မိစ္ဆာသားရဲသုံးယောက်
Vol. 53 Ch. 793
မျောက် စိတ်ဝိညာဉ်ကျားနှင့် ချင်ချင်တို့သည် ဆူဇီမို၏ ဆုံးဖြတ်ချက်အတွက် လှည့်ကြည့်လိုက်ကြ၏။
ဆူဇီမိုက မည်သည့်စိတ်ခံစားချက်မှ မရှိပဲ မေးလိုက်၏။
“မင်းက စိတ်ဝိညာဉ်သားရဲ တစ်ကောင်ပဲရှိသေးတာ ဘယ်လိုလုပ် နယ်မြေတစ်ခုကို ပိုင်ဆိုင်နိုင်ပါ့မလဲ..”
“ဒါပေါ့.. အဲ့ဒီ့နယ်မြေက ကျုပ်အပိုင်တော့ ဘယ်ဟုတ်ပါ့မလဲ”
ကြွက်က ကပျာကယာ ရှင်းပြလိုက်၏။
“ကျုပ်နေတဲ့ နေရာက လရောင်ငိုကြွေးတောင်.. အဲ့ဒီမှာ အုပ်ချုပ်တဲ့ ပိုင်နက်အရှင်က အရမ်းကို စိတ်သဘောထား ရိုးဖြောင့်တဲ့ ဝံပုလွေဘုရင် တစ်ပါးပဲ… ခင်ဗျားတို့ရဲ့ အစွမ်းအစနဲ့ဆို ကျုပ်တို့ရဲ့ လရောင်ငိုကြွေးတောင်ကို ဝင်ရောက်တာနဲ့ ပိုင်နက်အရှင်က ခင်ဗျားတို့ကို နေရာ ကောင်းကောင်းပေးလိမ့်မယ်..”
ဆူဇီမိုက တိတ်ဆိတ်နေ၏။
ကြွက်က တုန်လှုပ်ချောက်ချားသွားပြီး အစိမ်းရောင်ဝတ်လူကို အကဲခတ်၍ ကြည့်နေ၏။
ရက်အနည်းငယ်ကြာ သူတို့နောက်သို့ လိုက်လာပြီးနောက် သူတို့အုပ်စုထဲတွင် ထိုအစိမ်းရောင်ဝတ်လူက ခေါင်းဆောင်ဖြစ်လိမ့်မယ်ဆိုတာကို သူပြောနိုင်လေသည်။
မျောက်နှင့်ကျားက အလွန်တရာ ကြမ်းကြုတ်ခက်ထန်သော်လည်း ဤအစိမ်းရောင်ဝတ်လူက ပို၍ပင် ကြောက်စရာကောင်းပြီး အံ့မခန်းဖြစ်သည်ဆိုတာကို ကြွက်က ခံစားမိ၏။
ကြွက်၏ တိုက်ခိုက်ရည်ခွန်အားက သာမာန်သာဖြစ်သော်လည်း သူက အတော်အတန် အစွမ်းအစ ရှိလေသည်။
ထိုသို့ မဟုတ်ပါက သူ့ကို ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ဖို့ စေလွှတ်ခဲ့လိမ့်မည် မဟုတ်ပေ။
သူ၏ အကြီးမားဆုံး အစွမ်းအစမှာ ခိုးကြောင်ခိုးဝှက် ပြုမူသွားလာခြင်း ဖြစ်လေသည်။
သူက သားရဲတစ်ထောင်တောင်ကြားမှာ ဂရုတစိုက် သွားလာသည်နှင့်အမျှ အဆင့်နိမ့် မိစ္ဆာသားရဲများတောင်မှ သူ၏တည်ရှိမှုကို ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤအစိမ်းရောင်ဝတ်လူက ချက်ချင်းပင် သူ့ကို ရှာဖွေဖေါ်ထုတ်နိုင်ခဲ့ပြီး သူ့မှာ ပြေးစရာနေရာ မရှိခဲ့ပေ။
ရက်အနည်းငယ်ကြာ စူးစမ်းလေ့လာပြီးနောက် ပို၍ ကြောက်စရာကောင်းသည့် အချက်မှာ ဤလူ၏စိတ်ကို သူက လုံးဝ မဖတ်နိုင်ခြင်းဖြစ်လေသည်။
အဲ့ဒါထက် အဲ့ဒီ့လူက လူသားလား သို့မဟုတ် သားရဲလားဆိုတာကိုပင် သူ မသိရပေ။
“ကောင်းပြီလေ..”
ကြွက်က ချွေးပျံနေစဉ်မှာပင် ဆူဇီမိုက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြီး သဘောတူလိုက်၏။
သူတို့က ရှေးဟောင်းတိုက်ပွဲမြေကနေ ထွက်ခွာပြီး သားရဲနယ်မြေတစ်ခုသို့ သွားချင်သည်ဆိုလျှင် သူတို့သည် သက်ဆိုင်ရာ တည်နေရာ ရွှေ့ပြောင်းအမှတ်တစ်ခုကို ရှာဖွေရပေလိမ့်မည်။
အခြားသူများ၏ အကူအညီ မရှိဘူးဆိုလျှင် သူတို့၅ယောက်အတွက် တည်နေရာ ရွှေ့ပြောင်းအမှတ်တစ်ခုကို ရှာဖွေဖို့က ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာရသလို ဖြစ်နေပေလိမ့်မည်။
သူတို့က မှန်ကန်သောနေရာတစ်ခုကို ရှာဖွေတွေ့ရှိနိုင်ပါ့မလားဆိုတာ မသေချာပေ။
သူတို့၅ယောက်သည် အခုချိန်ထိ ဘယ်သားရဲနယ်မြေသို့ သွားမည်ဆိုတာကို ဆုံးဖြတ်ချက် အတည်တကျ မချရသေးပေ။ ယခုအချိန်မှာ အဲ့ဒါက အခွင့်အလမ်းတစ်ခု ဖြစ်လေသည်။ သူတို့က ကြွက်နှင့်အတူ သားရဲတစ်ထောင်တောင်ကြားသို့ လိုက်ပါသွားမည်ဆိုလျှင် သူတို့က အချိန်ကုန် အတော်လေး သက်သာသွားပေလိမ့်မည်။
သားရဲတစ်ထောင်တောင်ကြားက အလယ်ပိုင်းတိုက်မှာ တည်ရှိလေသည်။
အလယ်ပိုင်းတိုက်သည် ကျင့်ကြံခြင်း ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး နယ်မြေတစ်ခုဟု သတ်မှတ်လို့ရလေသည်။ အဲ့ဒီမှာ ယန်စေးဂိုဏ်း၊ ကြိုးကြာတစ်ထောင်ဂိုဏ်းနှင့် အုတ်ဂူဂိုဏ်းအပါအဝင် ထိပ်သီးဂိုဏ်းကြီး အများစုသည် အလယ်ပိုင်းတိုက်မှာ တည်ရှိကြလေသည်။
ဆူဇီမိုက နောက်ပိုင်းမှာ သားရဲနယ်မြေကနေ ထွက်ခွာပြီး ရှောင်းနင်၊ ဖက်တီးလေးနှင့် အခြားသော မိတ်ဆွေဟောင်းများဆီသို့ အလည်အပတ် သွားချင်သည် ဆိုလျှင် အဲ့ဒါက ပို၍ သင့်လျော်ပေလိမ့်မည်။
သူတို့က လရောင်ငိုကြွေးတောင်သို့ ဝင်ရောက်မည်လား မဝင်ရောက်ဘူးလားက ကိစ္စမရှိပေ။
သူတို့၅ယောက်အတွက် အရေးအကြီးဆုံး အချက်မှာ ထိုသားရဲနယ်မြေသို့ ရောက်ရှိသွားပြီးနောက် သူတို့၏ အမြုတေ ဖွဲ့တည်ခြင်းအဆင့်ကနေ ချိုးဖျက်တက်လှမ်းဖို့အတွက် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုကို ရှာဖွေဖို့ ဖြစ်လေသည်။
၁ နှစ်တာ၏ အဆုံးသတ်က နီးကပ်လာခဲ့လေပြီ။
. . . . .
တိတ်ဆိတ်ငြိမ်သက်နေသော ဥမင်တစ်ခုထဲတွင် ပုံရိပ်တစ်ချို့က ဖြတ်သန်းသွားလာနေကြ၏။
ရှေ့ဆုံးမှာက ကြီးမားသော ကြွက်တစ်ကောင် ဖြစ်လေသည်။ သူ၏နောက်မှာတော့ လူ၅ယောက် ရှိနေ၏။
“မင်းရဲ့ တည်နေရာရွှေ့ပြောင်းအမှတ်က အရမ်းကို လျှို့ဝှက်တာပဲ”
စိတ်ဝိညာဉ်ကျား၏ အသံက ထွက်ပေါ်လာ၏။
ဆူဇီမိုနှင့် အခြားသူများသည် သပွတ်အူလို အကွေ့အကောက် အလှည့်အပတ်များသော ဥမင်တစ်ခုထဲသို့ ကြွက်နှင့်အတူ လိုက်ပါသွားကြ၏။ နောက်ဆုံးမှာတော့ သူတို့သည် ၁နာရီတိတိ ကြာပြီးနောက် ဥမင်၏ အဆုံးသတ်သို့ ရောက်ရှိသွားကြ၏။
သူတို့၏ရှေ့ လေဟာနယ်ထဲတွင် သားရဲချီများဖြင့် မည်းမှောင်တောက်ပနေသော ဝဲကတော့တစ်ခုကို တွေ့လိုက်ရ၏။
“ညီကိုတို့ ကျုပ်နောက်က လိုက်ခဲ့ကြ”
ကြွက်က လက်ဟန်ခြေဟန်ပြပြီး တစ်ခဏအတွင် ထိုအထဲသို့ ခုန်ဝင်ကာ ပျောက်ကွယ်သွား၏။
မြေခွေးလေးက အနည်းငယ် ကြောက်ရွံ့နေ၏။
သူတို့သည် အလွန်တရာ စိမ်းသက်သော ပတ်ဝန်းကျင် နယ်မြေတစ်ခုသို့ သွားရောက်ရတော့မည် ဖြစ်၏။ ဆူဇီမိုသာ အနားမှာ မရှိဘူးဆိုလျှင် သူမက အတော်လေးကို ထိတ်လန့် ကြောက်ရွံ့နေပေလိမ့်မည်။
“ဘာမှကြောက်မနေနဲ့”
ဆူဇီမိုက မြေခွေးလေး၏ လက်ကောက်ဝတ်ကို ညင်သာစွာ ကိုင်ပြီး မျောက်နှင့် အခြားသူများနှင့် အကြည့်ချင်းလှယ်ကာ ဝဲကတော့ထဲကို ခုန်ဝင်လိုက်ကြ၏။
သူတို့၏ ပုံရိပ်များက ပျောက်ကွယ်သွားသောအခါ ဝဲကတော့သည် ခဏကြာ ရပ်တန့်ပြီးနောက် ပျက်ပြယ်ကာ နဂိုပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်သွား၏။ လောကက လည်ပတ်လာလေသည်။
သူတို့အုပ်စုသည် နက်မှောင်နေသော ဥမင်တစ်ခုထဲကို ဖြတ်သန်းလာရသည့်အလား ခံစားနေရ၏။ သူတို့သည် သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ပဲ အရပ်မျက်နှာများနှင့် အချိန်စီးဆင်းမှုကိုလည်း အာရုံမခံနိုင်တော့ပေ။ အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းသည့် ခံစားချက်ဖြစ်ပြီး သူတို့၏ ရင်ထဲမှာ လေးလံလာ၏။
မြေခွေးလေးသည် သူမ၏ ဘေးပတ်လည်ရှိ မည်သည့်အရာကိုမှ မမြင်နိုင်သော်လည်း နွေးထွေးသည့် လက်တစ်ဖက်က သူမ၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို သူမက ခံစားမိနေ၏။
တဖြည်းဖြည်းနှင့် သူမက တည်ငြိမ်လာလေသည်။
ဘယ်လောက်ကြာမြင့်သည် မသိရသော အချိန်ကာလ တစ်ခုက ကုန်ဆုံးသွားခဲ့၏။
မွန်းကျပ်ဖွယ်ရာ ခံစားချက်သည် ပျောက်ကွယ်သွားပြီး သူတို့၏ နှာခေါင်းထဲသို့ လတ်ဆတ်သော သစ်ပင်၊ ဝါးပင်များ၏ ရနံ့က ဝင်ရောက်လာ၏။ ပုံရိပ်တစ်ခုသည် တောအုပ်တစ်အုပ်၏ သစ်ပင်များကြားထဲသို့ လျင်မြန်စွာ ကျဆင်းလာ၏။
“အား…”
အဲ့ဒီ့မှာ ကြောက်လန့်တကြား အော်သံတစ်သံက ထွက်ပေါ်လာ၏။
မြေပြင်ပေါ်တွင် ကြီးမားသည့် တွင်းချိုင့်တစ်ခုက ဖြစ်ပေါ်သွားလေသည်။
ကြွက်သည် မြေပြင်ပေါ်သို့ ဘုန်းကနဲ ပစ်ကျသွားပြီး သူ၏ အရွတ်များနှင့် အရိုးများက ကျိုးပြတ်ကုန်ပြီဟု ခံစားလိုက်ရ၏။
“ဟား…ဟား….ဟား…..ဟား……”
ကျယ်လောင်သော လှောင်ပြောင်ရယ်မောသံများက ထွက်ပေါ်လာ၏။
“မင်းက တကယ်ပဲ ဝက်လို ထုံထိုင်းတဲ့ကောင်ပဲ မင်းမသေသေးဘူးဆိုရင်လည်း မြန်မြန်ထလိုက်စမ်းကွာ..”
အသံတစ်သံက ထွက်ပေါ်လာ၏။
ထိုအသံကို ကြားရသောအခါ ကြွက်သည် တုန်လှုပ်သွား၏. သူက စိတ်ထဲကနေ ကျိန်ဆဲလိုက်သော်လည်း အပြုံးတစ်ခုကို ကြိုးစား၍ လုပ်ယူကာ မြေပြင်ပေါ်ကနေ လူးလဲထပြီး အသံလာရာဆီသို့ လှည့်ကြည့်လိုက်၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် ပုံရိပ်အချို့က လျင်မြန်စွာ ထပ်မံကျဆင်းလာကြ၏။
ဘန်း……ဘန်း…… ဘန်း……
အဲ့ဒီ့မှာ ကျယ်လောင်သော ပေါက်ကွဲသံများက ထွက်ပေါ်လာ၏။
ဆူဇီမို၊ မျောက်နှင့် အခြားသူများသည် တည်ငြိမ်စွာ ဆင်းသက်လာကြပြီး သူတို့ရောက်ရှိရာ နေရာတွင် မြက်ပင်များနှင့် ရွံ့များက ဘေးသို့ စင်ထွက်သွားကြ၏။ သူတို့သည် သူတို့၏ စွမ်းအားကြီးသော ကိုယ်ကာယများနှင့် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရည်ခွန်အားတို့နှင့် အတူ မြေပြင်ထက်သို့ မဆင်းသက်ခင်မှာပင် သူတို့ ခန္ဓာကိုယ်ကို သူတို့ တည်ငြိမ်စေပြီး ဖြစ်၏။
ဆူဇီမိုသည် မည်သည့် စိတ်ခံစားချက်မှ မရှိဘဲ သူ့အကြည့်ကို ရွေ့လျားလိုက်၏။
သူသည် မြေပြင်ပေါ်သို့ မဆင်းသက်ခင်မှာပင် သူ၏ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ခဲ့ပြီး ဖြစ်၏။
အဲ့ဒါက အလွန်တရာ ရှေးကျသော တောအုပ်တစ်ခု ဖြစ်ပြီး မှောင်မည်း၍ မကောင်းဆိုးဝါးဆန်နေ၏။ ဘေးဘက်ရှိ ရှေးဟောင်းသစ်ပင်များသည် တိမ်လွှာများကြား ရောက်သည်အထိ ငွားငွားစွင့်စွင့် မြင့်မားပြီး ကန်းလန်ရိုးမမှာ ရှိသော ရှေးဟောင်းသစ်ပင်များထက်ပင် ပို၍ ကြီးမားတုတ်ခိုင်လေ၏။
ထိုသစ်ပင်များ၏ အခေါက်များပေါ်တွင် အစိမ်းရောင်နွယ်ပင်များသည် ကြောက်မက်ဖွယ်ရာ ပုံစံဖြင့် စပါးအုံးမြွေများ ကဲ့သို့ နွယ်တက်နေကြ၏။
ဤတောအုပ်ထဲတွင် အနည်းဆုံး သားရဲတောကောင် ၁၀၀လောက်ရှိနေ၏။ သူတို့ထဲမှ အများစုသည် ရွှေအမြုတေ အဆင့်မှာ ရှိသော စိတ်ဝိညာဉ် တောကောင်များ ဖြစ်ကြ၏။
သို့သော်လည်း သူတို့ကြားထဲတွင် စိတ်ဝိညာဉ်သားရဲအဆင့်ထက် ကျော်လွန်သော အလွန်တရာ ကြောက်စရာကောင်းသော အော်ရာများနှင့် သားရဲတောကောင် ၃ကောင်ကလည်း ရှိနေ၏။
အဲ့ဒါက ဤနယ်မြေ ဝန်းကျင်ရှိ မိစ္ဆာသားရဲ၃ကောင် ဖြစ်ရပေမည်။
“ဟမ့်….”
ရှေ့ဆုံးကနေ စွမ်းအားအကြီးဆုံး လူ၃ယောက်က လျှောက်လှမ်းလာ၏။ သူတို့အားလုံးသည် အလွန်တရာ မြင့်မားကြပြီး ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာများကို ပိုင်ဆိုင်ထားကြ၏။
ဘယ်ဘက်နှင့် ညာဘက်မှ လူ၂ယောက်သည် ကြီးမားတုတ်ခိုင်၍ သန်မာတောင့်တင်းလေသည်။
ဘယ်ဘက်ရှိလူသည် ရင်ဘက်ကို ဗလာကျင်းထားပြီး အနက်ရောင် အမွေးအမှင်များဖြင့် ပြည့်နေ၏။ သူက လူခန္ဓာကိုယ်နှင့် ဝက်ဝံတစ်ကောင်၏ ဦးခေါင်း ရှိလေသည်။ အဲ့ဒါက သားရဲတစ်ကောင်အဖြစ် ကျင့်ကြံထားသော မဟူရာဝက်ဝံတစ်ကောင် ဖြစ်လေသည်။
ညာဘက်ခြမ်းရှိ ပုံရိပ်သည် အမွေးအမှင် ကင်းမဲ့နေပြီး ကြမ်းတမ်းသော အသားအရည်ရှိကာ သူ၏ တုတ်ခိုင်တင်းရင်းသော ကြွက်သားများက ကျောက်တုံးများနှင့် တူနေ၏။ သူ၏ ဦးခေါင်းပေါ်တွင် ကြီးမားသော ဦးချိုတစ်ချောင်းပင်လျှင် ရှိနေ၏။ အဲ့ဒါက သားရဲတစ်ကောင်အဖြစ် ကျင့်ကြံထားသော နွားရိုင်းတစ်ကောင် ဖြစ်လေသည်။
အလယ်ရှိ ပုံရိပ်သည် အနည်းငယ်ပိန်ပါးပြီး သူ၏ လက်နှစ်ဖက်ကို နောက်သို့ ပစ်ထား၏။ အဲ့ဒါက လူခန္ဓာကိုယ်နှင့် ဆိတ်တစ်ကောင်၏ ဦးခေါင်းရှိလေသည်။ သူ၏ ဦးခေါင်းပေါ်တွင် အနည်းငယ် ကွေးညွတ်သော ဆိတ်ဦးချို တစ်စုံကလည်း ရှိနေ၏။ သူက မျက်မှောင်ကြုတ်ထား၍ တည်ကြည်သောအကြည့်ရှိပြီး သူ၏ မေးစေ့တွင် မုတ်ဆိတ်အချို့လည်းရှိနေ၏။
အဲ့ဒါက မိစ္ဆာသားရဲတစ်ကောင်အဖြစ် ကျင့်ကြံထားသော စိတ်ဝိညာဉ် ဆိတ်တစ်ကောင် ဖြစ်လေသည်။
သူတို့၃ယောက်သည် ရှေ့သို့တက်လာပြီး ဆူဇီမိုတို့ အုပ်စုကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွား၏။
“လရောင်ငိုကြွေး ပိုင်နက်အရှင်ရဲ့ လက်အောက်က မဟာခေါင်းဆောင် ၃ယောက်က ကျုပ်ကို လာကြိုပေးတယ်ဆိုတော့ အဲ့ဒါက ကျုပ်တစ်ဘဝလုံးမှာ ဂုဏ်အယူရဆုံး အရာတစ်ခုပဲ”
ကြွက်သည် လူးလဲ၍ကျုံးထပြီး မျက်နှာချိုသွေးသော အမူအရာဖြင့် မိစ္ဆာသားရဲ၃ကောင်ကို အကဲခတ်ကြည့်လိုက်၏။
“အမ်…”
သူတို့၃ယောက်က ခေါင်းညိတ်လိုက်၏။
ဆိတ်သားရဲက ဆူဇီမိုတို့ အုပ်စုကို မျက်ခုံးအနည်းငယ်ပင့်၍ စိုက်ကြည့်ပြီး အေးစက်စွာဖြင့် မေးလိုက်၏။
“သူတို့က ဘယ်သူတွေလဲ…”
ဆူဇီမိုနှင့် အခြား၄ယောက်သည် ရှေ့သို့တက်လာပြီး သူတို့ကို ကြိုဆိုနှုတ်ဆက်ရမည့်အစား တည်ငြိမ်နေသော အမူအရာဖြင့် ရင်ကော့နေကြသည့်အတွက် သူက စိတ်ထဲမှာ မကျေမနပ် ဖြစ်နေခဲ့ပြီးဖြစ်၏။
သားရဲမျိုးနွယ်များတွင် ရာထူးဂုဏ်သိမ် အဆင့်ဆင့် စီစဉ်ထားမှုက အရမ်းကို တင်းကျပ်လေသည်။
စိတ်ဝိညာဉ်သားရဲများသည် မိစ္ဆာသားရဲမျာနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝဦးညွှတ်ရလေသည်။
ဆိတ်သားရဲနှင့် အခြားနှစ်ယောက်ထံမှ မကျမနပ်မှုကို ခံစားမိသောအခါ ကြွက်က တုန်လှုပ်ထိပ်လန့်သွားပြီ ဖြစ်၏။ သို့သော်လည်း သူက အသံတိုက်ရိုက် မထွက်ရဲဘဲ ဆူဇီမိုနှင့် တခြားလူများဘက်သို့ လှည့်ပြီး ကပျာကယာ မျက်စေ့မှိတ်ပြလိုက်၏။
ဆိတ်သားရဲထံမှ စကားကို ကြားသောအခါ ကြွက်သည် ရင်ထဲမှာ ထိတ်သွားပြီး ကပျာကယာ ပြန်ပြောလိုက်၏။
“ဆရာတို့ ကျုပ်က ရှေးဟောင်းတိုက်ပွဲမြေမှာ သွားလာရင်းနဲ့ သူတို့နဲ့ အမှတ်မထင်တွေ့ခဲ့ပြီး သူတို့က အတော်လေး အစွမ်းအစ ရှိတာကြောင့် လရောင်ငိုကြွေးတောင်ကို ဝင်ရောက်ဖို့အတွက် ကျုပ်က ဖိတ်ခေါ်လာခဲ့တာပါ”
“သူတို့က အခုမှ ရောက်ခါစမို့လို့ နေရာနဲ့ အသားမကျသေးဘဲ စိုးရိမ်နေကြတာ ဖြစ်မှာပါ… သူတို့က ခင်ဗျားတို့ ၃ ယောက်ကို ခုထိ နှုတ်မဆက်ရသေးဘူး ဆိုတာကလည်း ခင်ဗျားတို့ရဲ့ ခန့်ညားထည်ဝါမှုမှာ သူတို့က အံ့ဩ မှင်တက်နေကြတာ နေမှာပါ..”
ကြွက်က ကပျာကယာပြောလိုက်ပြီးနောက် ဆူဇီမိုနှင့် အခြားသူများကို လှည့်ကြည့်ကာ မျက်စိထပ်မှိတ် ပြလိုက်၏။