ကောက်ကျစ်သောလူ
Vol. 53 Ch. 783
ပကတိအရှင်ထျန်မင်း၏ ရင်ထဲမှာ တောက်လောင်ပြင်းပြနေ၏။ အဲ့ဒါက တစ်သက်မှာ တစ်ခါသာရရှိနိုင်သည့် အခွင့်အရေးဖြစ်လေသည်။
ယခုဆို အသင်္ချေနယ်မြေမြို့တော်ထဲရှိ ကျင့်ကြံသူများ အားလုံးသည် ခြေကုန်လက်ပန်းကျသူကကျ ဒဏ်ရာရသူကရကုန်ကြလေပြီ။ မည်သူကမှ သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ညဝိညာဥ်ဟု ခေါ်သော အနက်ရောင်ဝတ် လူကိုတော့ သူက စိုးရိမ်မိသေး၏။
သို့သော် ညဝိညာဥ်သည် ကျန်ရှိနေသော ယက္ခများကို သုတ်သင်ရန်အတွက် အသင်္ချေနယ်မြေမြို့တော်ထဲကနေ ထွက်ခွာသွားပြီ ဖြစ်၏။
အဲ့ဒီမှာ ယက္ခများစွာ မကျန်ရှိသော်လည်း သူတို့က အဖက်ဖက်သို့ လူစုခွဲ၍ ထွက်ပြေးသွားခဲ့ကြ၏။ ညဝိညာဥ်အနေဖြင့် သူတို့ကို အချ်ိန်တိုအတွင်း အမဲလိုက်နိုင်ဖို့က မဖြစ်နိုင်ပေ။
သူက ဆူဇီမို၏ သိုလှောင်အိတ်ကို အမြန်ဆုံး ရယူပြီးအဝေးသို့ ထွက်ပြေးကာ ပုန်းကွယ်နိုင်သည်နှင့်အမျှ ကျယ်ပြောလှသော ရှေးဟောင်းတိုက်ပွဲမြေတွင် မည်သူမှ သူ့ကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။
အဲ့ဒါက သိက္ခာမဲ့သော လုပ်ရပ်တစ်ခုဖြစ်သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ပြန်ရောက်သည့်အခါ သူ့မှာ ရှင်းပြစရာ အချက်များ ရှိလေသည်။
ဘာဘဲပြောပြော မိုးကြိုးလေပြည်နန်းတော်မှ လျှို့ဝှက်ပညာရပ်ကို သူက ပြန်ယူခြင်းဖြစ်တဲ့အတွက် သူ့ကို အပစ်တင်လို့မရနိုင်ပေ။
"ထျန်မင်း ဒီနေရာမှာ ပြိုင်စံရှားပေါင်း ၅ သောင်း ကျော်ရှိနေသေးတယ်ဆိုတာကို မမေ့နဲ့ဦး... "
ပကတ်ိအရှင်ယွီကျွင်းက တည်တံ့စွာဖြင့် ပြောလိုက်၏။
"မင်းက ဆူဇီမိုရဲ့ သိုလှောင်အိတ်ကို ယူချင်တယ်ဆို သူတို့ကို အရင်ဖြတ်ကျော်ရလိမ့်မယ် ၊ ငါတို့က ဒဏ်ရာအပြင်းအထန် ရထားတယ် ဆိုပေမယ့်လို့ မင်းတစ်ယောက်တည်းနဲ့ ကျင့်ကြံသူ ၅ သောင်းကျော်ကို ခုခံနိုင်မလား စဥ်းစားဦး"
"အဲ့ဒါ အမှန်ဘဲ..."
ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့သည် အရှေ့သို့ ထွက်လာ၏။ သူ၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေသော်လည်း သူက ရင်ဘတ်ကိုပုတ်ပြီး ကျယ်လောင်စွာ ကြေငြာလိုက်၏။
"ကျုပ်တို့ ဒီနေ့ အသက်ရှင်ခဲ့ရတာ တာအိုရောင်းရင်းဆူရဲ့ ကျေးဇူးကြောင့်ဘဲ ၊ ခင်ဗျားက သူ့ကိုထိချင်တယ်ဆို ကျုပ်ကို အရင်ဖြတ်ကျော်ရလိမ့်မယ်"
"ခင်ဗျားက သူ့ဆီကို သွားဖို့ဆိုရင် ကျုပ်ဓားကို အရင်ဖြတ်ကျော်လိုက်..."
တူကူကျန့်ကလည်း အေးစက်စွာဖြင့် ပြောလိုက်၏။
လူအုပ်ကြီးအတွင်းကနေ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။
သူတို့ထဲမှ အချို့သည် ရင်းနှီးပြီးသား မျက်နှာများဖြစ်ပြီး အချို့က စိမ်းသက်နေ၏။
သူတို့သည် အရင်က မိတ်ဆွေ ဖြစ်ခဲ့သူများနှင့် ပြိုင်ဘက်ဖြစ်ခဲ့သူများပင် ပါလေသည်။
တစ်ကယ်တော့ ကျင့်ကြံသူအများစုက တိတ်ဆိတ်ငြိမ်သက်နေကြစဲ ဖြစ်၏။
သူတို့ထဲမှ အချို့သည် စကားပြောချင်သော်လည်း ရပ်တန့်လိုက်ကြ၏။ သူတို့ထဲမှ အချို့သည် တွေဝေတုံ့ဆ်ိုင်းသော အမူအရာရှိနေပြီး အခြားသူများကတော့ ဘေးကနေသာ စောင့်ကြည့်နေကြ၏။
ချက်ချင်းဆိုသလို လူအမျိုးမျိုး စိတ်အထွေထွေက ပေါ်ထွက်လာခဲ့ကြလေသည်။
ထိုသည်ကိုမြင်သောအခါ ပကတိအရှင် ထျန်မင်း၏ နှုတ်ခမ်းက ကွေးညွတ်သွား၏။ သူက သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီး အော်ပြောလိုက်၏။
"အားလုံးဘဲ အရူးလုပ်မခံကြနဲ့ ဆူဇီမိုက ပြင်ပမျိုးနွယ်က လူဘဲ ၊ သူက ရှေ့ကို ထွက်ရပ်ခဲ့တယ်ဆိုတာလည်း သူ့မိတ်ဆွေတွေကို ကယ်တင်ချင်လို့ဘဲ... သူက မင်းတို့တွေ သေမှာ ရှင်မှာကို ဂရုစိုက်နေတာမဟုတ်ဘူး"
"ဟေး... မင်းတို့ထဲက လူတော်တော်များများက သူ့မိတ်ဆွေတွေကို ဝိုင်းရံပြီး တိုက်ခိုက်ခဲ့ကြဖူးတယ်မလား ၊ သူက သူ့ဒဏ်ရာတွေ သက်သာသွားလို့ရှိရင် မင်းတို့ဘက်ကို လှည့်မလာဘူးလို့ ဘယ်သူက ပြောနိုင်ပါ့မလဲ"
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
ပကတိအရှင်ထျန်မင်း၏ စကားလုံးများသည် အချို့သော ကျင့်ကြံသူများ၏ နားထဲတွင် ပဲ့တင်ထပ်နေ၏။
ထိုသည်ကို မြင်သောအခါ သူက ပိုမိုကျယ်လောင်စွာ ရယ်မောလိုက်၏။
"မင်းတို့က သူ့ကို ဒီနေ့ကာကွယ်ပေးလိုက်ရင် မနက် ဖြန်ကျရင် သူက မင်းတို့ကို သတ်ဖြတ်ဖို့ ကြိုးစားမလာဘူးလို့ ဘယ်သူသိမလဲ"
ပကတ်ိအရှင်ထျန်မင်း၏ လွှမ်းမိုးနိုင်သော အသံက ဆက်လက်ထွက်ပေါ်လာ၏။
"သူက ပြင်ပမျိုးနွယ်ကဆိုတာကို လုံးဝမမေ့လိုက်နဲ့ ၊ ယက္ခမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်က ပြုမူခဲ့သလိုမျိုး သူကလည်း မင်းတို့က်ို မဆက်ဆံဘူးလို့ ဘယ်သူက အာမခံနိုင်မလဲ ၊ ငါတို့ရဲ့မျိုးနွယ်က မဟုတ်တဲ့လူတွေက ငါတို့ရဲ့ ရန်သူဖြစ်တယ်ဆိုတဲ့ ရှေးဟောင်းဆိုရိုးတစ်ခုကို မမေ့လိုက်နဲ့"
"အဲ့ဒီပကတိအရှင် ပြောတာက ဟုတ်ချင်ဟုတ်နေမှာ"
"အမှန်ဘဲ... သူက ငါတို့အတွက်နဲ့ ယက္ခမျိုးနွယ်နဲ့ နတ်ဘုရားမျ်ိုးနွယ်ကို တိုက်ခိုက်ခဲ့တာ မဟုတ်လောက်ဘူး ၊ ငါတို့ကလည်း သူ့ကို ကာကွယ်ပေးစရာ မလိုဘူးထင်တယ်"
"အဲ့လူက စောစောတုန်းက နဂါးမျိုးနွယ်က ပုံစံကိုတောင် ပြောင်းခဲ့သေးတယ် ၊ နဂါးမျိုးနွယ်ကလည်း ကမ္ဘာဦးမျိုးနွယ် ၉ စုထဲက တစ်ခုဘဲမလား... သူတို့ကရော ယက္ခမျိုးနွယ်၊ နတ်ဘုရားမျိုးနွယ်တို့နဲ့ ဘာများကွာခြားမှာမလို့လဲ"
လူအုပ်ကြီးထဲမှ တီးတိုးဆွေးနွေးသံများက ထွက်ပေါ်လာ၏။ သို့သော်လည်း သူတို့၏ အသံက တိုးတိတ်နေပြီး လွှမ်းမိုးနိုင်စွမ်း သိပ်မရှိပေ။
ထိုသည်က်ို မြင်သောအခါ နတ်ဆိုးမကျိက ခနဲ့တဲ့တဲ့ လှောင်ရယ်လိုက်၏။
"ဒီနေ့မှာတော့ စေတနာက လူတိုင်းနဲ့ မတန်ဘူးဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို ငါကောင်းကောင်း နားလည်သွားပြီ"
"မင်းတို့ အားလုံးဘဲ နားထောင်ကြ..." ရုတ်တရက် ပကတ်ိအရှင်ယွီကျွင်းက အော်ဟစ်လိုက်၏။ သူ၏လက်မှ ဒဏ်ရာက ကွဲထွက်သွားပြီး သွေးများက ချက်ချင်းစီးထွက်လာသော်လည်း သူက အဲ့ဒါကို ဂရုမထားပေ။
"ဆူဇီမိုက သားရဲဘဲဖြစ်ဖြစ် နဂါးဘဲဖြစ်ဖြစ် အဲ့ဒါက ကိစ္စမရှိဘူး ၊ ဒီကမ္ဘာမှာ ဘယ်သူမဆို သူ့ကို တိုက် ခိုက်နိုင်တယ်.. မင်းတို့ကတော့ မရဘူး"
သူက တင်းမာခက်ထန်သော အမူအရာဖြင့် ကျင့်ကြံသူ ၅ သောင်းကျော်ရှိသော လူအုပ်ကြီးကို လက်ညိုးထိုးပြီး တစ်လုံးချင်း ပြောလိုက်၏။
"ဘာလို့လဲ ဆိုတော့ မင်းတို့အားလုံးက သူ့အပေါ်မှာ အသက်ကြွေးတင်နေလို့ဘဲ..."
လူအုပ်ကြီးအတွင်းရှိ ဆူညံဆူညံ အသံများသည် တဖြည်းဖြည်း ငြိမ်သက်တိတ်ဆိတ်သွားကြ၏။
ကိုယ်တော်ယင်လူက သူ၏ လက်ဖဝါးနှစ်ဖက်ကို ယှက်ဖြာပြီး မေတ္တာစာတစ်ခုကို ရွတ်ဆိုကာ ပြောလိုက်၏။
"ဒီကမ္ဘာမှာ အခြားမျိုးနွယ်တွေအပေါ် သတ်မှတ်ထားတဲ့ ဆိုရိုးစကားတွေနဲ့ ဘယ်ဟာမှားတယ် ဘယ်ဟာ မှန်တယ် ဆိုတာတွေကို ငါမသိဘူး ၊ ဒါပေမယ့်လို့ ငါသိတာတစ်ခုတော့ ရှိတယ်၊ သူကဒီမှာရှိတဲ့ ငါတို့အားလုံးရဲ့ အသက်ကို ကယ်ထားတယ်... အဲ့လိုကယ်ဖို့အတွက် သူ့အသက်ကိုတောင်သူ ဆုံးရှုံးရတော့မယ့်ဆဲဆဲဘဲ..."
"သူ့ကြောင့်သာ မဟုတ်ဘူးဆိုရင် အခုဒီမှာ ရှ်ိတဲ့ ငါတို့အားလုံးက သေပြီးနေလောက်ပြီ ၊ ငါတို့က နတ်ဘုရားမျိုးနွယ်ရဲ့ လက်ထဲမှာ ရက်ရက်စက်စက် အသတ်ခံရရင်ခံရ မဟုတ်ရင် ယက္ခမျိုးနွယ်ရဲ့လက်ထဲမှာ သူတို့ရဲ့ အစာဖြစ်သွားလောက်ပြီ ၊ ဘယ်ဟာမှန်တယ် ဘာဟာမှားတယ်ဆိုတာကို ငါမပြောချင်ပေမယ့်လို့ ကျေးဇူးတရားနဲ့ သစ္စာရှိမှုကိုတော့ ငါသိတယ်"
သူ၏စကားလုံးများက တည်ကြည်ခိုင်မာ၍ ကျယ်လောင်နေ၏။
လူအချို့သည် သူတို့၏ ခေါင်းများကို ငုံ့လိုက်ကြပြီး အခြားသူများကတော့ မလုံမလဲအမူအရာများ ရှိနေကြ၏။
ပကတိအရှင်ထျန်မင်း၏ အမူအရာက ညိုမည်းလာ၏။ အခြေအနေက သူ့ဘက်သို့ ပါမလာတော့ဘူးဆိုတာကို မြင်လိုက်ရပြီး သူက အေးစက်စွာဖြင့် ကြေညာလိုက်၏။
"ကိုယ်တော်ယင်လူ ခင်ဗျားရဲ့ မုသားစကားတွေနဲ့ လူတိုင်းကို စိတ်ရှုပ်ထွေးသွားအောင် မလုပ်နဲ့"
ထိုအခိုက်အတန့်တွင် ပကတိအရှင်ထျန်မင်းသည် တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားပြီးပြီ ဖြစ်၏။
သူသည် ကိစ္စများကို ဆက်လက်၍ အချိန်ဆွဲမနေနိုင်တော့ပေ။
ဆက်လက်၍ ကြန့်ကြာနေမည်ဆိုလျှင် အခြေအနေက သူ့အတွက် ပိုဆိုးလာဖို့သာ ရှိတော့လေသည်။
ညဝိညာဥ်ပြန်ရောက်လာသည်နှင့် သူက ထွက်ပြေးချင်တယ်ဆိုလျှင်တောင် နောက်ကျလွန်းသွားပေလိမ့်မည်။
ယခုချိန်မှာ ကျန်ရှိနေသော ကျင့်ကြံသူ ၅ သောင်းကျော်သည် အမျိုးမျိုးသော စိတ်ဆန္ဒများ ရှိနေကြပြီး စည်းလုံးမှု မရှိကြပေ။ ဆူဇီမို၏ ဘက်မှာ ထွက်၍ ရပ်နေသော လူများစွာ မရှိသရွေ့ သူ၏အကြံအစည်က အောင်မြင်နိုင်လေသည်။
"မိုးကြိုးလေပြည်နန်းတော်က တပည့်တို့ ငါ့အမိန့်ကို နာခံကြ ၊ ငါ့ရဲ့လမ်းမှာ ရပ်လာရဲတဲ့ ဘယ်သူမဆို သတ်ဖြတ်ရမယ်"
ပကတိအရှင်ထျန်မင်းက သူ၏ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ပြီး သူ၏ နဖူးက တောက်ပဝင်းလက်သွား၏။ အပြောင်းအလဲမြန်သော မိုးကြိုးလျှပ်စီးများသည် သူ၏ လက်ဖဝါးထဲမှာ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခုနှင့်အတူ ထွက်ပေါ်လာ၏။
"သခင်လေးဆူကို ကာကွယ်ကြ..."
"ညီကိုဆူကို ကာကွယ်ကြ"
နန်းကြည် ၊ လင်းရွှမ်ကျီနှင့် အခြားသူများသည် ဆူဇီမို၏ ဘေးမှာ ချက်ချင်းဝန်းရံပြီး လူသားတံတိုင်းတစ်ခုအဖြစ် ရပ်တည်လိုက်ကြ၏။
"ဟင်းဟင်း.... မင်းက ဘာလို့ အဲ့လောက်ထိ ဒုက္ခခံနေရတာလဲ"
ရုတ်တရက် ဆူဇီမိုက ရယ်မောလိုက်၏။
"မင်းက ငါ့ရဲ့သိုလှောင်အိတ်ကို လိုချင်တယ်ဆိုလည်း ငါကမင်းကို ပေးမှာပေါ့"
ဆူဇီမိုသည် သူ့ရှေ့တွင်ရပ်နေသော ဖက်တီးလေး၏ ပုခုံးကို ပုတ်ပြီး ထိုသူကို လမ်းဖယ်ပေးဖို့အတွက် အချက်ပြလိုက်၏။
"နောင်ကြီး..."
ဖက်တီးလေးသည် နားလည်ရခက်သော ပုံစံဖြင့် မေးလိုက်၏။
"အဆင်ပြေတယ်... လမ်းသာ ဖယ်ပေးလိုက်"
ဆူဇီမိုက တည်ငြိမ်စွာ ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
သူတို့သည် အကြည့်ချင်းဖလှယ်ကြပြီးနောက် တုံ့ဆိုင်းနေသော်လည်း ဖယ်ပေးလိုက်ကြ၏။
ဆူဇီမိုသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်သွားပြီး သူ့ခါးပေါ်ရှိ သိုလှောင်အိတ်ကို ဖြုတ်ယူလိုက်၏။ သူက မလှမ်းမကမ်းရှိ ပကတိအရှင် ထျန်မင်းကို ကြည့်ပြီး သိုလှောင်အိတ်ကို လေထဲမှာ ကိုင်မြှောက်ကာ ဂရုမထားဟန်ဖြင့် ပြောလိုက်၏။
"သိုလှောင်အိတ်က ဒီမှာရှိတယ်.. မင်းအဲ့တာကို လိုချင်တယ်ဆို လာယူလိုက်လေ"
"ဟမ့်...."
ပကတိအရှင်ထျန်မင်း၏ သူငယ်အိမ်နှစ်ဖက်က အနည်းငယ် တင်းကျပ်သွား၏။
သူသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ဆူဇီမို၏ ခန္ဓာကိုယ်ကို ကြိမ်ဖန်များစွာ စစ်ဆေးခဲ့ပြီး ထိုသူ၏ သွေးချီကအားနည်းပြီး ထိုသူ၏ စိတ်ဝိညာဥ်စွမ်းအင်က ကုန်ခမ်းနေပြီး ဖြစ်ကြောင်းကို အတည်ပြုထားနိုင်ခဲ့၏။ အဲ့ဒီမှာ သူက ဆက်လက်၍ တိုက်ခိုက်နိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်း သူက ဘာလုပ်ဖို့ ကြိုးစားနေတာပါလိမ့်။
ဆူဇီမိုက ခြေကုန်လက်ပမ်းကျနေပုံပေါ်သော်လည်း သူ၏ မျက်နှာပေါ်မှာ ကြောက်ရွံ့ထိတ်လန့်မှု တစ်စွန်းတစ်စမှမရှိဘဲ တည်ငြိမ်နေ၏။
"ဟီးဟီး...."
ပကတိအရှင်ထျန်မင်းက တစ်စုံတစ်ရာကို အမှတ်ရသွားပြီး လှောင်ရယ်လိုက်၏။
"မင်းက တော်တော်ကောက်ကျစ်တဲ့ကောင်ဘဲ ၊ မင်းက ငါ့ကို မြှားခေါ်ပြီးတော့ မင်းရဲ့ သတ်ဖြတ်ကွက်ကို ထုတ်ဖော်ချင်နေတာ ဟုတ်တယ်မလား... မင်းဟာက ရိုးလွန်းပါတယ်ကွာ ၊ မင်းငါ့ကို လာလှည့်ဖျားလို့မရဘူး"
တစ်ကယ်တော့ သူက အနားကို ချဥ်းကပ်သွားမည်ဆိုလျှင်တောင် ဆူဇီမို၏ လက်ရှိအခြေအနေအရ သူ့ကို အန္တရာယ်များစွာ ပေးနိုင်မည့်ပုံ မရှိပေ။
သို့သော်လည်း သူက သတိကြီးကြီး ထားနေ၏။
"ငါက ငါ့ရဲ့သိုလှောင်အိတ်ကို မင်းကို ကမ်းပေးနေတာတောင် မင်းက အဲ့တာကို မင်းကိုယ်တိုင် လာယူရဲတဲ့ သတ္တိ မရှိဘူးဘဲ"
ဆူဇီမိုက သူ့အပြုံးကို ပြန်ရုတ်သိမ်းပြီး သူ၏ သိုလှောင်အိတ်က်ို သူ၏ခါးမှာ တစ်ဖန် ပြန်ချိတ်ကာ အေးစက်စွာဖြင့် ပြောလိုက်၏။
"မင်းက အဲ့လို သတ္တိကြောင်ပုံမျိုးနဲ့ ငါ့ကိုသတ်ဖို့ ဘယ်လိုတောင် စဥ်းစားရဲတာလဲ"
"ထျန်မင်း ငါမင်းကို သိအောင်ပြောလိုက်မယ်.. ငါက လုံးဝကို ခြေကုန်လက်ပမ်းကျနေပြီ ဆိုရင်တောင် မင်းကိုတော့ သတ်ဖြတ်နိုင်သေးတယ်”