မင်းက ကြောက်တယ်… ငါလည်း ကြောက်တယ် (ဂ)
Vol. 61 Ch. 948
လူ့ကျင့်ဝတ်ထုံးတမ်းများကို နားလည်သူအပေါ် သဘောမကျသော အမြင်ဖြစ်ပေါ်ရန် ခက်ခဲလှပေသည်။ ဤအခိုက်အတန့်မှာ ချန်းဖန်ကျိုး၏ ပုံရိပ်သည် နောက်တစ်ခါ ထပ်ပေါ်လာပြန်သည်။
သူက တန်းစီလျက် စောင့်ဆိုင်းနေကြသော လူများကို လျစ်လျူရန် သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် အဆင့်အတန်းကို အသုံးမပြုပေ။ ယင်းအစား သူက ဘေးတွင် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။ လူတစ်ယောက်မှ မကျန်တော့သည့်အခါမှသာ သူက ဆေးဆိုင်ထဲသို့ ဝင်သွားလိမ့်မည်။
“ ဦးလေးချန်း ”
လင်းအာသည် ခေါင်းမော့လိုက်ပြီး သက်လတ်ပိုင်းကျင့်ကြံသူကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
“ မိန်းကလေးလင်းအာ… ဆရာသခင်က အထဲမှာ ဆေးလုံးသန့်စင်နေတုန်းလား ”
ချန်းဖန်ကျိုးသည် ရိုရိုသေသေ မေးသည်။ သူက နောက်ဖေးခန်းကို မကြည့်မီ ဆေးပင်များဖြင့် ပြည့်နှက်နေသော အိတ်တစ်လုံးကို ထုတ်လိုက်ပြီး စားပွဲခုံပေါ်မှာ တင်လိုက်သည်။
လင်းအာက စကားပြောတော့မည့်အချိန် နောက်ဖေးခန်း၏ အနက်ရောင် ကန့်လန့်ကာသည် အပေါ်သို့ မတင်သွားပြီး ရွှီချင်းက အပြင်သို့ ထွက်လျှောက်လာသည်။
“ ဆရာသခင်ကို နှုတ်ဆက်ပါတယ် ”
ချန်းဖန်ကျိုး၏ အမူအရာသည် တည်ကြည်လေးနက်လာပြီး သူက လက်သီးဆုပ်၍ ရွှီချင်းကို အရိုအသေပေးလိုက်သည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူ၏ အကြည့်က တစ်ဖက်လူထံသို့ ကျရောက်သွားသည့်အခါ သူ၏ နှလုံးသည် အနည်းငယ် လှုပ်ခါသွားသည်။
ယခင်တစ်ခေါက်က ချန်းဖန်ကျိုး၏ ခန္ဓာကိုယ်ထဲမှာ အဆိပ်ကိန်းအောင်းနေသည်။ သူ၏ အဆိပ်ဖြေဆေးဖြင့်ဆိုလျှင် ထိုအဆိပ်သည် ယခု ပျောက်ကင်းသွားရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုတော့ အဆိပ်က ကျန်ရှိနေသေးသည့်အပြင် နောက်ထပ်အဆိပ်တစ်မျိုးပါ ထပ်ပေါင်းရှိနေလေသည်။
ရွှီချင်းသည် အတွေးနက်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဆေးလုံးဖြူတစ်လုံးကို ထုတ်လိုက်ကာ ကမ်းပေးလိုက်သည်။
“ ဒီဆေးလုံးကို မင်းရဲ့ပါးစပ်ထဲမှာ ငုံထားပါ… ပြီးသွားရင် မင်းရဲ့ကျင့်ကြံခြင်းကို ပြောင်းပြန်လှည့်ပတ်ပြီး ဆေးလုံးကို ဖြည်းဖြည်းချင်း ပျော်ဝင်သွားပါစေ ”
ချန်းဖန်ကျိုးသည် အံ့ဩသွားသည်။ ရွှီချင်း၏ စကားမှတဆင့် တစ်စုံတစ်ခု လွဲမှားနေကြောင်း သူပြောနိုင်သည်။ သူက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးလျှင် ဆေးလုံးကို လှမ်းယူလိုက်ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ထို့နောက် သူက ကျင့်ကြံခြင်းအခြေခံကို ရွှီချင်းပြောသည့်အတိုင်း ပြောင်းပြန်လှည့်ပတ်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူ၏ ပါးစပ်ထဲမှ ဆေးလုံးသည် လုံးလုံးပျော်ဝင်သွားသည်။
ဆေးအရည်က သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည့်အခိုက် ရွှီချင်းက ရုတ်တရက် ပြောသည်။
“ မင်းရဲ့ ကျင့်ကြံခြင်းကို ညာလက်ညှိုးထိပ်မှာ စုစည်းလိုက်ပြီး သွေးတစ်စက်ချပါ… သွေးစက်ကို ဒီသစ်ရွက်ပေါ် ကျဆင်းသွားပါစေ ”
ရွှီချင်းသည် လက်မြှောက်လိုက်ပြီး အဝါရောင်ဆေးပင်တစ်ပင်ကို ထုတ်ယူလိုက်သည်။ ယင်းကို ဘေးမှာ ချထားလိုက်ပြီးနောက် ချန်းဖန်ကျိုးသည် တုံ့ဆိုင်းမနေတော့ပေ။ သူက လက်ညှိုးထိပ်ကို ချက်ချင်း ထိုးဖောက်လိုက်လေရာ ဒဏ်ရာမှ အနက်ရောင်သွေးတစ်စက် စီးဆင်းလာသည်။
ဆိုးဝါးသော အနံ့အသက်က ထိုသွေးစက်မှ ပျံ့လွင့်လာသောအခါ ချန်းဖန်ကျိုး၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ အစက သူသည် အဆိပ်က ပျောက်ကင်းသွားပြီဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ယခု အခြေအနေအရ အဆိပ်သည် သူ၏ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေသေးကြောင်း ရှင်းလင်းနေသည်။
သို့ဖြစ်၍ သူက မပေါ့ဆဝံ့တော့ဘဲ ထိုသွေးစက်ကို ရွှီချင်းပေးထားသော အဝါရောင်ဆေးပင်ပေါ်သို့ အမြန်ချလိုက်သည်။
သွေးစက်က ဆေးပင်နှင့် ထိတွေ့သွားသည့်အခိုက် ဆေးပင်ထဲမှ တရှဲရှဲမြည်သံများ ထွက်ပေါ်လာပြီး အစိမ်းရောင်မီးခိုးငွေ့ကို ထုတ်လွှတ်လာသည်။ ယင်းက လေထဲမှာ လူးလွန့်သွားသည်နှင့် ဝိညာဉ်ထိုးဖောက်နိုင်သောအသံ ခပ်တိုးတိုး ပဲ့တင်ထပ်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ချန်းဖန်ကျိုးသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ အကာအကွယ်အလွှာတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ သူက ဆေးဆိုင်ထဲမှာ အစိမ်းရောင်မီးခိုးငွေ့ မပျံ့နှံ့သွားအောင် တားဆီးချင်ဟန် ရသည်။
ယင်းက သာမန်လုပ်ရပ်သာဖြစ်သော်လည်း သူ၏ တည်ကြည်ဖြောင့်မတ်သော သဘောထားကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ရွှီချင်းသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကြည်လင်သော ဆေးပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ သူက ဆေးပုလင်းကို တစ်ခဏကြာ လှုပ်ခါပြီးနောက် အဖုံးဖွင့်လိုက်သည်။
ဆေးပုလင်းမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် အစိမ်ရောင်မီးခိုးငွေ့ကို လိုချင်တပ်မက်စိတ် ဖြစ်စေဟန် ရသည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ထိုအစိမ်းရောင်မီးခိုးလုံးသည် ရွှီချင်း၏ လက်ထဲမှ ဆေးပုလင်းဆီသို့ တန်းမတ်စွာ ပျံသန်းလာသည်။ ၎င်းက ဆေးပုလင်းထဲသို့ ဝင်ရောက်သွားသောအခါ ရွှီချင်းသည် ပုလင်းအဖုံးကို ပြန်ပိတ်လိုက်သည်။
သူက ဆေးပုလင်းကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း သေချာလေ့လာသည်။
ဆေးပုလင်းထဲမှ အစိမ်းရောင်မီးခိုးလုံးသည် ဆက်လက် လူးလွန့်နေပြီး ပုလင်းထဲမှာ သိပ်သည်းသွားသည်။ နောက်ဆုံးမှာတော့ ၎င်းက အစိမ်းရောင်ကင်းခြေများအသွင်သို့ ပြောင်းလဲသွားသည်။
၎င်းက အလွန်ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထိုကင်းခြေများက မရေမတွက်နိုင်သော ကင်းခြေများအကောင်ငယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ရှာတွေ့လိမ့်မည်။
“ ဆရာသခင်… အဲ့ဒါက… ”
ချန်းဖန်ကျိုးသည် ထိတ်လန့်သွားသည်။ သူ၏ သွေးထဲမှာ ထို့သို့သတ္တဝါတစ်ကောင်ရှိနေသည်ဟု တွေးမိသွားသောအခါ ခန္ဓာကိုယ်တုန်ရီလာသည်။
“ ဒါက ဝိညာဉ်ကင်းခြေများပဲ… အဲ့ဒီကောင်က သာမန်ပိုးကောင်မဟုတ်ဘူး… သူ့ရဲ့အဆိပ်က သာမန်ပါပဲ… သူ့ကို ခြေရာခံဖို့ အဓိက အသုံးပြုတယ်… သူက အသုံးပြုသူကို ပစ်မှတ်ရဲ့ တည်နေရာကို ပြောပြပေးလိမ့်မယ်… သူ့ကို တခြားနည်းလမ်းတွေနဲ့ ပေါင်းစပ်အသုံးပြုမယ်ဆိုရင် ဂူကောင်အဖြစ် သန့်စင်နိုင်တယ် ”
ရွှီချင်းသည် အနည်းငယ် ဝမ်းသာသွားသည်။ ဆရာသခင်ပိုင်၏ ဆေးပဒေသာကျမ်းထဲမှာ မှတ်တမ်းတင်ထားသော တန်ဖိုးကြီးရတနာတစ်ခုကို ဤနေရာမှာ ရှာတွေ့လိမ့်မည်ဟု သူမျှော်လင့်မထားပေ။ သို့ဖြစ်၍ သူက စိတ်ကျေနပ်စွာ ပြောသည်။
“ မင်းက ပစ်မှတ်ထားခံနေရပြီ… ဒါ့အပြင် ဝိညာဉ်ကင်းခြေများရဲ့ ဂနာမငြိမ်ဖြစ်နေပုံကို ကြည့်ရရင် မင်းကို ပစ်မှတ်ထားတဲ့လူက ဒီနေရာနဲ့ သိပ်မဝေးဘူး ”
ရွှီချင်းက စကားပြောလိုက်သည်နှင့် ပုလင်းထဲမှ ကင်းခြေများသည် ရုတ်တရက် အပြင်းအထန် ရုန်းကန်လာပြီး ပုလင်းကို အကြမ်းပတမ်း ဝင်ဆောင့်လိုက်သည်။
ပုလင်းသည် အပြင်းအထန် လှုပ်ခါသွားသော်လည်း ယင်းက ရွှီချင်း၏ လက်ထဲမှ မလွတ်မြောက်သွားနိုင်ပေ။
“ မင်းကို ပစ်မှတ်ထားနေတဲ့လူက မင်းဆီကို ချဉ်းကပ်လာနေပြီ ”
ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။
ချန်းဖန်ကျိုး၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ရွှီခင်းကို လေးနက်စွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး တံခါးဝဆီသို့ လျှောက်သွားသည်။
ဤဆေးဆိုင်၏ ဆရာသခင်သည် သူ့အတွက် ဤအခက်အခဲကို ဖြေရှင်းပေးရန် ဆန္ဒမရှိကြောင်း သူသိသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ အဆိပ်ကို ဖယ်ရှားပေးပြီး သူ့အား အကြောင်းစုံကို ရှင်းပြပေးခြင်းသည်ပင် ဆရာသခင်၏ စေတနာနှင့် ကိုယ်ကျင့်တရားကို ဖော်ပြပြီးသား ဖြစ်သည်။
အကယ်၍ သူက ဆရာသခင်၏ စေတနာကို မသိကျေးကျွန်ပြုပြီး တစ်ဖက်လူကို သူ၏ ကိုယ်ရေးကိုယ်တာ ပြဿနာအတွင်းသို့ အတင်းအကျပ် ဆွဲသွင်းမည်ဆိုလျှင် ယင်းက သူ၏ ကိုယ်ကျင့်တရားမှ သွေဖယ်သွားလိမ့်မည်။
ထိုသို့တွေးမိသောအခါ သူက တံခါးဝဆီသို့ မြန်ဆန်စွာ လျှောက်သွားသည်။ သူက ဆေးဆိုင်တံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်သို့ ခြေလှမ်းတော့မည့်အချိန် ရွှီချင်း၏ အသံက သူ့အနောက်မှ ပဲ့တင်ထပ်လာသည်။
“ သူက ဒီရောက်နေပြီ ”
ရွှီချင်း၏ စကားသံထွက်ပေါ်လာသည်နှင့်ချက်ချင်း လေကြမ်းနှင့် တိမ်တိုက်များသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ကြီးမားသော မြူခိုးဘောလုံးများသည် ကောင်းကင်ယံမှာ လှုပ်ရှားထကြွလာကြသည်။ ကျယ်လောင်သော သားရဲအော်သံများနှင့် စူးရှသော တစ္ဆေအော်ညည်းသံများသည် ကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
အသံသည် အလွန်ချောက်ချားဖွယ်ကောင်းသည်။ မြို့ထဲမှာ နေထိုင်သူများသည် ထိုအသံကို ကြားလိုက်ရသည့်အခါ သူတို့၏ နှလုံးသည် အပြင်းအထန် တုန်လှုပ်လာကြသည်။ သူတို့က အိမ်တံခါးကို အမြန်ပိတ်လိုက်ကြသည်။ အပြင်လူများသည်ပင် အထဲဝင်ပုန်းရန် မြို့ထဲမှ အိမ်အလွတ်တစ်လုံးကို ချက်ချင်း ရှာဖွေလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်း တစ်မြို့လုံးသည် ဟာလာဟင်းလင်းဖြစ်သွားသည်။
ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ အနက်ရောင်မြူခိုးသည် မြို့ထဲမှာ စုဝေးသွားပြီး နောက်ဆုံးမှာတော့ ပုံရိပ်တစ်ခုအသွင် ဖွဲ့စည်းသွားသည်။
မြူခိုးက တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ထိုပုံရိပ်၏ အသွင်သဏ္ဍာန်သည် ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ထိုသူက တာအိုဝတ်ရုံကို လျော့တိလျော့ရဲ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ဖြစ်သည်။ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံခြင်းအားလှိုင်းများက ပျံ့လွင့်လာသည့်အခါ သူ၏ ဆံပင်ဖြူသည် လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူ၏ အကြည့်သည် အေးစက်နေပြီး သူ၏ နှုတ်ခမ်းထောင့်မှာ သရော်လှောင်ပြောင်သော အပြုံးရှိသည်။
ဤအခိုက်အတန့်မှာ အနက်ရောင်မြူခိုးတချို့သည် တာအိုဝတ်ရုံ၏ အစွန်းများတွင် ပေါ်လျှိုးထွက်နေသည်။
ယင်းက အဖိုးအိုကို ပိုပြီးထူးခြားဆန်းကြယ်စေသည်။
“ မင်းက ငါ့ပစ္စည်းကို ခိုးရဲတယ်… မင်းက အသက်ရှင်ရတာ ငြီးငွေ့နေလို့ပဲ ဖြစ်ရမယ် ”
ထိုအဖိုးအိုသည် ရွှီချင်းကို ရန်ပြုခဲ့သော မျက်စိတစ်ဖက်လပ်ကျင့်ကြံသူမှလွဲ၍ တခြားလူမဟုတ်ပေ။ သူက ရွှီချင်းထံမှ ထွက်ပြေးလာပြီးနောက် နေ့တိုင်း ရင်တမမနေနေရသည်။ အကြောက်တရားသည် သူ၏ နှလုံးသားထဲမှာ ပြည့်နှက်နေသည်။
ရွှီချင်းကို ရှောင်ရှားရန်အတွက် သူ့မှာ ပုန်အောင်းရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။ သူ၏ နှလုံးသားထဲမှ အကြောက်တရားက အနည်းငယ် တည်ငြိမ်သွားသည့်အခါမှသာ အပြင်သို့ ဂရုတစိုက် သူထွက်လာခဲ့သည်။ သို့သော်လည် သူ၏ ဂူဗိမာန်များထဲမှ တစ်ခုက ဖောက်ထွင်းခံထားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။