မိစ္ဆာသားရဲများကို သတ်ဖြတ်ခြင်း
Vol. 53 Ch. 795
စောစောကတင် အဲဒါက သူ့ခေါင်းကို အနည်းငယ်ငုံ့ထားသော နုနုနယ်နယ်ပုံစံနှင့် စာပေသမားတစ်ယောက်ဖြစ်၏။
နောက်ခဏ၌ သူက သတ်ဖြတ်ရာမှာ အရမ်းပြတ်သားသော ရှေးဟောင်းသားရဲတစ်ကောင် ဖြစ်လာ၏။
ဆူဇီမိုသည် ဤတောအုပ်နှင့် ရင်းနှီးခြင်း မရှိဘဲ အဲဒါနှင့်ပတ်သက်သည့် ဘာကိုမှ မသိသေးပေ။
သို့သော်လည်း တူညီစွာပင် ဤတောအုပ်ထဲရှိ သတ္တဝါများကလည်း သူနှင့်ပတ်သက်သည့်အကြောင်း ဘာမှမသိပေ။
မိစ္ဆာသားရဲသုံးယောက်သည် နုနုနယ်နယ်ပုံစံနှင့် ဤစာပေသမားက ဘယ်လိုတည်ရှိမှုအမျိုးအစားတစ်ခုဆိုတာကို မသိကြသေးပေ။
ဆူဇီမိုက လှုပ်ရှားလိုက်သည့်ခဏမှာပင် မိစ္ဆာသားရဲသုံးယောက်သည် အနည်းငယ်ကြောင်အသွားပြီး သူတို့၏စိတ်ထဲတွင် အတွေးတစ်ခုက ပေါ်လာ၏။
သူက ဘယ်လိုတောင် ရဲတင်းတာလဲ..။
ရွှေအမြုတေအဆင့်မှာရှိသော စိတ်ဝိညာဉ်သားရဲသည် မိစ္ဆာသားရဲသုံးယောက်ကို စတင်၍ တိုက်ခိုက်ရဲသည်လား..။
သူတို့၏အတွေး မဆုံးသေးခင်မှာပင် သူတို့က ထပ်မံ၍တုန်လှုပ်သွားရ၏။
ဆူဇီမိုက သူတို့အနားသို့ ချဉ်းကပ်လာခဲ့လေပြီ။
သူက ပေတစ်ရာကျော် အကွာအဝေးကို ချက်ချင်းဆိုသလို ရောက်ချလာ၏။
အဲဒါက အရမ်းမြန်လွန်းလေသည်။
မွန်းကျပ်ဖွယ်ရာ ဖိအားတစ်ခုသည် ရှေ့သို့ တလိပ်လိပ်တက်လာပြီး ဆူဇီမို၏ပုံရိပ်သည် မဟူရာဝက်ဝံ၏ရင်ဘတ်ဆီသို့ ပြေးဝင်သွား၏။ သူက ခွန်အားကို စိုက်ထုတ်၍ ပစ်တိုက်ချလိုက်၏။
ဘန်း..။
အသားချင်း ရိုက်ခတ်သော ခပ်ထိုင်းထိုင်း အသံတစ်သံက ထွက်ပေါ်လာ၏။
မဟူရာဝက်ဝံသားရဲ၏မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ပြူးကျယ်သွားပြီး သူက လက်ဝါးတစ်ချက် ရိုက်မထုတ်နိုင်ခင်မှာပင် ဆူဇီမိုကြောင့် ပြင်းထန်စွာ လွင့်စင်ထွက်သွား၏။
သူ၏ ကြီးမားသည့်ခန္ဓာကိုယ်အတွင်းမှ ဂျစ်ဂျစ်ဂျက်ဂျက်နှင့် အရိုးကျိုးပဲ့သံများက ထွက်ပေါ်လာ၏။
မဟူရာဝက်ဝံသားရဲ၏ရင်အုပ်သည် နက်ရှိုင်းစွာ ချိုင့်ဝင်သွား၏။
ဆူဇီမိုကြောင့် မိစ္ဆာသားရဲတစ်ယောက် ကြေမွသွားလုနီးပါးပင်။
သားရဲများသည် ထက်ရှသော အစွယ်များ၊ လက်သည်းများနှင့်အတူ ပင်ကိုယ်ဗီဇအားဖြင့် သန်မာပြီး သူတို့၏ခန္ဓာကိုယ်များကို မီးဆေးရာတွင် အထူးပြုကြလေသည်။
မိစ္ဆာသားရဲများအနေနှင့် သူတို့သည် အစာအာဟာရများကို မှီဝဲစရာ မလိုတော့ဘဲ နေနှင့်လ၏အဆီအနှစ်ကို စားသုံးကာ သူတို့၏ခန္ဓာကိုယ်များကို တိုက်ရိုက်မီးဆေးသန့်စင်နိုင်လေသည်။
နေနှင့်လ၏အဆီအနှစ်များဖြင့် သန့်စင်ထားသော ခန္ဓာကိုယ်တစ်ခုသည် ပို၍ပင် ကြောက်စရာကောင်းလေ၏။
အဆင့်နိမ့်မိစ္ဆာသားရဲများနှင့် စိတ်ဝိညာဉ်သားရဲများကြားတွင် ကွာဟချက်က အရမ်းကိုကြီးမား၏။
သားရဲလောကတွင် သူတို့၏ ကွဲပြားခြားနားသော အဆင့်များကြောင့် စိတ်ဝိညာဉ်သားရဲများသည် မိစ္ဆာသားရဲများကို ခြိမ်းခြောက်နိုင်ဖို့ မဖြစ်နိုင်သလောက်နီးပါးပင်။
သို့သော်လည်း.. သူတို့ရှေ့ရှိ မြင်ကွင်းက များစွာသော သားရဲတောကောင်များကို မျက်စိပွင့်နားပွင့် ဖြစ်သွားစေ၏။
အခုလေးတင် ရှေ့သို့ပြေးတက်လာသော သားရဲတောကောင်တစ်ရာကျော်ကျော်သည် သူတို့၏ခြေလှမ်းများကို အလိုလိုရပ်တန့်လိုက်ကြ၏။ သူတို့၏မျက်လုံးများထဲမှာ မယုံကြည်နိုင်သော အကြည့်များနှင့်အတူ သူတို့၏သူငယ်အိမ်များက တင်းကျပ်သွား၏။
သူတို့၏ခေါင်းဆောင် အဆင့်နိမ့်မိစ္ဆာသားရဲဖြစ်သော မဟူရာဝက်ဝံသည် နုနုနယ်နယ်ပုံစံဟု ထင်ရသော စာပေသမားကြောင့် ကြီးမားစွာ ထိခိုက်ပျက်စီးသွားရ၏။
ကြွက်သည် ထောင့်တစ်နေရာမှာ ပုန်းနေပြီး သူ၏မျက်လုံးများက ပြူးကျယ်နေ၏။ သူက အရမ်းကိုကြောက်ရွံ့၍ သူ၏လျှာကိုပင် ကိုက်မိမတတ်ဖြစ်သွား၏။
မဟူရာဝက်ဝံသားရဲ၏အကြည့်က တဖြည်းဖြည်း မှိန်ကျသွားလေသည်။
ပြင်းထန်သော ရိုက်ချက်က သူ့ခန္ဓာကိုယ်အတွင်းရှိ အသက်ဓာတ်ကို လုံးလုံးလျားလျား ဖြတ်တောက်သွား၏။
“ဂါး…”
ဘေးဘက်ရှိ နွားရိုင်းသားရဲသည် ငေးငိုင်နေရာကနေ နိုးထလာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ သူ၏အသားက ပြန့်ကားလာပြီး သူ၏အရိုးများက အသွင်ပြောင်းလာ၏။ သူက သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲ၍ ဆူဇီမိုနှင့် တိုက်ခိုက်ချင်မိ၏။
သို့သော်လည်း.. တချိန်တည်းမှာပင် ဆူဇီမို၏ခန္ဓာကိုယ်က တဖျောက်ဖျောက်မြည်၍ ကြီးမားစွာ ပြန့်ကားလာ၏။
“ငရဲကိုသာ ပြန်သွားလိုက်တော့”
သူ၏အသံက မိုးကြိုးကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ကောင်းကင်လွှမ်းခြုံလက်ဝါးသည် နွားရိုင်းသားရဲ၏ဦးခေါင်းပေါ်သို့ အုပ်မိုး၍ကျဆင်းလာ၏။
နွားရိုင်းသားရဲက သည်းထန်စွာ အော်ဟစ်ညည်းတွားလိုက်၏။
အသွင်ပြောင်းလာသော သူ၏ခန္ဓာကိုယ် တစ်ဝက်ကျော်ကျော်သည် ကောင်းကင်လွှမ်းခြုံလက်ဝါး၏ ဖိနှိမ်ခြင်းကို ခံရသောအခါ.. အဲဒါက သူ့ကျောပေါ်တွင် ကိုင်လှုပ်၍မရသော တောင်တစ်လုံးက ရောက်ရှိလာသလိုပင်။
ဗျစ်… ဗျစ်… ။
နွားရိုင်းသားရဲ၏အရေပြားသည် အစင်းကြောင်းများစွာဖြင့် စုတ်ပြဲသွားပြီး သွေးများက အပြင်ဘက်သို့ စီးထွက်လာ၏။
အလွန်ကြီးမားသည့်ဖိအားကြောင့် သူ၏အရေပြားက စုတ်ကွဲသွားခဲ့လေသည်။
အားလုံး၏ရှေ့မှောက်မှာပင်.. အခုလေးတင် ပြန့်ကားလာသော နွားရိုင်းသားရဲ၏ခန္ဓာကိုယ်သည် ဆူဇီမို၏လက်ဝါးဖြင့် ပြန်ဖိသွင်းခြင်းခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှ သွေးမြူများက ပန်းထွက်လာ၏။
ရှေ့သို့ပြေးလာနေကြသော သားရဲတောကောင်များသည် ခေါင်းနားပန်းကြီးသွားကြ၏။ သူတို့၏မျက်လုံးများထဲမှာ မယုံကြည်နိုင်မှုက ဆက်မရှိတော့ပေ။ ထိုအစား.. တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများက အစားထိုးဝင်ရောက်လာ၏။
“သတ်”
ထိုစဉ်မှာပင်.. မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ချင်ချင်တို့သည် သူတို့၏အစစ်အမှန်ပုံစံသို့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲပြီး စိတ်ဝိညာဉ်ကျား၏ ဟိန်းဟောက်သံနှင့်အတူ လူအုပ်ကြီးထဲသို့ ပြေးဝင်သွားကြ၏။
သူတို့သည် အခုတင် ရှေးဟောင်းတိုက်ပွဲမြေကနေ ရောက်ရှိလာကြခြင်းဖြစ်၏။
ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ခွင့်ရသောသူများက ဘယ်လိုအမျိုးအစားများပါလဲ…။
အဲဒါက လူသားကျင့်ကြံသူများဖြစ်စေ… သားရဲများဖြစ်စေ… သူတို့အားလုံးသည် ရွှေအမြုတေအဆင့်မှ ပြိုင်စံရှားများ သို့မဟုတ် လက်ရွေးစင်များ ဖြစ်ကြလေသည်။
သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေမှာ စီးပိုးစွာနှင့် လွှမ်းမိုးခြယ်လှယ်ခဲ့ကြသေး၏။
သူတို့ရှေ့ရှိ စိတ်ဝိညာဉ်သားရဲများက သူတို့ကို ဘယ်လိုယှဉ်နိုင်ပါ့မလဲ..။
သူတို့သည် သိုးအုပ်ထဲသို့ရောက်ရှိသွားသော ကျားများအလား.. သွေးမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ကြ၏။
မျောက်သည် သူ၏ခြေလှမ်းကျဲနှင့်အတူ အလွန်ကြီးမားသည့် ဆင်တစ်ကောင်ရှေ့သို့ ပြေးတက်သွားပြီး သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူက ထိုဆင်၏နှာမောင်းကို ဆုပ်ကိုင်ပြီး သူ၏နတ်ဘုရားဆန်သော ခွန်အားနှင့် ထိုဆင်ကို လုံးလုံးလျားလျား ကြွတက်လာသည်အထိ ကိုင်မြှောက်လိုက်၏။
အဲဒီမှာ ဘုန်းခနဲ မြည်သံက ထွက်ပေါ်လာလေသည်။
ဧရာမဆင်ကြီးသည် လေထဲမှာ စက်ဝိုင်းခြမ်းပုံစံ မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကိုင်ရိုက်ခံလိုက်ရ၏။ သူ၏အရွတ်များနှင့် အရိုးများက လုံးဝကျိုးပြတ်ထွက်သွားပြီး သူက သေလေပြီ..။
အခြားတစ်ဘက်မှာတော့.. စိတ်ဝိညာဉ်ကျားသည် အခြားသော ကျားသားရဲတစ်ကောင်ဆီသို့ ပြေးတက်သွားပြီး ခက်ထန်ကြမ်းကြုတ်သော အမူအရာနှင့်အတူ သူ၏အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်လိုက်၏။
စိတ်ဝိညာဉ်ကျားနှစ်ကောင်သည် သူတို့၏ သွေးသံရဲရဲပါးစပ်များကို တပြိုင်နက်တည်း ဖွင့်ဟ၍ ကြောက်မက်ဖွယ်ရာပုံစံဖြင့် တစ်ယောက်ကိုတစ်ယောက် ကိုက်ဖြတ်ဖို့ ကြိုးစားလိုက်ကြ၏။
သို့သော်လည်း… စိတ်ဝိညာဉ်ကျား၏ခန္ဓာကိုယ်မှ လျှပ်စီးများ တဖျတ်ဖျတ်လက်သွား၏။
တစ်ဘက်တွင်ရှိသော ကျားသားရဲသည် တသိမ့်သိမ့် တုန်ယင်သွားပြီး သူ၏သွေးချီသည် ရုတ်တရက်ထွက်ပေါ်လာသော မိုးကြိုးစွမ်းအား၏ရိုက်ခတ်ခြင်းကို ခံလိုက်ရ၏။ သူက လေထဲမှာ တောင့်တင်းသွားပြီး လုံးဝထုံထိုင်းနေ၏။
စိတ်ဝိညာဉ်ကျားက သူ၏အရှိန်ကို လျှော့ချခြင်းမရှိဘဲ ကျားသားရဲ၏လည်ပင်းကို ချက်ချင်းကိုက်ချလိုက်၏။
“ဖြီး…”
သွေးများက ဖြာထွက်သွား၏။
စိတ်ဝိညာဉ်ကျားသည် သူ၏ဦးခေါင်းကို ရူးသွပ်စွာ ခါယမ်းလိုက်၏။
ကျားသားရဲ၏လည်ပင်းသည် စုတ်ပြတ်သတ်သွားခဲ့လေပြီ။
“ဂီး..”
ကြိုးကြာတစ်ကောင်၏ ရှင်းလင်းသော အော်ဟစ်သံက ထွက်ပေါ်လာ၏။
ချင်ချင်သည် သူမ၏တောင်ပံများကိုဖြန့်ပြီး လေထဲမှာ ပျံဝဲကာ ရုတ်တရက် ထိုးဆင်းလိုက်၏။ သူမ၏ထက်ရှသော ငှက်လက်သည်းများကိုဖြန့်ပြီး သားရဲတောကောင်တစ်ကောင်၏ဦးခေါင်းကို ကုတ်ဆွဲလိုက်၏။
နောက်ခဏ၌ သူမက လေထဲသို့တစ်ဖန် ပြန်ထိုးတက်လိုက်၏။
သားရဲတောကောင်၏ဦးရေပြားသည် ချင်ချင်၏ငှက်လက်သည်းများကြောင့် စုတ်ပြဲသွားပြီဖြစ်၏။
ရှေးဟောင်းတိုက်ပွဲမြေရှိ အတွေ့အကြုံများသည် မျောက်နှင့်အခြားသူများအတွက် အလွန်တရာကိုမှ အရေးပါလေသည်။
သူတို့၏တိုက်ခိုက်ရေးခွန်အားက သိသိသာသာ တိုးတက်လာခဲ့ပြီး သူတို့တစ်ယောက်ချင်းစီသည် ယခုအခါ အခြားသူများကို သတ်ဖြတ်ရာမှာ အတော်လေး ကျွမ်းကျင်နေကြပြီဖြစ်၏။
သူတို့ထံမှ တိုက်ခိုက်မှုတစ်ခုချင်းစီသည် ရှင်းလင်းသော သတ်ဖြတ်ကွက်များဖြစ်၏။
အားနည်းသည်ဟုထင်ရသော မြေခွေးလေးပင်လျှင် ပါချည်ပါချဲ့ မဟုတ်တော့ပေ။
အဲဒီမှာ.. စောစောကပင် မြေခွေးလေးအနားသို့ ချဉ်းကပ်ရန်ကြိုးပမ်းခဲ့သော သားရဲတောကောင်တစ်ကောင် ရှိခဲ့၏။
သို့သော်လည်း.. ထိုသားရဲတောကောင်က အနားသို့ ချဉ်းကပ်မလာနိုင်ခင်မှာပင် နောက်ထပ်သားရဲတောကောင်တစ်ကောင်က ဘေးကနေ ခုန်ဝင်လာပြီး သူ့ကို လွင့်စင်ထွက်သွားစေ၏။
ဒုတိယသားရဲတောကောင်က သူ့ကိုယ်သူ ကောင်းကောင်းမရပ်နိုင်သေးခင်မှာပင် အခြားသော သားရဲတောကောင်တစ်ကောင်က ထက်ရှသော လက်သည်းများနှင့်အတူ ပြေးဝင်လာပြီး အသေအကြေတိုက်ခိုက်လိုက်ပြန်၏။
သွေးနီရောင်မျက်လုံးများနှင့် သားရဲတောကောင်တစ်အုပ်စုသည် မြေခွေးလေး၏ဘေးပတ်လည်မှာ ဝိုင်းရံနေကြ၏။ သူတို့၏စိတ်များက လုံးဝလွတ်ထွက်သွားပြီဖြစ်ပြီး တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြခြင်းဖြင့် နေရာတစ်ခုလုံးက ကသောင်းကနင်းဖြစ်သွား၏။
မြေခွေးလေးသည် နေရာမှာပင် တိတ်တဆိတ်ရပ်နေခြင်းဖြစ်၏။
သို့သော်လည်း.. မည်သည့်သားရဲတောကောင်ကမှ သူမအနားကို မချဉ်းကပ်နိုင်ပေ။
အခြားတစ်ဘက်မှာတော့.. နွားရိုင်းသားရဲသည် ကြောက်မက်ဖွယ်ရာ အမူအရာဖြင့် သည်းထန်စွာ အော်ဟစ်နေ၏။ ၎င်းက အသည်းအသန် ရုန်းကန်ကြိုးစားနေခြင်းဖြစ်၏။
အေးစက်စက်အကြည့်နှင့်အတူ ဆူဇီမိုက သူ့ခြေထောက်ကိုမြှောက်ပြီး ပြင်းထန်စွာ ကန်ကျောက်လိုက်၏။
ဘုန်း…။
နွားရိုင်းသားရဲ၏ခန္ဓာကိုယ်သည် ဆူဇီမို၏ကန်ချက်ဖြင့် ချက်ချင်းလွင့်စင်ထွက်သွားပြီး ကြီးမားသော ရှေးဟောင်းသစ်ပင်အတော်များများကို ကျိုးပြတ်သွားအောင် ပစ်တိုက်ချပြီးမှ မြေပြင်ပေါ်သို့ မလှုပ်မယှက် လဲကျသွား၏။
သူက သေလေပြီ…။
ကျန်ရှိနေသော ဆိတ်သားရဲသည် အခုလေးတင် သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲထားကာစဖြစ်၏။
သူက သူ၏ထက်ရှသော ဦးချိုနှစ်ဖက်ကိုမြှောက်ပြီး ဆူဇီမိုကို ပစ်တိုက်မလိုလုပ်နေစဉ်မှာပင်.. ကြောက်မက်ဖွယ်ရာမြင်ကွင်းကို တွေ့ရှိလိုက်ရ၏။
သူ့ဘေးတွင်ရှိခဲ့သော မိစ္ဆာသားရဲနှစ်ယောက်က ကျဆုံးသွားခဲ့လေပြီ..။
တစ်ခဏအတွင်းမှာ.. သူကသာလျှင် တစ်ဦးတည်းကျန်ရစ်ခဲ့၏။
ထွက်ပြေးရင်ကောင်းမလား..။
စောစောကတင် ဆူဇီမိုပြသခဲ့သော လှုပ်ရှားမှုနည်းစနစ်များအရ သူက သေချာပေါက် လွတ်မြောက်အောင် ထွက်ပြေးနိုင်လိမ့်မည်မဟုတ်ပေ။
သူက ထွက်ပြေးလို့မရနိုင်ဘူးဆိုမှတော့ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ သူသေကိုယ်သေ တိုက်ခိုက်ဖို့ပင်။
ထိုသို့အတွေးနှင့် ဆိတ်သားရဲသည် သူ၏ထက်ရှသော ဦးချိုနှစ်ဖက်ကိုမြှောက်ပြီး သူ့ခေါင်းကို အနည်းငယ်ငုံ့၍ ဆူဇီမိုဆီသို့ ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။
ဆူဇီမိုက မလှုပ်မယှက် ရပ်နေ၏။
ဆူဇီမိုသည် သူ၏လက်နှစ်ဖက်ကို ရုတ်တရက်ဆန့်ထုတ်ပြီး ဆိတ်သားရဲ၏ထက်ရှသော ဦးချိုနှစ်ဖက်ကို ဖမ်းဆုပ်လိုက်၏။ သူက အေးစက်စက် အမူအရာနှင့်အတူ ငုံ့ကြည့်နေပြီး သူ၏မျက်လုံးထဲတွင် အထက်စီးဆန်သော အကြည့်တစ်ခုက ရှိနေ၏။
အဲဒါသည်.. နတ်ဘုရားသက်ရှိတစ်ပါးက ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အလားပင်။
“မင်း.. မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
“မင်း..က.. ဘယ်လိုတောင်.. ရဲတင်း..တာလဲ”
ဆိတ်သားရဲသည် ခက်ထန်စွာ ပြောလိုက်သော်လည်း သူ၏အသံက တုန်ယင်နေ၏။
“ငါ… ငါက လရောင်ငိုကြွေးပိုင်နက်အရှင်ရဲ့လက်အောက်က မဟာခေါင်းဆောင်တစ်ယောက်ပဲ… မင်း.. မင်းက ငါရဲ့အသက်ကို.. ထိ… ထိခိုက်အောင် လုပ်ရဲမယ်ဆိုရင်… သူက မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး.. မင်းရဲ့အရိုးကို ပြာချပစ်လိမ့်မယ်”
“ငါ မင်းကို သိအောင် တစ်ခါတည်းပြောလိုက်မယ်”
ဆူဇီမို၏အသံက တည်ငြိမ်စွာဖြင့် ထွက်ပေါ်လာ၏။
“ငါက အမြဲတမ်း အရမ်းကို ရဲတင်းတဲ့သူပဲ”
ဖြောင်း…။
သူ၏လက်နှစ်ဖက်ဆီသို့ ခွန်အားကို စိုက်ထုတ်လိုက်ပြီး ဆိတ်သားရဲ၏ထက်ရှသော ဦးချိုနှစ်ဖက်ကို သူ့ဦးခေါင်းထက်နေ ဆွဲထုတ်လိုက်၏။ ဆိတ်သားရဲ၏ဦးနှောက်ရည်များက မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားပြီး အငွေ့များ တထောင်းထောင်းထနေ၏။
ဆိတ်သားရဲ၏ဦးခေါင်းသည် စုတ်ဖြဲခြင်းခံလိုက်ရပြီး သူ၏အမြုတေစိတ်ဝိညာဉ်ကပါ နေရာမှာတင် ဖျက်ဆီးခံလိုက်ရ၏။