မဟူရာသဲတောင်ရိုး၏ သခင်လေး
Vol. 54 Ch. 806
အနက်ရောင်ဝတ်လူငယ်သည် သူ့ဘေးရှိ အမျိုးသမီးနှင့်အတူ ပျော်ရွှင်ကြည်နူးခြင်းမှာ နစ်မျောနေသည်ဟု ထင်ရ၏။
ခဏနေပြီးနောက် သူ့ကို လွှမ်းခြုံထားသော စိတ်ဝိညာဥ်အသိစိတ်သည် ဒီရေကဲ့သို့ ဆုတ်ခွာသွားသောအခါ အနက်ရောင်ဝတ် လူငယ်သည် ရုတ်တရက် ထထိုင်လိုက်၏။ သူ၏ မျက်လုံးများက ပြန်လည် ကြည်လင်သွားပြီး အေးစက်စက် အမူအရာနှင့်အတူ သူ့မေးကို ပွတ်ကာ တီးတိုးရေရွတ်လိုက်၏။
“စိတ်ဝင်စားစရာဘဲ”
“ဘာတွေများဖြစ်လို့လဲ... သခင်လေးရဲ့”
လုံးကြီးပေါက်လှ ခန္ဓာကိုယ်နှင့် အမျိုးသမီးသည် အနက်ရောင်ဝတ်လူငယ်၏ ဘေးသို့ တိုးကပ်လ်ိုက်၏။ သူမက သူ၏ ခန္ဓာကိုယ်ကို ညင်သာစွာ ပွေ့ဖက်ပြီး ညုတုတုလေသံနှင့် ပရော်ပရည်လုပ်ကာ မေးလိုက်၏။
အနက်ရောင်ဝတ်လူငယ်၏ နှုတ်ခမ်းက ကွေးညွတ်သွားပြီး ပြုံးစစဖြင့် ပြောလိုက်၏။
“ဘာရယ်တော့မဟုတ်ပါဘူး တစ်ယောက်ယောက်က သူ့ရဲ့ စိတ်ဝိညာဥ်အသိစိတ်နဲ့ စောစောက ငါ့က်ို စစ်ဆေးကြည့်ခဲ့တယ်”
“ဘယ်က အရူးပါလိမ့်...”
အမျိုးသမီးက နှာတစ်ချက်မှုတ်ပြီး တွေးတွေးဆဆ အမူအရာဖြင့် ပြောလိုက်၏။
“မဟူရာသဲတောင်ရိုးမှာ ကျွန်မတို့ရဲ့ သခင်လေးကို ထောက်လှမ်းစစ်ဆေးကြည့်ရဲတယ် ဆိုတော့ အဲ့လူက ဒီက စည်းမျဥ်းစည်းကမ်းတွေကို လုံးဝမသိဘူးလား..”
“အဲ့လူက စည်းမျဥ်းစည်းကမ်းတွေကို နားမလည်မှတော့ ငါက သူ့ကို သင်ပေးရတော့မှာပေါ့”
အနက်ရောင်ဝတ်လူငယ်က သမန်ကာလျှံကာ ပုံစံဖြင့် ပြောလိုက်၏။ သို့သော်လည်း သူ၏ လေသံတွင် သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စက ပါဝင်နေ၏။
“ကာကွယ်သူ ရှစ် ၊ ကာကွယ်သူ ချာ “
“ရှိပါတယ်”
အဆင့်နိမ့်မိစ္ဆာသားရဲနှစ်ယောက်သည် အနက်ရောင်ဝတ်လူငယ်၏ ဘေးသို့ ဖျတ်ကနဲရောက်ရှိလာကြ၏။
အနက်ရောင်ဝတ်လူငယ်သည် မြေပုံတစ်ခုကို ဖြန့်ချပြီး တည်နေရာတစ်ခုကို အမှတ်သားပြကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
“လူတစ်ချို့ကို ခေါ်သွားပြီးတော့ အဲ့ဒီနေရာကို အရင်ဆုံး ဝိုင်းပတ်ထားလိုက် ၊ ဘယ်သူ့ကိုမှ ထွက်မသွားစေနဲ့”
“နားလည်ပါပြီ”
ကာကွယ်သူ နှစ်ယောက်သည် မိစ္ဆာသားရဲ ဆယ်ယောက်ကျော်ကို သူတို့နှင့် အတူခေါ်ဆောင်ကာ သူတို့၏ လှုပ်ရှားမှု နည်းစနစ်များနှင့်အတူ အလွန်တရာ မြန်ဆန်စွာဖြင့် ထွက်ခွာသွားကြ၏။
အနက်ရောင်ဝတ်လူငယ်သည် သူ၏ ရထားလုံးပေါ်မှာ ထိုင်နေပြီး ပျင်းရိလေးတွဲစွာဖြင့် ရှေ့သို့ ခရီးဆက်လိုက်၏။
တစ်နာရီကြာပြီးနောက် အနက်ရောင်ဝတ် လူငယ်အုပ်စုသည် ခမ်းနားထည်ဝါသောပုံစံဖြင့် သူတို့ လိုရာခရီးသို့ ရောက်ရှိသွားကြ၏။ ကာကွယ်သူချာစ်နှင့် ကာကွယ်သူချာက သူ့ဘေးသို့ ပြေးလာကြ၏။
“သခင်လေး... ဒီအတောအတွင်းမှာတော့ ဒီနေရာကနေ ဘယ်သူမှ ထွက်မသွားကြသေးပါဘူး”
ကာကွယ်သူနှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲတွင် တစ်ယောက် တွေဝေရှုပ်ထွေးမှုကို မြင်လိုက်ရ၏။
သူတို့သည် ဤနေရာကို ဝိုင်းပတ်ထားကြသော်လည်း အဲ့ဒါက တောင်ကုန်းအနည်းငယ်ကလွဲပြီး ဘာမှမရှိသော နေရာဖြစ်၏။ အဲ့ဒီမှာ လူမပြောနှင့် တစ္တေသရဲတောင်မှ မရှိပေ။
အနက်ရောင်ဝတ်လူငယ်သည် မတ်တတ်ရပ်ပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းစစ်ဆေးကာ သူသည်လည်းပဲ မျက်မှောင်ကြုတ်လိုက်၏။
သူ၏ အာရုံခံအသိစိတ်က မမှားနိုင်ပေ...
ရွှေရောင်အလင်းနှင့် သူ့ကို စစ်ဆေးထောက်လှမ်းခဲ့သော စိတ်ဝိညာဥ်အသ်ိစိတ်သည် သေချာပေါက် ဤနေရာကနေ ထွက်ပေါ်လာတာပင်။ ဒါဆို ဒီနေရာမှာ ဘာ့ကြောင့် ဘယ်သူမှ မရှိတာပါလိမ့်။
တစ်ခုခုကို နားလည်သဘောပေါက်သွားပြီး အဲ့ဒီလူက သူတို့အရင် ဦးအောင်ထွက်ခွာသွားတာများလား။
အဲ့ဒါကလည်း အဓိပ္ပါယ်သိပ်မရှိပေ။
အနက်ရောင်ဝတ်လူငယ်၏ အမူအရာက သုန်မှုန်လာ၏။
ထိုဇာစ်မြစ်မသိရသော စိတ်ဝိညာဥ်အသိစိတ်က သူ့ကို ထောက်လှမ်းစစ်ဆေးချိန်တွင် သူက မည်သည့်သတ်ဖြတ်လိုစိတ် သို့မဟုတ် ရန်လိုစိတ် တစ်စွန်းတစ်စကိုမှ ထုတ်ဖော်မပြသခဲ့ပေ။ အဲ့ဒီလူက သတိကြီးကြီးနဲ့ ချက်ချင်းထွက်ပြေးသွားနိုင်ပါ့မလား။
အနက်ရောင်ဝတ်လူငယ်၏ နဖူးသည် တောက်ပသွားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို မီတာ ၅၀၀ ပတ်လည်အတွင်း ဖြန့်ကျက်လိုက်၏။ သူက ထပ်တလဲလဲ စစ်ဆေးပြီး သဲလွန်စတစ်ခုကို ရရှိဖို့ ကြိုးစားနေ၏။
ကာကွယ်သူချာစ်နှင့် ကာကွယ်သူချာက အမူအရာကင်းမဲ့၍ လက်နှစ်ဖက်ကို ဘေးချကာ ရပ်နေကြသော်လည်း သူတို့နှစ်ယောက်စလုံးသည် စိတ်ထဲကနေ ကျိန်ဆဲနေကြ၏။
သူတို့သည် စောစောကတင် ဤနေရာကို ကြိမ်ဖန်များစွာ စစ်ဆေးခဲ့ပြီးဖြစ်၏။
ဤနေရာမှာ လူမပြောနှင့် တိရိစ္ဆာန်တစ်ကောငိပင် ရှိမနေပေ။
ခဏနေပြီးနောက် အနက်ရောင်ဝတ်လူငယ်သည် သူ၏ အသိစိတ်ကို ပြန်ရုတ်ပြီး မလှမ်းမကမ်းရှိ တောင်ကုန်းတစ်ခု၏ အခြေသို့ လှမ်းကြည့်လိုက်၏။ လှောင်ပြောင်သရော်လိုသော ပုံစံက သူ့မျက်လုံးထဲမှာ ပေါ်လာပြီး သူက အေးအေးဆေးဆေး ပုံစံဖြင့် ပြောလိုက်လေသည်။
“ကဲကဲ ထွက်လာခဲ့ကြတော့ ၊ အဲ့ဒီအမြင်အာရုံဖုံးကွယ်တဲ့ နည်းစနစ်တွေက ငါ့ပေါ်မှာ အလုပ်မဖြစ်ဘူး”
ရာပေါင်းများစွာသော သားရဲတောကောင်များသည် ဤနေရာဝန်းကျင်မှာ စုဝေးနေကြ၏။ သူတို့အားလုံးသည် အနက်ရောင်ဝတ်လူငယ်၏ အကြည့်နောက်သို့ လိုက်ပါကြည့်လိုက်ကြသော်လည်း ခြောက်ကပ်နေသော တောင်ကုန်းတစ်ခုက လွဲလျှင် ဘာကိုမှ မမြင်ကြရပေ။
ရုတ်တရက်ဆိုသလို....
တောင်ကုန်းသည် ရေပြင်ကဲ့သို့ ပြောင်းလဲသွားသည် ထင်ရပြီး ဝဲကယက်များက ပေါ်လာ၏။
အဲ့ဒီနောက် လူအချို့က ဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။
သူတို့ထဲမှ တစ်ယောကိသည် အရပ်မြင့်မားပြီး သူ၏ လက်တံများက သူ၏ ဒူးဆစ်ထက်ပင်ရှည်လျားနေ၏။ သူသည် ပခုံးထက်တွင် သံချေးတက်နေသော တောင်ဝှေးတစ်လက်ကို သယ်ဆောင်ထား၏။ သူက အရာရာတိုင်းကို အထင်မြင်သေးသည့်အလား မောက်မာဝင့်ကြွားသော အမူရာရှိနေ၏။
သူတို့ထဲမှ အခြားတစ်ယောက်ကတော့ အရပ်ရှည်ရှည် ဗလတောင့်တောင့်နှင့် လူမိုက်လူရမ်းကား တစ်ယောက်နှင့်တူလေသည်။ သူ၏ အကြည့်သည် တောကောင်များအားလုံး၏ ဘုရင်တစ်ပါးအလား အကန့်အသတ်မဲ့သော စွမ်းပကားကို ထုတ်ဖော်ပြသနေ၏။
အခြားနှစ်ယောက်ကတော့ ပြိုင်ဘက်ကင်းအောင် လှပသော အမျိုးသမီးများ ဖြစ်ကြလေသည်။
သူတို့ထဲမှ တစ်ယောက်သည် ယပ်တောင်တစ်လက်ကို ကိုင်စွဲထားပြီး ကောက်ကြောင်းအသွယ်သွယ်နှင့် သွယ်လျသော ခန္ဓာကိုယ်ရှိ၏။ သူမ၏ ရှည်လျားသော ခြေတံများက အလွန်တရာ ထင်ရှားပေါ်လွင်နေ၏။
အခြားတစ်ယောက်ကတော့ မီးတောက်နီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့သော သွင်ပြင်နှင့် အလွန်တရာ အိစက်ညက်ညောနေသည့်ပုံပင် ။ သူမ၏ မျက်လုံးများက ရေပြင်ကဲ့သို့ တလက်လက်ထနေပြီး သူမ၏ အပြစ်ကင်းစင်သော အသားအရည်နှင့်အတူ ရက်ရက်စက်စက် ချောမောလှပနေ၏။
သို့သော်လည်း သူမ၏ လက်ထဲတွင် ကြီးမားသော ထီးနက်တစ်ချောင်းကို ကိုင်ထားပြီး အဲ့ဒါက သူမ၏ သွင်ပြင်နှင့် အတော်လေးမလိုက်ဖက်ပေ။
ထီးနှင့်အမျိုးသမီးကို မြင်တွေ့ရချိန်တွင် များစွာ သားရဲတောကောင်များသည် ပင့်သက်ကိုရှိုက်၍ တွေဝေငေးမောသွားကြ၏။
သူမက အရမ်းကိုမှ လှပလေသည်။
သူမက သူတို့၏ စိတ်များကို လွတ်ထွက်သွားစေသည်အထိ ချောမောလှပလေသည်။
အနက်ရောင်ဝတ်လူ၏ဘေးရှိ အမျိုးသမီးသည်လည်း မဟူရာသဲတောင်ရိုးတွင် ချွင်းချက်မရှိ ချောမောလှပလေသည်။ သို့သော်လည်း ဤအမျိုးသမီးလေးရှေ့တွင် သူမက မှေးမှိန်သွားရလေသည်။
အနက်ရောင်ဝတ်လူငယ်သည် အမျိုးသမီးနှစ်ယောက်ကို မြင်သောအခါ သူ၏မျက်လုံးများက ဝင်းလက်သွား၏။
သို့သော်လည်း သူ့ဘေးရှိ အမျိုးသမီး၏ အကြည့်ကတော့ အေးစက်လာလေသည်။
ထိုစဥ်မှာပင် တောင်ကုန်းထဲကနေ နောက်ထပ်လူတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။
ဤလူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်ရှိ၏။
သို့သော်လည်း သူ၏ မျက်လုံးများက သွေးနီရောင်ဖြစ်ပြီး သူက အရမ်းကိုမှ နတ်ဆိုးဆန်နေလေသည်။
အနက်ရောင်ဝတ်လူငယ်သည် သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ သူ့ရှေ့မှလူငါးယောက်သည် အဆင့်နိမ့်မိစ္ဆာသားရဲများ ဖြစ်သည်ကို သိမြင်လိုက်၏။ ဒါ့အပြင်သူတို့သည် မကြာသေးခင်ကမှ မိစ္ဆာသားရဲများအဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်ပုံရ၏။
ပုံမှန်အခြေအနေမှာဆိုလျှင် အဆင့်နိမ့်မိစ္ဆာသားရဲငါးယောက်သည် မဟူရာသဲတောင်ရိုးတွင် ပြောပလောက်သော အင်အားမဟုတ်ပေ။ သို့သော်လည်း အနက်ရောင်ဝတ်လူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဘာကြောင့်ရယ်မသိသော်လည်း ဤလူငါးယောက်က အရမ်းကိုမှ တည်ငြိမ်နေ၏။
သူတို့သည် သူတို့၏ ဖုံးကွယ်ခြင်းနည်းစနစ်ကို ဖောက်ထွင်း၍ ရှာဖွေတွေ့ရှိခြင်း ခံလိုက်ရပြီးနောက် သူတို့ငါးယောက်သည် ပြေးစရာနေရာမရှိတော့ပေ။ ပုံမှန်အားဖြင့်ဆိုလျှင် သူတို့သည် တည်ငြိမ်နေရမည့်အစား ထိတ်ထိတ်ပျာပျာနှင့် မသက်မသာ ဖြစ်နေသင့်၏။
အနက်ရောင်ဝတ်လူငယ်၏အကြည့်သည် နောက်ဆုံးမှာတော့ သွေးနီရောင်ဆံပင်နှင့် အမျိုးသားပေါ်သို့ ရောက်ရှိသွား၏။
ဤလူက အဆင့်နိမ့်မိစ္ဆာသားရဲပင် ဖြစ်သော်လည်း အနက်ရောင်ဝတ်လူက သူ့ကို ထွင်းဖောက်၍ မမြင်နိုင်ပေ။
သူ၏ စိတ်ဝိညာဥ်အသိစိတ်က ဤလူ၏ အရှေ့သို့ ရောက်သောအခါ မမြင်ရသော အကာအရံ အလွှာတစ်ခုက တားဆီးထားပုံရ၏။
သူသည် ဤလူ၏ အစစ်အမှန်ပုံစံကိုပင် မသိမြင်နိုင်ပေ။
စောစောက စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ သူ့ကို ထောက်လှမ်းစစ်ဆေးခဲ့သော သူမှာ ဤသွေးနီရောင် ဆံပင်နှင့် လူငယ်ပင်ဖြစ်မည်ဟု အနက်ရောင်ဝတ် လူငယ်က အကြမ်းဖျင်းခန့်မှန်းလိုက်နိုင်၏။
သူတို့အုပ်စုက ဆူဇီမို ၊ မျောက်နှင့် အခြားသူများဖြစ်ကြလေသည်။
ဆူဇီမိုသည် အနက်ရောင်ဝတ်လူငယ်ကို ချိန်ဆကြည့်နေပြီး ထိုသူကလည်း သူ့ကို စိုက်ကြည့်နေ၏။
ရာပေါင်းများစွာသော သားရဲတောကောင်များအကြားတွင် ဤအနက်ရောင်ဝတ်လူက ကိုင်တွယ်ရ ခက်ခဲဆုံးဖြစ်လိမ့်မည်ဟု သူက ပြောနိုင်လေသည်။
သူတို့သည် ရှာဖွေတွေ့ရှိခံရပြီးနောက် အံ့အားသင့်ခြင်း သို့မဟုတ် ကြောက်လန့်ခြင်းမရှိကြသည့် အကြောင်းရင်းမှာ သူတို့သည် အစကတည်းက ပုန်းကွယ်နေဖို့ ရည်ရွယ်ချက်မရှိသောကြောင့်ပင် ။
သို့မဟုတ်ပါက အနက်ရောင်ဝတ်လူငယ်က ရောက်ရှိမလာခင်မှာပင် ဆူဇီမိုက အခြားသူများကို ခေါ်၍ ထွက်သွားပြီးလောက်ပေပြီ။
သူတို့သည် သားရဲတစ်ထောင်တောင်ကြားသို့ ရောက်ရှိသည်မှာ ဆယ်ရက်ကျော်ကျော်သာ ရှိသေးသော်လည်း သူတို့၏ ခန္ဓာကိုယ်များက ကြီးမားစွာ ပြောင်းလဲလာခဲ့၏။
သူတို့အားလုံးသည် သားရဲတစ်ထောင်တောင်ကြားသို့ ဝင်ရောက်စဥ်က စိတ်ဝိညာဥ်သားရဲများ ဖြစ်ကြ၏။ သို့သော်လည်း ယခုအခါ သူတို့အားလုံးက မိစ္ဆာသားရဲများ ဖြစ်နေကြလေပြီ။
စရောက်ချိန်မှစ၍ သူတို့သည် လရောင်ငိုကြွေးတောင်မှ သားရဲတောကောင်များ၏ အမဲလိုက်ခြင်းကို ခံခဲ့ရပြီး အခြေချစရာနေရာမရှိဘဲ ကမူးရှူးထိုးထွက်ပြေးနေခဲ့ရ၏။
သို့သော်ယခုအခါ ရာပေါင်းများစွာသော သားရဲတောကောင်များ၏ ဝိုင်းပတ်ခြင်း ခံထားရချိန်တွင် သူတို့က အလွန်တရာ တည်ငြိမ်နေ၏။
သူတို့ထွက်ခွာမသွားရသည့်အဓိက အကြောင်းအရင်းမှာ သူတို့က ထိုသို့လုပ်ဖို့မလိုအပ်သောကြောင့်ပင် ဖြစ်လေသည်။
မျောက်က တိုက်ခိုက်ရသည်ကို နှစ်သက်၏။ သူက အခုတင် မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီး သူ၏ မူပိုင် ဓမ္မလက်နက်ကိုလည်း သန့်စင်ထားပြီးပြီ ဖြစ်၏။ သူက တိုက်ခိုက်ဖို့အတွက် သေချာပေါက်လက်ယားနေပေလိမ့်မည်။ သူက တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ရခြင်းမရှိဘဲ ဤနေရာကနေ ဘယ်လိုလုပ် ထွက်ခွာနိုင်ပါ့မလဲ။
စိတ်ဝိညာဥ်ကျားနှင့် အခြားသူများသည်လည်း တောက်လျှောက် အမဲလိုက်ခံရပြီးနောက် စိတ်ထဲမှာ မကျေမချမ်းဖြစ်နေကြ၏။ ယခု အခြားသူများက သူတို့ရှိရာသို့ တံခါးလာခေါက်သောအခါ သူတို့က ကြောက်ရွံ့မှုဖြင့် သတ္တိကြောင်နေစရာ အကြောင်းမရှိပေ။
ထိုအစား သူတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုတို့နှင့်အတူ တောက်ပနေ၏။
“ရာသီဥတုကလည်း ကောင်းလိုက်တာ... ငါ လေ့ကျင့်ခန်းမလုပ်ရတာတောင် တော်တော်ကြာသွားခဲ့ပြီဘဲ”
စိတ်ဝိညာဥ်ကျားက သူ၏ လည်ပင်းကို တစ်ဖြောက်ဖြောက်မြည်အောင် ခါပြီး အကြောဆန့်လိုက်၏။
“မိုက်ရိုင်းလိုက်တာ...”
ကာကွယ်သူချာ၏ အကြည့်က တောက်လောင်ပြင်းပြနေပြီး သူက ဟိန်းဟောက်လိုက်၏။
“မင်းတို့က ဘာကောင်တွေလဲ ၊ မဟူရာသဲတောင်ရိုးရဲ့ သခင်လေးရှေ့ရောက်နေတာတောင် ဒူးထောက်ရမယ်ဆိုတာ နားမလည်ကြဘူးလား”
“ဟီးဟီး သခင်လေးတဲ့လား... ဟေးဟေး”
စိတ်ဝိညာဥ်ကျားက အထင်သေးစွာဖြင့် သူ့နှုတ်ခမ်းကို စူဝိုင်းပြီး လှောင်ပြောင်သရော်လိုက်၏။
“ဘယ်လောက်တောင် ရေစက်ပါလိုက်သလဲ... မင်းက ငါ့ကိုလည်း မဟူရာကျားတောင်ရိုးရဲ့ သခင်လေးလို့ ခေါ်လို့ရတယ်”
“အမ်.....”
ကာကွယ်သူချာသည် သားရဲတစ်ကောင်အဖြစ် ကျင့်ကြံထားသော ဝက်တစ်ကောင်ဖြစ်၏။ သူ၏ ဦးနှောက်က တုံ့ပြန်မှု နှေးကွေးလေသည်။ သူသည် စိတ်ဝိညာဥ်ကျား၏ စကားလုံးများကို ကြားသောအခါ ခဏမျှ ကြောင်အသွားပြီး ရင်တစ်ချက်ထိတ်ကာ သူ့ဘာသာသူ တွေးလိုက်၏။
‘မဟူရာကျားတောင်ရိုးလား... ငါ အရင်က အဲ့ဒီနယ်မြေကို ဘာလို့မကြားဖူးရတာပါလိမ့်’
‘သူတို့ရဲ့ပုံစံတွေကြည့်ရတာ သူတို့က အင်အားကြီးမားတဲ့ နောက်ခံတစ်ခုခုကနေ လာတာ ဖြစ်နိုင်လောက်တယ်’