ကြွက်
Vol. 53 Ch. 792
ရှေးဟောင်းတိုက်ပွဲမြေသည် နောက်သုံးလနေလျှင် ပိတ်ချတော့မည်ဖြစ်၏။
ထိုအချိန်အတောအတွင်း.. ဆူဇီမို၊ မျောက်နှင့် အခြားသူများသည် ရှေးဟောင်းတိုက်ပွဲမြေတွင် ကျင်လည်ကျက်စားပြီး ဝိညာဉ်အားဖြည့်သွေးဂျင်ဆင်းများကို သူတို့တတ်နိုင်သလောက် များများစားစား စုဆောင်းကြမည်ဖြစ်၏။
သူတို့ ၅ယောက်သည် သူတို့၏အမြုတေဖွဲ့တည်ခြင်းမှာ အထွတ်အထိပ်အဆင့်သို့ ရောက်နေကြပြီဖြစ်၏။ သူတို့သည် နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းပြီးနောက် သူတို့၏ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်နှင့် သူတို့၏အမြုတေစိတ်ဝိညာဉ်ကို သန့်စင်ရန် ဝိညာဉ်အားဖြည့်သွေးဂျင်ဆင်းများကို လိုအပ်လာပေလိမ့်မည်။
ဝိညာဉ်အားဖြည့်သွေးဂျင်ဆင်းလို အရာမျိုးသည် များများရလေ.. ပိုကောင်းလေဖြစ်၏။
နိုးထဝိညာဉ်ဟူသော ဝေါဟာရသည် မွေးကင်းစ ကလေးတစ်ယောက်နှင့်ဆင်တူသော အမြုတေစိတ်ဝိညာဉ်ကို ရည်ညွန်းခြင်းဖြစ်၏။
ဒါဆို အမြုတေစိတ်ဝိညာဉ်တစ်ခုကို ဘယ်လိုမျိုး ကျင့်ကြံနိုင်မလဲ..။
ရှေးဟောင်းဆိုရိုးစကားများအရဆိုလျှင်… လူတစ်ယောက်သည် ဗလာနယ်ကို ဖြတ်ကျော်ပြီးမှသာလျှင် စိတ်ဝိညာဉ်များကို တွေ့မြင်နိုင်မည်ဟုဆို၏။
ထိုစိတ်ဝိညာဉ်ဆိုသည်မှာ အမြုတေစိတ်ဝိညာဉ်ကို ရည်ညွန်းခြင်းဖြစ်၏။
ထိုသို့ဆိုလျှင် ဗလာနယ်ကကော ဘာဖြစ်မလဲ..။
လူတစ်ယောက်က ဗလာနယ်ကို ဘယ်လိုမျိုးဖြတ်ကျော်နိုင်မလဲ..။
အမြုတေစိတ်ဝိညာဉ်သည် ဦးနှောက်၏အတွင်းပိုင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုအတွင်းမှာ နေထိုင်လေသည်။ အဲဒါကို နီဝမ်နန်းတော် သို့မဟုတ် စိတ်ဝိညာဉ်စံအိမ်ဟု ခေါ်ဆိုကြ၏။
အဲဒါက လူသားခန္ဓာကိုယ်အတွင်းရှိ ထိတွေ့၍မရသော လျှို့ဝှက်နေရာတစ်ခု ဖြစ်လေသည်။
ပြောကြသည်မှာ ထိုအထဲတွင် သက်ရှိတစ်ယောက်၏ ဝိညာဉ်ရှိသည်ဟု ဆိုကြ၏။
ထိုအချိန်မတိုင်ခင် ကျင့်ကြံသူများသည် ဘယ်လိုပင် ကြိုးစားကျင့်ကြံကြပါစေ.. စိတ်ဝိညာဉ်စံအိမ်နှင့် ထိတွေ့နိုင်ဖို့အတွက် ခက်ခဲနေပေဦးမည်။
လူသားခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်စံအိမ်ကြားတွင် အကာအရံအလွှာတစ်ခု ရှိလေသည်။ ထိုအကာအရံအလွှာကို ဗလာနယ်ဟု ရည်ညွန်းပြောဆိုခြင်းဖြစ်၏။
ဗလာနယ်ကို ချိုးဖောက်နိုင်မှသာ ထိုအကာအရံအလွှာကို ဖြတ်ကျော်နိုင်မည်ဖြစ်၏။
အမြုတေဖွဲ့တည်ခြင်း၏ အထွတ်အထိပ်သို့ရောက်ပြီး လူတစ်ယောက်၏အမြုတေစွမ်းအားက အကန့်အသတ်သို့ ရောက်ရှိလာပါက ကျင့်ကြံသူတစ်ယောက်သည် သူတို့၏စိတ်စွမ်းအားကို ထိန်းချုပ်ခြင်းဖြင့် အကာအရံအလွှာကို ဖြတ်ကျော်ဖို့ ကြိုးစားကြည့်နိုင်လေသည်။
သူတို့က အကာအရံအလွှာကို ဖြတ်ကျော်နိုင်ခဲ့လျှင် သူတို့သည် စိတ်ဝိညာဉ်စံအိမ်ရှိရာ နေရာသို့ ရောက်ရှိနိုင်ပေလိမ့်မည်။
သက်ရှိတစ်ယောက်၏ဝိညာဉ်က ရုပ်ဒြပ် မရှိပေ။
အဲဒါက စိတ်ဝိညာဉ်အလင်းလုံးတစ်လုံးမျှသာ ဖြစ်လေသည်။
ဗလာနယ်ကို ဖြတ်ကျော်၍ ရွှေအမြုတေသည် စိတ်ဝိညာဉ်စံအိမ်သို့ ရောက်ရှိပြီးနောက်… ထိုနေရာသည် အရောင်အဝါများဖြင့် ပြည့်နှက်ကာ ဆွတ်ဆွတ်ဖြူသော အဖြူရောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ထိုသို့ထိတွေ့ခြင်းတွင်.. ဝိညာဉ်သည် မွေးကင်းစ ကလေးငယ်တစ်ယောက်ကဲ့သို့ ရုပ်ဒြပ်ရှိသော တစ်စုံတစ်ရာအဖြစ် ဖွဲ့တည်လာပေလိမ့်မည်။ အဲဒါက နိုးထဝိညာဉ်ပင်ဖြစ်၏။
အဲဒါကို အမြုတေစိတ်ဝိညာဉ်ဟုလည်းခေါ်၏။
လူသားတစ်ယောက်၏ခန္ဓာကိုယ်သည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး အတွင်းမှာ သူ့ကိုယ်ပိုင်လောကတစ်ခု ရှိနေ၏။
ရွှေအမြုတေကို အသုံးပြုပြီး ဗလာနယ်ကို ဖြတ်ကျော်ခြင်းဖြစ်စဉ်သည် စကြာဝဠာနှင့် ဆက်သွယ်ဖို့ကြိုးစားသော ဖြစ်စဉ်လည်းဖြစ်၏။
ထို့ကြောင့် ကျင့်ကြံသူများသည် အမြုတေစိတ်ဝိညာဉ်တစ်ခုကို ကျင့်ကြံပြီးနောက် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးချလာနိုင်ခြင်းကြောင့်သာ ဓမ္မစွမ်းအားများသည် စိတ်ဝိညာဉ်စွမ်းအင်ထက် များစွာပို၍ ကြောက်စရာကောင်းပြီး ပို၍သန်မာနေခြင်းဖြစ်၏။
သို့သော်လည်း.. ဆူဇီမို၏အခြေအနေက အခြားသူများနှင့်မတူ ကွဲပြားခြားနား၏။
သူ၏ကိုယ်တွင်းမှာ ရွှေအမြုတေတစ်ခု ရှိရုံသာမကဘဲ အတွင်းအမြုတေတစ်ခုပါ ရှိနေ၏။
ထိုကဲ့သို့သော အခြေအနေများအရ.. သူက အဆင့်ချိုးဖျက်တက်လှမ်းလျှင် ဘာတွေဖြစ်လာမလဲ.. ဘာတွေပြောင်းလဲလာမလဲ မည်သူမှ မသိနိုင်ပေ။
သုံးလအတွင်း သူတို့သုံးယောက်သည် တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ရ၏။
အချို့ မိုက်မဲသော ကြမ်းကြုတ်တောကောင်များနှင့် ရှေးဟောင်းသက်ရှိများသည် သူတို့အဖွဲ့တွင် ငါးယောက်သာပါရှိသည်ကို မြင်သောအခါ သူတို့၏ရတနာများကို အုပ်စုဖွဲ့၍ လုယက်ရန် ကြိုးစားခဲ့ကြ၏။ သို့သော်လည်း သူတို့သည် အရှက်တကွဲ ရှုံးနိမ့်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရလေသည်။
ဤရှေးဟောင်းတိုက်ပွဲမြေမှာ သူတို့ငါးယောက်ကို ခြိမ်းခြောက်နိုင်သောအရာ ဘာမှမရှိတော့ပေ။
ဤနေ့တွင် ဆူဇီမိုတို့အုပ်စုသည် နောက်ထပ် တောကောင်အုပ်တစ်အုပ်ကို အနိုင်ယူပြီး တိုက်ပွဲနယ်မြေအတွင်းရှိ အကျိုးအမြတ်များကို ရိတ်သိမ်းနေကြ၏။
ယခုအချိန်တွင်.. ဆူဇီမို၏သိုလှောင်အိတ်ထဲ၌ ဝိညာဉ်အားဖြည့်သွေးဂျင်ဆင်းပေါင်း ရှစ်သောင်းကျော် ရှိနေခဲ့ပြီးဖြစ်၏။
“ငါတို့က ဝိညာဉ်အားဖြည့်သွေးဂျင်ဆင်းတွေကို ဒုက္ခသုက္ခခံပြီး ဆက်ရှာနေစရာ မလိုတော့ဘူးထင်တယ်”
စိတ်ဝိညာဉ်ကျားက တိုက်ပွဲနယ်မြေအတွင်းရှိ သိုလှောင်အိတ်များကို သိမ်းရင်း ပြောလိုက်၏။
“ငါတို့က သူတို့ဆီက လိုက်လုရုံပဲလေ.. ငါတို့ရဲ့ အစွမ်းအစနဲ့ဆို ဘယ်သူ့ဆီကမဆို ငါတို့က လုယူလို့ရတာပဲ”
“အဲ.. အဲဒီအကြံက မဆိုးဘူး”
ချင်ချင်က ဝင်ပြောလိုက်၏။
“ပြီးခဲ့တဲ့ ရက်တွေအတွင်း ငါတို့ဆီကနေ အမြတ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ သားရဲတောကောင်တွေ အများကြီးပဲ.. ငါတို့ကလည်း သူတို့ကို အရင်စပြီး ဘာလို့ မလုယူနိုင်ရမှာလဲ”
ဆူဇီမိုက တိတ်ဆိတ်နေပြီး သူ၏အကြည့်က မလှမ်းမကမ်းရှိ တောင်ကုန်းလေးတစ်ခုပေါ်သို့ မမှိတ်မသုန် ကျရောက်နေ၏။
“ဘာတွေများ ကြည့်နေတာလဲ သခင်လေးရဲ့”
မြေခွေးလေးက စူးစမ်းချင်စိတ်ဖြင့် ဆူဇီမိုကြည့်ရာသို့ လိုက်ကြည့်လိုက်၏။ သို့သော် သူမက ဘာကိုမှ မမြင်ရပေ။
“ငကြောက်တစ်ကောင်က ငါတို့နောက်ကို လိုက်လာတာ အခုဆို ရက်အနည်းငယ်ရှိနေပြီ… ဒါပေမဲ့လို့ သူက ဘာမှတော့ လုပ်မလာသေးဘူး”
ဆူဇီမိုက ပြုံးစစဖြင့် ပြောလိုက်၏။
“သူက ဘာရည်ရွယ်ချက်ရှိနေလဲ ငါသိချင်လို့”
“အမ်.. ဘယ်နေရာမှာလဲ”
မြေခွေးလေးက မျက်လုံးပြူး၍ မေးလိုက်၏။
ဆူဇီမိုက သူ့ခေါင်းကို အနည်းငယ်မော့ပြီး ဟက်ခနဲ ရယ်မောလိုက်၏။
“အဲဒီ တောင်ကုန်းလေးအောက်မှာ ပုန်းနေလေရဲ့”
မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ချင်ချင်တို့၏အကြည့်ကလည်း ထိုနေရာသို့ ရောက်ရှိသွားကြ၏။ သူတို့သည် စိတ်လှုပ်ရှားသွားပြီး တဖြည်းဖြည်း ဝိုင်းပတ်ကာ အေးစက်စက် ရန်လိုသောအကြည့်များဖြင့် စိုက်ကြည့်လိုက်ကြ၏။
ဆူဇီမို၏စကားအရဆို ဤလူက သူတို့နောက်သို့ ရက်အတန်ကြာ လိုက်လာခဲ့ပြီးဖြစ်၏။ သူတို့သည် အဲဒါကို လုံးဝသတိမထားမိခဲ့သောကြောင့် နောက်ယောင်ခံလိုက်လာသူက အတော်အတန် အစွမ်းအစရှိသည်ဟု ဆိုရပေမည်။
တကယ်တော့ ဆူဇီမိုကလည်း သိချင်မိနေ၏။
သူတို့နောက်ကို လိုက်လာသောသူက အလွန်တရာ သတိကြီးပြီး သူ၏လှုပ်ရှားမှုက သိမ်မွေ့နူးညံ့ကာ ထောက်လှမ်းသိရှိနိုင်ဖို့ မဖြစ်နိုင်သလောက်နီးပါးပင်။
ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားပြီး သူ၏ကိုယ်တွင်းမှာ နဂါးမျိုးနွယ်၏သွေးက စီးဆင်းနေ၏။ ထိုသို့ဖြင့် သူ၏အာရုံခြောက်ပါးက ကြောက်စရာကောင်းလောက်အောင် ထက်ရှနေပြီဖြစ်၏။ ထိုသို့မဟုတ်လျှင် ဤလူ၏တည်ရှိမှုကို သူတောင်မှ သတိထားနိုင်ဖို့ ခက်ခဲပေလိမ့်မည်။
ပို၍ပြောစရာရှိသည်မှာ သူ၏အာရုံခံသတိစိတ်က သူ့ကို သတိပေးခဲ့ခြင်း မရှိချေ။
တနည်းအားဖြင့်ဆိုရလျှင်.. သူတို့နောက်သို့ လိုက်လာသောလူက သူတို့အပေါ် ရန်လိုစိတ် ရှိမနေပေ။
ထိုအကြောင်းကြောင့်ပင်လျှင် ဆူဇီမိုသည် နောက်ယောင်ခံလိုက်လာသူကို ချက်ချင်း သတ်ဖြတ်ဖို့ မကြိုးစားသေးခြင်း ဖြစ်လေသည်။
သို့သော်လည်း.. ရက်အနည်းငယ်ကြာပြီးတာတောင် ထိုသူက လက်မလျှော့သေးဘဲ သူတို့နောက်သို့ ဆက်လိုက်လာနေဆဲဖြစ်၏။ ထိုအချက်က ဆူဇီမိုကို အနည်းငယ် စိတ်တိုလာစေ၏။
“ငကြောက်ကောင်.. မင်း ဘယ်သူလဲ.. ထွက်လာခဲ့စမ်း”
စိတ်ဝိညာဉ်ကျားက မလှမ်းမကမ်းရှိ တောင်ကုန်းငယ်ကို ကြည့်ပြီး စီးပိုးခြယ်လှယ်စွာဖြင့် အော်ဟစ်လိုက်၏။
ပြောရမည်ဆိုလျှင် သူတို့သုံးယောက်သည် တောင်ကုန်းကို စေ့စေ့စပ်စပ် စိုက်ကြည့်နေသော်လည်း.. သူတို့ထဲမှ မည်သူကမျှ တစ်စုံတစ်ယောက် ပုန်းကွယ်နေသည်ကို မမြင်ရပေ။
သို့သော်လည်း ခဏနေပြီးနောက်.. တောင်ကုန်း၏တနေရာရှိ မြေစာပုံတစ်ခုက ရွေ့လျားသွား၏။ ထိုနေရာရှိ မြေကြီးက ချိုင့်ဝင်သွားပြီး လူတစ်ကိုယ်စာအရွယ် တွင်းပေါက်တစ်ခုပေါ်လာသည်ကို မြင်လိုက်ရ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် မီးခိုးရောင် သားရဲတစ်ကောင်က တွင်းပေါက်ထဲကနေ ထွက်လာ၏။
လူတိုင်းသည် အာရုံစိုက်၍ ကြည့်လိုက်ကြပြီးနောက် ကြောင်အ,မှင်တက်သွားကြ၏။
မြေခွေးလေးက ပါးစပ်အဟောင်းသားနှင့် ရေရွတ်လိုက်၏။
အဲဒါက တကယ်ပဲ ကြွက်တစ်ကောင်ကိုး..။
ဆူဇီမိုသည်လည်း အနည်းငယ် ကြောင်အ,မင်သက်သွားပြီး မချုပ်တည်းနိုင်တော့ဘဲ ရယ်မောလိုက်မိ၏။
ထိုသားရဲသည် ဝက်ပေါက်တစ်ကောင်၏အရွယ်လောက်ရှိပြီး သူ့တစ်ကိုယ်လုံးမှာ မီးခိုးရောင် အမွေးတိုတိုများက ပြည့်နှက်နေ၏။ သူ၏အမြှီးက ရှည်လျားပြီး သူ၏သေးငယ်သော မျက်လုံးလေးများကို ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေ၏။ အဲဒါက.. အတော်အတန်ကြီးမားသည့် ကြွက်တစ်ကောင်ဟု ဆိုရပေမည်။
“ညီအစ်ကိုရောင်းရင်းတို့.. ကျေးဇူးပြုပြီး စိတ်မတိုကြပါနဲ့.. ကျုပ်က ခင်ဗျားတို့ရဲ့ မိတ်ဆွေကောင်းလေးပါ”
ကြွက်က လူသားဘာသာစကားဖြင့် ပြောလိုက်၏။
“ငါတို့ကိုလာပြီး ညီအစ်ကိုရောင်းရင်းတွေ ဘာတွေ လာခေါ်မနေနဲ့.. ငကြွက်.. မင်းက ဘာဖြစ်လို့ ငါတို့နောက်ကို လိုက်လာတာလဲ.. မှန်မှန်ဖြေစမ်း”
အဲဒါက ကြွက်တစ်ကောင်ဖြစ်သည်ကို မြင်လိုက်ရသောအခါ စိတ်ဝိညာဉ်ကျားသည် သူ၏လက်ဝါးတစ်ချက်နှင့်ပင် ထိုသူကို ရိုက်သတ်နိုင်သည်ဟု ခံစားမိ၏။ ထိုသို့ဖြင့် သူက အားမာန်တက်ကြွသွားပြီး အော်ဟစ်ငေါက်ငမ်းလိုက်၏။
ကြွက်က အလွန်တရာတုန်လှုပ်သွားပြီး တသိမ့်သိမ့် တုန်ယင်သွား၏။
“ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ မဟာအစ်ကိုကျား”
ကြွက်က သူ၏သေးငယ်သော လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ပြီး.. မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ချင်ချင်တို့ကို ယဉ်ကျေးသိမ်မွေ့စွာဖြင့် နှုတ်ဆက်လိုက်၏။ သူက ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်၏။
“ဒီအရင်တုန်းက တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကျုပ်က ခင်ဗျားတို့ တိုက်ခိုက်နေတဲ့နေရာနားကနေ ဖြတ်သွားမိတယ်.. အဲဒါကို မြင်လိုက်ရပြီး ကျုပ်က အရမ်းကို အံ့ဩမှင်တက်သွားရတယ်.. အဲလိုမျိုး ပြိုင်ဘက်ကင်း လွှမ်းမိုးခြယ်လှယ်နိုင်တဲ့သူမျိုးက တစ်ခါကြည့်ပြီးရင် ကျုပ်တစ်သက် လုံးဝမမေ့နိုင်တော့မယ်မြင်ကွင်းပဲ”
ထိုအသံကို ကြားသောအခါ မျောက်နှင့်ချင်ချင်တို့က တုံ့ပြန်မှု များစွာသိပ်မရှိပေ။
သို့သော်လည်း စိတ်ဝိညာဉ်ကျားက အလွန်တရာ ကျေနပ်သွားပြီး စိတ်လှုပ်ရှားမှုဖြင့် သူ၏မျက်နှာက နီမြန်းလာ၏။
“ငကြွက်.. မင်းပြောတာ အဲဒါတော့ မှန်တယ်”
စိတ်ဝိညာဉ်ကျားက ခေါင်းညိတ်ပြီး ထပ်မေးလိုက်၏။
“မင်း ခုနက ပြိုင်ဘက်ကင်းလွှမ်းမိုးခြယ်လှယ်နိုင်တဲ့သူဆိုတာ ငါတို့ထဲက ဘယ်သူ့ကို ပြောတာလဲ”
ကြွက်က အလျင်အမြန် ပြန်ပြောလိုက်၏။
“တကယ်တော့ ခင်ဗျားပေါ့ မဟာအစ်ကိုကျားရယ်.. ခင်ဗျားက မနှိုင်းယှဉ်သာအောင် ရဲရင့်ပြီးတော့ ခင်ဗျားရဲ့စွမ်းပကားက ပြိုင်ဘက်ကင်းတာပဲ.. ခင်ဗျားရဲ့ ကြီးမားလှတဲ့အော်ရာနဲ့ဆို သားရဲနယ်မြေရှစ်ခွင်မှာတောင် ပြိုင်ဘက်ကင်းနိုင်တယ်”
စိတ်ဝိညာဉ်ကျားက ကျေနပ်နှစ်ခြိုက်သွားပြီး တည်ငြိမ်နေဟန်ဆောင်ကာ လေးနက်စွာဖြင့် ပြောလိုက်၏။
“အင်း.. ဟုတ်တာပေါ့… မင်းက တော်တော်အမြင်ထက်ရှတဲ့ကောင်ပဲ”
ချင်ချင်နှင့် မြေခွေးလေးသည် ဆက်လက်၍ မချုပ်တီးနိုင်တော့ဘဲ သူတို့၏မျက်လုံးများကို စွေကြည့်ကာ လေတက်လိုက်ကြ၏။
“မင်းက ငါတို့နောက်ကို ဘာလို့လိုက်နေရတယ်ဆိုတာ အခုထိ မပြောနိုင်သေးဘူးလား”
မျောက်က လှောင်ရယ်လိုက်ပြီး ခွန်အားများစွာ စိုက်မထုတ်ဘဲ ကြွက်ကို ကန်လိုက်၏။
ကြွက်၏မျက်လုံးက တဖျတ်ဖျတ်လက်သွား၏။
“အစ်ကိုတို့.. ကျုပ်က ခင်ဗျားတို့နောက်ကို လိုက်ရတဲ့ အကြောင်းရင်းက.. တကယ်တော့ ခင်ဗျားတို့ရဲ့ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့ ပုံစံတွေကို ဘယ်လိုမှ.....”
“မင်းက မရိုးမသားနဲ့ အဲအတိုင်း ဆက်ပြီးပြောနေမယ်ဆိုရင် ငါက မင်းခေါင်းကို ဖြတ်ပြီးတော့ ငါ့ရဲ့ခါးမှာ ချိတ်ထားလိုက်မယ်.. အဲဒါဆို မင်းလည်း ငါတို့နောက်ကို အမြဲတမ်း လိုက်လို့ရသွားတာပေါ့.. ဘယ်လိုလဲ”
မျောက်က သရော်ပြုံးလိုက်၏။
ကြွက်က ထိတ်လန့်ကြောက်ရွံ့သွားပြီး ရှက်ရွံ့စွာဖြင့် ပြုံးလိုက်၏။
“ကျုပ်က ခင်ဗျားတို့ကို ကျုပ်ရဲ့နယ်မြေကို ဖိတ်ခေါ်ချင်လို့ပါ.. ခင်ဗျားတို့ရဲ့ အစွမ်းအစနဲ့ဆို အဲဒီနယ်မြေမှာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိလိမ့်မယ်လို့ ကျုပ်က ယုံတယ်”
ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်သွားပြီး မေးလိုက်၏။
“မင်းရဲ့နယ်မြေက ဘယ်နေရာလဲ”
“အလယ်ပိုင်းတိုက်က သားရဲတစ်ထောင်တောင်ကြား”
ကြွက်က ပြန်ဖြေလိုက်၏။