← Chapters

ဝမ်ရှခန်းမသခင်

Vol. 24 Ch. 324

ဝမ်ရှခန်းမသခင်

Vol. 24 Ch. 324

"ဒင်၊ မန်ချီရှင်း နှင့် ပါးရှစ်ပ ကိုဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ သူတို့ရဲ့ စွမ်းရည်ဇယားများကို စစ်ဆေးကြည့်ပါမည်လား?"

ဂိုဏ်းချုပ်ခန်းမအတွင်းတွင် ဝမ်ဖုန်းသည် စိတ်အာရုံအတွင်း မြည်ဟီးထွက်ပေါ်လာသော အေးစက်စက်အသံကို နားထောင်နေသည်။ သူ၏မျက်နှာမှာ အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့သည်။ ထိုလူနှစ်ယောက်မှာ မွန်ဂိုအင်ပါယာကြီး၏ ပထမဆုံးနှင့် ဒုတိယအရှင်သခင်များအဖြစ် လူသိများသည်။ စစ်ဟန်ဖေးကလည်း မွန်ဂိုဘုရင်တစ်ပါးဖြစ်သော်ငြား၊ တိုက်ပွဲဝင်စွမ်းအား အဆင့်ချင်း နှိုင်းယှဥ်ပါက ထိုသူနှစ်ယောက်ထက် အများကြီးနောက်ကျကျန်ရစ်ခဲ့ပေသည်။

သမိုင်းအထောက်အထားများအရ မန်ချီရှင်းသည် မှော်ကျင့်ကြံသူ ဖောင့်ပန်း၏ ဆရာသခင်ဖြစ်ရုံသာမက မွန်ဂိုအင်ပါယာ ပြည့်ရှင် ခူးပီလျဲ့ခန်း၏ ဆရာလည်း ဖြစ်သည်။ သူဟာ ဝိညာဥ်စွမ်းအားဖြင့် အရာဝတ္ထုများကို ပြောင်းလဲန်ိုင်သော အံ့ဖွယ်တန်းခိုး စွမ်း အားကို ကျင့်ကြံခဲ့သည်။ 

သူ၏စိတ်ဓာတ်ခွန်အားမှာ ကျောက်တုံးကဲ့သို့ မာကျောကြံ့ခိုင်ပြီး ပြိုင်ဘက်မရှိ ကျော်ကြားလှပေသည်။ ဆန်းကြယ်သောဆရာသခင် လင်းတုန်လိုင်ကသာ သူနှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိ၏။

ဇူလိုင်လ ၁၅ ရက် ၊ ကျန်းယွမ်လမ်းမထက်က သူရဲကောင်း ချွမ်ယင်းနှင့် တိုက်ပွဲတွင် မန်ချီရှင်းသည် ပျက်သုဥ်းခြင်းလေဟာနယ်နိယာမတရားများကို နားလည်လာခဲ့သည်။

ဒါ့အပြင် ပါးရှစ်ပကလည်း ကျော်ကြားခြင်း ၊ ကံတရား ၊ အသက်နှင့်သေခြင်း စသည့်ဘေးဒုက္ခ များကို ဖြတ်ကျော်လျက် တိဘက်အမတလမ်းစဥ်ကြီးကို ကျင့်ကြံပြီး ထာဝရရှင်သန်သူဖြစ်ရန် စွမ်းစွမ်းတမံကြိုးစားခဲ့သည်။ သူ့ကို လူအများက လေးစားကြပြီး သူ၏ ဂုဏ်သတင်းမှာ ဧကရာဇ်မင်းများထက်တောင် ကျော်ဇော်၏။ သူ၏မြင့်မြတ်သော ပုံနေဟန်ထားကလည်း သက်ရှိမှန်သမျှထက် ကြီးမြတ်လှပေသည်။

သူဟာ သူရဲကောင်း ချွမ်ယင်းနှင့် နှစ်ထောင်ပေါင်းများစွာ ကံကြမ္မာစပ်ယှက်ရောထွေးခဲ့ပြီး ဘဝပေါင်းများစွာတွင် သူတို့ဟာ မိတ်ဆွေ ၊ ရန်သူ ၊ အကြင် လင်မယားနှင့် သားအဖတွေတောင် ဖြစ်ခဲ့သည်။ ပါးရှစ်ပနှင့် ချွမ်ယင်းဟာ နှစ်ကိုယ့်တစ်စိတ်ဖြစ်ခဲ့ပြီး နှစ်ယောက်စလုံး အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။ 

ချွမ်ယင်းကို ကောင်းမွန်စွာ နှုတ်ဆက်ပြီးတဲ့နောက် သူဟာ တိဘက်မှာ ရှိသော ပိုတာလာနန်းတော်ကို ပြန်ခဲ့ပြီး ရာဇပုလ္လင်ကို အခြားတစ်ယောက်အား လွှဲပြောင်းပေးခဲ့ကာ လောကီကိစ္စများကို စွန့်လွှတ်၍ တံခါးပိတ် ကျင့်ကြံခဲ့သည်။ နောက်ဆုံးမှာ သူဟာလည်း ပျက်သုဥ်းခြင်း လေဟာနယ်၏ ထူးခြားဆန်းကြယ်မှုများကို နားလည်လာပြီး အဆင့်တက်လှမ်း နိုင်ခဲ့၏။

ပြောရပါလျှင် သူရဲကောင်း ချွမ်ယင်းသည် ထိုလူနှစ်ယောက်စလုံး၏ ရန်သူဟု ပြော၍ရပေသည်။ သို့ပါသော်လည်း သူရဲကောင်းချွမ်ယင်းက ထိုလူပုဂ္ဂိုလ်နှစ်ယောက် စလုံးကို အကျိုးများစေခဲ့သည်။ မန်ချီရှင်းသည် သူ့တပည့်ဖောင့်ပန်းကို တစ်ခါက ပြောကြားခဲ့ဖူးသည်။ 

"သူရဲကောင်းချွမ်ယင်းလို ပြိုင်ဘက်ကင်း ရန်သူတစ်ယောက်ရရှိတာက ဒီဆရာရဲ့ ကံကောင်းမှုပဲ..."

သူ့စိတ်အာရုံအတွင်းရှိ သတင်းအချက်အလက်များကို ပြန်လည်မှတ်မိအောင် ကြိုးစားလိုက်ရင်း ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ စိတ်လှုပ်ရှားမှုများ ဖြစ်တည်လာပြီး တိုးဖွစွာ ရေရွတ်လိုက်သည်။

"စစ်ဆေးလိုက်...."

"ဒင်၊ မန်ချီရှင်းရဲ့ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်

အမည် - မန်ချီရှင်း

ဘွဲ့ - နတ်ဆိုး

ကျင့်ကြံမှု - ဂုဏ်သရေနတ်မင်း အထွတ်အထိပ်အဆင့်

ရုပ်ခန္ဓာ - တိဘက် မြင့်မြတ်ဝိညာဥ်ရုပ်ခန္ဓာ (ဤရုပ်ခန္ဓာကို အသုံးပြုလိုက်ပါက စိတ်ဝိညာဥ်၏ စွမ်းအားများမှာ ဆတိုး တိုးပွားလာမှာ ဖြစ်ပြီး စိတ်ဝိညာဥ်စွမ်းအင် ပမာဏလည်း များစွာ တိုးတက်လာပေလိမ့်မည်)

သွေးမျိုးဆက် - တိဘက်သူတော်စင် သွေးမျိုးဆက် (ဤသွေးမျိုးဆက်ကို အသုံးပြုလိုက်ပါက စိတ်ဝိညာဥ် မှော်ပညာ၏ စွမ်းအားများမှာ အကြီးအကျယ် တိုးပွားလာမှာ ဖြစ်ပြီး တိုက်ခိုက်ရေး စွမ်းအင်များလည်း တိုးပွားလာပါလိမ့်မည်)

နတ်မင်းသွေးကြော - ဝိညာဥ်နတ်မင်းသွေးကြော

နတ်မင်းသိုင်းကွက်များ - ဘဝမဲ့ အတွေးတစ်ချက် ၊ အရပ်လေးမျက်နှာသို့ စိတ်ဝိညာဥ် ပျက်သုဥ်းခြင်း ၊ ဖျက်စီးခြင်း စိတ်ဝိညာဥ် ၊ စိတ်ဝိညာဥ် မုန်တိုင်း

နတ်မင်းမှော်စွမ်းအားများ - စိတ်ဝိညာဥ်သုတ်သင်ခြင်း လျှို့ဝှက်လမ်းစဥ် 

နတ်မင်းလက်နက် - ဝူမင် မဟူရာဝတ်စုံ"

"ဒင်၊ ပါးရှစ်ပ၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည် - ပါးရှစ်ပ

ဘွဲ့ - တိဘက်ဘုရင် ၊ မွန်ဂို မျိုးနွယ်စုတို့၏ ဘာသာရေးဆရာ

ကျင့်ကြံမှု - ဂုဏ်သရေနတ်မင်း အထွတ်အထိပ်အဆင့် 

ရုပ်ခန္ဓာ - သာ့ကျန်းဓမ္မရုပ်ခန္ဓာ (အသုံးပြုလိုက်ပါက သာ့ကျန်းနတ်မင်း ဓမ္မစွမ်းအားများကို ဆတိုး တိုးပွားစေပြီး ခန္ဓာကိုယ်စွမ်းရည်နှင့် ခုခံရေးစွမ်းအားတို့ကို တိုးတက်စေသည်)

သွေးမျိုးဆက် - သာ့ကျန်းသွေးမျိုးဆက် (အသုံးပြုလိုက်ပါက ခန္ဓာကိုယ်တစ်ခုလုံး၌ ချီနှင့်သွေးစွမ်းအားများ ပြည့်နှက်လာမှာ ဖြစ်ပြီး ချီနှင့် သွေးစွမ်းအားများက နတ်မင်းထောင်ကျော်ကို စုစည်း၍ ရန်သူများကို သတ်ဖြတ်နိုင်သည်)

နတ်မင်းသွေးကြော - စိတ်ဝိညာဥ်နတ်မင်း သွေးကြော

နတ်မင်းသိုင်းကွက်များ - ဖျက်စီးခြင်း နတ်ဘုရားလက်ဝါး ၊ ဝိညာဥ်ဖျက်စီးမှုသိုင်းကွက် ၊ ဝူဝမ်ဝိညာဥ်ပြိုကွဲ လက်ဝါး ၊ စိတ်အာရုံရွေ့လျားခြင်း ပါ့ဖန်း

နတ်မင်းအထူးစွမ်းအားများ - ကောင်းကင်ကို ပြောင်းလဲ၍ မြေပြင်အား ရိုက်ခတ်ခြင်း

နတ်မင်းလက်နက် - မြင့်မြတ်ဝိညာဥ် ဗုဒ္ဓပုတီး"

ဝမ်ဖုန်းသည် ထိုလူနှစ်ယောက်၏ စွမ်းရည်ဇယားများကို သေသေချာချာကြည့်လိုက်ပြီး လျှို့ဝှက်စွာ ခေါင်းငြိမ့်လိုက်သည်။ ထိုပုဂ္ဂိုလ်နှစ်ယောက်ဟာ စိတ်ဝိညာဥ်ကျင့်ကြံမှုလမ်းစဥ်၏ ဆရာသခင်နှစ်ပါးသာ ဖြစ်တော့သည်။ မှော်ကျင့်ကြံသူ ဖောင့်ပန်းကိုပါ ထည့်သွင်းတွက်ချက်လျှင် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းတွင် စိတ်ဝိညာဥ်လမ်းစဥ် ဆရာသခင်များ လုံလောက်သွားလေပြီ။

ဟွမ်.....

ထိုအချိန်၌ ခန်းမကြီးတစ်ခုလုံး တုန်ခါသွားပြီး လူပုဂ္ဂိုလ်နှစ်ယောက်ဟာ လေထုအက်ကွဲကြောင်းထဲမှ ထွက်လာကြသည်။

တစ်ယောက်ဟာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အရပ်ရှည်သန်မာသည့် အမျိုးသားတစ်ယောက်ဖြစ်ပြီး သလင်းကျောက်များဖြင့် ဖွဲ့စည်းထားသကဲ့သို့ ကောင်းမွန်သော အသားအရည်ရှိသည်။ သူဟာ ကမ္ဘာပေါ်ရှိ အလှနတ်သမီးများ အားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည်။ နက်ရှိုင်းသော ကန်ရေပြင်၏ အရောင်ကဲ့သို့ ဝင်းလက်နေသော အပြာရောင် မျက်လုံးလေးများက ညအမှောင်ယံအတွင်းရှိ ကြယ်စင်များ အလားပင်။ ကျောက်စိမ်းလို ကြည်လင်သန့်စင်သော ပါးပြင်နှစ်ဖက် ၊ မြင့်မားဖြောင့်တန်းသော နှာတံသွယ်သွယ်နှင့် အထက်သို့ မြောက်တက်နေဟန်သဏ္ဍာန်ရှိသော ထင်းရှားသည့် နှုတ်ခမ်းပါးများကလည်း ရှိနေ၏။

အနက်ရောင်ဝတ်စုံနှင့် နှင်းဖြူရောင်အသားအရည်.... ထိုပေါင်းစပ်မှုက တစ်ကယ့်ကို အံ့မခန်းဖြစ်လှသည်။ သူ့တစ်ကိုယ်လုံး၌ မှော်ဆန်သော ဆွဲဆောင်မှု စွမ်းအားများ ရှိနေပြီး ကြောက်လန့်ဖွယ်ကောင်း၏။

ထိုလူမှာ မိုကျုံးမန်ချီရှင်းပဲ ဖြစ်တော့သည်။

အခြားတစ်ယောက်ကတော့ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပါးရှစ်ပ ဖြစ်၏။ သူ၏ အသားအရည်ဟာ နီစပ်စပ် ဖြူဖွေးပြီး ချောမောခန့်ညားသော မျက်နှာသွင်ပြင် ပိုင်ဆိုင်ထားသည်။ သူဟာ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို သန်မာသော ကိုယ်လုံးကိုယ်ထည်ကိုလည်း ပိုင်ဆိုင်ထား၏။ သူ့မျက်လုံးများကို အဖွင့်အပိတ် ပြုလုပ်လိုက်သည့်အခါ တစ်ယောက်သော သူ၏ နှလုံးသားအထိတောင် နက်ရှိုင်းစွာ တိုးဝင်သွားနိုင်သော ခံစားမှုမျိုးနှင့် လူ့ဘုံလောကနှင့် မသက်ဆိုင်သော မိုးကောင်းကင်၏ တည်ရှိမှုကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းနေသည်။

"ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်..."

မိစ္ဆာများကဲ့သို့ သူမတူသည့် ဆွဲဆောင်မှုများ ရှိနေသော လူပုဂ္ဂိုလ်နှစ်ယောက်သည် ဝမ်ဖုန်းကို တွေ့မြင်လိုက်ရသည့်အခါ သူတို့၏ ဦးခေါင်းများကို ငုံ့လိုက်ပြီးလေးလေးစားစား ဂါရဝပြုကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

"အရမ်းကြီး ယဥ်ကျေးမနေပါနဲ့ ... မင်းတို့နှစ်ယောက်ရဲ့ စိတ်အားထက်သန်မှုတွေနဲ့ဆို ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ပိုပြီး စွမ်းအားကြီးလာတော့မှာပဲ!..."

ဝမ်ဖုန်းသည် သူတို့နှစ်ယောက်ကို တွဲထူပေးရန် လက်ဆန့်လိုက်ပြီး တိုးဖွစွာ ရယ်မောလျက် ပြောဆိုလိုက်သည်။

" ငါတို့ရှန်ရှန့်ကျုံဂိုဏ်း တပည့်တွေထဲမှာ စိတ်ဝိညာဥ်လမ်းစဥ်ကို ကျင့်ကြံနိုင်တဲ့ ပါရမီစွမ်းရည်ရှိတဲ့ တပည့်တွေကို ရွေးထုတ်ပြီး သူတို့ကို သင်ကြားပေးလိုက်ပါ ၊ အခုချိန်ကစပြီး မင်းတို့နှစ်ယောက်က ရှန့်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တွေကို စိတ်ဝိညာဥ်လမ်းစဥ်ကျင့်ကြံရေးအတွက် သင်ကြားပေးရမယ်..."

ဝမ်ဖုန်းသည် တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

ကျန်းစန်ဖုန်းနှင့် အခြားသော အကြီးအကဲများထက်စာလျှင် မန်ချီရှင်းတို့နှစ်​ယောက်သည် စိတ်ဝိညာဥ်လမ်းစဥ်ကို သင်ကြားပေးရာ၌ ပိုမို၍ ကောင်းမွန်ပေလိမ့်မည်။

"ကောင်းပါပြီ... ဂိုဏ်းချုပ်"

မန်ချီရှင်းတို့နှစ်ယောက်သည် တစ်ညီတစ်ညွတ်တည်း ပြောဆ်ိုလိုက်ကာ လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

ထိုသို့ပြောလိုက်ပြီးနောက် မန်ချီရှင်းတို့နှစ်ယောက်က ဂါရဝပြုလိုက်ပြီး ထွက်ခွာသွားသည်။

တစ်ချိန်တည်းမှာပင် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားစုဆောင်းခြင်း ညီလာခံကြီးလည်း စတင်ခဲ့လေသည်။ ဝမ်ဖုန်းဟာ ထိုနေရာသို့ တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ဆက်လက် အရေးထားနေခြင်း မရှိတော့ပေ။ ကျန်းစန်ဖုန်းက သူ့ကို စိတ်ကျေနပ်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားပေသည်။

........

ရှန်းရွှမ်ဒေသ တောင်ပိုင်းနယ်မြေ၏ တစ်ခုသော တောင်ကြားလေးအတွင်း၌ ထူးဆန်းသော အနက်ရောင် ခန်းမကြီးတစ်ခု ရှိနေသည်။ အနက်ရောင်ခန်းမကြီးတစ်ခုလုံးကို မဲမှောင်အုံ့ဆိုင်းသော လေထုနှင့် သေဆုံးခြင်း အငွေ့အသက်များက ဖုံးလွှမ်းထားသည်။ ၎င်းဟာတစ္ဆေဝိညာဥ်များ နေထိုင်သော နေရာကြီးကဲ့သို့ ဖြစ်နေသည်။

အပြင်မှ ကြည့်ရပါလျှင် ခန်းမကြီးတစ်ခုလုံးသည် မကြီးမားသည့်ပုံ ပေါ်ပြီး တောင်တန်းတစ်ခုလုံးကိုတောင် နေရာယူမထားပေ။ သို့ပါသော်လည်း ခန်းမအတွင်း၌မူ ကြီးမားကျယ်ပြန့်ပြီး အဆုံးအစမဲ့ဟန်တူသော ကမ္ဘာငယ်လေးတစ်ခု ရှ်ိနေသည်။ ၎င်းကမ္ဘာငယ်လေးထဲတွင် ကောင်းမွန်စွာ အစီအရီတည် ဆောက်ထားသော အနက်ရောင် ခန်းမကြီးများ ရှိနေပြီး ၎င်းအနက်ရောင်နန်းတော်ကြီးများ၏ အဆုံးတွင် အခြားနန်းတော်ကြီးများ အားလုံးကို ငုံံ့မိုးကြည့်ရှုနေသကဲ့သို့ ထင်မှတ်ရအောင် မြင့်မားသော နန်းတော် အကြီးကြီးတစ်ခု ရှိနေခဲ့သည်။

ဤသည်မှာ ရှန်းရွှမ်တောင်ပိုင်းဒေသ၌ ကျော်ဇောသော ဝမ်ရှခန်းမပင် ဖြစ်ချေ၏။

ဤအချိန်တွင် ဝမ်ရှခန်းမအတွင်းပိုင်း၌ ခန်းမသခင်သည် မျက်ဝန်းများကို ဖိမှိတ်လျက် အနားယူနေသည်။ သူဟာ အနက်ရောင်ဝတ်ဆုံကို ဝတ်ဆင်ထားသည်။

"ခန်းမသခင်...."

ဤအချိန်တွင် ရေခဲကဲ့သို့ အေးစက်သောအသံတစ်ခုသည် ခန်းမအပြင်မှ ထွက်ပေါ်လာပြီး ဝမ်ရှခန်းမသခင်ကို မျက်ဝန်းများ ဖွင့်လာစေခဲ့သည်။ သူ့မျက်ဝန်းများအတွင်းမှ စိတ်ဝိညာဥ်ကို ဖျက်စီးနိုင်သော အေးစက်သည့် အလင်းတန်းတစ်ခု ဖြတ်သန်း ထွက်ပေါ်လာသည်။

"ဘာအရေးရှိလို့လဲ....?"

ဝမ်ရှခန်းမသခင်၏ နှုတ်ဖျားမှပျော့ပြောင်းညှင်သာသော အသံတစ်သံထွက်ပေါ်လာသည်။ မဲမှောင်အုံ့ဆိုင်းသော အသွင်အပြင်မှ နှလုံးသားကို နူးညံ့စေသော ပျော့ပြောင်းညှင်သာသည့် အသံတစ်သံ ထွက်ပေါ်လာခြင်းက မယုံကြည်နိုင်စွာ ကောင်းလှချေ၏။

"စန်းဝူသတ်ဖြတ်ခြင်း နတ်ဘုရားသုံးပါးနဲ့ အခြားသူတွေအားလုံး သေဆုံးကုန်ပါပြီ..."

ခန်းမအပြင်မှ ထွက်ပေါ်လာသောအသံသည် ဝမ်ရှခန်းမသခင်၏ မျက်ဝန်းများကို ကျဥ်းမြောင်းသွားစေခဲ့သည်။ သူ့မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူဟာ ဒေါသအကြီးအကျယ် ထွက်မနေသော်လည်း ကောင်းမွန်သော စိတ်ထားရှိမနေတော့သည်မှာ သေချာနေသည်။

"ရှန်ရှန့်ကျုံဂိုဏ်းလား?... ငါသူတို့ကို အထင်သေးလိုက်မိတာပဲ..."

ဝမ်ရှသခန်းမသခင်၏ နှုတ်ဖျားမှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူက တစ်ခဏတွေးတောပြီး မေးမြန်းလိုက်သည်။

"အဲ့ဒီလူတွေအတွက် အမဲလိုက်ချိန် မစတင်ခင် အချိန်ဘယ်လောက် ကျန်သေးလဲ?"

"ဆယ်ရက်ပါ....."

"ခုချိန်ကစပြီး ရှန်ရှန့်ကျုံဂိုဏ်းလို့ခေါ်တဲ့ မြင့်မြတ်တဲ့ ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းက နက်ရှိုင်းစွာ အိပ်မောကျနေရာက နိုးထလာတယ်လို့ ပြင်ပလောကကို သတင်းလွှင့်လိုက်။ ပြီးတော့ သူတို့ဂိုဏ်းရဲ့ ပါရမီရှင်တွေက အလွန်အင်မတန်ထူးချွန်ပြီး အဆင့်တူအတွင်းမှာ ပြိုင်ဘက်ကင်းတယ်လို့ပါ သတင်းလွှင့်လိုက်...."

ဝမ်ရှခန်းမသခင်၏ မျက်ဝန်းများအတွင်း၌ အဓိပ္ပါယ်မဖော်နိုင်သော အကြည့်တစ်ခုဖြစ်ပေါ်လာပြီး ပြောဆိုလိုက်သည်။

"ရှန်ရှန့်ကျုံဂိုဏ်းက ထျန်းလန်ဒေသထဲမှာပဲ ရှိနေ​သေးတာလေ... အရှင်က ဒီသတင်းကို ဖြန့်တော့မလို့လား?"

ခန်းအပြင်ဖက်က ဝမ်ရှခန်းမ၏ ကျင်ကြံသူက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"ရှန်ရှန့်ကျုံဂိုဏ်းက စန်းဝူသတ်ဖြတ်ခြင်း နတ်ဘုရား သုံးပါးနဲ့ အခြားလူတွေကို သတ်ဖြတ်လိုက်ပြီဆိုတော့ သူတို့မှာ အနည်ဆုံး နတ်မင်းနယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်​ယောက်ကျော်ရှိရမယ်... ဒီလိုမှမဟုတ်ရင် စန်းဝူသတ်ဖြတ်ခြင်း နတ်ဘုရားတွေကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ အဲ့ဒီလို အင်အားစုကြီးတစ်စုက ထျန်းလန်​​ဒေသမှာ ဘယ်လိုလုပ် အကြာကြီး ဆက်နေမှာလဲ? သူတို့ ဒီရှန်းရွှမ်ဒေသကို ရောက်လာလိမ့်မယ်"

"တစ်ခါတစ်လေမှာ မင်းကိုယ်တိုင် လှုပ်ရှားဖို့မလိုဘူး... ဓါးငှားပြီး လူသတ်တာကလည်း အကောင်းဆုံး နည်းလမ်းတစ်ခုပဲ... အဲ့ဒီလူတွေက အရမ်းကို မောက်မာတယ် မဟုတ်ဘူးလား? ၊ သူတို့က သူတို့ကိုယ်သူတို့ ပါရမီကြီးမားပြီး အရမ်းတော်တယ်လို့ ထင်နေကြတာ ။သူတို့ကို ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းလိုက်ပါလေ..."

"သူတို့ကသာ ရှန်ရှန့်ကျုံဂိုဏ်းကို သတ်ဖြတ်လိုက်ပြီဆိုရင် စန်းဝူသတ်ဖြတ်ခြင်း နတ်ဘုရားသုံးပါးအတွက်လည်း လက်စားချေပြီးပြီပေါ့ ၊ ရှန်ရှန့်ကျုံဂိုဏ်းက သူတို့ကို သတ်လိုက်ရင်လည်း ပိုပြီး စိတ်ဝင်စားစရာ မကောင်းပေဘူးလား?"

ဝမ်ရှခန်းမသခင်ထံမှ ခြောက်သွေ့အက်ကွဲသော ရယ်မောသံကြီးတစ်ခု ဖြစ်ပေါ်လာသည် ။ သူ၏ မဲမှောင်နေသော မျက်နှာထက်၌ ရွှတ်နောက်နောက် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။ 

"ဟုတ်ကဲ့ပါ... ခန်းမသခင် "

ဝမ်ရှခန်းမသခင်၏ စကားများကို ကြားလိုက်ပြီးနောက် နန်းတော်အပြင်ဘက်ရှိ စွမ်းအားရှင်မှာ တုန်လှုပ်သွားသည်။ ဝမ်ရှခန်းမသခင်လို့ ဆိုတဲ့အတိုင်းပါပဲလား... လူတွေကို ကစားတာ တယ်လည်း အံ့မခန်း စွမ်းလှသကိုး။

All Chapters