်။၏
“ ငါတို့ ဒီတိုင်း ထပ်ပြီးတော့ စောင့်လို့ မရတော့ဘူး”
ကျန်းမူကျွယ်က သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်ပါ၏။
ထို့နောက်တွင် သူမက တစ်စုံတစ်ဦးကို လှမ်းခေါ်လိုက်ပါ၏။
“မူဟုန်ရွှယ်ကိုသွားရှာလိုက်။ ပြီးရင် သူမပြောတာတွေအ ကုန်လုံးကို ငါသဘောတူတယ်လို့တစ်ခါတည်း ပြောလိုက်။ဒီကိစ္စကို ငါတို့ဒီမှာပဲ ခပ်မြန်မြန် အဆုံးသတ်မှ ရတော့မယ်”
သူတို့အတွက် အချိန်သိပ်မရှိတော့သည်ကို ကျန်းမူကျွယ်က သိနေပါ၏။ သူမတို့အတွက် အချိန်က ငါးရက်ခန့်သာရှိတော့သည်။
သူတို့ တိတ်တဆိတ်စီစဉ်ထားသော အစီအစဉ်မှာ လုံးဝကို ချောချောမွေ့မွေ့ဖြစ်ပြီး အပိုင်တွက်ထားသည့်အစီအစဉ် ဟုထင်နေပါ၏။ သူတို့စီစဉ်နေသည့်အခါတွင် သူတို့၏အနားတွင် သစ်ကြားသီးလေး တစ်လုံး ကို ထိုင်စားနေသည့် ရှဉ့်လေးတစ်ကောင်ရှိသည်ကို သူတို့က မသိလိုက်ကြပါ။
ထိုရှဉ့်လေးက သူတို့စီစဉ်ထားသည့်အစီအစဉ်အားလုံးကို ကျန်းဝမ်လျှိုအားပြောပြခဲ့ပါ၏။ ကျန်းဝမ်လျှိုက လီချန်ချင်းအား ထိုအစီအစဉ်အား ပြန်ပြောပြခဲ့၏။
ထိုအစီအစဉ်မှာ မိသားစုသုံးစုက လီဟမ်ရှန်းအား နှိမ်နင်းရန်အတွက် တိတ်တဆိတ်ကျိတ်ကာ စီစဉ်နေသည့်အစီအစဉ်ပင်ဖြစ်သည်။
“ အဟက်”.. လီချန်ချင်းက ထိုအစီအစဉ်ကို ကြားပြီးသည့်နောက်တွင် လှောင်ရယ်လိုက်ပါသည်။
မူအိမ်တော်၊ ဟွာအိမ်တော်နှင့် တောက်ဟီအိမ်တော် တို့က စီစဉ်ထားသည့်အစီအစဉ်နှင့် တန်ပြန်အစီအစဉ်မှာ လွန်စွာမှကို စိတ်ဝင်စားဖွယ်ကောင်းပါ၏။
ကံဆိုးတာက သူတို့က အောင်မြင်နိုင်မည်မဟုတ်ပါ။
နောက်တစ်နေ့တွင် ကျန်းကောစံအိမ်၏ စံအိမ်သခင်၏နေရာ။
ကျန်းကောစံအိမ်သခင်မှာ လက်ဖက်ရည်ကြမ်းကို အေးအေးဆေးဆေးသောက်သုံးနေပြီး ငှက်သံများကို အေးအေးလူလူနှင့် နားဆင်နေပါသည်။
ထိုအခိုက်တွင်လူအိုကြီး ဟူက အပြင်မှ အတွင်းသို့ဝင်လာခဲ့ပါ၏။
“ သခင်ကြီး တစ်ယောက်ယောက်ကသခင်ကြီးကို တွေ့ချင်နေတယ်” လူအိုကြီးဟူက အနားသို့ကပ်ကာပြောလိုက်ပါ၏။
“ ဘယ်သူလဲ။ တောက်ဟီအိမ်တော် ကလူပါ။ သူတို့က မြွေဖြူလမ်းကြောင်းကပါ” လူအိုကြီးဟူက တီးတိုးပြောလိုက်ပါ၏။
“မာဟန်းထောင်လို့ခေါ်တဲ့လူပါ”
“မြွေဖြူလမ်းကြောင်း” “တောက်ဟီအိမ်တော်” စံအိမ်သခင်က လူအိုကြီးဟူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်ပါသည်။
ဘာမဟုတ်တဲ့ တောက်ဟီအိမ်တော်က လူက စံအိမ်သခင်ဆီလာပြီးတော့ တွေ့ခွင့်တောင်းတယ်ပေါ့လေ။ အဲဒါကို လူအိုကြီးဟူက တကူတက လာပြီးတော့ သတင်းပို့ တယ်ဆိုတော့ လူအိုကြီးဟူကို သူတို့တွေ လာဘ်တော်တော် ထိုးထားပုံရတယ်။
“ သူ့ကို ခန်းမမှာ စောင့်ခိုင်းထားလိုက်”
စံအိမ်သခင်က ထိုသို့ပြောပြီးနောက်တွင်သူက လှောင်အိမ်ထဲတွင်ရှိသောငှက်ကလေးနဲ့ တစ်ခဏ ဆော့ကစားလိုက်ပါ၏။ သူသည်မာဟန်းထောင်အား စိတ်ထဲတွင် သိပ်ထည့်ကာ အလေးထားသည့်ပုံစံမရှိပါချေ။