အန္တရာယ် ရောက်ရှိလာခြင်း
Vol. 54 Ch. 802
သုံးရက်ကြာပြီးနောက်.. မျောက်နှင့်အခြားသုံးယောက်၏ ကျင့်ကြံမှုအဆင့်များသည် တည်ငြိမ်လာပြီး.. သူတို့က တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြ၏။ သူတို့သည် သူတို့၏စိတ်ဝိညာဉ်အသိစိတ်ထဲတွင်ရှိသော အမြုတေစိတ်ဝိညာဉ်မှတဆင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို တွေ့ကြုံခံစားမိသွားကြပြီး သူတို့၏မျက်လုံးများက ပျော်ရွှင်ခြင်း၊ အံ့အားသင့်ခြင်းတို့ဖြင့် ပြည့်နှက်သွား၏။
သူတို့၏အမြုတေစိတ်ဝိညာဉ်များကို ကျင့်ကြံခြင်းနှင့်အတူ သူတို့သည် အာဟာရသိဒ္ဓိ ပြီးမြောက်သည့်အဆင့်သို့ ရောက်ရှိသွားပြီး နေနှင့်လ၏အဆီအနှစ်ကို ဝါးမျိုကာ ကျင့်ကြံနိုင်တော့မည်ဖြစ်၏။
အဲဒါသည် သူတို့၏ခန္ဓာကိုယ်များ၊ အရွတ်များနှင့် အရိုးများကို ကြံ့ခိုင်သန်မာလာစေပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုကာ သူတို့၏အမြုတေစိတ်ဝိညာဉ်များကို သန့်စင်လာနိုင်တော့မည်လည်းဖြစ်၏။ အဲဒါသည် အသားကို စားသုံး၍ ကျင့်ကြံခြင်းထက် ပို၍မြင့်မားသော အဆင့်တစ်ခုဖြစ်လေသည်။
သူတို့ကျင့်ကြံမှု၏ ဤအဆင့်အရောက်တွင်.. စွမ်းအားကြီးသော သားရဲတောကောင်များသည် သူတို့၏မျိုးဆက်သွေးထဲတွင်ရှိသော မျိုးဆက်မှတ်ဉာဏ်များကို နိုးထလာစေမည်ဖြစ်၏။
သူတို့၏ မျိုးဆက်မှတ်ဉာဏ်များထဲတွင် သူတို့၏စိတ်ဝိညာဉ်ကို သန့်စင်ရန် ကျင့်ကြံရေးနည်းစနစ်များ သို့မဟုတ် အချို့သော သားရဲပညာရပ်များ ပါဝင်လေသည်။
သူတို့၏မျိုးဆက်သွေးက ပိုမိုသန်မာလေလေ.. သူတို့၏မျိုးဆက်မှတ်ဉာဏ်များထဲမှ ရရှိလာမည့် ကျင့်ကြံခြင်းနည်းစနစ်များကလည်း ပိုမိုကောင်းမွန်လေလေဖြစ်၏။
ရှေးဦးဆက်နွယ်တောကောင်များနှင့် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်များအတွက်တော့.. သူတို့သည် သူတို့ကိုယ်ပိုင် တမူထူးခြားသည့် မျိုးဆက်မှတ်ဉာဏ်များကို ရရှိပေလိမ့်မည်။
မျောက်သည် နိုးထလာပြီဖြစ်သော်လည်း တစ်စုံတစ်ရာကို တွေ့ကြုံခံစားနေရသည့်အလား သူ၏မျက်လုံးများကို မှေးကျဉ်းထား၏။
သူ့မျိုးဆက်သွေး၏ မူလဇစ်မြစ်သည် ဘာမှန်းမသိရသော်လည်း အဲဒါက သေချာပေါက် တမူထူးခြားနေပေလိမ့်မည်။
သူ၏သွေးနီရောင်မျက်လုံးများက အဲဒါ၏သက်သေပင် ဖြစ်လေသည်။
စိတ်ဝိညာဉ်ကျားသည် မူလကတော့ မျိုးဆက်သွေးမှတ်ဉာဏ် မရရှိနိုင်မည့် သာမန်သားရဲတောကောင်တစ်ကောင်မျှသာဖြစ်၏။ သူက နောက်ပိုင်းတွင် ဗလာနယ်မိုးကြိုးအတတ်ကို ကျင့်ကြံခဲ့လျှင်တောင် သူ၏သွေးခြင်ဆီဖလှယ်ခြင်းကို တွေ့ကြုံခံစားရပြီး သူ့ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်တချို့က တိုးတက်လာရုံမျှသာ ရှိပေလိမ့်မည်။
သို့သော်.. စိတ်ဝိညာဉ်ကျားသည် သူ၏မျိုးဆက်မှတ်ဉာဏ်ကို လက်ခံရယူနေသည့် အခြေအနေတွင် ရှိနေသည်မှာ သိသာလေသည်။
ထိုမျိုးဆက်မှတ်ဉာဏ်သည် ကြယ်တာရာနဂါးခံတွင်းကနေ ရလာခဲ့သော ကျားလက်သည်း ၄ခုထံမှ လာခြင်းဖြစ်ပေလိမ့်မည်။
ထိုကျားလက်သည်း ၄ခုသည် စိတ်ဝိညာဉ်ကျား၏ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်သွားပြီးနောက်.. သူတို့၏မျိုးဆက်သွေးမှတ်ဉာဏ်ကို သေချာပေါက် လက်ဆင့်ကမ်းလာပေလိမ့်မည်။
ချင်ချင်၏ခန္ဓာကိုယ်အတွင်းတွင် ပီဖန်၏မျိုးဆက်သွေးက လှည့်ပတ်စီးဆင်းနေပြီး သူမကလည်း မျိုးဆက်သွေးမှတ်ဉာဏ်အချို့ကို သေချာပေါက် ရရှိပေလိမ့်မည်။
မြေခွေးလေးသည်လည်း သူမ၏မျိုးဆက်မှတ်ဉာဏ်မှတဆင့် မြေခွေးမျိုးနွယ်မှ လျှို့ဝှက်ပညာရပ်များစွာကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
မျောက်နှင့်အခြားသူများသည် အသစ်စက်စက် သားရဲမိစ္ဆာများဖြစ်လာခြင်းဟူသည့် သူတို့၏လက်ရှိအခြေအနေကို ကြေညက်အောင်လုပ်ဖို့ အချိန်တစ်ခုယူရပေလိမ့်မည်။
အဲဒါက သူတို့၏ မျိုးဆက်မှတ်ဉာဏ်များကို နားလည်ဆင်ခြင်မှုတွင် မဟုတ်ဘဲ သူတို့၏အမြုတေစိတ်ဝိညာဉ်ကို သုံးပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အာရုံခံစားမိနိုင်စေဖို့လည်း ဖြစ်လေသည်။
နောက်ဆုံးမှာတော့… သူတို့သည် ကြယ်တာရာနဂါးခံတွင်းကနေ ရရှိလာခဲ့သော လက်နက်များကို သန့်စင်ရပေလိမ့်မည်။
“နံပါတ်တစ်.. သွားပြီးတော့ ကျင့်ကြံချေ.. ကျုပ်တို့က ဒီနေရာကို စောင့်ကြပ်ပေးထားမယ်”
မျောက်က ဆူဇီမို၏ဘေးသို့ရောက်လာပြီး ပြောလိုက်၏။
“ကောင်းပြီလေ”
ဆူဇီမိုက မငြင်းပယ်တော့ဘဲ လှိုဏ်ဂူ၏အနက်ပိုင်းထဲသို့ ဝင်သွားလိုက်၏။ သူက တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ကာ သူ၏ချီကို တည်ငြိမ်အေးချမ်းစေရန် စုစည်းလိုက်၏။
မသိလိုက်မသိဘာသာနှင့်ပင်.. သူ၏နှလုံးမှတစ်ဆင့် ထူးဆန်းသည့် စိတ်ခံစားချက်တစ်ခုက လှိုက်တက်လာ၏။
သူ၏မျက်လုံးများကို မှိတ်ထားသော်လည်း.. သူသည် သူ၏အင်္ဂါများနှင့် မရီးဒါန်များအပါအဝင် သူ့ခန္ဓာကိုယ်၏ ထောင့်တစ်နေရာမကျန်ကို မြင်နိုင်နေသည့်အလား ထင်လာရ၏။
အဲဒါက လျှို့ဝှက်ဆန်းကြယ်သော စိတ်ခံစားချက်တစ်ခု ဖြစ်လေသည်။
အဲဒါသည် ဒဏ္ဍာရီလာ အတွင်းပိုင်းကို သိမြင်ခြင်းနှင့် တူလေသည်။
ကြီးမားသည့် အမြုတေနှစ်ခုက ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်ကို ဆူဇီမိုက မြင်လိုက်၏။
သူတို့ထဲမှ တစ်ခုသည် သူ၏ရင်အုပ်ထဲမှဖြစ်ပြီး အနီရောင်အလင်းဖြင့် တောက်ပနေသော သွေးအမြုတေတစ်ခုဖြစ်၏။
အခြားတစ်ခုကတော့ သူ၏ဝမ်းဗိုက်ထဲမှာရှိပြီး ပြိုးပြိုးပြက်ပြက်အရောင်ဖြင့် တောက်ပနေသော ရွှေအမြုတေတစ်ခုဖြစ်၏။
အမြုတေနှစ်ခု၏အော်ရာများသည် သိသိသာသာ ခြားနားနေ၏။
ထိုအချိန်တွင် အမြုတေနှစ်ခုစလုံး၏စွမ်းအားများသည် သူတို့၏အကန့်အသတ်သို့ ရောက်ရှိနေကြပြီး သူတို့၏အမြုတေအိမ်ထဲကနေ ရုန်းထွက်ချင်သည့်အလား တုန်ခါလာကြ၏။
ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားလှိုင်းတစ်ခုကို ခံစားမိလိုက်၏။
သူသည် အရင်က ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ဒီလောက် နီးနီးကပ်ကပ် မခံစားဖူးပေ။
သူက ကောင်းကင်နှင့်မြေကြီး၏အသက်ရှူသံနှင့် နှလုံးခုန်သံကိုပါ ခံစားမိသည့်အလား ထင်ရ၏။
နောက်ခဏ၌.. ဆူဇီမိုသည် ဗလာနယ်အလွှာကို တွေ့မြင်လိုက်ရ၏။
ဗလာနယ်ဟုခေါ်သောအရာသည် ကျင့်ကြံသူတစ်ယောက်ကို ချုပ်နှောင်ထားသော ကောင်းကင်နှင့်မြေကြီး၏ အကာအရံအလွှာတစ်ခု ဖြစ်လေသည်။
လူတစ်ယောက်သည် ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး သူ၏ဘဝသက်တမ်းကို တိုးမြှင့်ရန်အတွက် ဘုံအဆင့်တစ်ခုကို ချိုးဖျက်ဖို့ဆိုလျှင် သူတို့သည် သက်ရှိတိုင်းအပေါ် သက်ရောက်သော ကောင်းကင်နှင့်မြေကြီး၏ အချုပ်အနှောင်ကနေ ဖောက်ထွက်ဖို့ လိုအပ်လေသည်။
ကျင့်ကြံရေးလောကတွင် ရှေးဟောင်းဆိုရိုးစကားတစ်ခုရှိပြီး.. အဲဒါသည် သူတို့က ဗလာနယ်ကို ချိုးဖျက်၍ဖောက်ထွက်နိုင်သည်နှင့် သူတို့၏စိတ်ဝိညာဉ်ကို မြင်နိုင်မည်ဟုဆို၏။
ဗလာနယ်ကို ဖောက်ထွက်ခြင်းသည် တကယ်တမ်းမှာတော့ ကောင်းကင်နှင့်မြေကြီး၏ အချုပ်အနှောင်ကနေ ဖောက်ထွက်ခြင်းကို ရည်ညွန်းလေသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ အမြုတေနှစ်ခုသည် ထိုနေရာကနေ ဖောက်ထွက်ဖို့ လိုအပ်လေသည်။
ဆူဇီမိုသည် သူ့ကိုယ်သူ ကန့်သတ်ဖိနှိပ်ထားခြင်း မရှိတော့ပေ။
သူ၏အတွင်းအမြုတေသည် သွေးအလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏ရွှေအမြုတေသည် ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွား၏။ သူတို့နှစ်ခုသည် သူတို့၏အမြုတေအိမ်များကနေ တပြိုင်နက်တည်း ထွက်ခွာ၍ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဗလာနယ်အလွှာဆီသို့ တိုးဝင်သွားကြ၏။
ဘန်း.. ဘန်း.. ။
သူ၏အတွင်းအမြုတေနှင့် ရွှေအမြုတေအထက် ဗလာနယ်တွင် ပေါက်ကွဲသံနှစ်သံက ထွက်ပေါ်လာ၏။
ဆူဇီမိုက တသိမ့်သိမ့် တုန်ယင်သွား၏။
ဗလာနယ်သည်ပင် တုန်ယင်သွားသော်လည်း အဲဒါက ထူးခြားတာ ဘာမှဖြစ်မလာပေ။
သူ၏အတွင်းအမြုတေနှင့် ရွှေအမြုတေသည် ပြန်ပြုတ်ကျလာပြီး လေထဲတွင် ခဏမျှ ရစ်ဝဲပြီးနောက်.. နောက်တစ်ဖန် အပေါ်သို့တက်၍ တိုက်ခိုက်လိုက်ကြပြန်၏။
ဘန်း.. ဘန်း.. ဘန်း..။
အမြုတေနှစ်ခုသည် ဗလာနယ်ကို အဆက်မပြတ် ရိုက်ခတ်လိုက်ကြပြီး ကမ္ဘာတုန်လောက်သော ပေါက်ကွဲသံများကို ထွက်ပေါ်လာစေ၏။
ဗလာနယ်သည် တုန်ခါလာပြီး နောက်ဆုံးမှာတော့.. ဝဲဂယက်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။
သာမန်ပကတိသက်ရှိများအတွက်တော့ သူတို့၏ကိုယ်တွင်းတွင် ရွှေအမြုတေတစ်ခုသာလျှင် ရှိမည်ဖြစ်ပြီး သူတို့သည် ဗလာနယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက်.. ထိုအချုပ်အနှောင်ကနေ လွတ်မြောက်သွားမည်ဖြစ်၏။
သို့သော်လည်း ဆူဇီမိုတွင် အမြုတေနှစ်ခုရှိနေ၏။ ထိုမျှသာမက.. သူ၏အတွင်းအမြုတေသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အလွန်တရာ ကြောက်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထား၏။
သူ၏ရွှေအမြုတေကလည်း အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ အဆီအနှစ်ကို ပိုင်ဆိုင်ထား၏။
ဗလာနယ်ဖြစ်စေ.. အချုပ်အနှောင်ဖြစ်စေ.. အဲဒီ အထွတ်အထိပ်အမြုတေနှစ်ခုမှ ရုန်းကန်ပေါက်ကွဲစွမ်းအားကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင်.. ပကတိသက်ရှိများအကြားတွင် နိုးထအဆင့်သို့ တက်လှမ်းခြင်းသည် ပြိုင်စံရှားများအတွက် အတော်လေး သက်တောင့်သက်သာရှိ၍ ပို၍လွယ်ကူခြင်းဖြစ်ပေလိမ့်မည်။
ပြိုင်စံရှားဟု ရည်ညွန်းခေါ်ဆိုခံရသော ပကတိသက်ရှိတစ်ယောက်၏ ရွှေအမြုတေစွမ်းအားသည် သေချာပေါက် အခြားသူများထက် သာလွန်ပေလိမ့်မည်။
ရွှေအမြုတေ၏စွမ်းအားက ပို၍သန်မာလေလေ.. အဲဒါက ဗလာနယ်ကို ချိုးဖျက်ဖို့အတွက် ပို၍လွယ်ကူလေလေ ဖြစ်သည်။
သိပ်မကြာမီ.. ဗလာနယ်အလွှာပေါ်တွင် အက်ကွဲကြောင်းများက ပေါ်လာပြီး အတွင်းအမြုတေနှင့် ရွှေအမြုတေ၏ အဆက်မပြတ်ရိုက်ခတ်ခြင်းကို ခံရပြီးနောက်.. အချိန်မရွေး ကြေမွပျက်စီးတော့မည့်ဆဲဆဲ ဖြစ်လာ၏။
အရာရာတိုင်းက ချောမွေ့နေလေသည်။
သို့သော်လည်း.. ဆူဇီမို၏အမူအရာက သုန်မှုန်နေ၏။
အခြားသူများအတွက်တော့.. နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းခြင်း၏ အန္တရာယ်သည် ဗလာနယ်ကို ဖြတ်ကျော်ခြင်းဖြစ်စဉ်မှာသာ ရှိကောင်းရှိနိုင်လေသည်။
ဘာပဲပြောပြော.. သူတို့သည် ဗလာနယ်အလွှာကို ဖြတ်ကျော်ခြင်းတွင် ကျရှုံးသွားပြီး သူတို့၏အတွင်းအမြုတေသာ ကြေမွသွားပါက သူတို့သည် သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်လေသည်။
သို့သော်လည်း.. ဆူဇီမို၏အခြေအနေက အခြားသူများနှင့် ကွဲပြားခြားနားနေ၏။
သူ့အတွက် အန္တရာယ်သည် ဗလာနယ်ကို ဖြတ်ကျော်ပြီးမှသာ ရောက်ရှိလာနိုင်ကောင်းလေသည်။
ဆူဇီမိုသည် စိတ်အာရုံမပျက်ရဲဘဲ ဗလာနယ်သို့ ဖြတ်ကျော်ခြင်းဖြစ်စဉ်တွင် စိတ်ရောကိုယ်ပါ အာရုံနှစ်မြုပ်ထား၏။
ဘန်း.. ဘုန်း.. ဘုန်း..။
နောက်ဆုံးမှာတော့.. အဆက်မပြတ် တိုက်ခိုက်မှုများ၏အပြီး၌ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ထွက်ပေါ်လာ၏။
ဗလာနယ်က ကြေမွပျက်စီးသွားလေပြီ..။
ချက်ချင်းပင်.. မမြင်ရသော အချုပ်အနှောင်တစ်ခုက ကျိုးပျက်သွားသည့်အလား.. ဆူဇီမိုသည် သူ၏ခန္ဓာကိုယ်မှ ပေါ့ပါးမှုကို ခံစားလိုက်ရ၏။
အလင်းစက်တစ်ခုနှင့်အတူ သူ၏နဖူးက တောက်ပလာ၏။
သူ၏ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီးနှင့် ချိတ်ဆက်မိသွားပြီး နီဝမ်နန်းတော်က ဖြစ်ပေါ်လာ၏။
ဆူဇီမိုသည် နီဝမ်နန်းတော်အတွင်းတွင် အကောင်အထည်မရှိသော အလင်းစက်တစ်ခုကို တွေ့မြင်လိုက်ရ၏။
ထိုအလင်းစက်ခန္ဓာကိုယ်က သူ၏ဝိညာဉ်ပင်ဖြစ်၏။
သူသည် ဗလာနယ်သို့ မဖြတ်ကျော်နိုင်သရွေ့.. သူ့ဝိညာဉ်၏တည်ရှိမှုကို တွေ့မြင်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့အတွင်းအမြုတေနှင့် ရွှေအမြုတေသည် နီဝမ်နန်းတော်ထဲသို့ ပြေးဝင်သွားပြီး.. ထိုနေရာတစ်ခုလုံးက ရောင်စုံအလင်းများဖြင့် တောက်ပပြည့်နှက်သွား၏။
ထို့နောက် ချက်ချင်းပင်.. သူ၏အမြုတေစိတ်ဝိညာဉ် ဖွဲ့တည်ခြင်းဖြစ်စဉ်က ရောက်ရှိလာ၏။
ဝိညာဉ်သည် အစက အကောင်အထည်မရှိဘဲ ရွှေအမြုတေသည် ဝိညာဉ်ထဲသို့ ဝင်ရောက်ပေါင်းစပ်ပြီးမှသာလျှင်.. ကလေးငယ်တစ်ယောက်နှင့်ဆင်တူသော အကောင်အထည်ရှိသည့် ရုပ်ဒြပ်တစ်ခုက ဖြစ်ပေါ်လာပေလိမ့်မည်။ အဲဒါက.. အမြုတေစိတ်ဝိညာဉ်ပင်ဖြစ်၏။
ဆူဇီမိုသည် သူ၏သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်စုဆောင်းခြင်း သစ်သီးတစ်လုံးကို ထုတ်ယူပြီး အဲဒါကို စားသုံးလိုက်၏။
စိတ်ဝိညာဉ်စုဆောင်းခြင်းသစ်သီးသည် သူ၏ပါးစပ်ထဲတွင် ချက်ချင်းအရည်ပျော်သွားပြီး.. သူ၏ စိတ်ဝိညာဉ်စံအိမ်ရှိရာသို့ အဆီအနှစ်ချီလုံးတစ်ခုက တိုးဝင်သွား၏။
အဆီအနှစ်ချီလုံး၏ တွန်းပို့မှုနှင့်အတူ ဆူဇီမို၏ အတွင်းအမြုတေနှင့် ရွှေအမြုတေသည် တပြိုင်နက်တည်းမှာပင် သူ၏ဝိညာဉ်ထဲသို့ တိုးဝင်သွားကြ၏။
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အန္တရာယ်ကို အာရုံခံမိလိုက်၏။
သူတို့၏ရွှေအမြုတေသည် သူတို့၏ဝိညာဉ်နှင့် ပေါင်းစပ်ခြင်းဖြစ်စဉ်သည် အခြားသူများအတွက်တော့ သိပ်ပြီး ပြဿနာမရှိပေ။
သို့သော်လည်း.. သူ၏ခန္ဓာကိုယ်ထဲတွင် ရွှေအမြုတေသာလျှင် ရှိသည်မဟုတ်ဘဲ သူ၏အတွင်းအမြုတေကပါ ရှိနေ၏။
တစ်နည်းအားဖြင့် ပြောရလျှင်.. သူ၏ ရွှေအမြုတေနှင့် အတွင်းအမြုတေသည် သူ၏ဝိညာဉ်ထဲတွင် တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြပါက ထွက်ပေါ်လာမည့်ရလဒ်သည်…
သူ့အတွေး မဆုံးသေးခင်မှာပင် သူ၏ဝိညာဉ်အတွင်းမှ အလွန်တရာနာကျင်မှုကို ခံစားလိုက်ရ၏။
ဆူဇီမိုသည် နာကျင်စွာဖြင့် ညည်းတွားအော်ဟစ်ပြီး နောက်ပြန်လန်ကျသွား၏။ ဖြူဖတ်ဖြူလျော် အမူအရာနှင့်အတူ တွန့်လိမ်သွားပြီး သူ၏ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေ၏။
အစကတော့.. မျောက်နှင့်အခြားသူများသည် လှိုဏ်ဂူ၏ ဝင်ပေါက်ဝ၌ သူတို့၏လက်နက်များကို သန့်စင်နေကြ၏။ ဆူဇီမို၏အော်သံကို ကြားသောအခါ သူတို့သည် ထိတ်လန့်တုန်လှုပ်သွားကြ၏။
“သခင်လေး”
မြေခွေးလေးသည် ထိတ်လန့်တကြား အမူအရာနှင့် အော်ဟစ်ပြီး ဆူဇီမိုရှိရာသို့ ပြေးဝင်သွား၏။
“မသွားနဲ့”
မျောက်သည် သုန်မှုန်ခက်ထန်သော မျက်နှာအမူအရာနှင့်အတူ သူမကို ပြန်ဆွဲထားလိုက်၏။
“အခုလိုမျိုးအချိန်မှာ သူက ပြင်ပနှောင့်ယှက်မှု တစ်စုံတစ်ရာကို တွေ့မယ်ဆိုရင်… သူက အဲဒီကပ်ဘေးကို ဖြတ်ကျော်နိုင်ချင်မှ ဖြတ်ကျော်နိုင်လိမ့်မယ်”