ကန္ဒက ယက္ခ (အရိုးဖြူမိစ္ဆာ)
Vol. 24 Ch. 325
"ဂိုဏ်းချုပ် ဒီတစ်ခေါက် ဂိုဏ်းသားစုဆောင်းခြင်းညီလာခံမှာ ထျန်းလန်ဒေသက လူငယ်မျိုးဆက် ၁၅၄၀၀၀ ယောက် တက်ရောက်ပြီး ၈၇၃၂ ယောက် စစ်ဆေးမှုတွေကို ဖြတ်ကျော်အောင်မြင်ခဲ့ပါတယ်။"
ဂိုဏ်းချုပ်ခန်းမထဲတွင် ကျန်းစန်ဖုန်းသည် ဝမ်ဖုန်းကို လေးလေးစားစား ဂါရဝပြုလိုက်သည်။
ဝမ်းဖုန်းက ခေါင်းငြိမ့်လျက်မေးလိုက်၏။
"ပြင်ဆင်မှုတွေကိုရော သေသေချာချာလုပ်ဆောင်ပြီးပြီလား။ "
"အရာအားလုံးကိုကောင်းမွန်စွာ ပြင်ဆင်ပြီးပါပြီ။"
"ရှန်းရွှမ်ဒေသကို မနက်ဖြန်သွားကြစို့။" ဝမ်ဖုန်းက ခေါင်းငြိမ့်လျက်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ။"
နောက်တနေ့တွင် ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် လေထုအတွင်း မတ်တပ်ရပ်နေခဲ့သည်။ လန်ဖန်းယွမ့်၊ မန်ချီရှင်း၊ ပါးရှစ်ပနှင့် ဖောင့်ပန်းတို့က သူ၏ဘေးတွင် မတ်တပ်ရပ်နေခဲ့သည်။ အောက်ဘက်တွင်တော့ ဗလာဖြစ်နေသော ရှန်ရှန့်ကျုံ့ဂိုဏ်း၏ ဂိုဏ်းဌာနကြီးရှိနေ၏။
ဝမ်ဖုန်းသည် လေထုအတွင်းမျောလွင့်နေသော ကမ္ဘာလုံးလေးကို ငေးစိုက်ကြည့်လိုက်ပြီး စနစ်၏ နေရာလွတ်အတွင်း ထည့်သွင်းသိမ်းဆည်းလိုက်သည်။ ယင်းနောက် လန်ဖန်းယွမ့်တို့နှင့် အတူ ရှန်းရွှမ်ဒေသသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ရှန်းရွှမ်ဒေသနှင့် ထျန်းလန်ဒေသတို့က နီးကပ်ပုံပေါ်သော်လည်း ခရီးတာအားဖြင့် အမှန်တကယ်ကွာဝေးလှသည်။ ဒေသကြီးနှစ်ခု၏ စပ်ကြားတွင် မရဏပင်လယ်ဟုအမည်တွင်သော သမုဒ္ဒရာကြီးတစ်စင်းရှိလေသည်။ ၎င်းသမုဒ္ဒရာကြီးက ဒေသကြီးနှစ်ခုအတွင်းရှိ ကျင့်ကြံသူများကို ပိုင်းခြားထား၏။
တစ်စုံတစ်ယောက်ကသာ သမုဒ္ဒရာအောက်ခြေအနက်ပိုင်းကို ငေးစိုက်ကြည့်လိုက်ပါက အောက်ခြေဘက်တွင် သိပ်သည်းသော အရိုးဖြူများကို တွေ့မြင်ရမှာဖြစ်သည်။ ဤမြင်ကွင်းက တကယ့်ကို ထိတ်လန့်ဖွယ်ကောင်းပေသည်။ ဒါ့အပြင် မရဏပင်လယ်အတွင်းတွင် အစစ်အမှန်ဖြစ်လုနီးပါးရှိနေခဲ့သော သေမင်းအငွေ့အသက်များကလည်း အချိန်နှင့်အမျှတိုးပွားလာလေခဲ့သည်။
ဤအချိန်တွင် မရဏသမုဒ္ဒရာအနီးရှိ လေထုအတွင်းတွင် အသံပလံများထွက်ပေါ်လာပြီး လူများစွာကောင်းကင်ယံမှ ဆင်းသက်လာကြသည်။ ယင်းတို့မှာ ဝမ်ဖုန်းတို့ အဖွဲ့ပင်ဖြစ်၏။
ဝမ်ဖုန်းက မျက်ဝန်းများကို အနည်းငယ် မှေးကျဥ်းလိုက်ပြီး သူ့အရှေ့က မရဏပင်လယ်ကို ငေးစိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာဟာ ရုတ်တရက်လေးလံသွားခဲ့သည်။ အမည်မဖော်နိုင်သော အကြောင်းတစ်စုံတစ်ရာကြောင့် မရဏပင်လယ်အတွင်း ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏နှလုံးသားဟာ လှိုင်းထန်သွားခဲ့ရသည်။ မရဏပင်လယ်အတွင်းပိုင်း၌ ဘေးဒက္ခတစ်စုံတစ်ရာရှိနေသည့်အလားပင်။
"ဂိုဏ်းချုပ် ဒီနေရာက ထူးဆန်းနေတယ်။"
လန်ဖန်းယွမ့် နှင့်အခြားသူများက မျက်မှောင်ကျုံ့လိုက်ပြီး ပြောလိုက်သည်။
"ဂရုစိုက်...."
ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်သည်။ သူတို့အုပ်စုဟာ မရဏပင်လယ်၏ လှိုင်းလုံးများအတွင်းသို့ ဖြေးညင်းစွာ သက်ဆင်းသွားခဲ့သည်။
နဂါးဧကရာဇ်တောင်ဇွင်းသည် ထိတ်လန့်ဖွယ်ကောင်းသော ရှန်ရှန့်ကျုံ့ဂိုဏ်း၏ ခွန်အားကြောင့် ရှန်းရွှမ်ဒေသမှ အကူအညီများရယူခဲ့သည်။
ဝမ်ရှခန်းမမှစွမ်းအားရှင်များ မရဏပင်လယ်ကို ဖြတ်သန်း၍ ထျန်းလန်ဒေသသို့ ဝင်ရောက်လာနိုင်ခဲ့ခြင်းမှာ သူတို့က မရဏပင်လယ်ထံ အဆင့်နိမ့်ကျင့်ကြံသူများကို စတေးခဲ့၍ဖြစ်သည်။ ထိုအခါမှသာ မရဏပင်လယ်ရှိ ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုသည် သူတို့ကို ဘေးကင်းစွာဖြတ်သန်းခွင့်ပြုသည်။
"စနစ် မရဏပင်လယ်ကို စစ်ဆေးလိုက်ပါ။"
မရဏပင်လယ်အတွင်းသို့ ဝင်သွားလေလေဝမ်ဖုန်၏ နှလုံးသားက ပိုမိုတုန်လှုပ်လာလေလေပင်။ သူက လန်ဖန်းယွမ့်နှင့်အခြားသူများကို ရပ်တန့်ဖို့ အချက်ပြလိုက်ပြီး လျှို့ဝှက်စွာ ပြောလိုက်သည်။
"ဒင် - စုံစမ်းစစ်ဆေးရန် ဂိုဏ်းအမှတ် ၁၀သန်းကို အလိုအလျောက် သုံးစွဲပြီးပါပြီ။"
"ဒီနေရာက အရင်တုန်းက ရှန်းရွှမ်ဒေသက အရိုးဖြူမျိုးနွယ်စုရဲ့ပိုင်နက်ပါ။ နောက်ပိုင်းမှာတော့ လျှို့ဝှက်ဆန်းကျယ်တဲ့ တိုက်ပွဲကြီးကြောင့် ရှန်းရွှမ်းဒေသတစ်ခုလုံးအစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရတယ်။ အရိုးဖြူမျိုးနွယ်စုကလည်း တိုက်ပွဲရဲ့ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး မျိုးနွယ်စု၀င် အားလုံးနီးပါးသေဆုံးခဲ့တယ်။ အရိုးဖြူမျိုးနွယ်စုက ငယ်ရွယ်တဲ့မျိုးဆက်၊ ကန္ဒက ယက္ခ ကသာ ကံကောင်းထောက်မစွာ အသက်ရှင်နိုင်ခဲ့ပြီးဒီမရဏပင်လယ်အတွင်းမှာ နက်ရှိုင်းစွာ အိပ်ပျော်ခဲ့သည်။"
"သက်ရှိလူသားတစ်ယောက်ထွက်ပေါ်လာတာနဲ့ ကန္ဒကယက္ခက အိပ်ပျော်ရာက နိုးလာပြီး သက်ရှိလူသားရဲ့ ရှင်သန်ခြင်း စွမ်းရည်တွေကို စားသုံးလိုက်မယ်။ အဲ့ဒီနောက်မှာမှ နောက်တဖန် အိပ်ပျော်သွားလိမ့်မယ်။"
"ပိုင်ရှင်တို့ မရဏပင်လယ်ထဲ ၀င်ရောက်လာပြီးတဲ့နောက်မှာ ကန္ဒက ယက္ခ က နိုးထလာခဲ့ပါပြီ။"
သူ့စိတ်အာရုံအတွင်းမှ အေးစက်သော အသံက ၀မ်ဖုန်းကို မျက်မှောင်ကျုံ့လိုက်မိသည်။ သူ၏အမူအရာမှာ လေးလံလာပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို လျှိုဝှက်စွာ လှည့်ပတ်လိုက်သည်။ လျှို့ဝှက်ဆန်းကျယ်သော တိုက်ပွဲကြီးပြီးသွားသည်မှာ နှစ်ကာလများစွာ မရေမတွက်နိုင်အောင် ကြာမြင့်နေလေပြီ။ ဤအခြေအနေဖြင့်ဆိုပါက ၀က်တစ်ကောင်ကတောင် ကျင့်ကြံပြီး ထာ၀ရရှင်သန်သူတစ်ပါးအဖြစ်ကူပြောင်းသွားနိုင်သည်။ အရိုးဖြူမျိုးနွယ်စုက လူဆိုရင်တော့ ပြောဖွယ်မရှိတော့ချေ။
"ကျစ် ကျစ် ကျစ်" ထိုအချိန်မှာပင် အက်ကွဲသော ရယ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းရယ်သံကြီးနှင့်အတူ အလွန်အေးစက်သော လေပြင်းများလည်း တိုက်ခတ်လာပြီး မတ်တပ်ရပ်နေသော ၀မ်ဖုန်းတို့အုပ်စုကို တုန်ယင်သွားစေသည်။
"ကန္ဒကယက္ခ!"
၀မ်းဖုန်းက မျက်၀န်းများကို မှေးကျဉ်းလိုက်ပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။ သူ၏အသံမှာ မရဏပင်လယ်တခွင် ပဲ့တင်ထပ်သွားခဲ့သည်။ အရိုးဖြူမျိုးနွယ်စုမှလူများက အင်မတန်ကြောက်လန့်ဖွယ်ကောင်းမည်ဟု သိရှိထားသော်လည်း ၀မ်ဖုန်းကတော့ သတိထားဆောင်ရွက်ခြင်းသာရှိပြီး လုံး၀ကြောက်လန့်မနေပေ။
သူတို့ထဲတွင် ဂုဏ်သရေနတ်မင်းအဆင့်ကျင့်ကြံသူ ၄ယောက်ပါ၀င်သည့်အပြင် သူတို့ မကိုင်တွယ်နိုင်ပါက ဂိုဏ်းအစောင့်အရှာက် လီပိုင်ကိုလည်း ဆင့်ခေါ်နိုင်သေးသည်။ ယခုအချိန်တွင် လီပိုင်၏ ကျင့်ကြံမှုက ထွက်ရပ်ပေါက်နတ်မင်းအထွတ်အထိပ်အဆင့် ကိုရောက်ရှိနေခဲ့ကာ သူ၏တိုက်ပွဲ၀င်စွမ်းအားမှာ ပြောင်းလဲခြင်းနတ်မင်းအဆင့်များနှင့်တောင် နှိုင်းဆနိုင်သည်။
"ကျစ်.. ကျစ်.. မင်းက ဒီအရှင်သခင်ကို သိနေတာလား။ ဒါဆိုရင်တော့ ပြောရဆိုရလွယ်ကူသွားပြီ။ မင်းရဲ့သက်တမ်းကို ဒီအရှင်သခင် ဝါးမျိုးမှာမို့ နာနာခံခံနဲ့ ခွင့်ပြုလိုက်။ ဒီလိုဆိုရင် မနာမကျင်ဘဲ သေဆုံးရမယ်။"
အံ့ဩနေသည့် ရေခဲတမျှအေးစက်သော အသံကြီးထွက်ပေါ်လာသည်။ ယင်းနောက် ပင်လယ်အတွင်း၌ ရေဝဲကြီးတစ်ခု ရုတ်တရက်လှည့်ပတ်လာခဲ့ကာ အဖြူရောင်ပုံရိပ်တစ်ခုလည်း ပင်လယ်ရေ မျက်နှာပြင်သို့ ထွက်ပေါ်လာသည်။
"ဟူး...."
အဖြူရောင်ပုံရိပ်ထွက်ပေါ်လာသည့်အခါ ၀မ်ဖုန်းတို့ အုပ်စုကလည်း ၎င်းပုံရိပ်ကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရသည်။ လန်ဖန်းယွမ့်နှင့် အခြားသူများမှာ အသက်ပြင်းပြင်း မရှူရှိုက်ဘဲ မနေနိုင်တော့ပေ။ ၀မ်ဖုန်းကတောင်မှ ဤအချိန်တွင်မျက်မှောင်ကျုံ့မိသွားသည်။
ပင်လယ်ရေ မျက်နှာပြင်အထက်သို့ ထွက်ပေါ်လာသူမှာ ၂မီတာရှည်သော အရိုးဖြူကြီးဖြစ်၏။ အရိုးဖြူကြီး၏ မျက်နှာအထက်၌ အင်မတန်ကြီးမားသော သွေးနီရောင် မျက်လုံးကြီး ၂လုံးလည်းရှိနေခဲ့၏။ အရိုးဖြူကြီးကိုယ်ထည်ပေါ်တွင် အစီအစဉ်မကျသော အသားလွှာများ ရှိနေခဲ့သည်မှာ အင်မတန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
၀မ်ဖုန်းတို့အုပ်စုသည် ဤမျှလောက်စက်ဆုပ်ဖွယ်ကောင်းသော အရာကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်ဖြစ်တော့သည်။
"ဂုဏ်သရေနတ်မင်း အထွတ်ထိပ် ၄ယောက်၊ ဘုံနန်းရှင်နတ်မင်း အထွတ်အထိပ် တစ်ယောက်ပါလား။ ချီစွမ်းအင်နဲ့ အသက်ဓာတ်တွေ ကြွယ်၀ပြည့်စုံနေတာပဲ။ မင်းတို့ရဲ့အရသာက ငါစားဖူးသမျှ ကျင့်ကြံသူအားလုံးထက် ကျိန်းသေပေါက်သာလွန်တော့မှာပဲကွ!။"
ကန္ဒကယက္ခ သည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူဟာ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်သည့်အခါ သူ၏သွားပေါ်တွင် အသားစများနှင့် သွေးစသွေးနများရှိနေခဲ့ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အနံ့ကြီးတစ်ခုလည်းထွက်ပေါ်လာ၏။
"ကန္ဒကယက္ခရဲ့ ကျင့်ကြံမှုကို စစ်ဆေးလိုက်ပါ။" ၀မ်ဖုန်း၏ မျက်နှာအမူအရာဂာမှာ လေးပင်သွားပြီးလျှို့ဝှက်စွာပြောလိုက်သည်။
၀မ်ဖုန်းသည် ဤစက်ဆုပ်ဖွယ်ကောင်းသော အရာကို သည်းမခံနိုင်တော့ပေ။ ဒီကန္ဒကယက္ခကသာ ခက်ခဲအောင်ပြုလုပ်မည်ဆိုလျှင် သူဟာ လီပိုင်ကို တိုက်ရိုက်ဆင့်ခေါ်ပြီး ရှင်းလင်းပစ်လိုက်တော့မှာပါ။
"ဒင် - စုံစမ်းစစ်ဆေးရန် ဂိုဏ်းအမှတ် ဆယ်သန်းကို တိုက်ရိုက်အသုံးပြုလိုက်ပါသည်။ ကန္ဒကယက္ခရဲ့ ကျင့်ကြံမှုက ပြောင်းလဲခြင်းနတ်မင်း အစောပိုင်းမှာပါ။"
ထွက်ပေါ်လာသော အေးစက်စက်အသံက ၀မ်ဖုန်းကို အနည်းငယ် စိတ်သက်သာရာ ရသွားစေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့်ထိုအရာက ပြောင်းလဲခြင်းနတ်မင်း အစောပိုင်းအဆင့်၌ ရှိနေသေးပြီး လီပိုင်၏တိုက်ပွဲ၀င် စွမ်းအားဖြင့် ယှဉ်ပြိုင်နိုင်သေးသည်။ဒီလိုမှမဟုတ်လျှင် ၀မ်ဖုန်းလည်းပဲ အထူးကပ်ဘေးဖြတ်ကျော်ခြင်း စွမ်းအားကို နောက်တစ်ကြိမ် အသုံးပြုရတော့မှာသာ ဖြစ်၏။ ၀မ်ဖုန်းက ယင်းအခွင့်အရေးကို အလွှဲမရှောင်သာ အခြေအနေမဟုတ်ပါက နောက်တစ်ကြိမ်ထပ်မံ အသုံးမပြုချင်ပေ။
"လီပိုင်! "
ကန္ဒကယက္ခက ပြဿနာရှာလာတော့မှာကို သိရှိလိုက်ပြီးနောက် ၀မ်ဖုန်းက တုံ့ဆိုင်းမနေတော့ဘဲ ကန္ဒကယက္ခကို စိုက်ကြည့်လိုက်ပြီး အေးစက်သော အသံဖြင့်အော်ပြောလိုက်သည်။
၀မ်ဖြန်း၏စကားဆုံးသွားသည့်အခါ ကန္ဒကယက္ခသည်လည်း တစ်စုံတစ်ခုကို သတိပြုမိသွားပုံပေါ်ပြီး သူ၏မျက်လုံးများအတွင်း၌ လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်က တစ္ဆေသရဲ တစ်ကောင်လိုမျိုး ၀မ်ဖုန်းတို့အုပ်စု၏ အရှေ့၌ ရုတ်ချည်းထွက်ပေါ်လာခဲ့ကာ အရိုးဖြူလက်ချောင်းကြီးများဖြင့် ဆွဲကုတ်လိုက်သည်။ မရဏပင်လယ်အတွင်းရှိသေမင်းအငွေ့ အသက်များမှာ အလင်းတန်းတစ်ခုအဖြစ်စုစည်းသွားပြီး ၀မ်ဖုန်းနှင့်အခြားသူများထံ ပြေး၀င်သွား၏။
"ကောင်းကင်ယံကို မော်ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မြောခြင်း၊ ဘေးဒုက္ခတို့ကို ပျက်ရယ်ပြုခြင်းဟာ ခိုင်မာသော သူတို့၏ လုပ်ရပ်ပေတည်း။"
ဤကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် မရဏပင်လယ် အရပ်လေးမျက်နှာ၌ ဟက်ဟက်ပတ်ပတ်ရယ်မောသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး တလက်လက်တောက်ပနေသော ဓားအလင်းတန်းတစ်ခုလည်းထွက်ပေါ်လာခဲ့သည်။ ၎င်းဓားအလင်းတန်းဟာ ကန္ဒကယက္ခပြုလုပ်လိုက်သော သေမင်းအငွေ့အသက်များကို သုတ်သင်လိုက်ပြီး မရဏပင်လယ်ကြီးတစ်ခုလုံးကို လှိုင်းထန်သွားစေခဲ့သည်။
ကြောက်မက်ဖွယ်လှိုင်လုံးကြီးများ၏ အတွင်းပိုင်း၌ လီပိုင်သည် လှိုင်းလုံးများပေါ်ခြေနင်း၍ ထွက်ပေါ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းတွင် သူဟာ ၀မ်ဖုန်းနှင့် အခြား သူများအရှေ့မှာထွက်ပေါ်လာခဲ့ပြီး ကန္ဒကယက္ခကို မောက်မာစွာလှမ်းကြည့်လိုက်၏။