← Chapters

အဋ္ဌမမြောက် သားရဲဘုရင်

Vol. 54 Ch. 803

အဋ္ဌမမြောက် သားရဲဘုရင်

Vol. 54 Ch. 803

မျောက်ပြောသည်က မမှားပေ။ ထိုအချိန်တွင် ဆူဇီမိုကို မည်သူကမှ ကူညီနိုင်လိမ့်မည် မဟုတ်ပေ။

သူ၏အန္တရာယ်သည် အတွင်းကနေ လာခြင်းဖြစ်၏။

တစ်နည်းအားဖြင့် ပြောရလျှင်.. သူက ရွေးချယ်မှု ပြုလုပ်ရမည်ဖြစ်၏။

သူသည် ဤနှစ်များအတွင်း.. သူ အပင်ပန်းဆင်းရဲခံ၍ ကျင့်ကြံထားခဲ့ရသော အတွင်းအမြုတေကို လက်လျှော့လိုက်မည်ဆိုလျှင် သူ၏ရွှေအမြုတေသည် သူ၏ဝိညာဉ်နှင့် ပေါင်းစပ်ပြီး အမြုတေစိတ်ဝိညာဉ်တစ်ခုကို ချောမွေ့စွာ ဖန်တီးနိုင်လိမ့်မည်ဖြစ်၏။

သို့သော်လည်း.. သူက အဲဒါကို လက်လွှတ်မခံနိုင်ပေ။

အဲဒါသည် တဲယွဲ့ကိုယ်တိုင် သူ့ကိုသင်ကြားပေးခဲ့သော ကျင့်ကြံရေးနည်းစနစ်တစ်ခုဖြစ်၏။

အဲဒါသည် သူ့ကို ဤနေရာအထိ ရောက်ရှိလာအောင် ကူညီပေးခဲ့သော သူ၏အကြီးမားဆုံး ထောက်တိုင်တစ်ခုလည်းဖြစ်၏။

အတွင်းအမြုတေသည် ဆူဇီမိုအတွက် အထူးတစ်လည်ဖြစ်သော ခံစားချက်များကို ပေးစွမ်းထား၏။

အဲဒါကြောင့်ပင် သူသည် လောကတစ်ခုလုံးနှင့် အတိုက်အခံဖြစ်နေရသော်လည်း.. အပြင်လူများ၏ စွပ်စွဲချက်များနှင့် ဆဲရေးတိုင်းထွာမှုများကို ခံစားခဲ့ရသော်လည်း.. ပြင်ပမျိုးနွယ်မှ တစ်စုံတစ်ယောက်အဖြစ် အပယ်ခံဘဝနှင့် နေနေရသော်လည်း.. သူက သားရဲကျင့်ကြံခြင်းကို လက်လျှော့ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ခြင်းဖြစ်လေသည်။

ထိုနည်းတူစွာပင်.. သူက သူ၏ရွှေအမြုတေကို လက်လျှော့ပြီး အတွင်းအမြုတေကို သူ၏ဝိညာဉ်နှင့် ပေါင်းစပ်စေမည်ဆိုလျှင်လည်း သူက ယင်စိတ်ဝိညာဉ်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်၏။

သို့သော်လည်း.. အဲဒါသည် ဆူဇီမိုက သားရဲတစ်ယောက်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားလိမ့်မည်ဟု ဆိုလိုလေသည်။

သူက ထိုသို့လည်း မဖြစ်ချင်ပေ။

သူ၏ဝိညာဉ်သည် အထွတ်အထိပ်အမြုတေနှစ်ခု၏ တိုက်ခိုက်ခြင်းခံနေရသော အခြေအနေတွင်.. အဲဒါက အရမ်းကို အန္တရာယ်များလှပြီး သူ့ဝိညာဉ်က အချိန်မရွေး ပျက်စီးဆုံးရှုံးတော့မည်ကဲ့သို့ ဖြစ်လာ၏။

ဆူဇီမိုသည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ စိတ်ဝိညာဉ်စုဆောင်းခြင်းသစ်သီးများကို ထုတ်ယူပြီး သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။

တစ်ကယ်တော့.. သူတို့၏အမြုတေစိတ်ဝိညာဉ်များကို ဖြစ်ပေါ်စေခြင်းတွင် ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်စုဆောင်းခြင်းသစ်သီးကို အလွန်ဆုံး နှစ်လုံးအထိသာ စားသုံးဖို့ လိုအပ်လေသည်။

အဲဒါက ပိုမိုစားသုံးလျှင်လည်း မည်သည့်အကျိုးသက်ရောက်မှုမှ ရှိလာမှမဟုတ်ပေ။

သို့သော်လည်း.. ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် ဘာကိုမှ သိပ်ပြီးဂရုမစိုက်တော့ဘဲ သူ၏သိုလှောင်အိတ်ထဲရှိ စိတ်ဝိညာဉ်စုဆောင်းခြင်းသစ်သီးများ အားလုံးကို ထုတ်ယူကာ သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။

သူသည် ဤအကျပ်အတည်းကို မကျော်လွှားနိုင်ဘူးဆိုလျှင် တစ်ခြားဘယ်အရာကမျှ သူ့အတွက် အဓိပ္ပာယ်ရှိတော့မည် မဟုတ်ကြောင်း သိထား၏။

စိတ်ဝိညာဉ်စုဆောင်းခြင်းသစ်သီးများသည် အဆီအနှစ်ချီစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး သူ၏စိတ်ဝိညာဉ်စံအိမ်ရှိရာသို့ တိုးဝင်သွားကြ၏။

သူ၏ အတွင်းအမြုတေနှင့် ရွှေအမြုတေတို့သည် ပို၍ပြင်းထန်စွာ တိုက်ခိုက်လာကြ၏။

သူ၏ စိတ်ဝိညာဉ်စံအိမ်ထဲရှိ ပုံရိပ်ယောင်အလင်းလုံးသည် မတူညီသော စွမ်းအားနှစ်မျိုးကြောင့် တစ်ဖြည်းဖြည်းနှင့် နှစ်ပိုင်းကွဲထွက်သွား၏။ သူ့ဝိညာဉ်၏ အနက်ပိုင်းထဲထိ ထိုးဖောက်လာသော ပြင်းထန်သည့်နာကျင်မှုကြောင့် ဆူဇီမိုသည် သတိလစ်မတတ် ဖြစ်သွားရ၏။

သူ့ဝိညာဉ်၏ နှစ်ပိုင်းကွဲထွက်မှုသည် သူ့ခန္ဓာကိုယ်အတွင်းရှိ အသက်ဓာတ်များကို လျင်မြန်စွာ ခမ်းခြောက်လာစေ၏။

သူ့ဝိညာဉ်၏ တစ်စိတ်တစ်နေရာ လွဲချော်ခြင်းကပင် သူ့ခန္ဓာကိုယ်အတွင်း ကြီးမားသည့်ပြဿနာတစ်ခုကို ကျရောက်စေနိုင်၏။

ယခု.. သူ့ဝိညာဉ်က နှစ်ပိုင်းကွဲထွက်သွားသည့် အခြေအနေမှာဆိုလျှင်တော့ ပြောစရာစကားပင် မရှိတော့ပေ။

ဆူဇီမို၏အသိစိတ်သည် တစ်ဖြည်းဖြည်းနှင့် အဆုံးမဲ့သော အသူရာချောက်နက်ကြီးထဲသို့ ဆက်တိုက်နစ်ဝင်သွား၏။

ထိုစဉ်မှာပင်.. နက်မှောင်နေသော ချောက်ထဲမှာ မီးပွားတစ်ခုက လင်းလက်လာ၏။

အဲဒါက မီးတောက်များဖြင့် လောင်ကျွမ်းနေသော ပန်းတစ်ပွင့်ဖြစ်၏။

အဲဒါသည် သူ၏ကိုယ်ထဲမှာ တဲယွဲ့ချန်ထားခဲ့သော အသောကပန်း ဖြစ်လေသည်။

အသောကပန်းသည် အသောကပင်ကနေ ဖူးပွင့်လာခဲ့ခြင်းဖြစ်၏။

အသောကပင်သည် ဗုဒ္ဓဝါဒရှိ အထွတ်အမြတ် အပင်သုံးပင်ထဲမှ တစ်ပင်ဖြစ်၏။

ဒဏ္ဍာရီအရဆို.. ဗုဒ္ဓသည် အသောကပင်အောက်မှာ ဉာဏ်အလင်းပွင့်ခဲ့သည်ဟု ဆို၏။

အသောကပန်းပွင့်အတွင်းမှာ ပါရှိသော တည်တံ့ခိုင်မာသည့် အသက်ဓာတ်အားသည် ဟိုတစ်ချိန်က ဆူဇီမို၏ပျက်စီးသွားသော ရွှေအမြုတေကိုပင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေနိုင်ခဲ့၏။

ယခု.. သူက အသက်ငင်နေသည့်အချိန်မှာပင် အသောကပန်းက ပြန်ပေါ်လာခဲ့၏။

အသောကပန်းသည် သူ၏ဝိညာဉ်ကို ကိုင်ဆွဲပြီး နက်မှောင်နေသော ချောက်နက်ထဲကနေ ပြန်လည်ရုန်းထွက်လာ၏။

အသောကပန်းက လောင်ကျွမ်းနေရင်း ၎င်း၏ ပွင့်ဖတ်ပွင့်ချပ်များက ညိုးခြောက်လာ၏။

တစ်ချိန်တည်းမှာပင်.. အဲဒါက လောင်ကျွမ်းရင်း ကြွယ်ဝသော အသက်ဓာတ်အားတစ်ခုသည် ဖြာထွက်လာပြီး သူ့ဝိညာဉ်၏ မပြည့်မစုံကွဲထွက်နေသော အပိုင်းနှစ်ပိုင်းကို ပြန်လည်ပြုပြင်ဖာထေးပေးနေ၏။

အချိန်ကာလတစ်ခုကြာပြီးနောက်.. အသောကပန်းသည် ကုန်စင်အောင် လောင်ကျွမ်းသွားခဲ့ပြီး ၎င်းပိုင်ဆိုင်ထားခဲ့သော ကြီးမားသည့်အသက်ဓာတ်အားသည် ဝိညာဉ်၏ မပြည့်မစုံကွဲထွက်သွားသော အပိုင်းနှစ်ပိုင်းကို ပြီးပြည့်စုံအောင် ပြန်လည်အားဖြည့်ပေးလိုက်လေသည်။

ဝိညာဉ်သည် အပိုင်းနှစ်ပိုင်းအဖြစ် စုတ်ပြဲသွားသော်လည်း အသောကပန်း၏ အသက်ဓာတ်အားဖြင့် ပြုစုပျိုးထောင်ခြင်း ခံရပြီးနောက် ပကတိပြည့်စုံသော ဝိညာဉ်နှစ်ခုဖြစ်လာခဲ့၏။

သူ၏ အတွင်းအမြုတေနှင့် ရွှေအမြုတေတို့က ထိုဝိညာဉ်တစ်ခုစီအတွင်းမှာ ပေါင်းစပ်သွားကြ၏။

ရုပ်ဒြပ်မရှိသော အလင်းခန္ဓာကိုယ်နှစ်ခုသည် တစ်ဖြည်းဖြည်း သိပ်သည်းစုဖွဲ့လာ၏။

စိတ်ဝိညာဉ်စံအိမ်၏အထက်တွင် သက်တံရောင်အလင်းများက ပြည့်နှက်နေပြီး နိုးထဝိညာဉ်နှစ်ခုသည် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ သူတို့၏သွင်ပြင်များသည် တစ်ဖြည်းဖြည်း ဖြစ်တည်လာပြီး နတ်ဘုရားဆန်သော အလင်းတစ်ခုက သူတို့၏ဘေးပတ်လည်မှာ လှည့်ပတ်နေ၏။ သူတို့သည် ဆူဇီမို၏ပုံပန်းသဏ္ဍာန်နှင့် အတိအကျ တူညီလေသည်။

နိုးထဝိညာဉ်နှစ်ယောက်သည် တစ်ဖက်တစ်ချက်စီမှာ ထိုင်နေကြပြီး သေချာအနီးကပ်ကြည့်မည်ဆိုလျှင် သူတို့အကြားမှာ ခြားနားချက်ကို တွေ့မြင်နိုင်၏။

ဘယ်ဘက်ရှိ နိုးထဝိညာဉ်သည် သွေးနီရောင်ဆံပင်ရှိပြီး သူ၏မျက်နှာက တည်တံ့ခိုင်မာကာ ဘေးပတ်လည်တွင် သားရဲအော်ရာတစ်ခု ရှိနေ၏။

အဲဒါက ကလေးငယ်တစ်ယောက်၏ပုံစံသာ ဖြစ်သော်လည်း ၎င်း၏အမူအရာကနေ အမိန့်အာဏာစက်တစ်ခုက ဖြာထွက်နေ၏။

ညာဘက်ရှိ နိုးထဝိညာဉ်သည် အနက်ရောင်ဆံပင်ရှိပြီး သူ၏ပုံစံက အားနည်းသော စာပေသမားတစ်ယောက်နှင့် ပိုတူလေသည်။

သို့သော်လည်း.. အင်မော်တယ်ချီ၊ သားရဲသဘာဝနှင့် ဉာဏ်ပညာအလင်းရောင်တို့ ရောယှက်နေသော ၎င်း၏အော်ရာက တစ်မူထူးခြားပြီး ဖော်မပြတတ်အောင် အံ့မခန်းဖြစ်နေလေသည်။

ဘယ်ဘက်ရှိ နိုးထဝိညာဉ်သည် သူ၏အတွင်းအမြုတေကနေ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ညာဘက်ရှိ နိုးထဝိညာဉ်သည် သူ၏ရွှေအမြုတေကနေ ဖြစ်ပေါ်လာခြင်းဖြစ်၏။

အောင်မြင်သွားခဲ့လေပြီ..။

အသောကပန်းက ပျက်ပြယ်သွားခဲ့ပြီဖြစ်သော်လည်း ဆူဇီမိုသည် နိုးထဝိညာဉ်အဆင့်သို့ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့၏။

ဒါ့အပြင်.. သူ၏စိတ်ဝိညာဉ်စံအိမ်ထဲတွင် နိုးထဝိညာဉ်က နှစ်ခုတောင်ရှိနေ၏။

သွေးနီရောင်ဆံပင်နှင့် နိုးထဝိညာဉ်သည် အရင်ဆုံးဦးဆောင်၍ စိတ်ဝိညာဉ်စံအိမ်ကို ထိန်းချုပ်ကာ နီဝမ်နန်းတော်ကို စောင့်ကြပ်လိုက်၏။ ရုတ်တစ်ရက်.. ဆူဇီမို၏အော်ရာသည် ပြောင်းလဲသွားပြီး အစက အနက်ရောင်ဖြစ်သော သူ၏ဆံပင်များသည် တစ်ဖြည်းဖြည်းနှင့် သွေးနီရောင်သို့ ပြောင်းလဲလာခဲ့၏။

အဲဒါသည် သူ၏ဆံပင်ထဲသို့ လတ်ဆတ်သော သွေးများကို ထိုးသွင်းလိုက်သည့်အလား အလွန်တရာ မကောင်းဆိုးရွားဆန်နေလေသည်။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွား၏။

သွေးနီရောင် နိုးထဝိညာဉ်၏ခန္ဓာကိုယ်ပေါ်တွင် ကြေးခွံများက တစ်ခုပြီးတစ်ခု ပေါ်လာပြီး.. မကြာမီ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အစီအရီ ဖုံးအုပ်သွား၏။ ၎င်း၏ဦးခေါင်းပေါ်တွင် ဦးချိုနှစ်ဖက်က ပေါ်လာပြီး ၎င်းထုတ်ပေးလိုက်သော အော်ရာသည် အလွန်တစ်ရာ ကြောက်စရာကောင်းနေ၏။

ထိုအခြင်းအရာနှင့်အတူ ဆူဇီမို၏ အပြင်ပန်းခန္ဓာကိုယ်ကလည်း ဆင်တူသော အသွင်ပြောင်းလဲခြင်းကို တွေ့ကြုံခံစားလိုက်ရ၏။

ဆူဇီမိုသည် နဂါးအသွင်ပြောင်းလဲဖို့အတွက် အတွေးတစ်ချက်သာ လိုတော့လေသည်။

အဲဒီနောက်.. သွေးနီရောင်ဆံပင်နှင့် နိုးထဝိညာဉ်သည် ထောင့်တစ်နေရာသို့ ပြန်ဆုတ်သွားပြီး အနက်ရောင်ဆံပင်နှင့် နိုးထဝိညာဉ်က စိတ်ဝိညာဉ်စံအိမ်၏အလယ်မှာ တင်ပျဉ်ခွေထိုင်ချလိုက်၏။

လှိုဏ်ဂူအတွင်းတွင်.. ဆူဇီမို၏သွေးနီရောင်ဆံပင်များသည် တစ်ဖြည်းဖြည်း အနက်ရောင် ပြန်သန်းလာပြီး စောစောက သူ၏ဘေးပတ်လည်တွင် ရှိခဲ့သော သားရဲချီကလည်း တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့၏။ သူက ဤလောကတွင်ရှိသော သက်ရှိတစ်ယောက်နှင့် မတူတော့ချေ။

ဆူဇီမို၏ဘေးပတ်လည်မှာ ဝိုင်းရံနေကြသော မျောက်နှင့်အခြားသူများသည် သူ့ကို တုန်လှုပ်မှင်တက်သော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

သူ၏နည်းလမ်းများက အလွန်တစ်ရာ ချောက်ချားဖွယ်ရာ ကောင်းလေသည်။

သူက နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းသည့်ခဏမှာပင် ဆူဇီမိုသည် သူ၏သွင်ပြင်ကို စိတ်ရှိသလို ပြောင်းလဲနိုင်ပြီး သူ၏အော်ရာကိုလည်း ပြောင်းလဲလာနိုင်၏။

“ငါ အခု အဆင်ပြေပါတစ်ယ်”

တစ်ဖြည်းဖြည်းနှင့် သူက မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး သူ့ဘေးတွင်ရှိနေသော လူလေးယောက်ကို ပြုံးပြလိုက်၏။

ထိုအသံကို ကြားမှသာ သူတို့လေးယောက်သည် နောက်ဆုံး စိတ်သက်သာရာရသွားကြ၏။

ဆူဇီမိုက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

“မင်းတို့တွေ.. မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို တည်ငြိမ်အောင် လုပ်ပြီး မင်းတို့ရဲ့လက်နက်တွေကို သန့်စင်လိုက်ကြ.. ငါ့အတွက် စိုးရိမ်နေစရာ‌ မလိုတော့ဘူး”

“ဟုတ်ပြီလေ”

မျောက်နှင့်အခြားသူများသည် ဆူဇီမို အခြေအနေကောင်းသည်ကို မြင်သောအခါ စိတ်သက်သာရာရသွားပြီး ကျင့်ကြံဖို့အတွက် လူစုခွဲလိုက်ကြ၏။

ဆူဇီမိုက သူ့မျက်လုံးကို တစ်ဖန်ပြန်မှိတ်လိုက်ပြီး သူ၏ရင်ထဲတွင် ပျော်ရွှင်မှုလှိုင်းတစ်ခုက ဖြစ်ပေါ်လာ၏။

သူသည် နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းပြီးနောက် ပြောင်းလဲမှုများစွာကို လက်ခံရရှိလိုက်၏။

ပထမဆုံးအနေနှင့်.. သူ၏ဘဝသက်တမ်းက တိုးမြင့်လာခဲ့လေသည်။

နိုးထဝိညာဉ်အဆင့်သို့ ရောက်ရှိချိန်တွင် လူသားကျင့်ကြံသူတစ်ယောက်၏ ဘဝသက်တမ်းသည် မူလနှစ်ငါးရာကနေ နှစ်တစ်ထောင်အထိ တိုးမြင့်သွားမည်ဖြစ်၏။ အဲဒါက နှစ်ဆတိတိ တိုးမြင့်လာခြင်း ဖြစ်လေသည်။

အဲဒီမှာ သူ၏တိုက်ခိုက်ရည်ကလည်း တိုးတက်လာမည်ဖြစ်၏။

အမြုတေစိတ်ဝိညာဉ်တစ်ခုကို ကျင့်ကြံပြီးသည်နှင့် လူတစ်ယောက်သည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ခံစားမိနိုင်ပြီး ဓမ္မစွမ်းအားများကို အသုံးချကာ အမျိုးမျိုးသော ဓမ္မပညာရပ်များကို ထုတ်ဖော်လာနိုင်မည်ဖြစ်၏။

သူ့မှာ အစကတည်းက ကျင့်ကြံစရာ နည်းစနစ်များစွာ ရှိနေခဲ့၏။

သူ၏ အင်မော်တစ်ယ်ကျင့်ကြံခြင်းမှာဆိုလျှင်.. သူ့တွင် ခရမ်းရောင်မိုးကြိုးကျမ်းနှင့် မဟာနေ့ရက်ရူလိုင်းသုတ္တန်ကဲ့သို့သော ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်နှစ်ခု ရှိနေ၏။

သူ၏ သားရဲကျင့်ကြံခြင်းမှာဆိုလျှင်တော့.. အန္တိမသားရဲကျင့်စဉ်၏ အဋ္ဌမမြောက်နှင့် နဝမမြောက်အပိုင်း၏ အကြောင်းအရာ အပြည့်အစုံသည် သူ၏မှတ်ဉာဏ်များထဲမှာ ထွက်ပေါ်လာခဲ့၏။

ဆူဇီမို မျှော်လင့်ထားသည့်အတိုင်းပင်.. ယင်စိတ်ဝိညာဉ်အပိုင်းနှင့် ယန်စိတ်ဝိညာဉ်အပိုင်း၏ ပညာရပ်တို့နှင့်အတူ ရှေးဟောင်းသားရဲဘုရင်တစ်ပါးကလည်း ထွက်ပေါ်လာခဲ့၏။

သူ မျှော်လင့်မထားသည်မှာ.. ထိုရှေးဟောင်းသားရဲက နဂါးဘုရင်တစ်ပါး ဖြစ်နေခြင်းပင်။

အဋ္ဌမမြောက် သားရဲဘုရင်က ထွက်ပေါ်လာခဲ့လေပြီ..။

ယင်စိတ်ဝိညာဉ်အပိုင်းသည် သူ၏စိတ်ဝိညာဉ်ကို သန့်စင်ခြင်းအပေါ်တွင် အာရုံစိုက်ရ၏။

အဲဒါက.. သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဉ်ဖြစ်စေ.. အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်ဖြစ်စေ.. သူတို့နှစ်ယောက်စလုံးသည် ကလေးငယ်တစ်ယောက်၏ ပုံပန်းသဏ္ဍာန်ရှိပြီး အလွန်တစ်ရာ နုနယ်လေသည်။ သူတို့သည် အပြင်ဘက်သို့ ထွက်သည်နှင့်.. ဆေဘာနှင့် ဓားများကိုအသာထား သဘာဝတစ်ရား၏ ဓာတ်ကြီးငါးမျိုးကိုပင် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

သူ၏အမြုတေစိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသည်နှင့် အလွယ်တစ်ကူ သေဆုံးသွားနိုင်လေသည်။

ထို့ကြောင့်ပင်.. သူ၏ အင်မော်တစ်ယ်ကျင့်ကြံခြင်းမှာဖြစ်စေ.. သားရဲကျင့်ကြံခြင်းမှာဖြစ်စေ.. ဆူဇီမို၏ နောက်ထပ်ဦးစားပေး ကျင့်ကြံရမည့်အရာသည် သူ၏စိတ်ဝိညာဉ်ကို သန့်စင်ဖို့ ဖြစ်လေသည်။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင် ပြောထားသည်မှာ ယင်စိတ်ဝိညာဉ်အပိုင်းတွင်.. အညစ်အကြေးများကို သန့်စင်ထုတ်ပြီးသည်နှင့် အဲ့ဒါသည် ယန်စိတ်ဝိညာဉ်ဟု ခေါ်သော ယင်မရှိသည့် သန့်စင်သော စိတ်ဝိညာဉ်တစ်ခု ဖြစ်လာနိုင်လေသည်။

အင်မော်တယ်ကျင့်ကြံခြင်းမှာ ဆိုလျှင်တော့ ဆိုရိုးတစ်ခု ရှိသည်မှာ.. စိတ်ဝိညာဉ်ကို မူလနတ္ထိနယ်သို့ ပြန်လည်ကူးပြောင်းစေရမည်ဖြစ်၏။ ထို့ကြောင့်ပင် နိုးထဝိညာဉ်အဆင့်ပြီးလျှင် နောက်ထပ်လာသော အဆင့်မှာ မူနတ္ထိအဆင့် ဖြစ်နေခြင်းဖြစ်လေသည်။

ယန်စိတ်ဝိညာဉ်ဖြစ်စေ၊ မူလနတ္ထိအဆင့်မှာရှိသည့် အမြုတေစိတ်ဝိညာဉ်ဖြစ်စေ.. သူတို့သည် ဓါတ်ကြီးငါးမျိုးကို ကြောက်နေစရာမလိုတော့ဘဲ သူတို့၏ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာကာ အပြင်လောကမှာ အလွယ်တကူ ကျက်စားနိုင်တော့မည် ဖြစ်လေသည်။

တစ်ကယ်ဆို သူတို့က အခြားသူများ၏ ခန္ဓာကိုယ်ကိုတောင် ထိန်းချုပ်လာနိုင်ကောင်းလေသည်။

All Chapters