ပြဿနာများ ပြေလည်သွားခြင်း
Vol. 53 Ch. 781
ချွမ်း……
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ လက်ထဲရှိ ဧရာမ ရွှေဓါးကြီးမှ တဖျတ်ဖျတ် တလက်လက် အလင်းရောင်များထွက်ပေါ်လာပြီး သူ၏ အော်ရာက ပေါက်ကွဲထွက်လာ၏။ ဖျတ်ကနဲဆို သူက ဆူဇီမိုထံသို့ ပြေးဝင်ချသွားလေသည်။
ဆူဇီမို၏ အကြည့်က အေးစက်နေပြီး သူက နောက်ဆုတ်ခြင်း ရှောင်ရှားခြင်း မရှိပေ။ သူ၏ တုတ်ခိုင်သန်မာသော လက်များကို ဆန့်ထုတ်ပြီး သူ၏ ထက်ရှသော နဂါးလက်သည်းများကိုသုံးကာ ဧရာမ ရွှေဓါးကြီးကို ဖမ်းဆွဲလိုက်၏။
ချွမ်း…..
ဓါးနှင့်လက်သည်းတို့က ထိတွေ့ရိုက်ခတ်သွားပြီး ဂျစ်ဂျစ်ဂျက်ဂျက် အသံများက ထွက်ပေါ်လာ၏။
ဧရာမ ရွှေဓါးသည် ထက်ရှသော်လည်း ၎င်းက ကြောက်စရာကောင်းသော လက်သည်းများကို လှီးဖြတ်နိုင်ခြင်း မရှိပေ။
နဂါး၏ လက်သည်းသည် သူ၏ ခန္ဓာကိုယ်တွင် အမာကြောဆုံးအစိတ်အပိုင်း ဖြစ်လေသည်။
ဓါးက လေထဲသို့ ပြန်ကန်ထွက်သွား၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွားခဲ့လေသည်။
ထိုထိတွေ့ ရိုက်ခတ်မှု တစ်ခုမှာပင် သူက နဂါးအသွင်ပြောင်းထားသော ဆူဇီမိုကို သူ၏ လက်ရှိခွန်အားဖြင့် ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း နားလည်သဘောပေါက်သွား၏။
သူ၏ နဂါးအသွင် ပြောင်းလဲပြီးနောက် ဆူဇီမို၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းနေသည်က နဂါးမျိုးနွယ်၏ မျိုးဆက်သွေးသာမကပဲ အန္တိမ နတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံခြင်းမှ ထွက်ပေါ်လာသော စွမ်းအားကြီးသည့် သူ၏ မျိုးဆက်သွေးလဲ ပါဝင်လေသည်။
ထိုမျှသာမက နဂါးအသွင်ပြောင်လဲခြင်းသည် လူသားဧကရာဇ်၏ လျို့ဝှက်ပညာရပ်ကနေ စတင်ခဲ့ခြင်း ဖြစ်လေသည်။
တစ်နည်းအားဖြင့် ဆိုလျှင် ကြောက်စရာကောင်းသော တိုက်ဆိုင်မှုများဖြင့် ဆူဇီမိုသည် ထိုပညာရပ်ထဲတွင် များစွာသော စွမ်းအားကြီး နည်းစနစ်များကို ပေါင်းထည့်နိုင်ခဲ့ပြီး သူ၏ နဂါးအသွင်ပြောင်းလဲခြင်းက စဉ်းစားကြည့်လို့ မရအောင် ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့၏။
ဘုန်း…….
ဆူဇီမို၏ အော်ရာက မြင့်တက်လာပြီး သူက ခြေကို ကန်နင်းကာ ရှေ့သို့ ထိုးတက်သွားပြီး နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ရှေ့သို့ ရောက်ရှိလာ၏။
မြေပြင်က လှုပ်ခါသွားပြီး တောင်တန်းများက ယိမ်းထိုးလာ၏။
“ဂါး….”
နဂါးဟိန်းသံက လောကတစ်ခွင် အတောမသတ် ပဲ့တင်ထပ် မြည်ဟည်းသွား၏။
ဆူဇီမိုသည် သူ၏ လက်ချောင်းများကို ဖြန့်ထုတ်ပြီး ကြီးမား၍ ကြောက်စရာကောင်းသော နဂါးလက်သည်းများသည် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ ဦးခေါင်းပေါ်ကနေ လွှမ်းခြုံ၍ ကျဆင်းလာ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် အံကိုကြိတ်ပြီး သူဓါးကို ပင့်မြှောက်၍ ခုခံလိုက်ရ၏။
ချွမ်း….
နောက်ထပ် ထိတွေ့ရိုက်ခတ်သံက ထွက်ပေါ်လာပြန်၏။
ဧရာမ ရွှေရောင်ဓါးကြီးပေါ်ရှိ မျိုးဆက်သွေးသည် သိသိသာသာ လှုပ်ခတ်သွားပြီး ၎င်း၏ သွေးချီက ပျက်ပျယ်လာ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ အမူအရာက ပို၍ပင် ဖြူဖတ်ဖြူရော် ဖြစ်လာလေသည်။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးသည် ကြောက်စရာကောင်းပြီး သူတို့၏ ကိုယ်ပိုင်အားက အရမ်းကို သန်မာသောကြောင့် သူတို့သည် ကမ္ဘာဦးမျိုးနွယ်၉စုထဲတွင် အနီးကပ်တိုက်ခိုက်ရည်၌ အသန်မာဆုံး အတော်ဆုံးဟု ပြောလို့ရလေသည်။
သို့သော်လည်း ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်တွင် နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် မကြုံစဖူး အန္တရာယ်တစ်ခုကို ခံစားမိလာ၏။
သူတို့၏ ထိတွေ့ ဖလှယ်မှုများက ပို၍မြန်ဆန်လာပြီး လေထဲတွင် ပုံရိပ်နှစ်ခုက တစ်ရိပ်ရိပ်နှင့် ယှက်ဖြာလာသည်ကိုသာ မြင်ရတော့၏။ သူတို့၏ နောက်ချန်ပုံရိပ်များက ထပ်နေပြီး သူတို့ကို ရှင်းလင်းစွာ မမြင်နိုင်တော့ပေ။
များစွာသော ကျင့်ကြံသူများသည် သူတို့နှစ်ယောက် ထိတွေ့ရိုက်ခတ်သည့် အသံများမှာ တသိမ့်သိမ့် တုန်ရင်သွားကြ၏။
ဆူဇီမို၏ ညာဘက်လက်က ကျိုး၍ အခုထိ ပြန်မကောင်းသေးသော်လည်း သူက နဂါးအသွင် ပြောင်းလဲပြီးနောက် ခွန်အားနှင့် အမြန်နှုန်းအရာမှာ သူက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို စီးပိုးခြယ်လှယ်စွာဖြင့် ဖိနှိမ်လာနိုင်၏။
ဒါ့အပြင် အန္တိမသားရဲနနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံပြီးနောက် သူ၏ အနီးကပ်တိုက်ခိုက်ရည်က ပြိုင်ဘက်ကင်းသလောက် ရှိနေလေသည်။
သူက အသာစီးရယူသွားသည်နှင့် တပြိုင်နက် သူ၏ တိုက်ခိုက်မှု အရှိန်အဟုန်ကို ပြန်လည်တွန်းလှန်နိုင်ဖို့က မဖြစ်နိုင်သလောက်ပင်။
အသက်ဆယ်ရှိုက်စာ…
ထိုအချိန်တွင် သူတိုနှစ်ယောက်သည် တိုက်ကွက်ပေါင်း ၁၀၀ ကျော် ဖလှယ်ခဲ့ကြပြီးလေပြီ။
ထိုတိုက်ကွက် ၁၀၀ ကျော်တွင် ၁ ခုချင်းစီသည် အလွန်တရာအန္တရာယ်များပြီး တစ်ချက်မှားသွားသည်နှင့် သူတို့၏ သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်လေသည်။
ဘုန်း…..
နောက်ထပ် ကျယ်လောင်သည့် အသံကြီးတစ်သံက ထွက်ပေါ်လာ၏။
သူတို့နှစ်ယောက်သည် ထိတွေ့ရိုက်ခတ်၍ ချက်ချင်းပြန်ခွာလိုက်ကြပြီး သူတို့၏ မူလနေရာမှာ ခိုင်မာစွာ ပြန်လည် ရပ်လိုက်ကြ၏။
များစွာသော ကျင့်ကြံသူများသည် အသက်ပင် မရှုရဲပဲ စောင့်ကြည့်နေကြ၏။
သူတို့နှစ်ယောက်လုံးသည် အမူအရာ ကင်းမဲ့နေကြပြီး မည်သူက နိုင်သွားသည် ဆိုတာကို ပြောဖို့ခက်လေသည်။
နောက်ဆုံးမှာတော့ နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်သည် အသက်ပြင်းပြင်း ရှုထုတ်လိုက်၏။ သူ၏ ဧရာမရွှေဓါးပေါ်ရှိ ရွှေရောင်အလင်းက မှိန်ကျသွားပြီး ရွှေရောင်သွေးရည်များအဖြစ် ပြောင်းကာ မြေပြင်ပေါ်သို့ လျှောကျသွား၏။
သူ၏ ရင်ဘက်မှလည်း လက်ဆက်သော သွေးများက စီးကျလာပြီး အချိန်ကြာလာသည်နှင့်အမျှ ထိန်းချုပ်၍ မရနိုင်လောက်အောင် ဒလဟော စီးဆင်းလာ၏။
သူ၏ အကြည့်ကလည်း တဖြည်းဖြည်း မှိန်ကျလာလေသည်။
သူ၏ အသက်ဓာတ်က ထွက်ခွာတော့မည့်ဆဲဆဲ အရိပ်လက္ခဏာပင်။
အခြားတစ်ဖက်မှာတော့ ယက္ခခေါင်းဆောင်သည် ညဝိညာဉ်၏ သတ်ဖြတ်မှုကို ခံရပြီးနောက် ကျန်ရှိနေသော ယက္ခများသည် အဘက်ဘက်သို့ အသက်လု၍ ထွက်ပြေးကုန်ကြလေသည်။
ဆူဇီမိုက အဆင်ပြေသည်ကို မြင်ရမှသာ ညဝိညာဉ်က စိတ်သက်သာရာ ရသွား၏။ သူက ဆူဇီမိုကို တစ်ချက်ကြည့်ပြီးနောက် ကျန်ရှိနေသော ယက္ခများနောက်သို့ ဖျတ်ကနဲ ပြေးလိုက်သွားလေသည်။
ညဝိညာဉ်သည် သူ၏လျှို့ဝှက်ချက် ပေါက်ကြားမည်ကို စိုးရိမ်သောကြောင့် ကျန်ရှိနေသော ယက္ခများနောက်သို့ အမဲလိုက်၍ သတ်ဖြတ်တော့မည်ဖြစ်ကြောင်း ဆူဇီမိုက အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။
“ကံဆိုးစွာနဲ့ပဲ ငါ့ရဲ့ အစွမ်းအစက နည်းနည်း လိုနေသေးတယ်”
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး ဖြေးဖြေးချင်း ပြောလိုက်၏။
“ငါသာ မင်းကို သတ်နိုင်ခဲ့ရင် အခြေအနေက အခုနဲ့ လုံးဝ ကွဲပြားခြားနားနေလိမ့်မယ်”
“ဒါပေမယ့်လို့ အဲ့ဒါက ဘာမှတော့ မဖြစ်ပါဘူး”
သူက ခါးသက်စွာဖြင့် ရယ်မောလိုက်၏။
“ငါပြောခဲ့ပြီးပြီး လူသားမျိုးနွယ်ရဲ့ခေတ်က ကုန်ဆုံးသွားပြီ.. ဒီနေ့တိုက်ပွဲက ငါပြောတဲ့အချက်ကို သက်သေပြပေးလိုက်တာပဲ”
“အို ဒီနေ့တိုက်ပွဲမှာ ယက္ခမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်က အပြတ်အသတ် ချေမှုန်းခံလိုက်ရတာကို မင်းကပြောတာလား” ဆူဇီမိုက လှောင်ရယ်လိုက်၏။
“အဲ့တော့ရော ဘာဖြစ်လဲ.. လူသားမျိုးနွယ်က အေးအေးချမ်းချမ်းနဲ့ နေရတာ ကြာသွားလို့ သူတို့မှာ အတိတ်ကာလတုန်းကလို တူညီတဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေ မရှိတော့ဘူး”
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က သူ့ရှေ့ရှိ ကျင့်ကြံသူများကို လက်ညှိုးထိုးပြီး ခေါင်းခါကာ ရယ်မောလိုက်၏။
“မင်းပြောတဲ့ လူသားပြိုင်စံရှားတွေရဲ့ စိုးရိမ်ထိတ်လန့်နေတဲ့ မျက်နှာတွေကိုလဲ ကြည့်လိုက်ပါဦး.. ငါတို့ နတ်ဘုရားမျိုးနွယ်က ဝင်ရောက်လာတဲ့ အချိန်မှာ သူတို့က ခုခံတိုက်ခိုက်ဖို့တောင် သတ္တိမရှိကြတော့ဘူး.. အဲ့လိုပုံစံနဲ့ မင်းတို့တွေက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ဘယ်လိုများ အုပ်စိုးနိုင်မှာလဲ”
“ဆူဇီမို မင်းက ဒီနေ့မှာ နိုင်ကောင်းနိုင်သွားလိမ့်မယ်.. ဒါပေမယ့်လို့ မင်းက တစ်ယောက်ထဲ.. မင်းတစ်ယောက်တည်းနဲ့ လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”
“နောက်ပြီး မင်းရဲ့လက်ရှိ အခြေအနေကိုလည်း ကြည့်လိုက်ဦး.. ဒီမှာရှိတဲ့ ကျင့်ကြံသူတွေ အကုန်လုံးက မင်းကို ပြင်ပက တစ်စုံတစ်ယောက်အဖြစ် ဒါမှမဟုတ် မိစ္ဆာသားရဲ တစ်ကောင်အဖြစ်နဲ့ မှတ်ယူထားကြတာ.. ငါ့အတွက်နဲ့ နတ်ဘုရားမျိုးနွယ်က မင်းကို လက်စားလာမချေဘူးဆိုရင်တောင် မင်းက လူသားမျိုးနွယ်ရဲ့ ကျင့်ကြံရေးလောကမှာ ခြေချစရာ နေရာ ရှိမှာ မဟုတ်တော့ဘူး”
ဆူဇီမိုက တိတ်ဆိတ်နေ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင် ပြောသွားသော စကားများတွင် အချို့အရာများက မှန်လေသည်။
သူသည် ဤနေ့ အသင်္ချေနယ်မြေ မြို့တော်မှာ နတ်ဘုရားမျိုးနွယ်ကို သတ်ဖြတ်ပြီး သူ့နောက်ရှိ ကျင့်ကြံသူများကို ကယ်တင်ခဲ့သည် ဆိုလျှင်တောင် အဲ့ဒါသည် သူက အပြင်လောကရှိ ကျင့်ကြံရေးလောကမှာ အံဝင်ခွင်ကျ ဖြစ်သွားပြီဟု အဓိပ္ပာယ်မရပေ။
“လူသားမျိုးနွယ်တွေက အတွင်းမှာ ကြိတ်ပြီး ရန်ဖြစ်နေရတာကို သဘောကျနေတဲ့ပုံပဲ ဟား……ဟား…..ဟား….ဟား…”
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်က ရူးသွပ်သွားသည့်အလား ရယ်မောလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာ၏။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးသည် ကြောက်စရာကောင်းပြီး အလွန်တရာ သန်မာသော အသက်ဓာတ်အားကို ပိုင်ဆိုင်ထား၏။
ထိုအချိန်တွင် သူ၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြတ်သတ်နေပြီး သူ၏ ရင်အုပ်က ဆူဇီမို၏ နဂါးလက်သည်းဖြင့် ထိုးဖောက်ခြင်း ခံထားရတာတောင် သူက သူ့အသက်ကို ဆွဲဆန့်ထားနိုင်သေး၏။
“မင်းပြောတာမှားတယ် ငါတစ်ယောက်ထဲ မဟုတ်ဘူး”
ဆူဇီမိုက နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်ကို ကြည့်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“အပြင်လောကမှာ မရေမတွက်နိုင်တဲ့ လူသားကျင့်ကြံသူတွေ အများကြီးရှိသေးတယ်.. ငါ့လိုမျိုး တခြားလူတွေရှိသေးတာကို မင်းက မမြင်ဘူးသေးတာပဲ ရှိတယ်”
ဟိုအရင်တုန်းက သွေးကျီးကန်းနန်းတော်သခင်သည် မဟာကျိုးအင်ပါယာ၏ ဂိုဏ်းကြီး၄ဂိုဏ်းနှင့် ပူးပေါင်းပြီး ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများနှင့်အတူ ဆန်းကြယ်တောင်ထွတ်ကို ကျူးကျော်တိုက်ခိုက် ခဲ့လေသည်။
မဟာကျိုး အင်ပါယာကတောင် သူတို့ကို ထွက်၍ ရင်ဆိုင်ရဲခြင်း မရှိပေ။
သို့သော်လည်း တစ်စုံတစ်ယောက်ကတော့ ထွက်ပေါ်လာခဲ့လေသည်။
အဆူရာ ရန်ပေးချန်…
သူသည် ဆန်းကြယ်တောင်ထွတ်သို့ ရောက်ရှိလာခဲ့ပြီး သူ၏ အဆူရာဆေဘာနှင့် သွေးကျီးကန် နန်းတော်သခင်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့၏။
သူတို့က ဘယ်မျိုးနွယ်ကဖြစ်စေ သို့မဟုတ် သူတို့က ဘယ်ဇစ်မြစ်က လာသည်ဖြစ်စေ ကိစ္စမရှိပေ။ သူ့လမ်းကြောင်းမှာ ရှိသမျှလူတိုင်းကို သတ်ဖြတ်မည်သာ ဖြစ်လေသည်။
ရန်ပေးချန်သာ ဤနေရာမှာ ရှိလျှင် သူကလည်း နောက်မဆုတ်တမ်း တိုက်ခိုက်လိမ့်မည် ဆိုတာကို ဆူဇီမိုက ယုံကြည်ထား၏။
ယခင်က သူသည် နဂါးအရိုးတောင်ကြားမှာ နဂါးဥတစ်လုံးကို စားသုံးပြီး ပြဿနာ ရှာလာခဲ့၏။ အစစ်အမှန် နတ်နဂါးကြီး တစ်ကောင်သည် မဟာကျိုးမြို့တော်ထိ သူတို့နောက်သို့ တစ်လမ်းလုံး လိုက်လာခဲ့၏။
ထိုအချိန်တွင် လျို့ဝှက်ဆန်းကြယ်သော အဖိုးအိုတစ်ယောက်က ထွက်ပေါ်လာပြီး အစစ်အမှန် နတ်နဂါးကြီးကို တိုက်ခိုက်ကာ ပြန်လည် တွန်းလှန်ထုတ်ခဲ့၏။ ဘယ်လောက်တောင် ရဲရင့်လိုက်တဲ့ သတ္တိမျိုးလဲ။
ထိုလူများကို အသာထား အသင်္ချေနယ်မြေ မြို့တော်ထဲမှာတောင် သူ့အပြင် လင်းရွှမ်ကျီ၊ ဖက်တီးလေး၊ နတ်ဆိုးမကျိ၊ ကျီချန်းရှန်နှင့် အခြားသူများသည် လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာကို ရသလောက် အဖက်ဆယ်ဖို့အတွက် သူတို့၏ အသက်ကို ပဓာနမထားပဲ တစ်ယောက်ပြီးတစ်ယောက် ထွက်ရပ်၍ တိုက်ခိုက်ခဲ့ကြ၏။
“အနာဂတ် လမ်းခရီးက အရှည်ကြီး ရှိသေးတယ်”
ဆူဇီမိုက ဖက်တီးလေးနှင့် အခြားသူများကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“သူတို့က အခုအချိန်မှာတော့ ကမ္ဘာဦးမျိုးနွယ် ၉ စုနဲ့ ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ဦးမယ်.. ဒါပေမယ့်လို့ သူတို့က မင်းတို့ကောင်တွေနဲ့ ယှဉ်နိုင်တဲ့ တစ်နေ့ကို ရောက်ရှိလာလိမ့်မယ်”
လူသားများသည် မွေးရာပါ အားနည်းကြ၏။ သို့သော်လည်း သူတို့သည် အကန့်အသတ်မဲ့သော ပါရမီအလားအလာများကို ပိုင်ဆိုင်ကြပြီး သမိုင်းတစ်လျှောက်လုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရသော ထာဝရ လူသားဧကရာဇ်လို တည်ရှိမှုမျိုးကိုတောင် မွေးထုတ်ပေးနိုင်ခဲ့၏။ သူပေါ်ထွက်လာချိန်တွင် ကမ္ဘာဦးမျိုးနွယ် ၉ စုသည် ဘာကိုမှ မတတ်နိုင်တော့ပဲ သူ့ကိုရှောင်ရှားကာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ချောင်ကြိုချောင်ကြားမှာ အပယ်ခံ ဘဝနှင့် ရှင်သန်နေထိုင်ခဲ့ရ၏။
နတ်ဘုရားမျိုးနွယ်ခေါင်းဆောင်၏ မျက်လုံးထဲရှိ အလင်းရောင်က တဖြည်းဖြည်း မှိန်ကျသွား၏။
သိပ်မကြာမီ သူ့ခန္ဓာကိုယ်က ဘုန်းကနဲပစ်လဲကျသွားပြီး အသက်ရှူနိုင်ခြင်း မရှိတော့ပေ။
အရာရာတိုင်းက ပြီးဆုံးသွားပြီး ပြဿနာများက ပြေလည်သွားလေပြီ။
များစွာသော ကျင့်ကြံသူများသည် နောက်ဆုံးမှာတော့ ဖိအားအောက်ကနေ လွတ်မြောက်သွားကာ စိတ်သက်သာရာ ရသွားကြ၏။
လူတိုင်းသည် ငရဲကနေ ပြန်လည်လွတ်မြောက်လာသည့်အလား ခံစားလိုက်ရ၏။
အဲ့ဒါက ဖော်မပြတတ်လောက်အောင် ပျော်ရွှင်ရလေသည်။
ကျင့်ကြံသူ တစ်ယောက်ချင်းစီသည် သွေးများဖြင့် စိုရွှဲနေသော ဆူဇီမိုနှင့် မြို့ထဲတွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်ပြီး တွေဝေရှုပ်ထွေးသော အမူအရာများ ရှိနေကြ၏။
သည့်အရင်က သူတို့ထဲမှ များစွာသည် ဆူဇီမိုကို အော်ဟစ်၍ သူ့ကို သတ်ဖြတ်ချင်ခဲ့ကြပြီး ဖက်တီးလေး ရှောင်းနင်နှင့် တခြားလူများကို တိုက်ခိုက်ခဲ့ကြ၏။
သို့သော် ယခုအခါမှာ သူတို့၏ အသက်ကို ဆူဇီမိုက ကယ်တင်ပေးခဲ့၏။
ထိုသို့အတွေးနှင့် များစွာသောကျင့်ကြံသူများသည် ရှက်ရွံ့မှုနှင့် လိပ်ပြာမလုံမှုကို ခံစားလာရလေသည်။