အနာဂတ်အစီအစဥ်များ
Vol. 53 Ch. 787
ဆူဇီမိုသည် နန်းကြည်၏မျက်နှာပေါ်ရှိ မျက်ရည်များကို ညင်သာစွာသုတ်ပေးပြီး အပြုံးတစ်ခုနှင့်အတူ သိုလှောင်အိတ်တစ်ခုကို သူမထံသို့ ကမ်းပေးလိုက်၏။
"ဒီမှာမင်းအတွက် သိုလှောင်အိတ်တစ်အိတ်ရှိတယ် ထပ်ပြီးတော့ ငိုမနေနဲတော့..."
သူ၏ လေသံက ကလေးတစ်ယောက်ကို ချော့မြှူနေသည်နှင့် တူနေ၏။
နန်းကြည်သည် ရှက်ရွံသွားသော်လည်း သူမ၏ သိချင်စိတ်ကို ချုပ်တည်းမထားနိုင်ပေ။ သူမက သိုလှောင်အိတ်ကို လက်ခံယူပြီး မေးရင်းနှင့် ဖွင့်ကြည့်လိုက်၏။
"အထဲမှာ ဘာတွေပါလိမ့်...."
"အာ......"
သူမသည် အထဲတွင်ရှိသော အရာများကို မြင်လိုက်သည့်အခါ အံ့အားတသင့်ရေရွတ်လိုက်ပြီး ရှုပ်ထွေးစွာဖြင့် ဆူဇီမိုကို မော့ကြည့်လိုက်၏။
သိုလှောင်အိတ်ထဲတွင် စိတ်ဝိညာဥ်လက်နက်များက သိပ်သည်းများပြားစွာ ပုံထပ်နေ၏။
အဲ့ဒီမှာ မရေမတွက်နိူင်သော ဆေးပုလင်းများပင် ပါရှိ၏။
ထိုမျှသာမက ဆူဇီမို၏ သွေးသောက်သူ ၊ ရစ်ခွေနဂါးချိတ်စည်း ၊ လရောင်ဝှက်လေး ၊ မဟူရာရွှေမြားနှင့် လျှပ်စီးများ ရစ်ပတ်နေသော ထိပ်တန်းအဆင့် ဓားပျံ ၂၇ လက်ကိုပါ နန်းကြည်က တွေ့မြင်လိုက်ရ၏။
"အဲ့ဒီမှာ သာလွန်အဆင့် စိတ်ဝိညာဥ်လက်နက်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်ရှိတယ်..... ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်နက်က ၄၃၂ လက် ၊ ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်က ၂၁ လက် ၊ မူလအဆင့် စိတ်ဝိညာဥ်လက်နက် ၅ လက်နဲ့ အမျိုးမျိုးသော ဆေးလုံးပေါင်း တစ်သောင်း ရှစ်ထောင်ပါရှိတယ်...."
ဆူဇီမိုက ပြောလိုက်၏။
"အဲ့ဒီသိုလှောင်အိတ်ကို ယူသွား... ဂိုဏ်းကို ပြန်ရောက်တဲ့အခါ အဲ့ဒါကို စီနီယာ ကြိုးကြာကို သွားပေး လိုက်..."
ထိုလက်နက်အများစုသည် သူရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်၍ ဖန်သားနန်းတော် အဖွဲ့အစည်းကို ဖျက်စီးချေမှုန်းပြီးနောက် ရရှိလာခဲ့ခြင်းဖြစ်လေသည်။
"ဟာ...."
နန်းကြည်က အနည်းငယ် ကြောင်အမှင်သက်နေပြီး အဲ့တာကို မတုံ့ပြန်နိုင်ပေ။
ဆူဇီမိုက ရှင်းပြလိုက်၏။
"ငါက နိုးထဝိညာဥ်အဆင့်ကို တက်လှမ်းတော့မှာ အဲ့ဒီလက်နက်တွေက အဖိုးတန်တယ် ဆိုပေမယ့်... ငါ့အတွက် သိပ်ပြီးတော့ အသုံးမဝင်တော့ဘူး...."
"ဆန်းကြယ်တောင်ထွတ်က တိုက်ပွဲပြီးတဲ့နောက် တခြား ဂိုဏ်းကြီး ၄ ဂိုဏ်းက ထိခိုက်ဆုံးရှုံးခဲ့ရတယ်မလား... အခုဆို စီနီယာကြိုးကြာကလည်း ဓမ္မဝိသေသ အဆင့်ကို ရောက်သွားပြီဆိုတော့ ဆန်းကြယ်တောင်ထွတ်က မြင့်မား တိုးတက်လာဖို့ အချိန်တစ်ခုဘဲ လိုတော့တယ်... ဂိုဏ်းမှာ အခုလောလောဆယ် လိုအပ်နေတာက အခုလိုမျိုး ပစ္စည်းတွေဘဲ"
အဲ့ဒါက အရမ်းကို ကြီးမားသည့် တန်းဖိုးပမာဏ ဖြစ်လေသည်။
ဆူဇီမိုက ဤလောက်များပြားသည့် စိတ်ဝိညာဥ်လက်နက်များနှင့် ဆေးလုံးများကို ဒီတိုင်းပေးပစ်လိုက်သည်ကို အခြားသူများမြင်မည်ဆိုလျှင် သူတို့၏ မျက်လုံးအိမ်များက ကျွတ်ကျသွားလောက်၏။
အဲ့ဒီမှာ လက်နက်များနှင့်ဆေးလုံးများက အရေအတွက် များပြားရုံသာမကပေ။ အဲ့ဒီမှာ မူလစိတ််ဝိညာဥ် လက်နက် ၅ လက်ပင် ပါရှိနေသေး၏။ အဲ့ဒါက အဆင့်မြင့်ဂိုဏ်းများ၊ ရှေးတော်ဝင်မိသားစုများနှင့်ပင် နှိုင်းယှဥ်၍ ရလောက်သော အခြေံခံအုတ်မြစ်တစ်ခုဖြစ်လေသည်။
ဆူဇီမို၏ လက်ရှိအစွမ်းအစနှင့် သူပိုင်ဆိုင်သော ရတနာများအရ သူက ကိုယ်ပိုင်ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်နိုင်သည်ဟုဆိုရင် အဲ့ဒါက ချဲ့ကားပြောဆိုနေတာ မဟုတ်ပေ။
ဆန်းကြယ်တောင်ထွတ်ကို တည်ထောင်ထားသည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ပြီဖြစ်ပြီး မဟာကျိုးအင်ပါယာအတွင်းမှာတော့ အဲ့ဒါက ဂိုဏ်းကြီးတစ်ဂိုဏ်းဟု သတ်မှတ်လို့ရလေသည်။ သို့သော်လည်း သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး သိုမဟုတ် မြောက်ပိုင်းဒေသ တစ်ခုလုံးနှင့် ယှဥ်လျှင် ဘာမှပြောပလောက်စရာ မရှိပေ။
ဆန်းကြယ်တောင်ထွတ်၏ အခြေခံအုတ်မြစ်သည် ထိပ်သီးဂိုဏ်းကြီးများကို အသာထား အဆင့်မြင့်ဂိုဏ်း ၁၀၈ ဂိုဏ်းနှင့် နှိုင်းယှဥ်လျှင်ပင် နိမ့်ကျနေသေး၏။
သူတို့က ဤစိတ်ဝိညာဥ်လက်နက်များနှင့် ထိပ်တန်းဆေးလုံးများကို ရရှိလျှင် ဆန်းကြယ်တောင်ထွတ်က မြင့်မားတိုးတက်လာမည်မှာ သိသာထင်ရှားလေသည်။
နန်းကြည်သည် အနည်းငယ်စိတ်ပျက်သွားပြီး မျက်ခုံးပင့်၍ မေးလိုက်၏။
"သခင်လေးကရော.. ပြန်လိုက်ဖို့ စိတ်ကူးမရှိဘူးလား..."
ဆူဇီမိုက တွေဝေနေသောအမူအရာဖြင့် ပြန်ပြောလိုက်၏။
"ငါ.... လောလောဆယ်မှာတော့... ဂိုဏ်းကို ပြန်လာမှာ မဟုတ်သေးဘူး"
သူက ယခုအခါ ဖန်သားနန်တော်နဲ့ ပဋိပက္ခဖြစ်ထားသည့်အတွက် သူက ဆန်းကြယ်တောင်ထွတ်သို့ ပြန်သွားမည်ဆိုလျှင် ကပ်ဘေးတစ်ခုကို ယူဆောင်လာပေးသလို ဖြစ်နေပေလိမ့်မည်။
တစ်ကယ်တော့ သူသည် ဖန်သားနန်းတော်ကို စစ်ကြေညာခဲ့သည့် အချိန်မှာပင် ဤအခြေအနေသို့ ရောက်လာမည်ကို မျှော်လင့်ထားခဲ့ပြီး ဖြစ်၏။
ဆူဟုန် ကွယ်လွန်သွားပြီးနောက် သူသည် မော်တယ်လောကမှာ မည်သည့်အချုပ်အနှောင်မှ မရှိတော့ပေ။ သူက မြောက်ပိုင်းဒေသကနေ ထွက်ခွာဖို့ အတွက် ကြိုတင် ပြင်ဆင်ထားခဲ့၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသည် အလွန်ကျယ်ပြောလှပြီး အဲ့ဒီမှာ စွန့်စားသွားလာစရာ နေရာများ ရှိနေသေး၏။ အနည်းဆုံးတော့ သူသည် တာအိုသက်ရှိ ရွှမ်ယွီကို သတ်ဖြတ်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်လာမှသာ မြောက်ပိုင်းဒေသသို့ ပြန်လာဖြစ်ပေလိမ့်မည်။ ယခင်က တာအိုသက်ရှိ ရွှမ်ယွီသည် မဟာချွမ် အပျက်အစီးတိုက်ပွဲမှာတုန်းက သူ့ကို နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့ ခုန်ချရသည့်အထိ ဖိအားပေးခဲ့၏။
အဲ့ဒီနောက် ဆူဟုန်၏ သေဆုံးမှုနှင် ယန်တိုင်းပြည်၏ ဖျက်စီးချေမှုန်းခံရမှုသည် တာအိုသက်ရှိ ရွှမ်ယွီနှင့် ပက်သက်ဆက်နွယ်နေ၏။ တာအိုသက်ရှိ ရွှမ်ယီကြောင့် သူ၏ လက်ကောက်ဝတ်က ကျိုးခဲ့ပြီး သူ၏ အမြုတေနှစ်ခုစလုံးကလည်း ဖျက်စီးခံခဲ့ရ၏။ ဆူဇီမိုက ထိုလူကို ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
နန်းကြည်က ညင်သာစွာ သက်ပြင်းချလိုက်၏။
"တစ်ကယ်တော့ ဒီလိုဖြစ်လာမယ်ဆိုတာ ဆရာက ကြိုတင် မျှော်လင့်ထားပြီးသားပါ... သူမကပြောတယ် သခင်လေးရဲ့ စိတ်နေစရိုက်အရဆို ကျွန်မတို့ ဒုက္ခရောက်မှာ စိုးတဲ့အတွက် သခင်လေးက ပြန်လာမှာ မဟုတ်ဘူးတဲ့..."
ဆူဇီမိုက တိတ်ဆိတ်နေ၏။
ခဏကြာပြီးနောက် သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
"ဒါပေမယ့်လို့... ငါ ပြန်လာမယ့်တစ်နေ့ကို သေချာပေါက် ရောက်လာမှာပါ.... အဲ့ဒီအချိန်ကျရင် ငါက ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်လာခဲ့မယ်"
ဆန်းကြယ်တောင်ထွတ်နှင့် ထိုမှလူတိုင်းသည် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြလေသည်။
မဟုတ်လျှင် ဆူဇီမိုသည် သွေးသောက်သူနှင့် ရစ်ခွေနဂါးချိတ်စည်းအပါအဝင် ဆေးလုံးများနှင့် စိတ်ဝိညာဥ်လက်နက်များ အားလုံးကို ဤကဲ့သို့ ရက်ရောစွာဖြင့် ပေးကမ်းလိမ့်မည်မဟုတ်ပေ ။
"အင်း....."
နန်းကြည်က ခေါင်းညိတ်လိုက်၏။
"သူမက ပြောသေးတယ်... ဆန်းကြယ်တောင်ထွတ်က သန်မာပြီးရင်း သန်မာလာတော့မယ်... အဲ့ဒီမှာ ဂိုဏ်းက သူ့ရဲ့ဂိုဏ်းသားတွေကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ တစ်နေ့ သေချာပေါက် ရောက်လာလိမ့်မယ်... အဲ့ဒီအခါကျရင် သူတို့က အသက်လုပြီး ထွက်ပြေးနေစရာ လိုမှာမဟုတ်တော့ဘူးတဲ့..."
ဂိုဏ်းသည် ဖျက်စီးခံရတော့မည်ဟု ကြိုတင် သတိထားမိခဲ့ခြင်း မရှိဘူးဆိုလျှင် ရွှမ်ယီနှင့် အခြားသော ခေါင်းဆောင်များသည် ဖက်တီးလေး ၊ ကျိရှန်းချန်နှင့် အခြားသူများကဲ့သို့သော ပြိုင်စံရှားများအားလုံးကို လွန်ခဲ့သည့်အနှစ် ၂၀ က ဂိုဏ်းကနေ ထွက်ခွာခွင့် ပေးခဲ့လိမ့်မည် မဟုတ်ပေ။
"သိုလှောင်အိတ်ထဲမှာ သွေးသောက်သူနဲ့ ရစ်ခွေနဂါးချိတ်စည်းကလည်း ပါတယ်ဆိုတော့ သခင်လေးက ဘာသွားသုံးမှာလဲ... တစ်ကယ်လို့ သီယင်းနဲ့ ကြုံတွေ့ရင် သခင်လေးက အန္တရာယ်ရှိလာမှာ မဟုတ်ဘူးလား..."
နန်းကြည်က စိုးရိမ်ပူပန်နေ၏။
ဆူဇီမိုက အေးဆေးသက်သာစွာဖြင့် ပြန်ပြောလိုက်၏။
"ငါက သီယင်းနဲ့ နောက်တစ်ခါတွေ့ရင် သူ့ကို ငါ့လက်ဝါးနဲ့ ရိုက်သတ်ပစ်မယ်... "
သူက ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။
ဆူဇီမိုသည် မည်သည့် ကန့်သတ်ချုပ်နှောင်ခြင်းမှ မရှိဘဲ သူ၏ ဝှက်ဖဲများစွာနှင့်အတူ သူ၏ အတွင်းအမြုတေနှင့် ရွှေအမြုတေကို ထုတ်ဖော်နိုင်ပါက သူက လက်ဗလာနဲ့ဆိုလျှင်တောင် သီယင်းကို ဖိနှိပ်နိုင်လေသည်။
လက်နက်အတွက်ကတော့ စတုရန်း ကြေးမီးဖိုနှင့် ဂမ္ဘီရသံလိုက်တောင်က သူ့ သိုလှောင်အိတ်ထဲမှာ ရှိနေသေး၏။
ထိုလက်နက်နှစ်ခုကတင် ထောင်းပေါင်းများစွာသော လက်နက်များကို ခုခံနိုင်လေသည်။
ဒါ့အပြင် ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် ဆုလာဘ်များကိုလည်း မကြာခင် ပေးအပ်တော့ပေမည်။ သူက ကံကောင်းမည်ဆိုလျှင် သူ့အတွက်သင့်တော်သော ဓမ္မလက်နက်တစ်ခုကို ရနိုင်ကောင်းလောက်၏။
နန်းကြည်က ခဏမျှစဥ်းစားပြီးနောက် ထပ်မေးလိုက်၏။
"သခင်လေးက ဘယ်ကိုသွားဖို့ရည်ရွယ်ထားသလဲ...."
ဆူဇီမိုက ပြန်ပြောလိုက်၏။
"အခုချိန်ထိတော့ ငါ နေရာအတိအကျကို မစဥ်းစားရသေးဘူး"
တစ်ကယ်တော့ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဆူဇီမို ၊ မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် အခြားသူများသည် ဦးတည်ချက်တစ်ခုကို အကြမ်းဖျင်း စဥ်းစားထားခဲ့ကြပြီဖြစ်၏။
သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေကို အသုံးချ၍ မြောက်ပိုင်းဒေသကနေ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ သားရဲနယ်မြေများဆီသို့ သွားရောက်ချင်ကြ၏။
ဆူဇီမို၏ သရုပ်သကန်သည် ဆတ်ဆတ်ထိမခံဘဲ အသင်္ချေနယ်မြေမြို့တော်မှ တိုက်ပွဲပြီးနောက် မရေမတွက်နိုင်သော လူများက သူ့ကို စောင့်ကြည့်နေကြ၏။
သူက မျောက်နဲ့ အခြားသူများကို သူနှင့်အတူ ကျင့်ကြံရေးလောကသို့ ခေါ်ဆောင်သွားမည်ဆိုလျှင် ပြဿနာများက သေချာပေါက် တက်လာပေလိမ့်မည်။
သူတို့အတွက် အကောင်းဆုံးရွေးချယ်မှုမှာ သားရဲနယ်မြေများသို့ ဝင်ရောက်ဖို့ပင်။
သူတို့သည် သားရဲနယ်မြေမှာ သူတို့၏ အမြုတေ စိတ်ဝိညာဥ်များကို ကျင့်ကြံပြီးသည်နှင့် မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် အခြားသူများသည် မိစ္ဆာသားရဲများ ဖြစ်လာကြပေမည်။ ထိုအချိန်တွင် သူတို့သည် သူတို့၏ သားရဲချီများကို ဖုံးကွယ်ထားနိုင်မည် ဖြစ်ပြီး သူတို့က ကျင့်ကြံရေးလောကသို့ ပြန်သွားကြလျှင်တောင် လူသားများက သူတို့ကို ထောက်လှမ်း သိရှိနိုင်ဖို့ ခက်ခဲပေလိမ့်မည်။
မျောက်နှင့် စိတ်ဝိညာဥ်ကျားသည် သားရဲနယ်မြေ ၈ ခုထဲမှ တစ်ခုဖြစ်သော ခြင်္သေ့ရိုင်းတောင်ကြောရိုးတွင် နှစ် ၂၀ ကြာအောင် နေထိုင်ခဲ့ကြဖူး၏။ သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ခွင့် ၂ နေရာကိုပင် ရယူနိုင်ခဲ့ကြပြိး သူတို့က အဲ့ဒီမှာ အတော်လေး အတွေ့အကြုံရှိခဲ့ကြ၏။
ယခုသူတို့ ညီကိုမောင်နှမ ၇ ယောက်က စုစည်းမိကြပြီးဖြစ်သည့်အတွက် သားရဲနယ်မြေတွင် သူတို့ရဲ့ နာမည်တစ်ခုကို တည်ဆောက်နိုင်ဖို့က သိပ်ပြီး ခက်ခဲလိမ့်မည် မဟုတ်ပေ။
အခြားသူများထက် မျောက်သည် ထိုကိစ္စနဲ့ ပက်သက်ပြီး အထူးတလည် စိတ်လှုပ်ရှားနေ၏။
သူ၏ အိမ်မက်သည် အမြဲတမ်း တောဘုရင်တစ်ပါး ဖြစ်လာပြီး ကမ္ဘာကြီး၏ တစ်စိတ်တစ်ဒေသကို အုပ်စိုး နိုင်ဖို့ဖြစ်လေသည်။
နောက်တစ်ခဏအတွင်း တစ်လတာက ကုန်ဆုံးသွား၏။
ထိုအချိန်အတောအတွင်း များစွာသော ကျင့်ကြံသူများသည် အသင်္ချေနယ်မြေ မြို့တော်အတွင်းမှ ပြန်လာအားဖြည့်ခဲ့ကြပြီး သူတို့၏ ဒဏ်ရာအများစုက သက်သာ ပျောက်ကင်းခဲ့ကြ၏။
ဤနေ့တွင် လင်းရွှမ်ကျီသည် အပြုံးတစ်ခုနှင့်အတူ ရောက်လာ၏။
"ညီအစ်ကို ဆူ သွားကြရအောင်... ရှေးဟောင်းအသင်္ချေနယ်မြေ ကျောက်စာတိူင်က ဒီနေ့ဖွင့်တော့မယ်.... ဒီတစ်ခေါက် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် ဆုလာဘ်တွေက ဘာတွေဖြစ်မလဲ သွားကြည့်ရအောင်"
"ကောင်းပြီလေ...."
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး ခေါင်းညိတ်လိုက်၏။ သူကလည်း အဲ့တာကို မျှော်လင့်စောင့်စားနေလေသည်။
များစွာသော ကျင့်ကြံသူများသည် ငြိမ်သက်ရာကနေ ထွက်ပေါ်လာကြပြီး အသင်္ချေနယ်မြေ တောင်ထွတ်ဆီသို့ ဦးတည်သွားကြ၏။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် ပါဝင်သော ကျင့်ကြံသူများသာလျှင် ဆုလာဘ်များကို ရရှိမည်ဖြစ်သော်လည်း အခြားသော ကျင့်ကြံသူများစွာသည် အဲ့ဒီမှာ မူလဓမ္မလက်နက်များ သို့မဟုတ် ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်များ ထွက်ပေါ်လာမလား သိချင်မြင်ချင်ကြလေသည်။
ပကတိအရှင်ယွီကျွင်း ၊ ပကတိအရှင်လောရွှယ်နဲ့ ကိုယ်တော်လင်လူ တို့သည် အသင်္ချေနယ်မြေတောင်ထွတ်ဆီသို့ ရောက်ရှိနေသည်မှာ ကြာနေခဲ့လေပြီ။
တစ်လကြာပြီးနောက် ပကတိအရှင်လောရွှယ်နှင့် ကိုယ်တော်လင်လူတို့၏ ဒဏ်ရာများတွင် အနာဖေးများက စတင်ဖြစ်ပေါ်လာခဲ့လေပြီ။ သူတို့က အချိန်တစ်ခု ယူပြီးလျှင် လူကောင်းပကတိ ပြန်ဖြစ်လာကြပေလိမ့်မည်။
သို့သော်လည်း ပကတိအရှင်ယွီကျွင်းကတော့ သူ၏လက်ကို ဆုံးရှုံးခဲ့ပြီး ပြင်းထန်စွာ သက်ရောက်မှု ရှိခဲ့လေသည်။
သူ့အနေနှင့် ပေါင်းစည်းခန္ဓာအဆင့်သို့ မကျင့်ကြံနိုင်သေးသရွေ့ သူ၏ ဆုံးရှုံးသွားသော လက်ကို ပြန်လည် ရရှိဖို့ မျှော်လင့်စရာ မရှိပေ။
ပေါင်းစည်းခန္ဓာအဆင့်က များစွာ အလှမ်းကွာဝေးသေး၏။
ကျင့်ကြံရေးလမ်းကြောင်းသည် အလွန်တရာ အန္တရာယ်များပြီး ခြေလှမ်းတစ်ချက် မှားသွားသည်နှင့် သူတို့၏ အသက်များကို ဆုံးရှုံးသွားရနိုင်၏။
ပေါင်းစည်းခန္ဓာအဆင့်သို့ ရောက်အောင်တက်လှမ်းနိုင်မည်ဟု လူဘယ်လောက် များများကများ သူတို့ကိုယ်သူတို့ အာမခံနိုင်မည်နည်း။
"အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က ကျင့်ကြံသူတို့ ဒီနေရာကိုလာပြီး သင်တို့ရဲ့ ဆုလာဘ်တွေကို လာယူကြပါ..."
ပကတိအရှင်လောရွှယ်၏ အသံက အနည်းငယ်အားနည်းနေ၏။
အမြုတေနယ်မြေအဆင့်သတ်မှတ်တွင် ထိပ်ဆုံးဆယ်နေရာဝင်သော ကျင့်ကြံသူများသာလျှင် ရှေးဟောင်းအသင်္ချေနယ်မြေ ကျောက်စာတိုင်မှ ရတနာများကို လက်ခံယူဖို့ အဆင့်မီလေသည်။ အခြားသော ကျင့်ကြံသူများအတွက် ဆုလာဘ်များကိုတော့ ပဟေဠိနန်းတော်မှ ကျင့်ကြံသူများက ခွဲဝေပေးပေလိမ့်မည်။