ဝမ်ရှခန်းမ၏ စွမ်းအားယ
Vol. 24 Ch. 334
ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ လီဟုန်၏ မျက်စိသူငယ်အိမ်များမှာ ပြူးကျယ်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့သော ဝမ်ဖုန်းကို စိုက်ကြည့်လိုက်မိသည်။ ရှည်သွယ်ဖြောင့်တန်းသော ကျောပြင်နှင့် အဆုံးအစမဲ့ ယုံကြည်မှုများကို ထုတ်လွှတ်နေသော ဝမ်ဖုန်းဟာ သူ့ကို မြောက်များစွာ လေးစားအားကျလာစေခဲ့သည်။
"အထူးအင်အားစုတွေနဲ့ပက်သက်ပြီး မင်းစိုးရိမ်နေစရာမလိုဘူး ၊ ဒီဂိုဏ်းချုပ်ကမေးမယ်... ငါတို့ရဲ့ ဂိုဏ်းက်ို ဝင်ရောက်ချင်သလား?" ဝမ်ဖုန်းသည် သူ၏ လက်ကိုဝှေ့ယမ်းလိုက်ကာ လီဟုန်ကိုကြည့်ပြီး မေးလိုက်သည်။
အစက ဝမ်ဖုန်းသည် လီဟုန်ကို ရှန်ရှန့်ကျုံဂိုဏ်းအတွင်း ဝင်ရောက်စေလိုသော်လည်း သူ၏ စိတ်နေ သဘောထားနှင့်ပက်သက်ပြီး အနည်းငယ်သံသယ ဝင်နေခဲ့သေးသည်။ သို့ပါသော်လည်း လီဟုန်၏ စရိုက်လက္ခဏာကို တွေ့မြင်ပြီးသည့်နောက် ဝမ်ဖုန်းက သူ့ကို အတော်လေး သဘောကျလာခဲ့သည်။
"အမ်...."
"အစ်ကိုကြီးတို့ရဲ့ ဂိုဏ်းက ဘယ်ဂိုဏ်းလဲ မေးလို့ရမလား?"
ဝမ်ဖုန်း၏ စကားကိုကြားလိုက်ရသည့်အခါ လီဟုန်က တဒင်္ဂကြာအောင် တိတ်ဆိတ်သွားပြီးမှ ဝမ်ဖုန်းကို ပြန်ကြည့်ကာ မေးလိုက်သည်။
ဝမ်ဖုန်း၏ အနောက်ကွယ်တွင် အမှန်တစ်ကယ် စွမ်းအားကြီးသော ဂိုဏ်းတစ်ဂိုဏ်းရှိနေပါက သူဟာလည်း ဝင်ရောက်ချင်နေသည်။ သူဟာ သည့်မတိုင်ခင်က လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး အရည်အချင်းများကို ထုတ်ဖော်ပြသရန် စောင့်ဆိုင်းနေခြင်းဖြစ်၏။ သူ့အရည်အချင်းများကို တွေ့မြင်ပြီး အထူးအင်အားစုများ၏ ဖိတ်ခေါ်ခြင်းကို ခံရမည့်အစား အထူးအင်အားစုများမှာ ထိပ်တန်းပါရမီရှင်များ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရလိမ့်မည်ဟု ဘယ်သူကများ တွေးထင်ထားအံ့နည်း။
ဤအဖြစ်အပျက်က အထူးအင်အားစုများအပေါ် လီဟုန်၏ အမြင်ကို ဆိုးရွားသွားစေခဲ့သည်။ ထို့အတွက်ကြောင့် သူက ဝမ်ဖုန်းနှင့်အခြားသူများကို ထွက်ခွာရန် အလောဆော်ခဲ့ခြင်းဖြစ်သည်။ သူဟာ သူ၏ ကယ်တင်ရှင်ကို သူ့ကြောင့်နှင့် ထိလိုက်ဒဏ်ရာ မရစေချင်ပေ။
"ဒီအရှင်သခင်ရဲ့ဂိုဏ်းက ထာဝရရှင်သန်သူနဲ့ နတ်ဘုရားတို့ရဲ့ အထက်က တည်ရှိမှုကြီးတစ်ခုပဲ... အဲ့တာကို ရှန်ရှန့်ကျုံဂိုဏ်းလို့ခေါ်တယ်"
ဘုန်း......
ဝမ်ဖုန်း၏ စကားလုံးများဟာ မုန်တိုင်းကြီးတစ်ခုလိုမျိုး လီဟုန်၏ စိတ်အာရုံအတွင်း ပဲ့တင်ထပ် မြည်ဟီးသွားပြီး သူ့ကို တုန်ယင်သွားစေခဲ့သည်။
အခြားသူတစ်ယောက်သာ ဆိုပါက သူဟာ ထိုစကားလုံးများကို ယုံကြည်မှာ မဟုတ်ပေ။ သို့ပါသော်လည်း အကြောင်းတစ်စုံတစ်ခုကြောင့် လီဟုန်သည် ဝမ်ဖုန်းက အမှန်တိုင်းပြောနေခြင်း ဖြစ်ကြောင်း ခံစားနေရသည်။
"အထူးအင်အားစုကြီးတွေကို တစ်ကယ်ပဲတိုက်ခိုက်န်ိုင်လိမ့်မယ် ဆိုတာ အစ်ကိုကြီး သေချာရဲ့လား?"
တစ်ခဏကြာအောင် စဥ်းစားပြီးနောက် လီဟုန်က ဝမ်ဖုန်းကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး တည်ကြည်သော လေသံဖြင့် မေးလိုက်သည်။
ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး သူ့မျက်နှာထက်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။ သူဟာ အဲ့ဒီအထူးအင်အားစုကြီးများကို မျက်လုံးထဲတောင် ထည့်မထားပေ။
"ဒီလူငယ်မျ်ိုးဆက်က ရှန်ရှန်ကျုံဂိုဏ်းကို ဝင်ရောက်လိုပါတယ်"
ဝမ်ဖုန်း၏ အတည်ပြုမှုကို ကြားလိုက်ရသည့်အခါ လီဟုန်သည် တုံ့ဆိုင်းမနေတော့ပဲ ဝမ်ဖုန်းကို လေးလေးနက်နက် ဂါရဝပြုလိုက်ပြီး လေးစားစွာ ပြောလိုက်သည်။
"ဒင်~~~ ထိပ်တန်းပါရမီရှင်တစ်ယောက်ကို ခေါ်ယူသိမ်းသွင်းနိုင်သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်၊ ဂိုဏ်းအမှတ် သန်း ၃၀ နှင့် နတ်မင်းနယ်ပယ် အခြေခံဆင့်ခေါ်ခွင့်တစ်ကြိမ် ဆုချလိုက်သည်"
လီဟုန်၏ စကားဆုံးသွားသည့်အခါ စနစ်၏ အေးစက်သည့်အသံက ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ သူက စနစ်၏ အသံကို လျစ်လျူရှုထားလိုက်ပြီး လီဟုန်ကို ပြန်လည်ဆွဲထူပေးလိုက်ကာ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။
"ဝမ်ရှခန်းမက ဘယ်မှာ ရှိသလဲဆိုတာကို မင်းသိလား?"
ဝမ်ဖုန်းက လီဟုန်က်ို စိုက်ကြည့်ပြီး ဒဲ့တိုးမေးမြန်းလိုက်သည်။ ဝမ်ဖုန်းသည် ဝမ်ရှခန်းမကို အလွတ်ပေးရန် အစီအစဥ်ရှိမနေပါပေ။ ဝမ်ရှခန်းမကို ဖျက်စီးခြင်းဖြင့်သာ စနစ်ကို အဆင့် ၉ သို့ မြှင့်တင်နိုင်မှာ ဖြစ်ပြီး အထူးအင်အားစုကြီးများနှင့် ရင်ဘောင်တန်းနိုင်လိမ့်မည်။
"ဝမ်ရှခန်းမလား? ဒီတပည့်က သိထားပါတယ်... အဲ့ဒီဂိုဏ်းက ဝူဝမ်တောင်တန်းနယ်မြေရဲ့ အနက်ပိုင်းမှာ ရှိနေတာပါ ၊ ဝမ်ရှခန်းမက တောင်ပိုင်းနယ်မြေမှာ ကြောက်စရာအကောင်းဆုံး လူသတ်အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပေမယ့် သူတို့ရဲ့ ခြေရာလက်ရာတွေကိုတော့ ဘယ်တုန်းကမှ ဖုံးကွယ်မထားခဲ့ဘူး ၊ တောင်ပိုင်းနယ်မြေတစ်ခုလုံးမှာ အင်အားစု အနည်းငယ်ကသာ ဝမ်ရှခန်းမကို ဆန့်ကျင်နိုင်ကြတယ်"
"အို.... ဘာလို့လဲ?"
ဝမ်ဖုန်း၏ မျက်ဝန်းများအတွင်း၌ အံ့အားသင့်မှု ဖြစ်ပေါ်လာပြီး မေးလိုက်သည်။
"ပြောကြတာကတော့ ဝမ်ရှခန်းမသခင်ရဲ့ ညီမငယ်လေးက ယိယွမ်ဘုရားကျောင်းက အစစ်အမှန်ဂိုဏ်းတပည့်တစ်ဦးရဲ့ ကြင်ယာဖက်တဲ့ ၊ ဒီအဆက် အသွယ်နဲ့ဆိုရင် ဝမ်ရှခန်းမက အရမ်းကြီး လွန်မလာသေးသရွေ့ ဘယ်အထူးအင်အားစုကမှ ဝမ်ရှခန်းမကို ရန်မစရဲကြဘူး ၊ တခြားအင်အားစုဆွေဆိုရင်တော့ ကြောက်တောင် ကြောက်နေကြရတာ"
လီဟုန်က အလျင်စလို ပြောလိုက်သည်။ တောင်ပိုင်းနယ်မြေအတွင်း အဆင့်အတန်းတစ်ခုရှိနေသော မည်သူမဆို ဝမ်ရှခန်းမအကြောင်း သိရှိထားပေသည်။
ယိယွမ်ဘုရားကျောင်သည် ရှန်းရွှမ်ဒေသကြီးတစ်ခုလုံး၌ အသန်မာဆုံးသော အထူးအင်အားစုကြီး ဖြစ်၏။ ၎င်းမှာ တောင်ပိုင်းနယ်မြေအတွင်းရှိ အထူးအင်အားစု ၃ ခု နှိုင်းယှဥ်နိုင်သည်ထက် များစွာ သာလွန်ပေသည်။အစစ်အမှန်ဂိုဏ်းတပည့်တစ်ယောက် ဆိုလျှင်တောင် မရေမတွက်န်ိုင်သော လူများကို ထိတ်လန့်သွားစေရန် လုံလောက်လေသည်။
"ဝမ်ရှခန်းမရဲ့ ခွန်အားက ဘာလဲ?" ဝမ်ဖုန်း၏ မျက်လုံးများ အတွင်း၌ အလင်းတန်းတစ်ခု လင်းလက်သွားပြီး နောက်တစ်ကြိမ် မေးလိုက်သည်။
"ဝမ်ရှခန်းမသခင်ရဲ့ ကျင့်ကြံမှုက ထွက်ရပ်ပေါက် နတ်မင်းအစောပိုင်းအဆင့်မှာပါ ဒါ့အပြင် အကျော်ဇေယျ နတ်မင်း အထွတ်အထိပ်အဆင့် သတ်ဖြတ်ရေးနတ်ဘုရား ၅ ပါးအပြင် အကျော်ဇေယျ နတ်မင်းအဆင့် သတ်ဖြတ်ခြင်းနတ်ဘုရား ၈ ပါးလည်းရှိနေသေးတယ် ၊ ဟုတ်တာပေါ့ ! ဒါက ဝမ်ရှခန်းမရဲ့ အလင်းထဲမှာ ရှိနေတဲ့ ခွန်အားပါပဲ ၊ သူတို့ဖုံးကွယ်ထားတဲ့ ခွန်အားတွေကိုတော့ ဒီဂိုဏ်းတပည့်လည်း တိတိပပ မသိရပါဘူး"
လီဟုန်က တစ်ခဏကြာအောင် တွေးတောလိုက်ပြီး ပြောဆိုလိုက်သည်။ ဝမ်ရှခန်းမသည် အထူးအင်အားစုကြီးတစ်စု မဟုတ်သော်လည်း ၎င်းဟာတောင်ပိုင်းနယ်မြေအတွင်းဤ နှစ်ပေါင်းများစွာကြာအောင် တည်ရှိခဲ့သော အင်အားစုကြီး ဖြစ်ပြီး နောက်ခံအချို့လည်း ရှိနေပေသည်။
လီဟုန်၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဒီလိုခွန်အားမျိုးကို သူ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက လုံးဝကြောက်လန့်မနေပါ။
ဝမ်ဖုန်းသည် တဒင်္ဂကြာအောင် တွေးလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာဂုဏ်သရေနတ်မင်း အလယ်အလတ်အဆင့်ကို တက်လှမ်းပြီးသွားသော ယန်ရှန်းတို့လေးယောက်ကို ခေါ်ထုတ်လိုက်သည်။
"ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ် "
ဝမ်ဖုန်းကို တွေ့မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ယန်ရှန်းတို့လေးယောက်သည် အလျှင်အမြန် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
"အရမ်းကြီး ယဥ်ကျေးမနေပါနဲ့ ၊ ဒီဂိုဏ်းချုပ် မင်းတို့ကိုခေါ်လိုက်ရတာက ဒီတောအုပ်ကြီးထဲမှာ ရှိတဲ့ ထိပ်တန်းပါရမီရှင်တွေကို အမဲလိုက်သတ်ဖြတ်ခိုင်းမလို့ပဲ... မင်းတို့လုပ်ရဲမလား?" ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ယန်ရှန်းတို့လေးယောက်ကို ကျယ်လောင်စွာ မေးလိုက်သည်။
"ဒီတပည့်က မကြောက်ရွံပါဘူး"
ဝမ်ဖုန်း၏ စကားကို ကြားလိုက်ရသည့်အခါ ယန်ရှန်းနှင့်အခြားသူများသည် စိတ်အားထက်သန်သော အမူအရာများနှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး တစ်ညီတစ်ညွတ်တည်း ဟစ်ကြွေးလိုက်သည်။
သူတို့၏ ကျင့်ကြံမှုမှာ ဂုဏ်သရေနတ်မင်း အလယ် အလတ်အဆင့်တိုင်အောင် ရုတ်တရက် ထိုးမြင့်သွားခဲ့သည်။ သူတို့ဟာ အစွမ်းထက်ကြသော်လည်း အသုံးချရမည့်နေရာမရှိ ဖြစ်နေခဲ့သည်။ ယခု အခွင့်အရေးရရှ်ိလာပြီဖြစ်ရာ လက်လွတ်မခံနိုင်တော့ပေ။
ထိပ်တန်းပါရမီရှင်တွေ ဆ်ိုတော့ရော ဘာအရေးလဲ?။ သူတို့ကလည်း ဘယ်သူ့ထက်မှ အားနည်းမနေပါဘူးနော်။
ဝမ်ဖုန်း၏ ဘေး၌ ရှိနေသော လီဟုန်သည် ဝမ်ဖုန်း၏ စကားလုံးများကြောင့် ကြောင်အသွားသည်။ သူ၏မျက်နှာထက်၌ မယုံကြည်နိုင်မှုများ ရှိနေခဲ့သည်။ ဂိုဏ်းချုပ်က လျိုရှကို သတ်ဖြတ်ပစ်လိုက်ရုံသာမက အခြားထိပ်တန်းပါရမီရှင်တွေကိုလည်း သတ်ဖြတ်ဖို့ စီစဥ်နေတာလား?။
ဂိုဏ်းချုပ်က တစ်ကယ်ပဲ အထူးအင်အားစုကြီးတွေ လက်စားချေလာမှာကို မကြောက်ရွံ့ဘူးလား?။
လျိုရှကို သတ်ဖြတ်လိုက်ပါက အားရှရှေးဟောင်းဂိုဏ်း တစ်ဂိုဏ်းနှင့်သာ ရင်ဆိုင်ရမှာ ဖြစ်သည်။ အခြားထိပ်တန်းပါရမီရှင်များကို ပစ်မှတ်ထားလိုက်လျှင်တော့ အားရှရှေးဟောင်းဂိုဏ်းကြီးနှင့် ရင်ဆိုင်ရရုံသာမက တောင်ပိုင်းနယ်မြေအတွင်းရှိ အထူးအင်အားစုကြီး ၃ စုနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရမှာပင်။
"ဂိုဏ်းချုပ်... တခြားထိပ်တန်းပါရမီရှင်တွေကို သတ်ဖြတ်ဖို့ စီစဥ်နေတာလား?" လီဟုန်က ဝမ်ဖုန်းကို ကြောက်လန့်တကြား စိုက်ကြည့်ပြီး မေးလိုက်သည်။
"မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးတွေက အခုလေးတင်မှ အဆင့်တက်လာပြီး ခြေနင်းကျောက်တုံးတစ်ချို့ လိုအပ်နေတာလေ... အဲ့ဒီလူတွေက အနေတော်လောက်ဘဲ " ဝမ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး ထူးမခြားနားစွာ ပြောလိုက်သည်။
ဝမ်ဖုန်း၏ စကားကို ကြားလိုက်ရသည့်အခါ လီဟုန်က တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဂိုဏ်းချုပ်ရဲ့ မျက်လုံးထဲမှာ အဲ့ဒီထိပ်တန်းပါရမီရှင်တွေက ဂိုဏ်းတူအစ်ကိုကြီးတွေအတွက် ခြေနင်းကျောက်တုံးလောက်ပဲ အဆင့်ရှိတာလား?။ ဖြစ်နိုင်တာက ဂိုဏ်းချုပ်ပြောထားသလိုပဲ ရှန်ရှန့်ကျုံဂိုဏ်းက အဲ့ဒီအထူးအင်အားစုကြီးတွေကို လုံးဝမကြောက်လန့်ဘူးလား?။ ဒီလိုမှမဟုတ်ရင် ဂိုဏ်းချုပ်က ဘယ်လိုလုပ် အထူးအင်အားစုကြီးတွေရဲ့ ထိပ်တန်းပါရမီရှင်တွေကို သတ်ဖြတ်ခိုင်းရဲမှာလဲ။
"အမည်မဲ့ ဓါးသမား... မင်း ယန်ရှန်းနဲ့ အခြားသူတွေနောက်ကို လိုက်ပါသွားပါ ၊ အဲ့ဒီထိပ်တန်းပါရမီရှင်တွေရဲ့ တာအိုအစောင့်အရှောက်တွေ လှုပ်ရှားရဲတာနဲ့တစ်ပြိုင်နက် သူတို့အားလုံးကို သတ်ဖြတ်ပစ်လိုက်" ဝမ်ဖုန်းက အမည်မဲ့ဓါးသမားကို ကြည့်ကာ ညွှန်ကြားလိုက်သည်။
"ကောင်းပါပြီ ဂိုဏ်းချုပ်"
အမည်မဲ့ ဓါးသမားက ခေါင်းငြိမ့်လိုက်ပြီး သူ၏ လက်ကြီးကို ဝှေ့ယမ်းကာ ယန်ရှန်းတို့ကို ခေါ်ဆောင်သွားခဲ့သည်။ သူ၏ ကျင့်ကြံမှုဖြင့် ဆိုပါက ဝူဝမ်တောင်တန်းနယ်မြေ တစ်ခုလုံးကို စိတ်ဝိညာဥ်အာရုံ လွှမ်းခြုံနိုင်ပြီး ဘယ်ထိပ်တန်းပါရမီရှင်မှ လွတ်မြောက်န်ိုင်လိမ့်မှာ မဟုတ်ပေ။
"လီဟုန် မင်းက ဒီဂိုဏ်းချုပ်ကို ဝမ်ရှခန်းမ ရှိတဲ့နေရာကို လမ်းပြပေးပါ ၊ ဝမ်ရှခန်းမကို ဖျက်စီးပစ်ရမယ်"
အမည်မဲ့ဓါးသမားနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ရှုလိုက်ပြီးနောက် ဝမ်ဖုန်းက တုံ့ဆိုင်းမနေဘဲ လီဟုန်ကို ပြောလိုက်သည်။
"ဘာ!"
ဝမ်ဖုန်းစကားကို ကြားလ်ိုက်ရသည့်အခါ လီဟုန်က နောက်တစ်ကြိမ် ထိတ်လန့်သွားပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ သူသတ်််ိပြန်ရလာပြီးကတည်းက ဝမ်ဖုန်း၏ အဆက်မပြတ် ထိတ်လန့်အောင် ပြုလုပ်ချင်းကို ခံနေခဲ့ရသည်။ သူဟာလည်း ကမ္ဘာလောကကြီးအကြောင်း သိနားလည်သူ ဖြစ်ပါ၏။ သို့ပါသော်လည်း ဝမ်ဖုန်း၏ စကားလုံးများကြောင့် ထပ်ဖန်ထပ်ကာ အံ့အားသင့်နေရပြန်သည််။