← Chapters

လွှမ်းခြုံလာသော သွေးချီ

Vol. 53 Ch. 784

လွှမ်းခြုံလာသော သွေးချီ

Vol. 53 Ch. 784

များစွာသော ကျင့်ကြံသူများသည် အံ့ဩမှင်တက်သွားကြ၏။

ချုံးချုံးကျနေပြီဟုထင်ရသော ဆူဇီမိုသည် နိုးထဝိညာဉ်တစ်ယောက်ကို ဘယ်လိုများ ရင်ဆိုင်ဦးမလဲ မည်သူမှ နားမလည်နိုင်ကြပေ။

ဆူဇီမိုသည် စီးပိုးခြယ်လှယ်နိုင်သော အော်ရာတစ်ခုနှင့်အတူ ပကတိအရှင်ထျန်မင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွား၏။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သွေးအိုင်များသည် သေးငယ်သော ချည်မျှင်များအဖြစ် ပြောင်းလဲသွားပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ ဆွဲယူခြင်းကို ခံလိုက်ရသည့်အလား.. ဆူဇီမို၏ခန္ဓာကိုယ်ဆီသို့ ရူးသွပ်စွာဖြင့် တလိမ့်လိမ့် စီးဝင်သွားကြ၏။

ဆူဇီမို၏ခန္ဓာကိုယ်သည် သွေးများကို ဝါးမျိုနိုင်သော မဟူရာတွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရပြီး တိုက်ပွဲနယ်မြေရှိ လတ်ဆတ်သော သွေးများမှ အကန့်အသတ်မဲ့သော စွမ်းအားများသည် သူ့ထံသို့ ဆွဲယူခြင်းခံနေရ၏။

ဆူဇီမို၏ဘေးပတ်လည်ရှိ အော်ရာသည် ပို၍ နတ်ဆိုးဆန်လာ၏။

သူ၏သွေးချီသည် အလွန်သိပ်သည်းလာပြီး ငရဲမှလျှောက်လှမ်းလာသော အဆူရာတစ်ယောက်နှင့်တူနေ၏။

များစွာသော ကျင့်ကြံသူများသည် ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာပြီး ထိုသွေးချီများကို စိုက်ကြည့်မိသည်နှင့်.. မဟူရာတွင်းနက်က သူတို့ကိုပါ ဆွဲယူနေသည်ဟု ခံစားလိုက်ရ၏။

တကယ်ဆို.. များစွာသော ကျင့်ကြံသူများသည် သူတို့၏မျိုးဆက်သွေးများက ထိန်းချုပ်လို့မရအောင် ကသောင်းကနင်းဖြစ်လာသည်ကို ခံစားမိလိုက်၏။

အဲဒါက ဘယ်လိုစွမ်းအားအမျိုးအစားလဲ…။

လူတိုင်းသည် ထိတ်လန့်တကြားဖြစ်သွားကြ၏။

‘ဒါက…’

ပကတိအရှင်ယွီကျွင်းသည် မျက်မှောင်ကြုတ်ပြီး ခဏမျှ စဉ်းစားတွေးတောလိုက်၏။ ရုတ်တရက်.. သူက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား အံ့အားတသင့် ရေရွတ်လိုက်၏။

‘မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်’

လက်ရှိကျင့်ကြံသူများ အားလုံးသည် ထိုမှတ်ချက်ကို ကြားရသောအခါ တုန်လှုပ်သွားကြ၏။

မိစ္ဆာသွေးသန့်စင်သုတ္တန်က အလွန်တရာကိုမှ စွမ်းအားကြီးလေသည်။

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက… အဆူရာဂိုဏ်းမှ မိစ္ဆာတစ်ယောက်သည် မိစ္ဆာသွေးသန့်စင်သုတ္တန်ကို ဖန်တီးခဲ့ပြီး လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့၏။ သူက ကျင့်ကြံရေးလောကတွင် သွေးမုန်တိုင်းတစ်ခုကို ဖန်တီးခဲ့ပြီး မည်သူကမှ သူ့ကို မတားဆီးနိုင်ခဲ့ကြပေ။

အဆူရာဂိုဏ်း၏ ထိုမိစ္ဆာသည် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော တာအိုအရှင်သွေးမိစ္ဆာဖြစ်လေသည်။

အဲဒီအချိန်တုန်းက တာအိုအရှင်သွေးမိစ္ဆာသည် အဆူရာဂိုဏ်း၏ မည်ကာမတ္တတပည့်တစ်ယောက်ဖြစ်ပြီး အဆင့်တူချင်း၌ ပြိုင်ဘက်ကင်းလေသည်။ သူက ဓမ္မဝိသေသအဆင့်သို့ မရောက်သေးသော်လည်း သူ၏တိုက်ခိုက်ရေးခွန်အားက ပေါင်းစည်းခန္ဓာများကိုပင် ယှဉ်နိုင်နေလေပြီ။

တကယ်ဆို ပေါင်းစည်းခန္ဓာ အတော်များများသည် သူ့ကို စိန်မခေါ်ရဲခဲ့ကြပေ။

ပေါင်းစည်းခန္ဓာအဆင့်၏အထက်တွင် မဟာယာနအဆင့်ရှိလေသည်။

မဟာယာနအဆင့်များ အားလုံးသည် မျိုးနွယ်စုခေါင်းဆောင်များဖြစ်ကြပြီး အပြင်လောကတွင် ရံဖန်ရံခါမျှသာ ပေါ်ထွက်လာတတ်ကြလေသည်။

ထိုအချိန်အတောအတွင်း… များစွာသော ပညာရှင်များသည် စုဖွဲ့၍ တာအိုအရှင်သွေးမိစ္ဆာကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သော်လည်း.. သူသည် သူ၏ဝန်းကျင်တခွင်မှာ လှုပ်ရှားမှုအနည်းငယ်ရှိသည်နှင့် ထောက်လှမ်းသိရှိနိုင်ပြီး လိမ္မာပါးနပ်စွာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့လေသည်။

ပညာရှင်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ကျရှုံးခဲ့ကြ၏။

နောက်ပိုင်းမှာတော့.. အင်မော်တယ်ဂိုဏ်းများမှ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သည် ဤကိစ္စကို ကိုင်တွယ်ဖို့အတွက် ထွက်လာခဲ့သည်ဟု သတင်းများကြားခဲ့ရ၏။

တာအိုအရှင်သွေးမိစ္ဆာသည် အပြင်းအထန် ဒဏ်ရာရရှိသွားသော်လည်း.. သူသည် ကြောက်စရာကောင်းသော ထွက်ပြေးခြင်းနည်းစနစ်တစ်ခုကိုသုံးကာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့လေသည်။

ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ကို တားဆီးဖို့အတွက် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ပေါ်ထွက်လာရသည်ဆိုသော အချက်ကပင် တုန်လှုပ်စရာကောင်းနေပြီဖြစ်၏။ သူက ထိုမျိုးနွယ်စုခေါင်းဆောင်ထံကနေ လွတ်မြောက်သွားသည်ဆိုသည်ကတော့ တကယ့်ကို အံ့မခန်းပင်။

ဤကိစ္စသည် အင်မော်တယ်နှင့်မိစ္ဆာဂိုဏ်းများအကြား ကမ္ဘာတုန်လောက်သော တိုက်ပွဲကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့၏။

ထိုမှစ၍.. တာအိုအရှင်သွေးမိစ္ဆာ၏ဂုဏ်သတင်းကလည်း ကမ္ဘာတဝှမ်း ကျော်ကြားသွားခဲ့လေသည်။

သူ၏ ပါရမီအလားအလာနှင့်ဆို.. သူက ဆက်လက်ကျင့်ကြံသွားလျှင် ဧကရာဇ်တစ်ပါး သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ဒါ့အပြင်.. သူ၏တိုက်ခိုက်ရေးခွန်အားသည် ရှေးဟောင်းခေတ်က ဧကရာဇ်များနှင့်ပင် နှိုင်းယှဉ်၍ရလောက်ပေသည်။

ထိုအခါ သူက ကျင့်ကြံရေးလောကနှင့် သက်ရှိများအားလုံးအတွက် ကပ်ဘေးတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

နောက်ဆုံးမှာတော့.. ဘုန်းကြီးတစ်ပါးသည် ငြိမ်သက်နေရာမှ ထွက်ပေါ်လာခဲ့၏။

ထိုကိုယ်တော်သည် တာမင်းကျောင်းတော်၏ ထိုမျိုးဆက်က မည်ကာမတ္တတပည့်တစ်ယောက်ဖြစ်သော ကိုယ်တော်တာမင်းဖြစ်လေသည်။

သူပေါ်ထွက်မလာခင်က.. ကမ္ဘာပေါ်မှာ သူနှင့်ပတ်သက်သည့် သတင်းအချက်အလက် ဘာမှမရှိခဲ့ပေ။

တကယ်ဆို.. ကျင့်ကြံရေးလောကတစ်ခုလုံးတွင် သူ့နာမည်ကို ကြားဖူးသည့်သူက အနည်းအကျဉ်းသာ ရှိလေသည်။

ကိုယ်တော်တာမင်းသည် ပေါ်ထွက်လာပြီး တာအိုအရှင်သွေးမိစ္ဆာနှင့် ကြီးမားသည့်တိုက်ပွဲတစ်ခုကို ဆင်နွှဲကာ သရေရလဒ်နှင့် အဆုံးသတ်သွားချိန်တွင် သူ၏ဂုဏ်သတင်းက ကမ္ဘာတဝှမ်းကျော်ကြားသွားခဲ့လေသည်။

နောက်ပိုင်းမှာ.. သူတို့နှစ်ယောက်သည် သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး အကြိမ်တိုင်းက သရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့ကြ၏။ နောက်ဆုံးမှာတော့.. သူတို့သည် ရလဒ်တစ်ခုကို အဆုံးအဖြတ်ပေးဖို့အတွက် စတုတ္ထမြောက်တိုက်ပွဲကို တိုက်ခိုက်ခဲ့ကြ၏။

ထိုမဟာတိုက်ပွဲ၏အဆုံးသတ်သည် ကျင့်ကြံရေးလောကတစ်ခုလုံးအတွက် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ကျန်ရစ်ခဲ့၏။

အဖြစ်အပျက် အတိအကျကို မည်သူကမှ မသိခဲ့ကြပေ။

လူပြောအများဆုံး ကောလဟာလမှာ.. ထိုပြန်ဝင်စားမွန်းစတားနှစ်ယောက်စလုံးက သေသွားခဲ့ကြသည်ဟုပင်။

သို့သော်လည်း ထိုတိုက်ပွဲပြီးနောက်.. သူတို့၏အလောင်း သို့မဟုတ် အရိုးများကို မည်သူကမှ ရှာမတွေ့ခဲ့ကြပေ။

ထိုတိုက်ပွဲအတွင်း မင်းဝမ်ဆုတောင်းပုတီးမှ ပုတီးစေ့သုံးလုံးကလည်း ပျောက်ဆုံးသွားခဲ့၏။

ယခုအချိန်ထိတိုင် ပုတီးစေ့နှစ်လုံး၏ ဘယ်ဆီဘယ်ဝယ်က မသိရပေ။

မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကလည်း ပျောက်ဆုံးသွားခဲ့၏။

ထိုခေတ်ထိုအခါက နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော ထိုမိစ္ဆာသုတ္တန်သည် ယနေ့တစ်ဖန် ပြန်ပေါ်လာလိမ့်မည်ဟု မည်သူကမှ ထင်မထားကြပေ။

ဆူဇီမိုသည် ပင်ကိုယ်ဗီဇအားဖြင့် ဤကဲ့သို့သော ကျင့်ကြံရေးနည်းစနစ်များကို အထင်သေးလေသည်။

အဲဒါက သွေးများကို ဝါးမျိုရသော လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သောကြောင့် သူက ပို၍ပင် ရွံရှာစက်ဆုပ်လေသည်။

သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အထိ သူသည် အဲဒါကို တစ်ခါသာ ထုတ်ဖော်ခဲ့ဖူး၏။

အဲဒါသည် ကန်းလန်ရိုးမမှာ သူသည် ညဝိညာဉ်ကို စတင်ရရှိခဲ့တုန်းက ဖြစ်လေသည်။ ထိုအချိန်က.. သူ၏မျိုးဆက်သွေးသည် ညဝိညာဉ်၏စားသုံးခြင်းကို ခံနေရပြီး သူက အသက်ရှင်သန်ဖို့အတွက် အခြားရွေးချယ်စရာ မရှိတော့ဘဲ ထိုလျှို့ဝှက်ပညာရပ်ကို‌ ထုတ်ဖော်ခဲ့ရ၏။

သူသည် စောစောက‌ နတ်ဘုရားမျိုးနွယ်နှင့်တိုက်ခိုက်ပြီး အားအင်ကုန်ခမ်းသလောက် ဖြစ်ခဲ့သောအခါ ထိုမိစ္ဆာသွေးသန့်စင်သုတ္တန်ကို အသုံးပြုရမလားဟူသော အတွေးက ဆူဇီမို၏စိတ်ထဲမှာ ပေါ်လာခဲ့သေး၏။

သို့သော်လည်း သူက အဲဒါကို ပယ်ချခဲ့လေသည်။ ပထမတစ်ချက်အနေနှင့် သူက ထိုကဲ့သို့သော ပညာရပ်များကို သဘောမကျ မနှစ်သက်သောကြောင့်ဖြစ်လေသည်။ ဒုတိယအချက်အနေနှင့် ထိုအချိန်က အသင်္ချေနယ်မြေမြို့တော်ထဲမှာ စီးဆင်းနေသော သွေးများအားလုံးနီးပါးသည် လူသားကျင့်ကြံသူများထံမှ ဖြစ်သောကြောင့်ပင်။

သူသည် သူနှင့်ဇာတ်တူမျိုးရိုးဖြစ်သော လူသားများထံမှသွေးကို ဝါးမျိုချင်သောစိတ် မရှိပေ။

သို့သော်.. ယခုအခါ သူဝါးမျိုနေသည့် သွေးများသည် လူသားများထံမှ မဟုတ်။ အဲဒါက ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်ထံမှ ဖြစ်လေသည်။

သောင်းနှင့်ချီသော လူသားကျင့်ကြံသူများနှင့်ယှဉ်လျှင် အဲဒီမှာ ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်သက်ရှိများ၏ အလောင်းများက တစ်ရာကျော်ကျော်သာ ရှိလေသည်။ သို့သော်လည်း.. သူတို့၏မျိုးဆက်သွေးများသည် မြောက်များလှစွာသော သွေးချီစွမ်းအားများကို ပိုင်ဆိုင်ထားလေသည်။

ထိုစွမ်းအားများအားလုံးသည် ယခုအခါ ဆူဇီမို၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်နေကြ၏။

ဆူဇီမို၏အော်ရာက ပိုပို၍ မြင့်တက်လာနေလေသည်။

‘သတ်.. သတ်.. သတ်’

သူ၏မျက်လုံးက နီရဲလာပြီး သူ၏သူငယ်အိမ်နှစ်ဖက်က ပကတိနီဆွေးသွားပြီး သူ၏စိတ်ထဲတွင် သတ်ဖြတ်လိုခြင်းမှတပါး တခြားမရှိတော့ပေ။

သူသည် သူ့ရှေ့ရှိ သက်ရှိများအားလုံးကို သတ်ဖြတ်ချင်ရုံအပြင် ဘာကိုမှ အလိုမရှိတော့ပေ။

အဲဒါသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ ကြောက်စရာကောင်းသောအချက်ဖြစ်လေသည်။

အဲဒါက ကျင့်ကြံသူတစ်ယောက်၏ စိတ်အခြေအနေနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုတို့အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်လေသည်။

ယခုအချိန်တွင် ဆူဇီမိုသည် သားရဲနှင့် အင်မော်တယ်လမ်းစဉ်နှစ်ခုကို ကျင့်ကြံထားသည့်အပြင် သူက ဗုဒ္ဓဝါဒကိုလည်း နားလည်သဘောပေါက်ထား၏။ ထိုသို့ဖြင့် သူ၏စိတ်က ရှင်းလင်းနေပြီး သူ၏ဆုံးဖြတ်ချက် ပြတ်သားမှုက ခိုင်မာကာ ယိမ်းယိုင်ခြင်း မရှိပေ။

ထိုသို့ဆိုလျှင်တောင် သူသည် မိစ္ဆာသွေးသန့်စင်သုတ္တန်ကို လှည့်ပတ်နေရင်း သူက မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲတော့မည့် အရိပ်လက္ခဏာများ ပြလာ၏။

ဆူဇီမို၏မျက်နှာ ၊ လက်နှင့် ရင်ဘတ်တို့ပေါ်တွင် သွေးအမာရွတ်များက ပေါ်လာကာ အဲဒါက ကြောက်စရာကောင်းသော ပုံစံဖြင့် အဘက်ဘက်သို့ ဆန့်တန်းထွက်သွား၏။

ဆူဇီမိုသည် ပကတိအရှင်ထျန်မင်းထံသို့ ခြေတစ်လှမ်းချင်းစီ လှမ်းသွားရင်း သူ့ထံမှ မြောက်များလှစွာသော သွေးချီများက ဖြာထွက်လာ၏။ သူ၏အနက်ရောင်ဆံပင်များသည် တဖြည်းဖြည်း အနီရောင်သမ်းလာပြီး လေထဲမှာ ကခုန်နေကာ သူ့မျက်လုံးများထဲမှာလည်း သွေးနီရောင်က ပိုမိုနက်ရှိုင်းလာ၏။

ပကတိအရှင်ထျန်မင်းသည် ဆူဇီမို၏အခြေအနေကိုကြည့်ရင်း သူ၏ဦးရေပြားက ရိုးတိုးရွတဖြစ်လာကာ ခေါင်းမွေးများ ထောင်ထလာ၏။

အလွန်ကြီးမားသည့် ဖိအားတစ်ခုက ရုန်းကန်ထွက်ပေါ်လာလေသည်။

အစက ဆူဇီမို၏ဘေးမှာ ဝိုင်းရံနေကြသော ဖက်တီးလေးနှင့် အခြားသူများပင်လျှင် ကြောက်လန့်တကြား အမူအရာများဖြင့် နောက်သို့ဆုတ်လိုက်ကြ၏။

‘မိစ္ဆာ.. မင်းက သိပ်ပြီးတော့ အတင့်ရဲမလာနဲ့’

ပကတိအရှင်ထျန်မင်းသည် သူ၏သတ္တိကို စုစည်းပြီး ငေါက်ငမ်းလိုက်၏။

သူ၏နဖူးက ဖျတ်ခနဲလက်သွားပြီး သူက ရှေ့သို့ လက်ညိုးထိုးလိုက်သောအခါ.. သူ့လက်ညိုးမှ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသော မိုးကြိုးတစ်စင်းသည် ဆူဇီမို၏ဦးခေါင်းဆီသို့ ပျံသန်းသွား၏။

သို့သော်လည်း.. ထိုမိုးကြိုးက ဆူဇီမို၏ဘေးပတ်လည်ရှိ သွေးချီနှင့် ထိတွေ့မိစဉ်မှာပင် ပျက်ပြယ်သွား၏။

‘မဟန်တော့ဘူး’

ပကတိအရှင်ထျန်မင်းသည် အံကိုကြိတ်ပြီး သူ၏မျက်လုံးများထဲမှာ တွေဝေရှုပ်ထွေးသော အကြည့်တစ်ခုက ရှိနေ၏။

သို့သော်လည်း.. ချက်ချင်းပင် သူက ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ချပြီး လှည့်ထွက်ပြေးလေသည်။

သူက ဤကဲ့သို့ မပြတ်သားခဲ့လျှင် ကြိမ်ဖန်များစွာ သေပြီးနေခဲ့လောက်လေပြီ။

သူက ထွက်ပြေးဖို့ ရွေးချယ်မည်ဆိုလျှင် သူ၏ ရှိသမျှအားအင်ကို အကုန်ထုတ်ကာ တွေဝေခြင်းမရှိ ထွက်ပြေးမည်ဖြစ်လေသည်။

မိစ္ဆာသွေးသန့်စင်ထုတ် သုတ္တန်နှင့်ဆိုလျှင်တောင် ဆူဇီမို၏မျိုးဆက်သွေးက ပြန်လည်စုစည်းရုံမျှသာ ရှိသေးသည်ကို ပကတိအရှင်ထျန်မင်းက ရှင်းလင်းစွာသိထား၏။ ဆူဇီမို၏စိတ်ဝိညာဉ်နှင့် သားရဲစွမ်းအင် နှစ်ခုစလုံးသည် ကုန်ခမ်းသလောက်ဖြစ်နေပြီး သူက သူ့ကို ဘယ်လိုမှလိုက်မီနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း.. သူက နမော်နမဲ့ မနေရဲဘဲ မိုးကြိုး‌လေပြေထွက်ပြေးခြင်းကို ထုတ်ဖော်လိုက်၏။

ပကတိအရှင်ထျန်မင်းသည် လေမိုးကြိုးတစ်ခုပေါ်မှာ စီးနင်းပြီး နေရာကနေ ချက်ချင်းပျောက်ကွယ်သွား၏။

‘မင်းက ထွက်ပြေးဖို့ ကြိုးစားချင်နေသေးတာလား’

ဆူဇီမို၏အသံက အရိုးထဲထိ အေးစိမ့်သွားစေနိုင်လောက်အောင် ထွက်ပေါ်လာ၏။

သူ၏စကား စတင်ပြောချိန်တွင် သူတို့နှစ်ယောက်က အနည်းဆုံး ပေတစ်ထောင်လောက် ကွာဝေး၏။

သူ၏စကား အလယ်နားသို့ရောက်ချိန်တွင် သူတို့နှစ်ယောက်က ပေငါးရာပင် မကွာဝေးတော့ပေ။

သူ၏စကားကို အဆုံးသတ်ပြောလိုက်ချိန်တွင် ပကတိအရှင်ထျန်မင်းသည် ဆူဇီမို၏ထွက်သက်ကိုပင် ခံစားမိလာ၏။

ထိုထွက်သက်မှာ သွေးရနံ့ တစ်စွန်းတစ်စက ပါလာ၏။

သူတို့က အရမ်းကို နီးကပ်နေလေပြီ။

ပကတိအရှင်ထျန်မင်း၏မျက်လုံးက ပြူးကျယ်သွားပြီး သူက ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရလာ၏။ မိစ္ဆာသွေးသန့်စင်ထုတ် သုတ္တန်အတွင်းတွင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော သွေးစတေးထွက်ပြေးခြင်း နည်းစနစ်တစ်ခုရှိသည်ဟု ကောလဟာလများက ဆိုလေသည်။

အဲဒါများ ဖြစ်နေမလား..။

သူ့အတွေး မဆုံးသေးခင်မှာပင်.. မြောက်များလှစွာသော သွေးချီများသည် သူ့ကို လွှမ်းခြုံလာပြီ ဖြစ်လေသည်။

All Chapters