တစ်ဖန်ပြန်လည်လှုပ်ခတ်လာခြင်း
Vol. 53 Ch. 782
တိုက်ပွဲများကို ဆက်တိုက်ဆင်နွှဲပြီးနောက်.. ဆူဇီမို၏အတွင်းအမြုတေစွမ်းအားသည် လုံးဝကို ကုန်ခမ်းသွားခဲ့လေပြီ။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံများသည် တဖြည်းဖြည်း ဖျော့တော့သွားပြီး အားလုံး၏ရှေ့မှောက်မှာပင် သူ၏မူလသွင်ပြင်သို့ ပြန်လည်ပြောင်းလဲသွား၏။ သူ၏အနက်ရောင်ဆံပင်များက ကခုန်နေပြီး သူ၏ကြည်လင်နေသော မျက်လုံးများနှင့်အတူ ကျော့ရှင်းလှပသော စာပေသမားတစ်ယောက်ပုံစံ ပြန်ဖြစ်လာ၏။
သူတို့သည် သူတို့၏မျက်လုံးနှင့် မျက်မြင်ကိုယ်တွေ့ခဲ့ခြင်းသာ မဟုတ်ဘူးဆိုလျှင်.. သူတို့ရှေ့ရှိ ကျော့ရှင်းချောမောသော ဤစာပေသမားသည် အလွန်တရာကြီးမားသော ကိုယ်ထည်နှင့် ပေတစ်ရာအထိ မြင့်မားသော ရှေးဟောင်းသားရဲကောင်ကြီးအဖြစ် သို့မဟုတ် နဂါးကြေးခွံများဖြင့် စီထပ်၍ ထက်ရှသော လက်သည်းများ ၊ အစွယ်များနှင့်အတူ ကြောက်စရာကောင်းသော တည်ရှိမှုကြီးတစ်ခုအဖြစ်.. အမှန်တကယ်ပင် ပြောင်းလဲနိုင်ခဲ့လိမ့်မည်ဟု မည်သူကမှ တွေးမိကြလိမ့်မည် မဟုတ်ပေ။
ဤနုနုနယ်နယ် စာပေသမားပုံစံလူက ကမ္ဘာတုန်လောက်သော ကပ်ဘေးတစ်ခုကို တစ်ယောက်တည်းနီးပါးဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့လိမ့်မည်ဟု မည်သူက စဉ်းစားကြည့်နိုင်ပါမည်နည်း။
သူသည် ပေါက်ထွက်လာသော ဆည်နှင့် ပြိုကျလာသော မျှော်စင်များကိုပင် တားဆီးနိုင်၏။
အဲဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ်ပင် ဖြစ်လေသည်။
ရှင်သန်ကျန်ရစ်ခဲ့သော ကျင့်ကြံသူများအပေါ် တိုက်ပွဲ၏ရိုက်ချက်က တကယ့်ကို ကြီးမားပြင်းထန်လွန်း၏။
ထိုရိုက်ချက်သည် သူတို့၏ကျင့်ကြံမှုအဆင့်နှင့် စိတ်အခြေအနေအပေါ်တွင်သာမက.. မျိုးနွယ်စုတစ်သောင်း ကျင့်ကြံရေးလောကနှင့် ထျန်ဝမ်ကုန်းမြေတိုက်ကြီးအပေါ် သူတို့၏ နားလည်သဘောပေါက်မှုများကိုပင် ပြောင်းလဲသွားစေနိုင်ခဲ့၏။
များစွာသော ကျင့်ကြံသူများသည် သူတို့နှင့် ကမ္ဘာဦးမျိုးနွယ်ကိုးစုအကြား ကွာဟချက်ကို ကောင်းကောင်းနားလည်သဘောပေါက်လာ၏။
သူတို့သည် အဆင့်တူချင်းမှာ ရှိသော်လည်း ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်တို့နှင့် ရင်ဆိုင်ရချိန်တွင် သူတို့က လုံးဝကို ကူကယ်ရာမဲ့နေ၏။
ဆူဇီမို၏ခန္ဓာကိုယ်သည် ခဏမျှ တဆတ်ဆတ် တုန်ယင်သွားပြီးနောက်.. သူ၏ကိုယ်တွင်းမှ အားနည်းသည့်လှိုင်းများက ထွက်ပေါ်လာ၏။
သူ၏လျှာက ခြောက်သွေ့နေပြီး သူ၏ဦးခေါင်းက ချာချာလည်ကာ သူ၏မျက်နှာမှာ အလွန်တရာ ပင်ပန်းနွမ်းနယ်သည့်ပုံစံက ပေါ်လာနေ၏။
‘သခင်လေး..’
လူနှစ်ယောက်က တပြိုင်တည်းနီးပါး ပြေးချလာပြီး အော်ဟစ်လိုက်၏။
သူတို့က နန်းကျီနှင့် မြေခွေးလေးဖြစ်လေသည်။
ဆူဇီမိုက ပြုံး၍ နူးညံ့စွာပြောလိုက်၏။
‘ငါ အဆင်ပြေပါတယ်’
‘သခင်လေး.. အဲဒါတွေက ကျွန်မရဲ့အမှားပါပဲ’
နန်းကျီက သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ရှက်ရွံ့နေပုံရ၏။
‘အဲဒါက ကျွန်မအတွက်ကြောင့် မဟုတ်ဘူးဆိုရင်…’
‘မင်းက ဒီနေရာကို ရောက်မလာခဲ့ဘူးဆိုရင်တောင် ဒီတိုက်ပွဲက ရှောင်လွှဲလို့ မရဘူး’
ဆူဇီမိုက နန်းကျီကို ဖြတ်ပြောလိုက်၏။
လင်းရွှမ်ကျီ ၊ ဖက်တီးလေးနှင့် အခြားသူများကလည်း ဝန်းရံလာကြ၏။
‘ညီအစ်ကိုဆူ.. ဒီတခေါက်မှာတော့ ခင်ဗျားကို အားလုံးက ကျေးဇူးတင်ရမှာပဲ’
လင်းရွှမ်ကျီသည် သူ၏ ပေါ့ပေါ့ပါးပါးနေသည့်ပုံစံမျိုး မရှိတော့ဘဲ တည်တံ့သော အမူအရာဖြင့် ဆူဇီမိုကို လေးနက်စွာ ဦးညွတ်လိုက်၏။
‘ငါတို့ကြားမှာ အဲ့လိုမျိုးတွေ ပြောနေစရာမလိုပါဘူး’
ဆူဇီမိုက လင်းရွှမ်ကျီရင်ဘတ်ကို ပုတ်ပြီး ရယ်မောလိုက်၏။
နဂါးအရိုးတောင်ကြားမှာတုန်းက လင်းရွှမ်ကျီကြောင့်သာ မဟုတ်လျှင် ဆူဇီမိုက သေသွားခဲ့ပေမည်။
ထိုစဉ်က.. မဟာကျိုးမြို့တော်မှာ ပေါ်ထွက်လာခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့်အဘိုးအိုသည် လင်းရွှမ်ကျီနှင့် တနည်းနည်းပတ်သက်နေမည်ဟု ဆူဇီမိုက သံသယရှိနေသည်။ သူက ပဟေဠိနန်းတော်၏ စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်နိုင်သေး၏။
ရှောင်းနင်၏မျက်လုံးများက နီရဲ၍ မို့အစ်နေ၏။ သူမက အခုလေးတင် ငိုထားခဲ့သည်မှာ သိသာလေသည်။ သူမသည် ဆူဇီမိုကို ဆေးလုံးအချို့ ကမ်းပေးလိုက်ပြီး သူက ထိုဆေးလုံးများကို စားသုံးလိုက်မှသာ သူမက စိတ်သက်သာသည့်ပုံပေါက်သွား၏။
ဖက်တီးလေးက သူ၏မျက်လုံးကို စွေကြည့်လိုက်၏။
‘ခေါင်းဆောင်.. ကျုပ်က ရတနာတွေကို ကူသိမ်းပြီးတော့ ခင်ဗျားအတွက် ယူလာပေးမယ်’
ကမ္ဘာတုန်လောက်သည့်တိုက်ပွဲပြီးနောက်.. အသင်္ချေနယ်မြေမြို့တော်တဝှမ်းတွင် သွေးမြစ်များစီး၍ အလောင်းများက ပြန့်ကျဲနေ၏။
သို့သော်လည်း.. သွေးမြစ်များနှင့် အလောင်းများကြားထဲတွင် မရေမတွက်နိုင်သော ရတနာများလည်း ရှိနေ၏။
သူတို့ထဲတွင် အရေးကြီးဆုံးတစ်ခုမှာ ရှေးဟောင်းအတုမရှိမဟာရတနာ ၇မျိုးထဲမှ တစ်ခုဖြစ်သော ဂမ္ဘီရသံလိုက်တောင် ဖြစ်လေသည်။
ရတနာအများစုသည် ယခုအခါ ပိုင်ရှင်မဲ့နေပြီဖြစ်ပြီး ဖက်တီးလေးက ထိုအရာများကို အခြားသူများ ခိုးယူသွားမည်စိုးသောကြောင့် ဆူဇီမိုအတွက် ကူသိမ်းပေးမည်ဟု ပြောနေခြင်းဖြစ်သည်။
ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။
‘ယက္ခမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်က သိုလှောင်အိတ်တွေကိုပဲ ငါ့ကို ကူသိမ်းပေး… ဂမ္ဘီရသံလိုက်တောင်လည်း ပါတာပေါ့.. အခြားကျင့်ကြံသူတွေရဲ့ သိုလှောင်အိတ်တွေကိုတော့ မလိုဘူး.. သူတို့ရဲ့ သက်ဆိုင်ရာဂိုဏ်းက အသက်ရှင်ကျန်ရစ်သူတွေက အဲဒါကို ယူလိမ့်မယ်’
ဆူဇီမိုသည် ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်၏ သိုလှောင်အိတ်များကိုသာ စိတ်သန့်သန့်ဖြင့် ယူနိုင်ပေမည်။
သို့သော်လည်း.. ဤနေရာမှာ သေဆုံးသွားသော ကျင့်ကြံသူငါးသောင်းကျော်၏ ပိုင်ဆိုင်မှုများကိုတော့ သူက မလိုချင်ပေ။
ပကတိအရှင်ယွီကျွင်းသည် ထိုသည်ကိုကြည့်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
မည်သို့ပင်ဆိုစေ.. ထိုအပြုအမူတစ်ခုတည်းကပင် လူပေါင်းများစွာထက် သူက သာလွန်လေသည်။
ဖက်တီးလေးသည် စတုရန်းကြေးမီးဖိုနှင့် အခြားသော ရတနာများကို စုစည်းပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။
‘ဟီးဟီးဟီးဟီးဟီး’
ရုတ်တရက်.. မလှမ်းမကမ်းမှ ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။
ကျင့်ကြံသူတစ်ယောက်သည် လေမိုးကြိုးပေါ်မှာ မတ်တပ်ရပ်ပြီး အလွန်တရာမြန်ဆန်စွာဖြင့် အားလုံး၏ရှေ့မှောက်သို့ ရောက်ရှိလာ၏။ သူက လေထဲမှာရပ်ပြီး ကျင့်ကြံသူများစွာကို ငုံ့ကြည့်လိုက်၏။
‘ထျန်မင်း..’
ပကတိအရှင်လောရွှယ်က မျက်မှောင်ကြုတ်လိုက်၏။
အဲဒါသည် စောစောက တိုက်ပွဲစတင်ချိန်တွင်.. အသင်္ချေနယ်မြေမြို့တော်ထဲကနေ ထွက်ပြေးသွားခဲ့သော မိုးကြိုးလေပြေနန်းတော်မှ ပကတိအရှင်ထျန်မင်း ဖြစ်လေသည်။
ပကတိအရှင်ထျန်မင်းသည် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ပြီး သူ၏အကြည့်က ဆူဇီမို၏ခါးပေါ်ရှိ သိုလှောင်အိတ်ပေါ်တွင် လောဘရမ္မက်နှင့်အတူ အတန်ကြာ ကြန့်ကြာနေ၏။
ဆူဇီမိုက မည်သည့်စကားမှ မပြောဘဲ မျက်လွှာကို အနည်းငယ်ချထား၏။
ပကတိအရှင်ထျန်မင်း ပြန်လည်ရောက်ရှိလာသည်ကို ကြည့်ပြီး ပကတိအရှင်ယွီကျွင်းနှင့် အခြားနှစ်ယောက်က ရင်ထဲမှာ နင့်သွားကြ၏။
ဆူဇီမိုက ယခုအခါ လုံးဝကို ခြေကုန်လက်ပန်းကျနေလေပြီ။
သူသည် ဆေးလုံးများကို စားသုံးထားသော်လည်း အချိန်ခဏတာအတွင်း ဆေးလုံးများထဲမှ အာနိသင်ကို သူက စုပ်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ညဝိညာဉ်ကလည်း ကျန်ရှိနေသော ယက္ခများကို အမဲလိုက်ရန်အတွက် ထွက်ခွာသွားခဲ့ပြီဖြစ်၏။
သူတို့သုံးယောက်ကလည်း ဒဏ်ရာများ အပြင်းအထန်ရရှိပြီး သိသိသာသာ လှုပ်ရှားလိုက်လျှင်တောင် သူတို့၏ဒဏ်ရာများက ပွင့်ဟလာမည်ဖြစ်၏။ သူတို့က တိုက်ခိုက်နိုင်ဦးမည် မဟုတ်ပေ။
အခြားသော ရွှေအမြုတေများစွာသည်လည်း အားလုံးနီးပါးက ဒဏ်ရာများရရှိထားကြ၏။
ပကတိအရှင်ထျန်မင်းမှာ မကောင်းသည့်ရည်ရွယ်ချက်များ ရှိနေလျှင် မည်သူကမှ သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ပကတိအရှင်ယွီကျွင်းသည် စိတ်ခံစားချက်မရှိဘဲ ထူးမခြားနားပုံစံဖြင့် မေးလိုက်၏။
‘ထျန်မင်း.. မင်းက ကြောက်လို့ထွက်ပြေးသွားပြီး အခုမှ ဘာလို့ပြန်ရောက်လာတာလဲ’
ယက္ခမျိုးနွယ်က တိုက်ခိုက်သောအခါ ယက္ခခေါင်းဆောင်သည် ပကတိအရှင်ထျန်မင်းနောက်သို့ ပြေးလိုက်သွား၏။ ပကတိအရှင်ထျန်မင်းသည် အသက်ရှင်နိုင်ခဲ့ရသည့် အကြောင်းရင်းမှာ ပကတိအရှင်လောရွှယ်တို့ သုံးယောက်က သူသေမည့်ဆဲဆဲအချိန်မှာ ကယ်တင်ပေးခဲ့သောကြောင့် ဖြစ်လေသည်။
ဒါတောင် ပကတိအရှင်ထျန်မင်းသည် သေရေးရှင်ရေး အခြေအနေမှာ သူတို့သုံးယောက်ကို ချန်ထားရစ်ခဲ့ပြီး သူက ကိုယ်လွတ်ရုန်း၍ ထွက်ပြေးသွားခဲ့၏။
သူတို့သုံးယောက်သည် ဤလူအပေါ် မုန်းတီးစက်ဆုပ်သည့်သဘောထား ရှိနေကြ၏။
သူတို့က ဒဏ်ရာအပြင်းအထန် ရရှိမထားဘူးဆိုလျှင် ပကတိအရှင်လောရွှယ်သည် သူမ၏စိတ်နေစရိုက်အရ တိုက်ခိုက်ပြီးနေလောက်လေပြီ။
‘တာအိုရောင်းရင်းယွီကျွင်း… ခင်ဗျားက ဘာစကားပြောတာလဲ’
ပကတိအရှင်ထျန်မင်းက ညင်သာစွာ ပြုံးလိုက်၏။
‘ငါက ငါ့ကိုယ်ငါ စတေးပြီး ယက္ခခေါင်းဆောင်ကို မျှားခေါ်ထုတ်နိုင်ဖို့အတွက် အသင်္ချေနယ်မြေမြို့တော်ထဲက ထွက်သွားရတာလေ… ဒါပေမဲ့ သူက ငါ့နောက်ကို ဆက်လိုက်မလာခဲ့ဘူးထင်တယ်’
‘အဲဒါကို ငါ သတိထားမိတဲ့အချိန်မှာ ငါက ယက္ခမျိုးနွယ်နဲ့ အသေအကြေတိုက်ခိုက်ဖို့အတွက် ချက်ချင်း လှည့်ပြန်လာခဲ့တာပဲ… ဒါပေမဲ့ ငါက နောက်ကျသွားတယ် ထင်ပါရဲ့’
သူ၏ဖြေရှင်းချက်သည် ဟာကွက်များနှင့် ပြည့်နှက်နေပြီး ပကတိအရှင်သုံးယောက်ကို မပြောနှင့်.. ကလေးတစ်ယောက်တောင်မှ သူ့စကားကို ယုံကြည်လိမ့်မည် မဟုတ်ပေ။
မိုးကြိုးလေပြေနန်းတော်မှ ကျင့်ကြံသူများစွာသည် ရှက်ရွံ့မှုဖြင့် သူတို့၏မျက်နှာများက နီမြန်းသွားကြ၏။
‘အရှက်မရှိတဲ့ ငကြောက်ကောင်’
ပကတိအရှင်လောရွှယ်က ငေါက်ငမ်းလိုက်၏။
‘ဟမ့်’
ပကတိအရှင်ထျန်မင်းက အေးစက်စွာဖြင့် ပြန်ပြောလိုက်၏။
‘လောရွှယ်… နင့်စကားကို ကြည့်ပြောရင် ကောင်းလိမ့်မယ်… နင့်ရဲ့လက်ရှိအခြေအနေအရဆို ငါက နင့်ကို အလွယ်လေး သတ်လိုက်လို့ရတယ်… နင် ငါ့ကို ရန်လာမစရင် ကောင်းလိမ့်မယ်’
ပကတိအရှင်လောရွှယ်သည် ဒေါသတကြီး မတ်တပ်ရပ်နေ၏။ သူမ၏ဒဏ်ရာများက စုတ်ပြဲနေသော်လည်း သူမက ဝံ့ကြွားစွာဖြင့် အော်ဟစ်လိုက်၏။
‘ထျန်မင်း… နင်က ယက္ခမျိုးနွယ်ရဲ့ရှေ့မှာ အမြီးကုပ်ပြီး တန်းနေအောင် ထွက်ပြေးသွားတဲ့ ငကြောက်တစ်ကောင်ထက်မပိုဘူး… နင်က အခုကျမှ ငါ့ရှေ့မှာလာပြီး မောက်မာပြမနေနဲ့’
ပကတိအရှင်ထျန်မင်း၏အမူအရာက ညိုမဲသွားပြီး သူ၏အကြည့်က တဖျတ်ဖျတ်လက်သွား၏။ သူက ပကတိအရှင်လောရွှယ်ကို အတန်ကြာကြည့်ပြီးနောက် သူ့အကြည့်ကို ရုတ်သိမ်းကာ သူ၏သတ်ဖြတ်လိုစိတ်ကို ပြန်လည်ဖိနှိမ်လိုက်၏။
ယခုအချိန်တွင်.. သူ့မှာ အသည်းအသန်လုပ်ရမည့် ကိစ္စတစ်ခုရှိနေပြီး သူက အခြားသူများနှင့် အချိန်မဖြုန်းလိုသေးပေ။
ပကတိအရှင်ထျန်မင်းသည် ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။
‘နင်က နှင်းပုံတောင်ကြားက တစ်စုံတစ်ယောက်ဖြစ်နေတာရယ်.. အမျိုးသမီးတစ်ယောက် ဖြစ်နေတာရယ်ကြောင့် ငါက လောလောဆယ် နင့်အသက်ကို ချမ်းသာပေးလိုက်မယ်.. အခြားကိစ္စတစ်ခု ငါလုပ်လို့ပြီးရင် နင့်ဘက်ကို ပြန်လှည့်လာခဲ့မယ်’
ထိုသို့ပြောပြီးသည်နှင့် သူက ဆူဇီမိုဘက်ကို လှည့်ကြည့်လိုက်၏။
‘ဂျူနီယာ… မင်းရဲ့သိုလှောင်အိတ်ကို ထုတ်ပေး.. အဲဒါဆို ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်’
ပကတိအရှင်ထျန်မင်းက ထူးမခြားနားအမူအရာဖြင့် အေးစက်စွာပြောလိုက်၏။
လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်နေကြ၏။
များစွာသော ကျင့်ကြံသူများသည် မကျေမနပ်ဖြစ်နေကြသော်လည်း သူတို့က ရှေ့သို့ထွက်၍ ပြောရဲခြင်းမရှိပေ။
‘ထျန်မင်း.. ဒါက ဘာသဘောလဲ’
ပကတိအရှင်ယွီကျွင်းက သူ၏ဒေါသကို ဖိနှိမ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
‘ဒီကပ်ဘေးက ဆူဇီမိုကြောင့် ပြေလည်သွားတာပဲ.. အခု သူက အားနည်းသွားတဲ့အချိန်မှာ မင်းက အမြတ်ထုတ်ဖို့ ကြိုးစားနေတာလား’
‘မင်းက ကိစ္စတွေကို ချဲ့ကားပြီးပြောနေတာပဲ’
ပကတိအရှင်ထျန်မင်းက ပြန်ဖြေလိုက်၏။
‘သူ့ဆီမှာ မိုးကြိုးလေပြေနန်းတော်က လျှို့ဝှက်ပညာရပ်ဖြစ်တဲ့ ခရမ်းရောင်မိုးကြိုးကျမ်း ရှိနေတယ်… ငါက ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ကို ပြန်ယူချင်ရုံပဲ… သူ အားနည်းတဲ့အချိန်မှာ အမြတ်ထုတ်ချင်တယ်ဆိုတာ မင်းက ဘာအဓိပ္ပာယ်နဲ့ပြောတာလဲ’
‘မင်းက ခရမ်းရောင်မိုးကြိုးကျမ်းကို လိုချင်တယ်ဆိုလည်း ဘာလို့ သူ့သိုလှောင်အိတ်ကို တောင်းနေရတာလဲ’
ကိုယ်တော်ယင်လူက မေးခွန်းထုတ်လိုက်၏။
ပကတိအရှင်ထျန်မင်းက ဟက်ခနဲ ရယ်မောလိုက်၏။
‘သူ့သိုလှောင်အိတ်ထဲမှာ တခြားဘာတွေရှိဦးမလဲ ဘယ်သူက သိမှာလဲ.. အဲဒီမှာ ခရမ်းရောင်မိုးကြိုးကျမ်းအပြင် မိုးကြိုးလေပြေနန်းတော်က တခြားရတနာတွေလည်း ရှိရင်ရှိဦးမှာပေါ့.. ငါက တစ်ချက်စစ်ကြည့်ပြီးသွားရင် အဲဒါတွေကို ထုတ်ယူရလိမ့်မယ်’
သူသည် နေ့ခင်းကြောင်တောင် လုယက်ဖို့ ကြိုးစားနေသည်ပင်။
‘သူက အခြေအနေအပေါ် အမြတ်ထုတ်ချင်နေတာ အသိသာကြီးပဲကို.. ဒါတောင် သူ့ကိုယ်သူ မှန်ကန်သလိုလိုနဲ့… ဘယ်လောက်တောင် အရှက်သိက္ခာမဲ့လိုက်သလဲ’
ဖက်တီးလေးက မနေနိုင်ဘဲ ကျိန်ဆဲလိုက်၏။
လင်းရွှမ်ကျီနှင့် အခြားသူများကလည်း ဒေါသူပုန်ထလာကြ၏။