တာအိုဘိုးဘေး၏အတိဒုက္ခ.... ဒဏ္ဍာရီများကို နားလည်ခြင်း.....
Vol. 11 Ch. 158
“သူ့ကို တပည့်အဖြစ် လက်မခံပါရစေနဲ့.... ဝံပုလွေ၊ မြွေနဲ့ ကြောင်တွေကို မွေးမြူရတာနဲ့တင် အတော် ဒုက္ခများနေပြီ....."
ကျန်းချန်ရှန်းက သူ့နှလုံးသားထဲတွင် လှိုင်းလုံးများ တိုးလာသဖြင့် ခေါင်းယမ်းလိုက်သည်။
အစစ်အမှန်နဂါးဘုရားကျောင်းနှင့် ဖူယွဲ့ မိသားစုတွင် တပြည်လုံးတွင် ကျော်ကြားသော ပါရမီရှင်များ ရှိသည်။ထို့ကြောင့် လုံချီ ဘုရားကျောင်းတွင်လည်း တစ်ယောက်လောက်တော့ရှိသင့်နေပြီ.....
ပိုင်ချီက "ရှေးဟောင်းသိုင်းပညာရှင်တစ်ယောက် လူဝင်စားပြန်ဖြစ်တယ်...? ဟုတ်ရောဟုတ်ရဲ့လား?"
၎င်း၏အမြင်အရ လူဝင်စားဆိုသည်မှာ အဓိပ္ပါယ်မရှိပေ။ ဒီလိုမှမဟုတ်ရင် ကမ္ဘာပေါ်မှာ ဆိုးသွမ်းတဲ့အကောင်တွေ ဘယ်လိုများ သောင်းကျန်းနေနိုင်မလဲ.....
ယုယန်ရိ လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ...သူမ မွေးတုန်းက ဖူယွဲ့ မိသားစုရဲ့အပေါ်မှာ အစိမ်းရောင်ငှက်တစ်ကောင်နားဖူးတယ်... သူမ မွေးဖွားလာချိန်မှာ မွေးရာပါ အစွမ်းထက်တဲ့သွေးချီပိုင်ဆိုင်ထားတယ်.... အိပ်မက်ထဲကနေ
ရှေးကျတဲ့ သိုင်းပညာမျိုးစုံကိုတောင် သင်ယူနိုင်ခဲ့တယ်တဲ့.... အချို့သော သိုင်းပညာတွေက ဖူယွဲ့ မိသားစုရဲ့ အသန်မာဆုံးသိုင်းပညာတွေထက်တောင် အားကောင်းနေတယ်....."
ကျန်းချန်ရှန်း ထိုစကားကြားလိုက်သောအခါ သူ့အမူအရာ ထူးဆန်းနေသည်။
ဘာကြောင့် မုလင်းလော့နဲ့ တူနေတာလဲ....
တခြားသိုင်းပညာရှင်တွေကလည်း သူ့လို အိပ်မက်ကတဆင့် တခြားသူဆီ အလည်လာဖို့ စွမ်းဆောင်နိုင်ပါ့မလား.....မဖြစ်နိုင်ဘူး.... ဒါက စနစ်က ချီးမြှင့်ထားတဲ့ ဆုလာဘ်.....ဒီကလေးမက တကယ်ပဲ ရှေးဟောင်းသိုင်းပညာရှင် လူဝင်စားပြန်ဖြစ်လာတာလား......
"ယုရန်ရိပြောခဲ့တဲ့ လူဝင်စားကလေးမအကြောင်း ငါသိချင်တယ်..."
[အမွှေးတိုင်အရေအတွက် 300 လိုအပ်သည်.... ဆက်လက်လုပ်ဆောင်လိုပါသလား]
ကံကောင်းချင်တော့ အမွှေးတိုင် ၃၀၀ သာလိုအပ်ခဲ့သည်။
ဆက်လုပ်မယ်...!
ကျန်းချန်ရှန်း မျက်လုံးတွေကို မှိတ်ထားလိုက်တော့.....
[ရှေးဟောင်းသိုင်းပညာရှင် လူဝင်စားပြန်ဖြစ်ပြီးနောက် ၎င်းတို့၏ မှတ်ဉာဏ်များကို အမှန်တကယ် ထိန်းသိမ်းနိုင်ပါသလား.......]
[ထိုသူ၏ သိုင်းပညာစွမ်းရည် အတိုင်းအတာတစ်ခုအထိ အစွမ်းထက်လာသောအခါတွင် ၎င်းတို့သည် လူဝင်စားခြင်းမှတစ်ဆင့် မြင်နိုင်စွမ်းရှိပုံရသည်...]
“သူမ အရင်ဘဝက ဘယ်လောက် အစွမ်းထက်သလဲ”
“မတွက်ချက်နိုင်ပါ... ဤစနစ်သည် ဤကမ္ဘ၏ လူဝင်စားခြင်းသံသရာတွင် မပါဝင်သေးပါ....”
စနစ်က အစွမ်းထက်သော်လည်း အလုံးစုံ မသိမြင်နိုင်ပေ။
ရှင်သန်မှုစနစ် လုံးဝအားကောင်းနေပါက၊ ဤကဲ့သို့သော ကွက်လပ်များကို သူမည်သို့အသုံးချနိုင်မည်နည်း။
ယုယန်ရိက ထိုကလေးမ ထိုဉာဏ်ကြီးရှင်သည် မည်မျှ ထူးခြားကြောင်း ပြောနေသဖြင့် ကျန်းချန်ရှန်း သူမ၏ နာမည်ကို တိတ်တဆိတ် မှတ်သားထားခဲ့သည်။
ယုချင်းယွမ် ........
တစ်နာရီလောက်ကြာတော့ ယုယန်ရိ ထွက်သွားပြီး ကျန်းချန်ရှန်း ဆက်လက် ကျင့်ကြံခဲ့သည်။
လုံချီ ဘုရားကျောင်းအတွက် အရည်အချင်းရှိသူများကို ရှာဖွေတွေ့ရှိခြင်းကိစ္စအား ယခုအချိန်တွင် ဘေးဖယ်ထားရပေဉီးမည်။
အဆင့်တက်ပြီးသည်နှင့် သူသည် ဤတိုက်ကြီးရှိ အရည်အချင်းရှိသူများကို ရှာဖွေရန် အမွှေးတိုင်စနစ်ကို တိုက်ရိုက် အသုံးပြုနိုင်သည်။ ထို့နောက် ထိုလူကို လုံချီ ဘုရားကျောင်းဆီခေါ်ဆောင်လာမည်ဖြစ်သည်။
ထိုသူကို သေချာပျိုးထောင်ပေးပြီးလျှင် ကျူကျွယ်နှင့်ယုချင်းယွမ်တို့ကို ဖိနှိပ်ထားနိုင်ပေမည်။
ကျန်းချန်ရှန်းက အံ့သြစရာကောင်းတဲ့ အကြံအစည်တစ်ခုကို တွေးရင်း ပြုံးလိုက်သည်။
ပိုင်ချီက ဟွမ်းထျန်းနှင့် ဟေးထျန်း တို့ကို ကောင်းစွာလေ့ကျင့်ပေးပြီး တတ်နိုင်သမျှ ကြီးပြင်းလာရန် လှုံ့ဆော်ပေးနေသည်။
ရှန်းတန်ခေတ်၏ ကိုးနှစ်မြောက်တွင်....
ကမ္ဘာကြီးက ဒီရေလို မြင့်တခါနိမ့်တလှည့်ဖြင့် လည်ပတ်နေစမြဲပင်....
ကမ်းရိုးတန်းပြည်နယ်အားလုံးသည် တော်ဝင်တရားရုံမှ လျာထားချက်များကိုရရှိပြီး စစ်သားအများအပြားကို ရေတပ်အသွင်ပြောင်းရန် စေလွှတ်ခဲ့သည်။ ဧကရာဇ်က အစစ်အမှန်နတ်ဘုရားနယ်ပယ်များကို စုဆောင်းရန်အမိန့်ထုတ်ပြန်ခဲ့သည်။
စစ်တပ်တွင်ပါဝင်ခြင်းဖြင့် သူတို့သည် မြင့်မြတ်သူများထံ အရောက်လှမ်းနိုင်ရုံသာမက အဆုံးစွန်သော နည်းစနစ်များရရှိရန် အစစ်အမှန်သိုင်းစံအိမ်သို့လည်း ဝင်ရောက်နိုင်သည်။ ကောင်းမွန်စွာစွမ်းဆောင်နိုင်သူများအနေဖြင့် ၎င်းတို့၏ သိုင်းပညာနယ်ပယ်ကို အခြားနယ်ပယ်တစ်ခုသို့ တိုးမြင့်နိုင်စေရန်အတွက် နိုင်ငံတော်ဘဏ္ဍာတိုက်မှ ရှားပါးရတနာများကိုပင် ရယူနိုင်သည်။
ကြီးမားသောနယ်မြေကြောင့် တကျန်း တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ် ဘယ်နှယောက်ရှိသလဲ မည်သူမျှမသိခဲ့ကြပေ။ ထို့အပြင် နိုင်ငံရပ်ခြားမှ သိုင်းပညာရှင်များလည်း ရှိသေးသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ်များပင်လျှင် တော်ဝင်တရားရုံးကို မက်လုံးများကို ငြင်းဆိုရန် ခက်ခဲသည်။ တကျန်း သည် ချမ်းသာသောနိုင်ငံဖြစ်ပြီး နေရာတိုင်းက ရှားပါးရတနာများကို တရားရုံးက သိမ်းယူထားသည်။ ဧကရာဇ်က သဘာဝရတနာများ စိုက်ပျိုးရန်အတွက် ပျိုးဥယျာဉ်များစွာကိုလည်း အထူးတလည်ဖွင့်လှစ်ခဲ့သည်။
သိုင်းပညာရှင်အများစုသည် အရည်အချင်းအကန့်အသတ်ရှိကြပြီး ပြင်ပအရာများကို အားကိုးရန်မှတပါး ရွေးချယ်စရာမရှိပေ။ သုံးလတာအချိန်တိုအတွင်းတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ် အယောက်လေးဆယ် နန်းတော်အတွင်းသို့ ရောက်လာခဲ့သည်။ အမိန့်ပေးပြီးနောက် သူတို့သည် တောင်ပိုင်းဆိပ်ကမ်းဆီသို့ ဦးတည်ကာ စုန့်လီ၏ အမိန့်ကိုနာခံကြရမည်ဖြစ်သည်။
စုန့်လီ ထိုသတင်းကိုကြားလိုက်သောအခါ အလွန်ပျော်ရွှင်နေခဲ့သည်။ သို့သော် ကောင်းသောအချိန်များက ကြာရှည်မခံပေ။ ဗိုလ်ချုပ် နှစ်ယောက် ရောက်ရှိလာသည်နှင့်အမျှ သူ့ကိုယ်သူ ချုပ်တည်းထားရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။
ဗိုလ်ချုပ်နှစ်ဦးမှာ ကျန်းဂျန်နှင့်ပင်းအန်း တို့ဖြစ်သည်။
စုန့်လီ ဤလူနှစ်ယောက်ကို ကြောက်လန့်နေပုံရသည်။ သူတို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ ဟုန်ရွှမ်းမင်းဆက်ကို ဖျက်ဆီးဖို့ လက်တွဲခဲ့ကြခြင်းပင်.... ၎င်းတို့ကို နတ်ဘုရားဗိုလ်ချုပ် နှစ်ဦးအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခံရပြီး လူတိုင်း၏ အထင်ကြီးလေးစားခြင်းကို ခံခဲ့ရသည်။
ထိုမှသာလျှင် စုန့်လီအနေဖြင့် ဧကရာဇ်၏စိတ်နှလုံးသားက ပင်လယ်ကဲ့သို့နက်ရှိုင်းကြောင်း သိလိုက်ရသည်။ နောင်တွင် သူသည် ဧကရာဇ်ရွှမ်ထျန်း ကို သတိထားရတော့မည်။
ကျန်းဂျန်နှင့် ပင်းအန်းတို့ စုန့်လီကို ကူညီရန် ထိုနေရာတွင် ရှိနေသော်လည်း ၎င်းတို့သည် ဆိပ်ကမ်းတွင် အမြင့်ဆုံးအဆင့်ရှိကြောင်း လူတိုင်းသိကြသည်။
သြဂုတ်လတွင်....
ကျန်းချန်ရှန်း အဆင့်တက်တော့မည်....
အတိဒုက္ခကို ရင်ဆိုင်ဖို့ မြို့တော်က ထွက်သွားရမလားဆိုပြီး တုံ့ဆိုင်းနေမိသည်။ ကောင်းကင်အတိဒုက္ခက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး မြို့တော်ကို ထိခိုက်စေမည်ကို သူကြောက်ရွံ့ခဲ့သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် အကြောင်းပြချက် နှစ်ခုကြောင့် မြို့တော်တွင် ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။ ပထမအကြောင်းရင်းမှာ နိုင်ငံရပ်ခြားတွင် အန္တရာယ်များလွန်းသောကြောင့်ဖြစ်သည်။ ရုတ်တရက် ရူးနှမ်းသော သိုင်းပညာရှင် ပေါ်လာလျှင် ဘယ်လိုလုပ်ကြမည်နည်း။ ဒုတိယအကြောင်းရင်းမှာ အင်အားစုအမျိုးမျိုးမှ သိုင်းပညာရှင်တို့ကို ခြိမ်းခြောက်နိုင်ဖို့ပင်....
အသက်ပြင်းပြင်းရှူပြီး မနက်ဖြန်မှာ သူ့ရဲ့အဆင့်တက်မှုကို စတင်ဖို့ ဆုံးဖြတ်လိုက်သည်။
မတ်တပ်ထရပ်ပြီး လန်းဆန်းလာစေရန်အညောင်းဆန့်လိုက်သည်။
[လက်ရှိ အမွှေးတိုင်အရေအတွက် 21,920,971]
သန်းနှစ်ဆယ်ကျော်ဆိုတော့ လုံလောက်နိုင်မှာပါ.....
ကျန်းချန်ရှန်း စိတ်လျှော့လိုက်သည်။
ဓားနတ်ဘုရားက သူ့ကိုကြည့်ကာ သူ၏လှုပ်ရှားမှုများကို သေချာစဉ်းစားနေသည်။ ၎င်းသည် ရိုးရှင်းပြီး အနည်းငယ်ရယ်စရာကောင်းသောပုံပေါက်သော်လည်း ဖုံးကွယ်ထားသည့်အရာတစ်ခုရှိကြောင်း ခံစားနေရသည်။
တာအိုဘိုးဘေးသည် အကြောင်းပြချက်မရှိဘဲ အဓိပ္ပါယ်မဲ့သောအရာကို မလုပ်ပေ။
ကျန်းချန်ရှန်းက ဓားနတ်ဘုရား ဘာတွေ တွေးနေလဲ မသိခဲ့ပေ။
တကယ်ဆို သူ့အတွက် အညောင်းဆန့်ဖို့မလိုပေ။ ဒါက သူ့အလေ့အထကို ထိန်းထားခြင်းပင်.....
နှစ်ပေါင်းများစွာကြာပြီးနောက် သူ့ဇစ်မြစ်ကို မေ့သွားမှာကို စိုးရိမ်ပြီး သူ့အရင်ဘဝက အလေ့အကျင့်အချို့ကို အမြဲထိန်းသိမ်းခဲ့သည်။
အတိအကျပြောရရင် သူ့အရင်ဘဝက အမှတ်ရစရာတွေကို ထိန်းသိမ်းထားနိုင်လို့ သူ့စိတ်နေစိတ်ထားက ဒီလောကထဲကို ပေါင်းစည်းလို့မရခဲ့ပေ။
နေဝင်ပြီး လမင်းထွက်ပေါ်လာကာ ကောင်းကင်တွင် ကြယ်ပွင့်လေးများ တောက်ပနေ၏။
ကျန်းချန်ရှန်းက မုလင်းလော့ ထံ အိပ်မက်တစ်ခု ပေးပို့ခဲ့ပြီး နှစ်ယောက်သား စကားစမြည်ပြောခဲ့ကြသည်။
ထူးထူးခြားခြား စကားတွေအများကြီးပြောနေသော ကျန်းချန်ရှန်းကိုကြည့်ပြီး တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားမိသည်။ သို့သော် သူမအနေဖြင့် သူ့ကို မကူညီနိုင်မှန်းသိပြီး နာခံမှုဖြင့်သာ နားထောင်နိုင်ခဲ့သည်။
တစ်ညတာကုန်ဆုံးပြီးနောက်....
ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး သူ့ခြေထောက်ကို မှီ၍အိပ်နေသော ပိုင်ချီ ကို နှိုးလိုက်သည်။
ပိုင်ချီ မနိုးခင်မှာ ကျန်းချန်ရှန်း မြူခိုးတွေထဲ ပျောက်ကွယ်သွားချေပြီ။
တံစက်မြိတ်မှာ တရားထိုင်နေသည့် ဓားနတ်ဘုရားက မျက်လုံးဖွင့်ပြီး ကျန်းချန်ရှန်း ဘာလုပ်နေတယ်ဆိုတာကို နားမလည်ဘဲ အံ့သြစွာကြည့်နေသည်။
ကျန်းချန်ရှန်းသည် မြို့တော်မှ တတ်နိုင်သမျှ ဝေးဝေးသို့ ပျံသန်းခဲ့သည်။
မြို့တော်ထဲတွင်.....
တည်းခိုခန်းတစ်ခုအတွင်း၌ ဓ လက်ဖက်ရည်သောက်နေသော သိုင်းပညာရှင်နှစ်ဦး ရှိနေသည်။
အဝါရောင်ဝတ် ဓားသမား တစ်ယောက်က... “ငါတို့ ဒီမှာနေတာ ကြာပြီ... ဒီနေ့ တောင်ပေါ်တက်ရအောင်...”
အခြားတစ်ယောက်က....
“မြင့်မြတ်တဲ့ဓားနယ်ပယ်ထဲကို တက်လှမ်းနိုင်ခဲ့တဲ့ ဓားသမားက ဓားနတ်ဘုရားမှန်း ငါတို့သိပြီးပြီ...ငါတို့တွေ ဓားနတ်ဘုရားကို ဖိတ်ခေါ်ချင်ရင် တာအိုဘိုးဘေးကို စည်းရုံးရမယ်....သူ့ကို ဘယ်လို ဆွဲဆောင်ရမလဲ... တာအိုဘိုးဘေးက မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေကို သတ်ခဲ့ပြီး အထောက်အထားတွေကို ဂရုစိုက်တတ်တဲ့သူမဟုတ်ဘူး....”
ဒါကိုကြားတော့ အဝါရောင်ဝတ် ဓားသမား ငြိမ်သက်သွားသည်။
တာအိုဘိုးဘေးသည် တကျန်းပြည်သူများအတွက် အကာအကွယ်ပေးသော နတ်ဘုရားဖြစ်သည်။ ပြင်ပလူများအတွက်၊ သူသည် ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံးဖြစ်တည်မှုဖြစ်သည်။
သို့သော် သူတို့ကို တာဝန်တစ်ခုဖြင့် ဤနေရာသို့ စေလွှတ်ခဲ့သည်။ အဲဒီလို လက်ဗလာနဲ့ ပြန်ပေးရင် အပြစ်ပေးခံရလိမ့်မည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
သူတို့ဒီကိုမလာခင်က နဂါးသွေးကြောတိုက်ကြီးကို လုံးဝဂရုမစိုက်ခဲ့ ပေမယ့် သူတို့ဒီကိုရောက်ပြီးနောက်ပိုင်း အံ့သြနေကြသည်။
တကယ်တော့ ဒီလို ဝေးလံခေါင်သီတဲ့အရပ်မှာ ပုန်းအောင်းနေတဲ့ ကြောက်စရာကောင်းတဲ့ ပညာရှင်တစ်ယောက် ရှိခဲ့တယ်!
ဓားသခင်သာ ကိုယ်တိုင်ကိုယ်ကျ မလာပါက၊ ဓားနတ်ဘုရားကိုခေါ်ယူရန် မဖြစ်နိုင်ပေ။
အဝါရောင်ဝတ်ထားသူက.... “ဓားနတ်ဘုရားက ဓားသမားဆိုတော့ သူ့ကို ဓားနဲ့ဆွဲဆောင်ရမယ်...."
နောက်တယောက်က သက်ပြင်းချလိုက်ပြန်သည်။ သူစကားပြောခါနီးတွင် အောက်ထပ်တွင် ရုတ်ရုတ်သဲသဲ အသံကြားလိုက်ရသည်။
" တာအိုဘိုးဘွားအတိဒုက္ခကို ရင်ဆိုင်နေပြီ...!!!!”
လမ်းဘေးမှ ကောင်လေးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။ သူ့လေသံက ထူးထူးခြားခြား စိတ်လှုပ်ရှားနေပြီး အလွန်စူးရှနေသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တည်းခိုခန်း၏ တံစက်မြိတ်ပေါ်သို့ ခုန်တက်လိုက်သည်။ သူတို့သာမကဘဲ သိုင်းပညာရှင်အများအပြား တံစက်မြိတ်ပေါ်သို့ ခုန်တက်လာကြသည်။ မျက်စိနဲ့မြင်နိုင်သလောက် အရပ်မျက်နှာတိုင်းက အိမ်ခေါင်မိုးပေါ်မှာ သိုင်းပညာရှင်တွေပြည့်နှက်နေသည်။
ဂျိန်းးးးးးး
ကျယ်လောင်သော မိုးခြိမ်းသံ ထွက်ပေါ်လာပြီး မူလက လင်းထိန်နေသည့် မြို့တော်တစ်ခုလုံး အမှောင်ထုဖုံးလွှမ်းနေသည်။
ဧကရာဇ်ရွှမ်ထျန်း အိပ်ရာမှနိုးလာပြီး ၀တ်ရုံကို အလျင်အမြန် ၀တ်ဆင်ကာ အိပ်ခန်းမှ ထွက်လာခဲ့သည်။
ကောင်းကင်ပေါ်မော့ကြည့်တော့ မြို့တော်တစ်ခုလုံး တိမ်မည်းများဖြင့် ဖုံးလွှမ်းနေသည်။
မည်းမှောင်နေသော တိမ်တိုက်များက အလွန်မြင့်မားနေသဖြင့် မြို့တွင်းရှိလူတိုင်းကိုသေးငယ်သွားသလို ခံစားရစေသည်။
တာအိုဘိုးဘွားကို မမြင်နိုင်ကြဘဲ တိမ်တိုက်များထဲမှ လျှပ်စီးကြောင်းများကိုသာ မြင်နိုင်ကြသည်။
နယ်ပယ်မြင့်မားသော သိုင်းပညာရှင်များက လျှပ်စီးကြောင်းများ၏ အရွယ်အစားကို သိနိုင်သော်လည်း ၎င်းသည် မြေပြင်နှင့် အလွန်ဝေးသည်ဟု ဆိုနိုင်သည်။
ရဲရင့်သော အစစ်အမှန်နတ်ဘုရားနယ်ပယ်အချို့က ကောင်းကင်သို့ပျံတက်သွားကြသည်။
ဂျိန်းးးးးးး
လျှပ်စီးကြောင်းကြီးတစ်ခု ပေါ်လာပြီး ယခင်တစ်ခုထက် အဆတစ်ရာ ပိုကြီးသည်။ ၎င်းသည် လူတိုင်း၏မျက်နှာကို တောက်ပစေပြီး မရေမတွက်နိုင်သောလူများကိုတုန်လှုပ်စေခဲ့သည်။
ခြံဝင်းထဲတွင်....
ဓားနတ်ဘုရား တုန်လှုပ်သွားပြီး... “သူ အဆင့်တက်တော့မှာလား..."
ပိုင်ချီက သူ့အနားရောက်လာပြီး "ရှင် သတိထားမိလား? တာအိုဘိုးဘေး အဆင့်တက်တာက ကျွန်မတို့နဲ့ မတူဘူး...ကျွန်မတို့အဆင့်တက်ဖို့ အတိဒုက္ခဖြတ်ကျော်စရာမလိုဘူး...ဒါ့အပြင်၊ ကောင်းကင်နှင့်မြေပြင်ရဲ့ ကံကြမ္မာက တာအို ဘိုးဘေးဆီ ရောက်မလာဘူး...."
ဓားနတ်ဘုရားက ရှုပ်ထွေးတဲ့အမူအရာနဲ့....“ တာအို ဘိုးဘေးက ကံတရားကို အားကိုးတဲ့သူမဟုတ်ဘူး... သူ့အရည်အချင်းက အလွန်ကြောက်စရာကောင်းတာကြောင့် ယခုအချိန်အထိ ပြင်ပအကူအညီကို မလိုအပ်သေးဘူး... အတိအကျပြောရရင် ကောင်းကင်တာအို က သူ့အရည်အချင်းကို သည်းမခံနိုင်ဘဲ မိုးကြိုးအတိဒုက္ခကို လွှတ်လိုက်တာ..”
ပိုင်ချီက ဓားနတ်ဘုရားပြောတာတွေက အဓိပ္ပါယ်ရှိတယ်လို့ ခံစားနေရသည်။မည်သို့ပင်ဆိုစေ တာအိုဘိုးဘေး အောင်မြင်ပါစေဟု တိတ်တဆိတ် ဆုတောင်းခဲ့သည်။
သူမအနေဖြင့် ကျန်းချန်ရှန်းနောက်သို့ တစ်သက်လုံး လိုက်ပါရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သောကြောင့် ကျန်းချန်ရှန်းကို မသေစေချင်ပေ။
တာအိုဘိုးဘေး သေချာပေါက် အောင်မြင်မယ်လို့ ယုံကြည်နေမိသည်။ ထိုကဲ့သို့သော ကျွမ်းကျင်သူတစ်ဦး သေရမည်ဆိုလျှင်တောင် တုန်လှုပ်ချောက်ချားစရာ တိုက်ပွဲတစ်ခုတွင် သာသေဆုံးရမည်ဖြစ်သည်။
ကျန်းချန်ရှန်းက လေထဲတွင် တင်ပျဉ်ခွေထိုင်နေပြီး သူ့ဝတ်ရုံစက လေထဲတွင် တဖျတ်ဖျတ်လွန့်လူးနေသည်။
မိုးကြိုးတိမ်တိုက်ကို မော့ကြည့်လိုက်ပြီး တံတွေး မျိုချလိုက်မိသည်။
နည်းနည်းတော့ ကြောက်စရာကောင်းတယ်!
မိုးကြိုးတိမ်တိုက်များထဲတွင် ကြီးမားသော ရေဝဲများ ဖြစ်ပေါ်လာသည်။ရေဝဲ၏ အနက်ရှိုင်းဆုံး နေရာတွင် ခရမ်းရောင် အလင်းတန်းများပင် ထွန်းတောက်နေခဲ့သည်။
ကောင်းကင်အတိဒုက္ခက စွမ်းအားများကို စုဆောင်းနေပြီဖြစ်သည်။
အကန့်အသတ်မဲ့ မိုးကြိုးတိမ်တိုက်များ ရှီပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံကာ ပတ်ဝန်းကျင်ပြည်နယ်များသို့ပင် ပျံ့နှံ့သွားခဲ့သည်။ ဤကဲ့သို့သော ဖြစ်ရပ်ကြောင့် စောစီးစွာ နိုးထလာသော နိုင်ငံသားများနှင့် သိုင်းပညာရှင်များ စိုးရိမ်ပူပန်နေကြသည်။
ဂျိန်းးးးးး
မိုးခြိမ်းသံများ ပိုမိုကျယ်လောင်လာကာ အပေါ်မှလျှပ်စီးကြောင်းများ ကျန်းချန်ရှန်း ၏ဦးခေါင်းဆီသို့ နီးကပ်လာသည်။
ဤတစ်ကြိမ်တွင်၊ သူကိုယ်တိုင် အတိဒုက္ခကို ကျော်လွှားရန် ရည်ရွယ်ထားသည်။ကျရှုံးခါနီးမှသာ အမွှေးတိုင်အရေအတွက်များကို သုံးစွဲမည်။
လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ကျဆင်းလာပြီး သူ၏ဝိညာဉ်စွမ်းအင်အကာအရံများဖြင့် နှိမ်နှင်းလိုက်သည်။
လျင်မြန်စွာ ပြန်လည်ကောင်းမွန်မလာမီ ဝိညာဉ်စွမ်းအင်အကာအရံပေါ်တွင် အက်ကွဲရာတစ်ခုပေါ်လာသည်။
အစပိုင်းမှာတောင် ဒီလောက်ပြင်းထန်နေပြီလား..
ခဏကြာတော့ လျှပ်စီးကြောင်းတွေ သူ့ကို အရူးအမူး ရိုက်ခတ်နေသဖြင့် လျှပ်စီးကြောင်းများကို တွန်းလှန်ရန် စွမ်းအင်များကို လျင်မြန်စွာ ဖြန့်ကျက်လိုက်သည်။
လေပြင်းတိုက်ခတ်ပြီး မြို့တော်ရှိ ပြည်သူများ အလွန် ထိတ်လန့် တုန်လှုပ်သွားကာ အဝတ်အစားများပင် စုတ်ပြဲကုန်သည်။ ဧကရာဇ် ရွှမ်ထျန်းသည် လေပြင်းတိုက်ခတ်မှုကို ကာကွယ်ရင်း သူ၏မျက်လုံးများကို မှေးကျဉ်းပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
လူသားဧကရာဇ်၏ အစွမ်းများကို ရရှိပြီးနောက် ကောင်းကင်ယံအထိပင် မြင်နိုင်ခဲ့သည်။
သူ တိတ်တဆိတ် တုန်လှုပ်သွားသည်။
ဒါတကယ်ပဲ မိုးကြိုးအတိဒုက္ခလား.... ဒါဆို ကောလာဟလတွေကို တော်ဝင်မိသားစုက လုပ်ကြံဖန်တီးခဲ့တာမဟုတ်ဘူးပေါ့........