မဟာနေ့ရက်ရူလိုင်းသုတ္တန်
Vol. 53 Ch. 788
ဒီတစ်ခေါက် ရွှေအမြုတေနယ်မြေအဆင့် သတ်မှတ်ချက်သည် ယခင်ကနှင့်မတူ ကွဲပြားခြားနား၏။
အဆင့်သတ်မှတ်ချက်ပေါ်ရှိ ကျင့်ကြံသူ တစ်ဝက်ကျော်က သေဆုံးသွားခဲ့ကြလေသည်။
အဲ့ဒီ့မှာ ဆုလာဘ်အဖြစ် လက်နက်များနှင့် ကျင့်ကြံရေးနည်းစနစ် အချို့အပြင် ကျန်ရှိနေသော ကျင့်ကြံသူများသည် ဝိညာဉ်အားဖြည့် သွေးဂျင်စင်းများစွာကိုလည်း ရရှိကြမည်ဖြစ်၏။
အဲ့ဒါက နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို ကျင့်ကြံပြီးနောက် မဖြစ်မနေ သုံးစွဲရမည့် ပစ္စည်းဖြစ်လေသည်။
ခဏနေပြီးနောက် ဆူဇီမို၊ မင်းကျန်၊ ဖန်းယွဲ့နှင့် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်သော ကျင့်ကြံသူများသည် အသင်္ချေနယ်မြေ တောင်ထွတ်ခြေသို့ ရောက်ရှိလာကြ၏။
ပကတိအရှင် ယွီကျွင်းသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လက်ဟန်ချိတ်စည်းများစွာကို လှုပ်ရှားကာ သူ၏ လက်ညှိုးဖြင့် သူ့နဖူးကို ညင်သာစွာ တို့ထိလိုက်၏။
သူ့နဖူးက တောက်ပသွားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ် အလင်းတန်းတစ်ခုသည် ရှေးဟောင်းအသင်္ချေနယ်မြေ ကျောက်စာတိုင်ဆီသို့ ပျံသန်းသွား၏။
ဘုန်း……
ရှေးဟောင်းကျောက်စာတိုင်ကြီးက အမြစ်ကနေ စွဲနုတ်ခံရသည့်အလား ပြင်းထန်စွာ တုန်ခါသွား၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် ရှေးဟောင်း အသင်္ချေနေယ်မြေ ကျောက်စာတိုင်မှ အလင်းရောင်ခြည်တန်းများက ထွက်ပေါ်လာပြီး ဆူဇီမိုနှင့် အခြားလူများ အပေါ်သို့ ပြန့်ကျဲ ကျဆင်းသွား၏။ အဲ့ဒါက သင်းပျံ့၍ မှုန်ရီ ဝေဝါးနေ၏။
အဲ့ဒါက စူးစမ်းလိုသော အသိစိတ်တစ်ခု ရှိနေ၏။
ရှေးဟောင်း အသင်္ချေနယ်မြေ ကျောက်စာတိုင်က အသက်ရှိသည့်အလား ဆူဇီမိုက ခံစားလိုက်ရ၏။
ရှေးဟောင်းကျောက်စာတိုင် အတွင်းရှိ ထိုသက်ရှိက နိုးထလာပြီး သူ့ကို စိုက်ကြည့်နေသည့်အလား ထင်ရလေသည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ရေစီးတစ်ခုကဲ့သို့ သူ့ခန္ဓာကိုယ်၏ တစ်ထောင့်တစ်နေရာမကျန် စီးဆင်းသွား၏။ ထိုအသက်ဓာတ်က ဆူဇီမို၏ ကိုယ်တွင်းရှိ အရာရာတိုင်းကို သိချင်မြင်ချင် နေသည့်အလား ထင်ရလေသည်။ အခြားသော လူအချို့သည်လည်း တူညီသောခံစားချက်ကို ရရှိလိုက်ကြ၏။
သို့သော်လည်း သိပ်မကြာမီ မင်းကျန်နှင့် အခြားလူများပေါ်ရှိ အလင်းရောင်က ပျက်ပြယ်သွား၏။ ထို့နောက် သူတို့၏ ဦးခေါင်းထက်တွင် ပစ္စည်းတစ်ခု သို့မဟုတ် နှစ်ခုက တောက်ပဝင်းလက်စွာဖြင့် ပေါ်လာကြ၏။
မင်းကျန်၏ ဦးခေါင်းထက်တွင် ကြေးညိုရောင်နှင့် အစိမ်းရောင် စပ်ကြားထားသော ရှေးဟောင်းလက်စွဲမီးအိမ် တစ်လုံးက မျောလွင့်နေ၏။
လက်စွဲမီးအိမ် အတွင်းရှိ မီးတောက်က ငြိမ်းသေသွားပြီ ဖြစ်သော်လည်း မီးအိမ်၏ ကိုယ်ထည်က လျှို့ဝှက်ဆန်းကြယ်သော အလင်းဖြင့် တောက်ပနေ၏။
ရှေးဟောင်းလက်စွဲမီးအိမ်၏ ဘေးတွင် အဝါရောင် စာလိပ်တစ်လိပ်က ရှိနေ၏။
အစိမ်းရောင်လက်စွဲမီးအိမ်နှင့် အဝါရောင်စာလိပ်..
ထိုအဝါရောင်စာလိပ်သည် ကျင့်ကြံရေးနည်းစနစ်တစ်ခု သို့မဟုတ် လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်ရပေမည်။ သို့သော် မည်သူကမှ ၎င်း၏ အချင်းအရာနှင့် ဘယ်အဆင့်ဖြစ်သည်ဆိုတာကို မသိကြပေ။
သို့သော်လည်း အစိမ်းရောင်လက်စွဲမီးအိမ်ပေါ်တွင် ဓမ္မအင်းကွက် ၆ခုကို ခပ်ရေးရေး မြင်နိုင်၏။
အဲ့ဒါက မူလဓမ္မလက်နက် တစ်ခုပင် ဖြစ်လေသည်။
များစွာသော ကျင့်ကြံသူများသည် တောက်လောင်ပြင်းပြသော အကြည့်များနှင့် သူတို့၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်ကြ၏။
မူလဓမ္မလက်နက်တစ်ခုက ပေါ်ထွက်လာချိန်တွင် လူတိုင်းက စိတ်လှုပ်ရှားသွားကြ၏။
သို့သော်လည်း မင်းကျန်ဆိုသော ကိုယ်တော်လေးသည် သာမာန်သွင်ပြင်သာ ရှိသော်လည်း သူတို့ထဲမှ မည်သူကမှ သူ၏ ပြိုင်ဖက်မဖြစ်နိုင်ဆိုတာကို လူတိုင်းက သိထားကြ၏။
ယခုအချိန်တွင် သူက ဒီပင်္ကရာကျောင်းတော်သို့ ဝင်ရောက်သွားပြီဖြစ်ပြီး ကိုယ်တော်ယင်လူ၏ ကာကွယ်မှုအောက်မှာ ရှိနေ၏။
ဒါ့အပြင်သူက ဆူဇီမို၏ဘက်မှ တစ်စုံတစ်ယောက်လည်း ဖြစ်လေသည်။
ထိုသူများမရှိလျှင်တောင် မင်းကျန်၏ ခွန်အားကပင် လက်ရှိလူတိုင်းကို တုန်လှုပ်သွားစေဖို့ လုံလောက်၏။
“ကောင်းတယ်ကွာ…..ကောင်းတယ်……ကောင်းတယ်……”
ကိုယ်တော်ယင်လူက ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။
မင်းကျန်အတွက် ပေါ်လာသော အစိမ်းရောင်လက်စွဲမီးအိမ်နှင့် အဝါရောင်စာလိပ်သည် တစ်မူထူးခြားသည့် ပစ္စည်းများ ဖြစ်ပုံရလေသည်။
တူကူကျန့်၏ ဦးခေါင်းထက်တွင် ဓါးအိမ်တစ်ခုနှင့်အတူ ဓါးရှည်တစ်လက်က ပေါ်လာပြီး ဓါးနည်းစနစ်ကျမ်းတစ်ခုကလည်း ရှိနေ၏။ ဓါး၏လက်ကိုင်နှင့် ဓါးအိမ်က ပိန်းပိတ်အောင် နက်မှောင်နေ၏။
သေချာအာရုံစိုက် မကြည့်ဘူးဆိုလျှင် သူတို့က အဲ့ဒါကို အနက်ရောင် တုတ်တစ်ချောင်းနှင့် မှားနိုင်လေသည်။
“ကြည့်ရတာတော့ အဲ့ဒီမှာလည်း ဓမ္မအင်းကွက်၆ခု ရှိနေတယ်ထင်တယ်။”
“ဟုတ်တာပေါ့ အဲ့ဒါက နောက်ထပ် မူလအဆင့် ဓမ္မလက်နက်တစ်ခုပဲ”
“ဒီတစ်ခေါက် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် ဆုလာဘ်တွေက အရမ်းကို ထူးခြားတာပဲ အဲ့ဒီမှာ မူလဓမ္မလက်နက်နှစ်ခုက ပေါ်လာခဲ့ပြီးပြီ”
ယခင် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်မှာတုန်းက ဆုလာဘ်များထဲတွင် မူလဓမ္မလက်နက်တစ်ခုက ပေါ်ထွက်လာသည်ဆိုလျှင်တောင် အံ့ဩစရာ ကောင်းနေပြီဖြစ်၏။
“ကြည့်စမ်း…… ဖန်းယွဲ့ရဲ့ ဦးခေါင်းထက်က ဧရာမလှံတံကြီးကိုလည်း ကြည့်လိုက်ပါဦး”
“ဟမ့်…. အဲ့ဒါက နောက်ထပ် မူလဓမ္မလက်နက်တစ်ခုပဲ”
မင်းကျန်နှင့် တုကူကျန့်တို့နှင့် မတူပဲ ဖန်းယွဲ့၏ ဆုလာဘ်သည် မည်သည့် ကျင့်ကြံရေးနည်းစနစ် သို့မဟုတ် လျှို့ဝှက်ပညာရပ်မှ မပါဝင်ပေ။ အဲ့ဒီမှာ လက်နက်တစ်လက်သာလျှင် ရှိလေသည်။
ထိုသို့ဆိုလျှင်တောင် အဲ့ဒါက အပြင်လူများကို အားကျ ငေးမော သွားစေဖို့ လုံလောက်၏။
“ဟား……..ဟား…….ဟား…….ဟား……”
ဖန်းယွဲ့က ဟားတိုက်ရယ်မောလိုက်ပြီး သူ့ဦးခေါင်းထက်ရှိ ဧရာမလှံတံကြီးကို ဖမ်းဆွဲယူလိုက်၏။ သူက ဧရာမလှံကို ဆုပ်ကိုင်လိုက်မိသည့် ခဏမှာပင် သူ၏ ခန္ဓာကိုယ်က နစ်ဝင်သွား၏။
အဲ့ဒါက အရမ်းကို လေးလံလေသည်။
ဧရာမလှံတံကြီးသည် ပေ ၃၀ဝန်းကျင်လောက်ရှိပြီး လှံတံ၏ ထိပ်ဖျားမှာ အသွားနှစ်ချောင်းပါရှိ၏။ အဲ့ဒါက အေးစက်စက်အလင်းနှင့်အတူ တောက်ပနေ၏။
လှံတံ၏ ကိုယ်ထည်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များကို ခပ်နှိပ်ထားပြီး အဲ့ဒါက လှံတံထိပ်ဖျားနှင့်အတူ တစ်သားတည်းကျကာ လွှမ်းမိုးခြယ်လှယ်နိုင်သော အော်ရာတစ်ခုကို ထုတ်ပေးနေလေ၏။
သာမာန်ကျင့်ကြံသူများအတွက်တော့ ထိုကဲ့သို့ ကလန့်ကလားနှင့် လေးလံသည့်လှံကြီးကို အသုံးပြုဖို့က မဖြစ်နိုင်သလောက်ပင်။ အဲ့ဒါက ဖန်းယွဲ့ကဲ့သို့ ကြွက်သားဗလတောင့်တင်းပြီး ကိုယ်ကာယ ကြီးမားတုတ်ခိုင်သော ကျင့်ကြံသူများအတွက်သာ သင့်တော်လေသည်။
မူလဓမ္မလက်နက်သုံးခုက ပေါ်ထွက်လာပြီးနောက် များစွာသော ကျင့်ကြံသူများသည် ဆူဇီမိုကို အလိုလို လှည့်ကြည့်လိုက်ကြ၏။
“အာ…ထူးဆန်းတယ်”
“ဆူဇီမိုရဲ့ကိုယ်ပေါ်က အလင်းရောင်က ဘာလို့ ပျက်ပျယ်မသွား သေးတာလဲ”
ဆူဇီမိုသည် မျက်လုံးကို မှိတ်ထားပြီး မလှုပ်မယှက် ရပ်နေ၏။
ရှေးဟောင်း အသင်္ချေနယ်မြေ ကျောက်စာတိုင်မှလာသော အလင်းရောင်စီးကြောင်းသည် သူ၏ ခန္ဓာကိုယ်ကို ထပ်ဖန်တလဲလဲ ဆေးကြောပေးနေ၏။
ရှေးဟောင်း အသင်္ချေနယ်မြေ ကျောက်စာတိုင်အတွင်းရှိ အသက်ဓာတ်သည် သူ၏ ခန္ဓာကိုယ်ကို အကောင်းဆုံး ကြိုးစား၍ စစ်ဆေးနေပြီး သူ၏ လျှို့ဝှက်ချက်များကို ရှာဖွေချင်နေပုံရ၏။ သို့သော် သူက အဲ့ဒါကို မလုပ်နိုင်သည့်ပုံပင်။
မသိလိုက် မသိဘာသာနှင့်ပင် အချိန်ကာလတစ်ခုက ကုန်ဆုံးသွား၏။
နောက်ဆုံးမှာတော့ ဆူဇီမိုကိုယ်ပေါ်ရှိ အလင်းရောင်သည် တဖြည်းဖြည်း ပျက်ပြယ်သွား၏။
သူ၏ ဦးခေါင်းထက်တွင် ပစ္စည်းနှစ်ခုက ရစ်ဝဲ၍ ထွက်ပေါ်လာလေသည်။
သို့သော်လည်း သူတို့နှစ်ခုလုံးသည် အလွန်တရာ ရှေးကျပြီး မည်သည့်အရောင်အဝါမှ ရှိမနေပေ။
သူတို့ထဲမှ တစ်ခုက ရှေးဟောင်းကျမ်းစာတစ်ခု ဖြစ်လေသည်။
အဲ့ဒါက ကျင့်ကြံရေးနည်းစနစ်တစ်ခု သို့မဟုတ် လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်ပြီး ဘာဆိုတာကိုတော့ မည်သူမှ မပြောနိုင်ပေ။
အခြားတစ်ခုကတော့ မည်သည့်အင်းကွက်မှမရှိပဲ မနှိုင်းယှဉ်နိုင်အောင် နက်မှောင်နေသော ကြာထိုင်ခုံတစ်ခုသာလျှင် ဖြစ်လေသည်။
အဲ့ဒါက အရမ်းကို ချုံးချုံးကျနေပြီး ဒီတိုင်းလမ်းပေါ်မှာ ပစ်ထားလျှင်တောင် မည်သူမှ မကောက်ယူမည့် ပစ္စည်းမျိုး ဖြစ်လေသည်။
“အဲ့ဒါက ဘာတွေလဲ”
“ငါလည်း မပြောတတ်ဘူး အဲ့ဒီမှာ ဘာဓမ္မအင်းကွက်မှ မရှိဘူးဆိုတော့ သုံးစားမရတဲ့ အမှိုက်ဖြစ်ရင်လည်း ဖြစ်မှာပေါ့”
“ဒီတစ်ခေါက် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် ဆုလာဘ်တွေမှာ မူလဓမ္မလက်နက် ၃ခုတောင် ထွက်ပေါ်လာခဲ့ပြီဆိုတော့ အရမ်းကို ထူးခြားလွန်းနေပြီ အဲ့ဒီမှာ နောက်ထပ်ကောင်းတာတစ်ခုခု ပေါ်လာချင်မှ ပေါ်လာတော့မှာ”
“ဆူဇီမိုရဲ့ကံက သနားစရာကောင်းလောက်အောင် ဆိုးတာပဲ”
များစွာသော ကျင့်ကြံသူများက တိုးတိတ်စွာဖြင့် ဆွေးနွေးလိုက်ကြ၏။
“အဲ့ဒါက အဓိပ္ပါယ်ရှိမနေဘူး”
လင်းရွှမ်ကျီသည် လေထဲတွင် ရစ်ဝဲနေသော ပစ္စည်းနှစ်ခုကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ တီးတိုး ရေရွတ်လိုက်၏။
“သူက ကြယ်တာရာနဂါးခံတွင်းမှာတုန်းက နဂါးကြောတော်တော်များများကို စုပ်ယူနိုင်ခဲ့တာပဲ။ သူ့မှာ မဟာကံကြမ္မာက ရှိနေပြီးပြီ အဲ့ဒါက အဲ့လိုမဖြစ်သင့်ဘူးလေ ဟုတ်တယ်မလား”
“အဲ့ဒီ့ ကျင့်ကြံရေးနည်းစနစ်က အရမ်းကို တုန်လှုပ်စရာ ကောင်းနေတာများလား”
သိချင်စိတ်နှင့်အတူ လင်းရွှမ်ကျီသည် ရှေသို့တက်သွားပြီး တိုးတိတ်စွာ မေးလိုက်၏။
“အဲ့ဒါက ဘာကျင့်ကြံရေး နည်းစနစ်လဲ”
ဆူဇီမိုက လေထဲရှိ ရှေးဟောင်းကျမ်းစာအုပ်ကို ဖမ်းယူပြီး ညင်သာစွာ လှန်လိုက်၏။ ပထမဆုံးစာမျက်နှာတွင် စကားလုံးလေးလုံးကို ရေးထိုးထား၏။ အဲ့ဒါက.. မဟာ နေ့ရက် ရူလိုင်း သုတ္တန်။
ထိုစကားလုံးလေးလုံးကို မြင်သောအခါ လင်းရွှမ်ကျီသည် မှင်သက်သွား၏။
ဆူဇီမို၏ သူငယ်အိမ်နှစ်ဖက်ကလည်း အနည်းငယ် တင်းကြပ်သွား၏။
ပဟေဠိနန်းတော်၏ လက်ရှိမျိုးဆက် အရိုက်အရာဆက်ခံသူ တစ်ယောက်အနေဖြင့် လင်းရွှမ်ကျီသည် ဗဟုသုတ ကြွယ်ဝပြီး ထိုကျင့်ကြံရေး နည်းစနစ်၏ ဇစ်မြစ်ကို သိလိုက်၏။
ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေတွင် နှစ်၂၀ကြာ နေထိုင်ခဲ့ပြီး ဖာဟွားကျောင်းတော်နှင့် တာမင်းကျောင်းတော်မှ ကျမ်းစာရပ်များကို လေ့လာသင်ယူခဲ့၏။ ဒါ့အပြင် သူသည် နေ့စဉ်နှင့်အမျှ သုတ္တန်များကို ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ပြီး ဗုဒ္ဓကို အရိုအသေပေးက ဇင်တာအိုကို နားလည်သဘောပေါက်ခဲ့၏။ ထိုသို့ဖြင့် သူသည် ဗုဒ္ဓကျောင်းတော်များနှင့် ပတ်သတ်သော အကြောင်းအရာကိစ္စ တော်တော်များများကို သိထားလေသည်။
ရှေးဟောင်းခေတ်က ကျင့်ကြံရေး လမ်းကြောင်းက စတင်၍ ဖွံ့ဖြိုးတိုးတက်လာသောအခါ ဗုဒ္ဓကျောင်းတော်များသည် ထိပ်သီးအဖွဲ့အစည်းကြီးများတွင် မပါဝင်သေးပဲ သူတို့က ယနေ့ခေတ်ကဲ့သို့ မကျော်ကြားသေးပေ။
မဟာနေ့ရက်ရူလိုင်းသုတ္တန်သည် ရှေးဟောင်းခေတ်တုန်းက ဗုဒ္ဓကျောင်းတော်များ၏ ဂမ္ဘီရ ပညာရပ်တစ်ခု ဖြစ်လေသည်။ အဲ့ဒါက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို သန့်စင်နိုင်သော ကောင်းကင်အဆင့် ကျင့်ကြံရေး နည်းစနစ် တစ်ခုလည်းဖြစ်၏။
ပြောကြသည်မှာ အဲ့ဒါကို အထွတ်အထိပ်သို့ ကျင့်ကြံနိုင်သည့်အခါ ဤကျင့်ကြံရေး နည်းစနစ်သည် ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အထိပ် ဓမ္မဝိသေသတစ်ခုဖြစ်သော ရူလိုင်းဓမ္မ ခန္ဓာကိုယ်ကို ဖန်တီးနိုင်မည်ဖြစ်၏။
ထိုအခါ လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် လောကကို ဖျက်ဆီးနိုင်ပြီး မိစ္စာများကို နှိမ်နင်းနိုင်မည် ဖြစ်၏။
ဆူဇီမိုသည် မည်သည့်စိတ်ခံစားချက်မှ မရှိပဲ ဗုဒ္ဓကျောင်းတော်များ၏ ထိုဂမ္ဘီရပညာရပ်ကို သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။
မဟာနေ့ရက်ရူလိုင်းသုတ္တန်ကို အသာထား အခြားသော ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစများက ထွက်ပေါ်လာသည် ဆိုလျှင်တောင် များစွာသော ကျင့်ကြံသူများက အဲ့ဒါကို လုယက်ချင်ကြပေလိမ့်မည်။
ယခုအချိန်တွင် သူ၏ သိုလှောင်အိတ်ထဲရှိ ခရမ်းရောင် မိုးကြိုးကျမ်းနှင့် ထပ်ပေါင်းပါက ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်ကို သန့်စင်ဖို့အတွက် ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ် ၂ခုကို ပိုင်ဆိုင်ထားပြီးပြီ ဖြစ်၏။
ထိုကဲ့သို့သော အခြေအနေအရ သူက နိုးထဝိညာဉ် အဆင့််သို့ တက်လှမ်းပြီးသည်နှင့် သူ၏ ကျင့်ကြံရေးလမ်းကြောင်းမှာ အားထုတ်မှု အနည်းငယ်သာ လိုအပ်ပေတော့မည်။
ဆူဇီမိုသည် သူ့ခေါင်းကို မော့ပြီး လေထဲရှိ ချုံးချုံးကျနေသော အစိမ်းရောင်ကြာပန်းထိုင်ခုံကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။
သူက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ နံပါတ်၁ ပုဂ္ဂိုလ်ဖြစ်၏။ ရှေးဟောင်း အသင်္ချေနယ်မြေ ကျောက်စာတိုင်သည် သုံးစားမရသော မစ္စည်းတစ်ခုကို သူ့အား ပေးစရာ အကြောင်းမရှိပေ။
သို့သော်လည်း ထိုအစိမ်းရောင်ကြာပန်းခုံက ဘာထူးခြားနေသည်ကို သူက မပြောနိုင်ပေ။
ဆူဇီမိုသည် စိတ်လှုပ်ရှားသွားပြီး မလှမ်းမကမ်းရှိ နိုးထဝိညာဉ် ၃ယောက်ကို လှမ်းကြည့်လိုက်၏။
ပကတိအရှင်ယွီကျွင်းသည် သူ့ဘေးရှိ ကိုယ်တော်ယင်လူကို လှည့်ကြည့်ပြီး လေးနက်စွာဖြင့် မေးလိုက်၏။
“ငါထင်တာ မမှားဘူးဆိုရင် အဲ့ဒီ့ အစိမ်းရောင်ကြာပန်းခုံက အဲ့ဒီဒဏ္ဍာရီလာပစ္စည်း ဖြစ်လိမ့်မယ်ထင်တယ်.. ဟုတ်တယ်မလား”
“ဟုတ်လောက်တယ်”
ကိုယ်တော်ယင်လူက တည်တံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။