လူမရောက်ခင်ကတည်းက သတင်းစကားရောက်နှင့်နေပြီ။
Vol. 24 Ch. 329
ခမ်းနားကြီးကျယ်သောအသံကြီး မြည်ဟီးထွက်ပေါ်လာသည့်အခါ လီဟုန်ကိုသတ်ဖြတ်တော့မည့် လျိုရှ၏လက်များက ရုတ်ချည်းရပ်တန့်သွားပြီး အပေါ်သို့မော့ကြည့်လိုက်သည်။ တောင်ထိပ်၏အပေါ်၌ မြောက်များစွာသောလူများ အောက်ကိုငုံ့မိုးကြည့်ရှုနေကြသည်။
ဦးဆောင်လာသောလူငယ်မှာ ရွှေရောင်နှင့်အဖြူရောင် ရောစပ်ထားသည့်ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး အလွန်အမင်းချောမောခန့်ညားလှသည်။ သူ၏မျက်နှာအစိတ်အပိုင်းများကို ထင်ရှားခန့်ညားအောင် ပုံဖော်ထားသကဲ့သို့ ဖြစ်နေပြီး ရှည်လျားသောဆံပင်ရှည်နှင့် ထင်းထွက်နေသောမေးရိုးရှိသည်။ သူ၏မျက်ဝန်းများမှာ နက်မှောင်နက်ရှိုင်းပြီး ကောင်းကင်ယံရှိကြယ်များအလား ထင်မှတ်ရလေ၏။
နေ၏အလင်းရောင်သည် တိမ်စိုင်များကိုဖြိုခွင်း၍ ထိုလူ့အပေါ်၌တောက်ပနေသည်မှာ ထိုလူ့ကို နတ်ဘုရားတစ်ပါးအလားကဲ့သို့ ထင်မှတ်ရစေသည်။ လျိုရှသည် ခန္ဓာကိုယ်ရောစိတ်ဝိညာဉ်ပါ မတုန်ခါသွားပဲမနေနိုင်တော့ချေ။
နောက်တဒင်္ဂအကြာတွင် လျိုရှသည် သတိပြန်လည်လာသည်။ သူ၏မျက်ဝန်းများအတွင်း၌ နက်မှောင်သောအကြည့်တစ်ခု ရှိနေခဲ့သည်။ သူ့နှလုံးသားဟာလည်းတုန်ခါနေပြီး တစ်ချိန်တည်းမှာပဲ ရှက်ဒေါသထွက်နေခဲ့သည်။ သူကဘယ်လိုလူမျိုးလဲ။
သူကရှေ့ဟောင်းအားရှဂိုဏ်းကြီးမှ ထိပ်တန်းပါရမီရှင်ဖြစ်သည်။ ရှေးဟောင်းအားရှဂိုဏ်းကြီးဆိုသည်ကား ရှန်းရွှမ်ဒေသအတွင်းရှိ အထူးအင်အားစုကြီးသုံးခုအနက် တစ်စုအပါအဝင်ပဲဖြစ်လေသည်။ သူဆိုသည့်လျှိုရှဟာ ၎င်းရှေ့ဟောင်းအားရှဂိုဏ်းကြီး၏ စစ်သူကြီးကိုးယောက်အနက်မှ တစ်ယောက်ဖြစ်သည်။ သူ့ရဲ့အဆင့်အတန်းက အဘယ်မျှလောက် မြင့်မြတ်ပါသနည်း။ သို့ပါသော်လည်း သူဟာ အမည်မသိရသောလူငယ်လေးတစ်ယောက်ကြောင့် အမှန်တကယ်ထိတ်လန့်ခဲ့ရသည်။ ဤသတင်းသာပြန့်နှံ့သွားပါက သူမျက်နှာကိုဘယ်မှာထားရမှန်းတောင် သိမှာမဟုတ်တော့ချေ။
" မင်းတို့ကဘယ်သူတွေလဲ။ ဒီစစ်သူကြီးကိုဘယ်ကောင်ကတားရဲတာလဲ။ ဒီစစ်သူကြီးကရှေးဟောင်းအားရှဂိုဏ်းရဲ့ စစ်သူကြီးကိုးပါးထဲကတစ်ပါးပဲကွ။ အမြန်ထွက်သွားကြစမ်း။ကိုယ်နဲ့မဆိုင်တာကို ဝင်မပါချင်စမ်းနဲ့။"
ဤအကြောင်းကို တွေးလိုက်ပြီးနောက် လျိုရှဟာ ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်ပြီး အေးစက်စွာနှာမှုတ်လိုက်သည်။ သူ့ရင်ထဲက တုန်လှုပ်မှု၊ အရှက်တရားများကိုတောင် ဖုံးလွှမ်းသွားနိုင်ခဲ့သော တုနှိုင်းမရသည့် မောက်မာခြင်းအရှိန်အဝါများ သူ့ထံ၌ဖြစ်တည်လာခဲ့သည်။
မူလကသေဆုံးဖို့ပြင်ဆင်ပြီးပြီဖြစ်သော လီဟုန်ကလည်း မျက်ဝန်းများကိုဖွင့်လိုက်ပြီး အပေါ်ကိုမော့ကြည့်လိုက်သည်။ သူဟာမြူးခိုးမြူငွေ့များအတွင်း မတ်တပ်ရပ်နေသည့် နတ်ဘုရင်တစ်ပါးကဲ့သို့သော အသွင်အပြင်ရှိသည့်ဝမ်ဖုန်းကို တွေ့မြင်လိုက်ရသည့်အခါ သူ၏နှလုံးသားဟာ တုန်လှုပ်သွားခဲ့သည်။ အကြည့်တချက်ဖြင့်ပင် သူ၏စိတ်ဝိညာဥ်ပါ လှုပ်ခတ်သွားလေသည်။
" ငါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ "
ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေပြီး လျှိုရှကို အထင်အမြင်သေးစွာငုံ့ကြည့်လိုက်ပြီး ထူးမခြားနားအမူအရာဖြင့် ပြောလိုက်သည်။
ဤသည်မှာ ရှန်းရွှမ်ဒေသအတွင်း အခြေချလိုက်ပြီးသည့်နောက် သူပထမဆုံးပြောဆိုခဲ့သောစကားလုံးများဖြစ်သည်။ အဆိုပါစကားလုံးများဟာ ရှန်းရွှမ်ဒေသအတွင်းကို ရှန်ရှန့်ကျုံ့ဂိုဏ်းရောက်ရှိလာခဲ့ပြီဆိုတာကို ကြေညာခဲ့သည့်စကားလုံးများလည်းဖြစ်ချေတော့သည်။
" ရှန်ရှန့်ကျုံဂိုဏ်းလား။ "
" ဟား ဟား။ "
ဝမ်းဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ လျိုရှဟာ တဒင်္ဂကြာအောင် ကြောင်အသွားပြီးမှ တစ်စုံတစ်ခုကိုတွေးမိသွားပုံပေါ်ပြီး သူ့မျက်နှာထက်၌ အပျော်များဖြင့်ပြည့်နှက်လာသည်။ သူဟာမိုးကောင်းကင်ကြီးကို ပြုံးရယ်လျက်မော့ကြည့်လိုက်ပြီး သူ၏ဟက်ဟက်ပက်ပက်ရယ်မောသံကြီးက ရောင်စဥ်လျိုမြောင်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ဝမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး လျိုရှကို အေးစက်စွာငုံ့ကြည့်လိုက်သည်။ အဲဒီ့ကောင်က ဘာလို့ရယ်မောနေရတာလဲ?
ဝမ်ဖုန်း၏နောက်ဘက်ရှိ ဖောင်ပန်းနှင့်အခြားသူများကတောင် လျိုရှကို ထူးထူးဆန်းဆန်းစိုက်ကြည့်လိုက်သည်။ သူတို့၏မျက်လုံးများက အရူးတစ်ယောက်ကိုကြည့်နေသကဲ့သို့ ဖြစ်နေချေသည်။
" မိုးကောင်းကင်က ဒီစစ်သူကြီးကို ပစားပေးနေလိမ့်မယ်လို့ ထင်မထားဘူး။ တကယ်ကိုအားစိုက်မထုတ်လိုက်ရဘူးပဲ။ " ရယ်မောလိုက်ပြီးသည့်နောက် လျိုရှဟာ ဝမ်ဖုန်းနှင့်အခြားသူများကို ပူပြင်းတောက်လောက်နေသောမျက်ဝန်းများဖြင့် စိုက်ကြည့်ကာ လှောင်ပြောင်ပြောလိုက်သည်။
" အခုဝူဝမ်တောင်တန်းနယ်မြေမှာ မင်းတို့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းက ပုန်းကွယ်နေတဲ့လျှို့ဝှက်ဂိုဏ်းကြီးလို့ ကောလာဟလတွေထွက်နေတယ်။ ပြီးတော့မင်းတို့ဂိုဏ်းရဲ့ ပါရမီရှင်တွေက ပြိုင်ဘက်ကင်းတယ်ဆိုပဲ။ မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ပါရမီရှင်တွေ ဘယ်လောက်လုပ်နိုင်သလဲဆိုတာကို ငါကြည့်ရတော့မှာပေါ့ကွာ။ ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းတယ်လို့ ခေါ်ဆိုရဲတယ်ပေါ့လေ။ ဟုတ်လား။ မင်းတို့ဂိုဏ်းရဲ့လူငယ်ပါရမီရှင်တွေကို ခပ်မြန်မြန်ဒီစစ်သူကြီးကိုတိုက်ခိုက်ခိုင်းလိုက်စမ်းပါ။ "
လျိုရှကဝမ်းဖုန်းကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး အမိန့်ပေးနေသောလေသံဖြင့် ကျယ်လောင်စွာအော်ဟစ်ပြောဆိုလိုက်သည်။
အစကလျိုရှနှင့် အခြားသောထိပ်တန်းပါရမီရှင်များသည် အမဲလိုက်ပွဲတော်၏ အမဲလိုက်ပစ်မှတ်များအဖြစ် ဝူဝမ်တောင်တန်းနယ်မြေအတွင်းရှိ အင်အားစုကြီးကြီးငယ်ငယ်မှ ထိပ်တန်းပါရမီရှင်များကိုသာ ပစ်မှတ်ထားအသုံးပြုချင်ခဲ့သည်။ သို့ပါသော်လည်း သူတို့ဝူဝမ်တောင်တန်းနယ်မြေအတွင်း ဝင်ရောက်လာသည်နှင့်တပြိုင်နက် ရှန်ရှန့်ကျုံဂိုဏ်း၏သတင်းကို ကြားလိုက်ရလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
ထိုသတင်းကို ကြားလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် လျိုရှနှင့်များစွာသောထိပ်တန်းပါရမီရှင်များမှာ ဒေါသအမျက် ချောင်းချောင်းထွက်ခဲ့ရသည်။ တောင်တန်းနယ်မြေတစ်ခုလုံးတွင် သူတို့ရဲ့အထူးအင်အားစုကြီးသုံးခုက ထိပ်တန်းပါရမီရှင်များကလွဲပြီး ဘယ်သူကများသူတို့ကို သူတို့ ပြိုင်ဘက်ကင်းလို့ခေါ်ဆိုရဲတာလဲ?
ဒီရှန်ရှန့်ကျုံဂိုဏ်းက ဒီလိုစကားမျိုးကို ပြောထွက်ရဲသည်။ ဒါဟာသူတို့လို အထူးအင်အားစုကြီးသုံးစုကို တိုက်ရိုက် ရန်စလိုက်ခြင်းပင်။
ထိုအတွက်ကြောင့် လျိုရှနှင့်မြောက်များစွာသောထိပ်တန်းပါရမီရှင်များသည် စိတ်တူကိုယ်တူဖြင့် ရှန်ရှန့်ကျုံဂိုဏ်းမှ ထိပ်တန်းပါရမီရှင်များကို အမဲလိုက်ပွဲတော်၏ထိပ်တန်းပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ကြသည်။
ရှန်ရှန့်ကျုံဂိုဏ်း၏ပါရမီများကို နှိပ်စက်နိုင်သောဘယ်သူမဆို ဤအမဲလ်ိုက်ပွဲတော်၏ အနိုင်ရရှိသူဖြစ်လာမှာပင်။
ဘာပဲဖြစ်ဖြစ် သူတို့အတွက်တော့ ဤအမဲလိုက်ပွဲတော်ဟာ ပျော်ပွဲရွှင်ပွဲတစ်ခုသာဖြစ်ပြီး ဘယ်ပစ်မှတ်က်ိုမဆို အလေးအနက်မထားကြပေ။
သူတို့လို အထူးအင်အားစုကြီးသုံးစုမှ ပါရမီရှင်များကလွဲ၍ တောင်ပိုင်းနယ်မြေရှိ အခြားအင်အားစုကြီးကြီးငယ်ငယ်မှ ကျင့်ကြံသူပါရမီရှင်များမှာ အမြောက်စာလေးများသာဖြစ်ချေသည်။
" အမ် ! "
လျိုရှ၏စကားကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၊ ဖောင့်ပန်းနှင့်အခြားသူများဟာ မျက်မှောင်ကြုံ့သွားကြသည်။ သူတို့က ပဋိပက္ခတစ်ခုအတွင်း ပါဝင်သွားပြီဆိုတာကို ရုတ်ချည်းဆိုသလို သတိထားမိလိုက်ကြသည်။
သူတို့ရဲ့ရှန်ရှန့်ကျုံ့ဂိုဏ်းက ရှန်းရွှမ်ဒေသကို အခုလေးတင်ကမှ ဝင်ရောက်လာတာလေ။ တောင်ပိုင်းနယ်မြေကလူတွေက ဘယ်လိုလုပ်သိနေရတာလဲ။ တောင်ပိုင်းနယ်မြေမှာ ဒုတိယမြောက် ရှန်ရှန့်ကျုံဂိုဏ်း ရှိနေသေးတာလား။
" စနစ် ၊ ဘာတွေဖြစ်နေတာလဲ။ဒုတိယမြောက်ရှန်ရှန့်ကျုံ့ဂိုဏ်းရှိနေသေးတာလား။ " ဝမ်ဖုန်း၏မျက်နှာမှာ မဲမှောင်သွားပြီး လျှို့ဝှက်စွာမေးလိုက်သည်။
" ဒင်၊ ပိုင်ရှင်ကရှန်ရှန့်ကျုံဂိုဏ်းကိုတည်ထောင်ဖို့ ရွေးချယ်ခဲ့သည့်အတွက် ရှန်ရှန့်ကျုံ့ဆိုတဲ့စကားလုံးသုံးလုံးကို စနစ်က တားဆီးထားပြီးပါပြီ။ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေပြင်၊ စကြာဝဠာကြီးရဲ့ တည်ရှိမှုအတွင်းမှာ မည်သူမျှ ရှန်ရှန့်ကျုံဆိုတဲ့စကားလုံးပါတဲ့ဂိုဏ်းကို တည်ထောင်အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ "
စိတ်အာရုံအတွင်းထွက်ပေါ်လာသည့် အေးစက်သည့်အသံက ဝမ်ဖုန်းကို စိတ်သက်သာရာ ရမသွားစေရုံသာမက သူ့ကိုပိုလို့တောင် ပဟေဠိဖြစ်သွားစေခဲ့သည်။ သို့ပါသော်လည်း သူနောက်တစ်ကြိမ် မမေးမြန်းရသေးခင်မှာ စနစ်၏အေးစက်စက်အသံက အလိုအလျောက်ထွက်ပေါ်လာပြန်သည်။
" ဒင်၊ ပိုင်ရှင်ကစန်းဝူနတ်ဘုရားသုံးပါးနဲ့အခြားသူတွေကိုသတ်ဖြတ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဝမ်ရှခန်းမသခင်က ဝူဝမ်တောင်တန်းနယ်မြေအတွင်းမှာ အမဲလိုက်ပွဲကျင်းပနေတဲ့ အထူးအင်အားစုသုံးစုရဲ့ပါရမီရှင်တွေကို ရှန်ရှန့်ကျုံ့ဂိုဏ်းရဲ့ပါရမီရှင်တွေက ပြိုင်ဘက်ကင်းတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုပြီး သူတို့အားလုံးရဲ့စိတ်ကို ဆွဲဆောင်လိုက်တာပါ။ "
" အထူးအင်အားစုသုံးစုရဲ့ ထိပ်တန်းပါရမီရှင်တွေကို ဓါးတစ်ချောင်းအဖြစ် အသုံးပြုပြီး လက်စားချေချင်နေတာပါ။ ပိုင်ရှင်သာ အထူးအင်အားစုသုံးစုရဲ့ ထိပ်တန်းပါရမီရှင်တွေကို သတ်ဖြတ်လိုက်မယ်ဆိုရင် ပိုင်ရှင်ဟာ အထူးအင်အားစုကြီးသုံးစုကို ရန်စမိသွားမှာပါ။ သူကဒီအခြေအနေတွေကိုအခွင့်ကောင်းယူပြီး လှည့်ကွက်ဖန်တီးခဲ့တာပါ။ "
ကောင်းပေစွ။ ငါ့ရှန်ရှန့်ကျုံ့ဂိုဏ်းက ရှန်းရွှမ်ဒေသအတွင်းကို ရောက်မလာသေးဘူး။ သတင်းစကားတွေ ပျံ့နှံ့နေပြီးသားလား။
သူစိတ်အာရုံအတွင်း ထွက်ပေါ်လာသည့် အေးစက်စက်အသံက ဝမ်ဖုန်းကို ထိတ်လန့်သွားစေခဲ့သည်။ သူက ဒီကမ္ဘာကြီးကို လုံးဝအထင်မသေးရဲတော့ပေ။ သူ့တွင် စနစ်သာမရှိပါက ဒီကိစ္စအားလုံး၏ကြိုးကိုင်သူမှာ ဝမ်ရှခန်းမမှမကောင်းဆိုးဝါးအိုကြီးဖြစ်ကြောင်း အလျင်အမြန်သတိပြုမိမှာမဟုတ်ပေ။
ဝမ်ဖုန်း၏မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူရဲ့ရှန်ရှန့်ကျုံ့ဂိုဏ်းက အသုံးချဖို့မလွယ်ကူနေဘူးကွ။ ဝမ်ရှခန်းမက စတင်လှုပ်ရှားလိုက်ပြီဆိုတော့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့အမျက်ဒေါသကို ကျိန်းသေပေါက် ရင်ဆိုင်စေရမယ်!
" ဘာလဲ။ ဂုဏ်သရေကြီးမြတ်ပြီး သီးခြားနေထိုင်တဲ့ဂိုဏ်းကြီးက ဒီစစ်သူကြီး စိန်ခေါ်တာကိုတောင်လက်မခံရဲဘူးလား။ " ဝမ်ဖုန်းနဲ့အခြားသူများက အချိန်အတော်လေးကြာတာတောင် ဘာမှပြန်မပြောလာတာကို တွေ့မြင်လိုက်ရသည်အခါ လျိုရှ၏မျက်နှာပေါ်၌ လှောင်ပြောင်ရယ်မောသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှက်စရာပဲ !
အခြားသူရဲ့အသုံးချခံနေရတာတောင် မောက်မာနေသေးတယ်....
ဝမ်ဖုန်းသည် လျိုရှကိုငုံ့ကြည့်လိုက်ပြီး ခေါင်းခါရမ်းလိုက်သည်။ သူက ဘေးနားရှိဖောင့်ပန်းကို လက်ဟန်ခြေဟန်ပြလိုက်သည်။
ယခုအချိန်တွင် သူ့ရှန်ရှန့်ကျုံ့ဂိုဏ်း၏ဂိုဏ်းသားများမှာ ရှန်းရွှမ်တောင်ပိုင်းဒေရှိ ထိပ်တန်းပါရမီရှင်များ၏စံနှုန်းကို မမှီသေးပေ။ ကြည့်ရတာ သူ့ဂိုဏ်းတပည့်တွေကို ပိုမိုအလေးနက်ထား လေ့ကျင့်ပေးရတော့မည့်ပုံပဲ။
ဝမ်ဖုန်း၏အချက်ပြမှုကို ယာယီလက်ခံရရှိလိုက်သည့်အခါ ဖောင်ပန်းက တုံ့ဆိုင်းမနေခဲ့ပေ။ ဖျတ်ခနဲဆိုသလို သူက ဝမ်ဖုန်းတို့အုပ်စု၏အရှေ့၌ ထွက်ပေါ်လာခဲ့ကာ အောက်ကိုငုံ့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများမှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ အလွန်အမင်းအေးစက်နေသည်။
" ဘုန်း ! "
ဖောင့်ပန်းထွက်ပေါ်လာတာကို တွေ့မြင်လိုက်ရသည့်အခါ လျိုရှ၏နှုတ်ခမ်းများသည် တွန့်ကွေးသွားခဲ့သည်။ သူက နောက်ထပ်လှောင်ပြောင်ပြောဆိုရန် ပြင်ဆင်လိုက်၏။ သို့ပါသော်လည်းဖောင်ပန်းက သူ့ကိုလုံးလုံးဂရုမစိုက်ဘဲ လက်ချောင်းတစ်ချောင်းကိုဆန့်ထုတ်ကာ ထိုးညွှန်လိုက်လိမ့်မည်ဟုတော့ မထင်မထားခဲ့ပေ။
ကောင်းကင်နှင့်မြေပြင်အကြားရှိ ခမ်းနားကြီးကျယ်သော နတ်မင်းစွမ်းအင်များသည် ရုတ်တရက်ဆွဲစုခံလိုက်ရပြီး ဖောင့်ပန်း၏လက်ချောင်းထိပ်၌ စုဝေးသွားကြသည်။ ကောင်းကင်ကြီးတစ်ခုလုံးဟာ ရုတ်တရက်မှေးမှိန်သွားပြီး ဖောင့်ပန်း၏လက်ချောင်းတစ်ခုထဲကသာ လင်းလက်စွာတောက်ပနေခဲ့သည်။
ဖောင်ပန်း၏လက်ညှိုး ထိုးညွှန်လိုက်သည့်အခါ ကမ္ဘာလောကကြီးတစ်ခုလုံး ယိမ်းခါသွားခဲ့သည်။ အလင်းတန်းတစ်ခုသည် လျိုရှထံ အဆုံးစွန်သောအမြန်ဆုံးနှုန်းဖြင့် ပြေးဝင်သွားခဲ့သည်။ အလင်းတန်းအတွင်း ပါဝင်သည့်စွမ်းအားမှာ လေထုကိုထိုးဖောက်လိုက်ပြီး နက်မှောင်သောအက်ကွဲကြောင်းကြီးတစ်ခု ချန်ရစ်ခဲ့တယ်။
၎င်းအလင်းတန်းအတွင်း ပါဝင်သည့်စွမ်းအားများကို ခံစားလိုက်ရသည့်အခါ လှောင်ပြောင်ပြောဆိုတော့မည့်လျိုရှသည် သူ၏စကားများကို အလျင်အမြန် ပြန်လည်မျိုသိပ်လိုက်သည်။ သူ၏အမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။
သူမျက်ဝန်းအနက်ပိုင်း၌ နောက်မှောင်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို အရူးအမူးလှည့်ပတ်လိုက်သည်။ ယင်းနောက် ခမ်းနားကြီးကျယ်သောမကောင်းဆိုးဝါးဝိညာဉ်၏စွမ်းအားများသည် ပျံ့နှံ့ထွက်ပေါ်လာပြီး ထူထဲသောဒိုင်းကာကို သူ့အရှေ့၌ဖန်တီးလိုက်သည်။
ဘုန်း !
ခမ်းနားကြီးကျယ်သောဒိုင်းကာကြီး ဖွဲ့တည်ပြီးသည့်အချိန်တွင် ထက်မြသောအရှိန်အဝါများကိုသယ်ဆောင်ထားသည့် အလင်းတန်းကြီးဟာလည်း ပြေးဝင်သွားခဲ့သည်။ ရောင်စဥ်လျိုမြောင်ကြီးအတွင်း၌ နားကွဲလုမတတ် ကျယ်လောင်သောပေါက်ကွဲသံကြီးသည် မည်ဟည်းထွက်ပေါ်လာသည်။ မမြင်နိုင်သောစွမ်းအားလှိုင်းများသည် အရပ်လေးမျက်နှာသို့ပြန့်နှံ့သွားခဲ့သည်။ ယင်းနောက် ရောင်စဉ်လျိုမြောင်ကြီးတစ်ခုလုံး အဆက်မပြတ်ယိမ်းခါလာသည်။
ရှန်းရွှမ်ဒေသ၏လေဟာနယ်ကသာ အလွန်အမင်းသန်မာနေ၍မဟုတ်ရင် ၎င်းစွမ်းအင်းနှစ်ခုထိပ်တိုက်တွေ့ရာမှ ထွက်ပေါ်လာသောစွမ်းအားတစ်ခုကြီးသည် ဝူဝမ်တောင်တန်းနယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ရန်လုံလောက်ပေသည်။
" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
လျိုရှသည် သူရင်ဘတ်အပေါ်ရှိ သေးငယ်သောဒဏ်ရာကလေးကို ဗလာမျက်ဝန်းများဖြင့်စူးစိုက်ကြည့်လိုက်ပြီး သူ့မျက်နှာထက်၌ မယုံကြည်နိုင်သောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏နှဖူးထက်၌ ချွေအေးများထွက်လာ၏။ အလင်းတန်းလေးဟာ သူ၏နှလုံးသားကိုထိုးဖောက်သွားခဲ့လေသည်။
ဟုတ်ပါပေသည်။ သူ၏ကျင့်ကြံမှုဖြင့်ဆိုပါက နှလုံးသားဖျက်ဆီးခံလိုက်ရရင်တောင် ဆက်လက်ရှင်သန်နိုင်သေးသည်။ သို့ပါသော်လည်း သူ၏ကျင့်ကြံမှုအခြေခံကတော့ ကျိန်းသေပေါက်ဖျက်ဆီးခံလိုက်ရပြီဖြစ်ကာ သူ၏အနာဂတ်ကလည်း လုံးဝပျက်စီးသွားလေပြီ။
ထို့အတွက်ကြောင့် ဤအချိန်တွင် လျိုရှသည် အသက်ရှင်သန်ကျန်ရစ်သည့်အတွက် ပျော်ရွှင်မှုနှင့် ဖောင့်ပန်း၏တိုက်ကွက်တစ်ကွက်တည်းကို ရှုံးနိမ့်ခဲ့ရသည့်အတွက် ရှက်ဒေါသများကို တပြိုင်နက်တည်းခံစားလိုက်ရသည်။ သူဟာ အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။ အဆိုပါခံစားချက်မှာ ပြောဆိုရန်မလွယ်ဘဲ အလွန်အမင်းရှုပ်ထွေးလှသည်။